Monday, May 20, 2013

အနက်ရောင်လှုပ်ရှားမှု ၃

-->
            အဲဒီကာလမှာ ဗိုလ်နေ၀င်းအစိုးရက “ငြိမ်းချမ်းရေးဆွေးနွေးပွဲ”အတွက် ကမ်းလှမ်းခဲ့ပြီး ဗွေဆော်ဦးအဖြစ် အလံနီပါတီနဲ့ ငြိမ်းချမ်းရေးပျက်သွားတဲ့ အခြေအနေပါ။ မဒညတနဲ့ဆွေးနွေးနေဆဲလို့ ကျနော်မှတ်မိနေပါတယ်။
            ဗမာ့နိုင်ငံရေးလောကအတွင်းမှာအတော်ကလေးဂယက်ထနေတဲ့အချိန်ကာလပါ။လူထုထဲမှာ ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေရှိနေပြီး၊ နိုင်ငံရေးဖော်ပြချက်က “ငြိမ်းချမ်းရေး”ဆိုနေပေမဲ့ ဘက်ပေါင်းစုံက “အတွင်းစည်း”တွေမှာတော့ “ကြိတ်ဝိုင်း”တွေမှာငြင်းကြခုံကြ၊အမြုပ်ထနေတဲ့ကာလပ။“ငြိမ်းချမ်းရေး”ကိုယုံကြည်သူတွေရှိသလို မယုံကြည်သူတွေကလည်းအများကြီးပဲ အယူအဆ အတွေးအခေါ် တိုက်ပွဲတွေကြိတ်ပြီး ညံနေခဲ့တယ်လို့ဆိုရမှာပါ။
            လူထုမြင်ကွင်းမှာတော့ “ငြိမ်းချမ်းရေး”အလံတလွင့်လွင့်ရှိနေခဲ့ပါတယ်။ ဒီအတော်အတွင်းမှာ ကျွန်တော်လည်း “အောင်ဂျမ်း”ဖြစ် လိုက်၊ “ညိုမောင်”ဖြစ်လိုက်၊ “လှစီသီး”ဖြစ်လိုက်နဲ့ “ပုတ်သင်ညို”အရောင်ပြောင်းသလို သွားလာလှုပ်ရှားခဲ့ရပါတယ်။ ကျွန်တော်တခါဖူးမှ မတွေ့ဖူးတဲ့ “ရဲဘော်တွေ”နဲ့လည်း  ရံဖန်တွေ့ရပါတယ်။ “စစ်နိုင်ရေး၊ အာဏာသိမ်းရေး” လမ်းစဉ် အကြောင်းလည်း တချို့ရဲဘော်များနဲ့ ဆွေးနွေးရပါတယ်။ အမှန်အတိုင်းပြောရရင် တချို့ကိုနားလည်၊ တချို့ကို သိပ်နားမလည်နိုင်ခဲ့ပါဘူး၊ တွေ့ရတဲ့သူတွေက ကျနော်ရှေ့သွား နှင့်သူတွေ၊ တာဝန်ကြီးကြီးယူထားသူတွေ ဆိုတာကလွဲလို့ သူတို့နာမည်တွေကိုတောင် ကျနော်မသိပါဘူး။ ဥပမာ ရဲဘော်ရွှေဆိုပြီး ကျနော်နဲ့ တွေ့ခဲ့ဖူးသူဟာ “ရဲဘော်ဗိုလ်ပု”ဆိုတာ နောက်တနှစ်လောက်ကျမှပဲ ကျနော်သိခဲ့ရပါတယ်။ လေးသန်းရယ် ကျနော်ရယ် နှစ်ဦး သားဆုံဖြစ်တဲ့  အခါတိုင်းမှာလည်း “ဒီက ဟိုကိုသွားဖို့၊ ဒါကို ဘယ်ကနေ ဘယ်ကိုပို့ဖို့” ဆိုတဲ့ အလုပ်တွေနဲ့ပဲ ပိနေခဲ့တာမို့၊ သတင်းစာ တိုက်ရှိတဲ့ ကျုံးကြီးလမ်းကိုတောင် မှန်မှန်မရောက်ဖြစ်ပါဘူး။
          မြေပေါ်မှာပဲ တောက်လျှောက် ရှိနေခဲ့ကြတဲ့ စီစီ(ဗဟိုကော်မတီ) သုံးယောက်အကြောင်းကိုလဲ မကြာမကြာ လေးသန်းပြောလို့ သိရပါတယ်။ သူတို့လဲ သူတို့နိုင်တဲ့ ပြင်ပတာဝန်ကို လုပ်နေကြတယ်လို့တော့ ကျနော်ခန့်မှန်းမိပါတယ်။ တချိန်ချိန်မှာ သူတို့နဲ့ ကျနော် ထပ်မံပတ်သက်ရလိမ့်မယ်လို့တော့ ကျနော်မထင်ထားခဲ့ပါဘူး။
            မြေပေါ်ကနိုင်ငံရေးပါတီတွေ၊ အမှုထမ်းသမဂ္ဂ၊ ကျောင်းသားသမဂ္ဂနဲ့ တပ်တွင်းက အချို့အင်အားစုတွေအကြောင်း၊ အဒီတွေမှာ လှုပ်ရှားနေကြတဲ့ “အလုပ်”တွေအကြောင်းကို လေးသန်းက ကျနော့ကို ရှင်းပြပါတယ်။ နံမည်နာမတွေကို မသိပေမဲ့‘အလုပ်’ သဘောကို တော့ ကျနော်အတော်ကလေး သဘောပေါက်လာပါတယ်။
            ကျနော်နဲ့ “ပုဂံ”တွေ့ရပုံကလေးကို ဒီမှာ ပြောပြချင်တယ်။ အဲဒီနေ့က နှင်းတွေပိတ်နေအောင် ကျနေပါတယ်။ ကျနော့အခမ်း လေးရဲ့ ဖိနပ်ချွတ် ပက်လက်ကုလားထိုင်ပေါ်မှာ ကျနော်ထိုင်နေပါတယ်။ နှင်းမြူတွေ ပိတ်နေလို့ ဓာတ်တိုင်တတိုင်စာလောက် အကွာ အဝေးကိုတောင် မမြင်ရပါဘူး၊ ကျနော့ အခန်းရှေ့မြောင်းတူး တံတားပေါ်မှာ ဘွားကနဲ လူတယောက် ပေါ်လာပါတယ်။ ဆံပင်ကြမ်းကြမ်း ခရှူးကပ်၊ ၀င်းဦးလိုမျိုး နှုတ်ခမ်းမွှေးစစ၊ ပေါ်ပလင် လက်ရှည်အင်္ကျီ၊ ချည်လုံချည် မန်ကျည်းစေ့ကွက်အနက်။ မျက်လုံးခပ်ဝိုင်းဝိုင်း။ အဲဒါ တွေကကျနော် သတိထားလိုက်မိတာတွေပါ။
            “ကျနော့ကို ပုဂံတိုက်က လွှတ်လိုက်တာပါ။ သူ့အသံက အနည်းငယ်မြန်ပေမယ့် တော်တော်ကြည်လင်တဲ့ အသံမျိုး၊ သီချင်းဆို ရင် ကောင်းမယ့်အသံမျိုး၊ သီချင်းဆိုရင် ကောင်းမယ့်အသံမျိုး၊ ကျနော်ချက်ခြင်းပဲ သိလိုက်ပါတယ်။
            “အော်.... “စာအုပ်ကိစ္စ”ထင်တယ်။ လာဗျို့ အတော်ပဲ ကျနော် အပြင်ထွက်တော့မလို့ ဆိပ်ကမ်းသာဘက် ခဏလျှောက်ရ အောင်၊ လက်ဖက်ရည်သောက်ရင်းပေါ့။
            နှစ်ယောက်သား နဂိုရ်ကသိမထားပေမဲ့ “စကားဝှက်”တွေကြောင့် ချက်ခြင်းပဲ ရင်းနှီးသွားကြသလို ခံစားရတယ်။ သူက အလုပ် ခပ်ကြမ်းကြမ်းတွေ လုပ်ဖူးတဲ့ရုပ်မျိုးပါ။ ပညာတတ်တယောက်ရဲ့ သဏ္ဍာန်မပေါ်ပါဖူး။ အဲသလိုတွေးရင်းနဲ့ သူနဲ့အတူ ကျနော်အပြင် ထွက်လာခဲ့တယ်။ အိမ်ခန်းတံခါးသော့ကို အိမ်ရှင်အဖွားကြီးဆီ အပ်ပစ်ခဲ့တယ်။ အဲဒါအဖွားကြီးကလဲ တခါတခါ စပ်စပ်စုစုတွေ မေးတတ် လို့ အကြောဖြတ်ထားခဲ့တာပါ။
            သူနဲ့ကျနော် အလ္လပ သလ္လပတွေဘာမှ မပြောဖြစ်ပါဖူး။ ဒါကလဲ နားလည်ထားပြီးသားပဲလေ။ သူက ကျနော့်ကို “အောင်ဂျမ်း” လို့ သိတယ်။ ကျနော်က သူ့ကို ‘ပုဂံ’လို့ သိတယ်။ လုံလောက်ပါပြီ။
            “မနက်ဖြန် ခင်ဗျားဆီကို လူတယောက်၊ ကျနော်လာပို့မယ်။ အဲဒီလူက တာဝန်နဲ့ပဲ။ အိမ်ထဲက အိမ်ပြင်ထွက်လို့မရဖူး။ ထွက် ခွင့်လဲ မပြုပါနဲ့၊ သုံးရက်ပြည့်ရင် ကျနော်ပြန်လာခေါ်မယ်။ သူ့နံမယ်က ကိုမြင့်လို့မှတ်ထားပါ။ အဲဒါပဲကဲ ကျနော်ပြန်တော့မယ်။ ခင်ဗျား လစ်တော့”
            ဆိပ်ကမ်းသာဘက်က ဒေါပုံဆီကို ကျနော်ပြန်ခဲ့ချိန် နေ၀င်းဖြိုးဖျဖြစ်နေပါပြီ။ ကျနော့ခေါင်းထဲမှာတော့ အဲဒီ “ကိုမြင့်”ဆိုတဲ့ လူ ရောက်လာခဲ့ရင် လုပ်ရမယ့်အစီအစဉ်လေးတွေ ဆွဲလာမိပါတယ်။ “ပုဂံ”ကတော့ နေ၀င်ဖြိုးဖျထဲမှာ “အရှေ့ဘက်ကို စီးပြန်၊ အနောက် ဘက်ကိုပြန်” သွားပြီထင်ပါရဲ့။
            နောက်တနေ့က၊ တိတိကျကျပြောရရင် ညနေခင်းကလေးမှာပဲ။ ကိုမြင့်နဲ့ ပုံဂံ ကျနော့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါ တယ်။ အသားညိုညို၊ ထောင်ထောင်မောင်းမောင်းနဲ့ ကိုမြင့်ကို ကျနော်အကဲခတ်ကြည့်လိုက်ပါတယ်။ ပဏာမအကဲခတ်ခြင်းလို့ ပြောရင် မမှားပါဖူး။ ရုပ်ရေခမ်ကြမ်းကြမ်းထဲကပဲ၊ အလုပ်သမားတယောက်ရဲ့ ပုံစံအပြည့်ပါ။ အင်္ကျီပြာ၊ ဘောင်းဘီရှည်အပြာ၊ အင်္ကျီ အိတ်အပေါ် က “ဒလသင်္ဘောကျင်း”ဆိုတဲ့ စာတမ်း။ “ပုဂံ”က ကျနော့အခန်းကို ၀င်လာကထဲက “လာပြီဗျို့ကိုအောင်ဂျမ်း၊ ခင်ဗျား နောင်တော်ကြီး ကလဲ ပန်းဆိုးတန်း ကမ်းနားမှာ အကြာကြီး စောင့်ကြိုခဲ့ရတာ၊ ကဲညီအကိုတွေ စကားပြောရစ်ကြတော့၊ ကျနော်ကတော့ ပုံနှိပ်တိုက်မှာ ညဖေါင် ပြန်ကိုင်ရဦးမယ်။ ကဲ... သွားပြီ”လို့ အော်ကြီးဟစ်ကျယ် ပြောသွားတာကိုက အကြောင်းရှိတယ်လေ၊ ဒါမှ ပတ်ဝန်းကျင်က သူ တို့သိချင် သလိုသိသွားမှာကိုး၊ ပုဂံကို ကျနော်ချီးကျူး အမှတ်ပေးလိုက်ပါတယ်။
            ကျနော်နဲ့ကိုမြင့်ဟာ အခုမှ တွေ့ဖူးကြတာပါ။ ဒါပေမဲ့ ကွဲနေတာကြာပြီဖြစ်တဲ့ ၀မ်းကွဲညီအကိုဂိုက် အပြည့်ဖမ်းလိုက်နိုင်ပါတယ်။ ဆွေနီးမျိုးစပ်တွေ ပြန်တွေ့ရင် ပြောလေ့ရှိတဲ့ “ရွာက ဒေါ်ကြီးတို့ကော နေကောင်ကြရဲ့လား”တို့ “ဦးလေပိန် သွားမကောင်းတာကော အဆင်ပြေသွားပြီလားတို့” “ဘကြီးသောင်းအတွက် ကျနော်ပို့ပေးလိုက်တဲ့ အနွေးအင်္ကျီ်ရရဲ့လား”တို့စတဲ့ ပဋိသန္ဓာရတွေကို အော်ကြီး ဟစ်ကျယ် ပြောဖြစ်ကြပါတယ်။ တကယ်တော့ “ဒေါ်ကြီး”တို့ “ဦးလေးပိန်”တို့ “ဘကြီးသောင်း”တို့ဆိုတာဟာ ကျနော်တို့ချင်းသာ သိတဲ့ “ကုတ်”တွေပါ။ တာဝန်ရှိသူတွေရဲ့ နာမည်ဝှက်တွေပါ။
            “ကဲ...ကိုကြီး ... ရေချိုး ... ပြီးရင်ကျနော် ဘဲဥကြော်ထားတယ်။ ညစာလေး လွေးလိုက်ကြရအောင်”
            “နံရံတွေမှာ နားတွေရှိနိုင်တယ်။ သစ်ပင်တွေမှာ မျက်စေ့တွေရှိနိုင်တယ်”ဆိုတဲ့ ဗင်နီဇွဲလားအဆိုကို ကျနော်ကောင်းကောင်း သဘောပေါက်နေသလို ကျင့်သားရပြီး “ကိုမြင့်”ကလဲ သဘောပေါက်ပြီးသားပါ။ ဒါကြောင့်မို့ပဲ ကျနော်တို့ ပြောနေကြတဲ့ “အရပ်ထဲက စကားသံ”ကို နားထဲ ကြားမိသူအဖို့ သံသယ တစုံတရာ မပေါ်နိုင်လောက်ဘူးလို့ ကျနော်ထင်ပါတယ်။
            ညကျတော့ ကိုမြင့်က ကျနော့အတွက် သီးခြားအထုတ်ကလေးရယ်။ ကျနော်ကဆက်ပြီး ပို့ပေးရမဲ့ အထုပ်သုံးလေးထုပ်ရယ်ကို ပေးပါတယ်။ ကျနော့အတွက် သီးခြားအထုပ်ကလေးက စက္ကူဖတ်ကို ဖွင့်လိုက်တာနဲ့ “အောင်မြေ-၂”ဆိုတာရယ်။ ကလစ်နှစ်ချက်ချုပ် ထားတာရယ်ကို တွေ့ရပါတယ်။ စာတမ်းနှစ်စောင်ပါ။ တစောင်က “နာမရူပရုပ်ဝါဒ လေ့လာချက်”ဆိုတဲ့ စာတမ်း၊ နောက်တခုက “၅၅ လမ်းစဉ်အပေါ် ဝေဖန်ချက်”ဆိုတဲ့ စာတမ်းဖြစ်ပါတယ်။ “နာမရူပ”စာတမ်းကို လေ့လာချက်က “ဆရာချစ်” ရေးတာလို့ နောက်တော့လေး သန်း ပြောပြလို့သိရပါတယ်။ ၅၅ စာတမ်းကတော့ ရဲဘော်မြမောင် (ဗကသများအဖွဲ့ချုပ်မှာ နက်ရှိုင်းဆုံးတာဝန်ယူသွားခဲ့သူ ကိုတင်ထွန်း လို့ နောက်တော့သိရ) ရေးတာဖြစ်ပါတယ်။
            အဲဒီကာလမှာ ဦးနေ၀င်းက လမ်းစဉ်ပါတီကို ဆ.လ.ပ လို့ခေါ်ဖို့နဲ့ လမ်းစဉ်ပါတီရဲ့ သဘောတရားအဖြစ် အညမည သဘော တရားကို စတင်မိတ်ဆက်ချိန်ဖြစ်ပါတယ်။
            အဲဒီ အညမည သဘောတရားဟာ လမ်းစဉ်ပါတီထဲရောက်နေတဲ့ ဗကပပြန်တွေ၊ အလံနီပြန်တွေရဲ့ ဆွေးနွေးရေးသားချက်တွေ လို့နားလည်နေကြပါတယ်။
            ဒါပေမယ့် အဲဒီ အညမညဟာ အသစ် မဟုတ်ပါဖူး၊ အခုနင်က ဗကပပြန်တွေ၊ အလံနီပြန်တွေရဲ့ “ဋီကာ”လဲမဟုတ်ပါဖူး၊ ဖဆပလ လက်ထက်က ပြင်သစ်ဆိုရှယ်လစ်ပါတီကို “ပညာတော်သင်” လွှတ်လိုက်တဲ့ ဆိုရှယ်လစ်လူငယ်တွေထဲက နှစ်ဦးက ပြည်တော် ပြန်လာတဲ့အခါ ဆိုရှယ်လစ်ပါတီမှာ တင်သွင်းပြီး ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ ကြီးကြပ်ဝေဖန်မှုနဲ့ ထွက်ခဲ့ဖူးတဲ့ “နာမရူပရုပ်ဝါဒ” ဆိုတဲ့ သဘောတရားပါ။ မတ်ခ်စ်ဝါဒနဲ့ ဂျွန်စထရက်ချီရဲ့ ဆိုရှယ်ဒီမိုကရက်ဝါဒ ပြီးတော့ အိန္ဒိယဗေဒတချို့ကို ရောပေါင်း ဖန်တီးထားတာသာ ဖြစ်တယ်လို့ ကျနော် သိလိုက်ရပါတယ်။ ဒီတော့ ဦးနေ၀င်းဟာ ဦးဗဆွေ၊ ဦးကျော်ငြိမ်း တို့ရဲ့ သဘောတရားကို နာမည်ပြောင်း ပျံ့နှံ့စေ ဖို့လုပ်တာပဲဆိုတာ ရှင်းလင်းလာသလို၊ ဦးနေ၀င်းဟာ “ဆွေ၊ ငြိမ်း” ဂိုဏ်းကပဲဆိုတာလဲ ဘွားဘွားကြီး ပေါ်နေပါတော့တယ်။ အမှန်က တော့ “ဦးနေ၀င်း”လို့သာ ပြောနေရတာပါ။ အဲဒီတုန်းကတော့ “ဗိုလ်ချုပ်နေ၀င်း” ဘ၀က မပြောင်းသေးပါဘူး။ အဲဒီကာလမှာ “ဗိုလ်ချုပ် နေ၀င်း”ကို အထွဋ်အထိပ်ရောက်အောင် ပို့ပေး ၀န်းရံခဲ့ သူတွေဟာလဲ ဆိုရှယ်လစ်ပါတီနောက်ခံ တပ်မှူးကြီးများဖြစ်ခဲ့ပါတယ်။ သူရို့တ တွေကိုလည်း ဗိုလ်နေ၀င်းက “တတောပြီး တတောရှင်း”နဲ့ တယောက် မကျန်ဖယ်ရှားပစ်ခဲ့တာပါပဲ။
            ဒါကြောင့်ပဲ ၆၂ ခုနှစ်မှာ အာဏာသိမ်းပွဲဖြစ်တော့ ပဲခူးကလပ်မှာ ဘိလိယက်ထိုးနေခဲ့တဲ့ ဗိုလ်နေ၀င်းဟာ အာဏာသိမ်းပွဲရဲ့ ကွပ် ကဲရေးမှူးဖြစ်တဲ့ ဗိုလ်အောင်ကြီးအပါအ၀င် သူနဲ့ ရင်ဘောင်တန်းလာနိုင်တဲ့ ဆိုရှယ်လစ်နိုင်ငံရေးသမားတွေကို “ရေကြည်အိုင်” ပို့ပစ် နိုင်ခဲ့ပြီး သူ့လက်ထက်မှာ အင်အားတစုတစည်းထဲဖြစ်ရေးကို လုံးပစ်နိုင်ခဲ့ပါတယ်။ ဗမာပြည်မြေပုံကို လက်ဝါးထဲ ထည့်ပြီးကစားနိုင်ခဲ့ ပါတယ်။
            တချိန်ထဲမှာပဲ ကမ္ဘာ့ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် “အရင်းကျမ်း”ကိုခေါင်းအုံးအိပ်လို့၊ ဗဟိုထောက်လှမ်းရေး အေဂျင်စီဆိုတဲ့ စီအိုင်အေကို အသက်သွင်းခဲ့ကြတဲ့ ဂျွန်ဖော်စတာ ဒါးလက်စ်နဲ့ အလဲန်ဒါးလက်စ်တို့ ညီအကိုရဲ့ အာရှ ပစိဖိတ် ပေါ်လစီကလဲ အာရှနိုင်ငံ တွေ၊ လက်တင်အမေရိကနိုင်ငံတွေဆိုတဲ့ ကမ္ဘာ့တောင်ခြမ်းက “လစ်ဘရယ်အစိုးရ”တွေဟာ “ကွန်မြူနစ်ဆန့်ကျင်ရေး”ကို ပြတ်ပြတ် သားသားမလုပ်နိုင်တဲ့အတွက် အဲဒီဒေသတွေက “စစ်အာဏာသိမ်းရေးတွေ”ကို ထောက်ခံအားပေးပြီး “ဗိုလ်ချုပ်ကြီး”တွေကို ဘိသိက် မြောက်ပေးနေတဲ့အချိန်လဲ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း ဗမာပြည်ကို “ကစား”နိုင်ခဲ့တာ၊ “ဗမာ့နိုင်ငံရေး”ကို “ဆော့”နိုင်ခဲ့တာဟာ အဲဒီနိုင်ငံ တကာအခြေအနေရဲ့ မျက်နှာသာပေးမှုလဲ ပါတယ်လို့ဆိုရမှာပါ။
            မိုးစုပ်စုပ်ချုပ်သွားပါပြီ။ ဒေါပုံသစ်လဲ အိပ်မောကျနေပြီ။ ကျနော်ဘေးက ခြင်ထောင်မရှိပဲ စောင်ခေါင်းမြီးခြုံအိပ်နေတဲ့ ကိုမြင့်လဲ တရှူးရှူးဟောက်သံပေးပြီး စိတ်ချလက်ချ အိပ်ပျော်နေပါပြီ၊ ကျနော်ကတော့ မအိပ်ဖြစ်သေးပါဘူး။ မှန်အိမ်အောက်မှာ ဖတ်ပြီးခဲ့တဲ့ စာတမ်းကို ပြန်ပြီးစားမြုံ့ပြန်နေမိပါတယ်။ နောက်ထပ်စာတမ်းတစောင်ဖြစ်တဲ့ “၅၅”ကို ဝေဘန်ရေးကို ယူလိုက်ပြီး ဖတ်ဖို့ပြင်ပါတယ်။ ခရော့စလီစာရွက်ပြာအပါးလေး တွေပေါ်က လက်နှိပ်စက်အသေးနဲ့ ရိုက်တာတဲ့စာလုံးတွေကို ကျနော်သတိထားမိလိုက်သလို အသုံး အနှုန်းတွေကို ကြည့်ခြင်းအားဖြင့် ကျနော်ရင်းနှီးပြီးသားလို့ ခံစားမိပါတယ်။ နောက်များမှ ဆက်စပ်မိသွားတာက စကားနည်းနည်း ပြောပြီး အလုပ်များများလုပ်တတ်တဲ့၊ ပြောရင်လဲ နာရီနဲ့ချီပြီး ပြောတတ်တဲ့၊ အားမနာတတ်တဲ့ ကိုတင်ထွန်းရဲ့ ပုံရိပ်ကိုပါ။ ဒါပေမဲ့ အဲဒီတုန်းက ကိုမြမောင်ဆိုတာကို တင်ထွန်းဖြစ်တယ်လို့ ကျနော်မသိခဲ့ပါဖူး။
ဆက်ရန်

အနက်ရောင်လှုပ်ရှားမှု၊၂

--> -->
တလကို တရာ့ငါးဆယ်ကျပ်လောက်ရတဲ့ နေ့စဉ်အလုပ်ကလေး တလုပ်ကိုလည်းရခဲ့ပြီ။ စပေါ်ငွေ နှစ်ရာ့ငါးဆယ်နဲ့ တလကို နှစ်ဆယ်ပေးရတဲ့ အိမ်ခန်းတတခန်းကိုလဲ ဒေါပုံမြို့သစ်မှာ ငှားရမ်းခဲ့ပြီးပြီ။ ကျောင်းသားလေးတချို့ကို စာပြရတဲ့  အချိန်ပိုင်း အလုပ်က လေး တလုပ်လည်းရခဲ့ပြီ။ ကျနော်လောလောဆယ် အလုပ်က ‘၀ပ်ကျင်း’မှာပဲရှိနေပြီး စာဖတ်နေခဲ့တဲ့ အလုပ်ပါပဲ။ ဆယ်ရက်လောက် အတွင်းမှာ ဗင်နီဇွဲလား စီပီရဲ့ မြောက်အောက် အတွေ့အကြုံများ” စာအုပ်ကို နှစ်ခေါက်လောက် ဖတ်ပြီးသွားပါပြီ၊ အဲဒါကို အဓိကထားပြီး ဖတ်ဖြစ်တာကတော့ ‘မြို့ခို’ လုပ်ငန်းနဲ့ လုံးဝစည်းကိုက်ဝါးကိုက် ဖြစ်တယ်လို့ ကျနော် ထင်လို့ပါပဲ။
            လေးသန်းနဲ့ ကျနော်တွေ့ဆုံခဲ့တာတွေ၊ လေးသန်းရဲ့ ပြုမူလုပ်ရှားမှုတွေ စကားတွေမှာ စောစောကပြောခဲ့တဲ့ စာအုပ်ရဲ့ သြဇာတွေကို အတုံးလိုက်အတစ်လိုက်ကို တွေ့နေခဲ့ရပါတယ်။ ဒီမှာပဲ ကျနော်ကောင်းစွာ သဘောပေါက်ခဲ့တယ်လို့ ပြောရင် ရနိုင်ပါလိမ့် မယ်။
            နောက်စာတမ်းတွေက ခရော့စလီစက္ကူပြာ အပါးစားအပေါ်မှာ အိုလံပီယာ လက်နှိပ်စက်အသေးနဲ့ ရိုက်ထားတဲ့ စာတမ်းတွေဖြစ် ပါတယ်။ ကျနော့်ဆီ ရောက်လာတဲ့ စာတမ်းများ၊ စာအုပ်ငယ်အဖြစ် ချုပ်ပြီးသား အတွဲများ အကုန်လောက်နီးနီးဟာ အဲဒီစက္ကူပြာ အပါးတွေကိုပဲ သုံးတာ၊ အဲဒီအချက်တွေကို ကျနော် သတိထားမိပါတယ်။ ဒါတွေအားလုံးမှာ “မြို့ခိုအလုပ်”ရဲ့ လက္ခဏာတွေ ရှိနေတာကို လည်း ကျနော် သဘောပေါက်လာပါတယ်။
            (ဒိုင်ယာရီရေးကျင့် မရှိတော့လို့ ရက်တွေလတွေတော့ မမှတ်မိတော့ပါဘူး၊ အဖြစ်အပျက်တွေကိုသာ ပြက်ပြက်ထင်ထင် မှတ်မိ နေပါတယ်)
            တနေ့သားမှာကျနော်အိမ်ပြန်ရောက်လို့တံခါးသော့ခလောက်ကိုဖွင့်လျှင်ဖွင့်ချင်းပဲ စာရွက်ပြာအခေါက်ကလေးတခေါက်ကို တွေ့ပါတယ်။ ဖွင့်ဖတ်လိုက်တော့
            “ဂျမ်း”
            “အောင်မြေကိုသွားပါ၊ ပထမဆုံးချိန်းဖူးတဲ့နေရာ။ အဲဒီမှာ “ဂေရှောင်း”နဲ့ တွေ့လိမ့်မယ်။ လောလောဆယ် “ဂေရှောင်း” နဲ့ တွေ့လိမ့်မယ်။ လောလောဆယ် “ဂေရှောင်း” ဆီမှာ ဘာလုပ်ရမယ်ဆိုတာ ပြောထားပြီးသား။ ကျန်တာတွေ သူဆက်ပြောလိမ့်မယ်”။ ဒီစာ ကိုဖတ်ပြီး ချက်ချင်းရှင်းလင်းပါ။
            “မောင်”
            “အလုပ်ကို ချက်ခြင်းဆောင်ရွက်ရမယ်” ဆိုတာ သိထားပြီးသား ကျနော်။ ချက်ခြင်းပဲ ပုဇွန်တောင်ဘက်ကို သမ္ဗာန်နဲ့ကူးလာခဲ့ တယ်။ ရောက်တော့ ချိန်းထားတဲ့အချိန်ဖြစ်တဲ့ လေးနာရီတိတိမှာ လှေကားဆယ့်တထစ်ကိုနင်းပြီးတက်၊ တံခါးကို ဆက်တိုက် နှစ်ချက်တွဲ သုံးခါခေါက်လိုက်တယ်။ တံခါးပွင့်လာပြီး တံခါးနောက်က ရပ်နေသူက ကျနော့်ကို အထဲကိုဝင်ဖို့ လက်ဟန်ခြေဟန်နဲ့ အဘိယာစက ပြုပါ တယ်။ မျက်လုံးပြူးပြူး၊ ဆံပင်ကောက်ကောက်၊ လူပုံခပ်ဖိုင့်ဖိုင့် တယောက်ပါပဲ။
            “လာပါလိမ့်မယ်၊ ခဏစောင့်ဦးနော်”၊ အဲဒီလိုပြောပြီး အောက်ကိုဆင်းသွားပါတယ်။ ကျနော်က ခါးကြားမှာပါလာတဲ့ ဆေးတံက လေးကိုထုတ်၊ ဘလူးစတား ဆေးဗူးထဲက ဆေးတံသောက်ဆေး နဲနဲဖြည့်ပြီး၊ ပါလာတဲ့ လက်ခုတ်ကုန်း ကြေးမီးခြစ်ကလေးကိုခြစ်၊ မီးညှိ ပြီး ဆေးတံကို ဖွာလိုက်ပါတယ်။ ကျနော် ဖွာထုတ်လိုက်တဲ့ မီးခိုးကွင်းကလေးတွေထဲမှာ၊ “ဘယ်လက်ကိုညာလက်က ပေးမသိစေရ”ဆို တာနဲ့ “အရှေ့ကိုသွားဖို့ဆိုရင် အနောက်ကို အရင်ကားစီးပါ” ဆိုတဲ့ “ဗင်နီဇွဲလား”ထဲက စာပိုဒ်ရှင်းလင်းချက်တွေ မျောပါနေသလိုပါပဲ။
            ခဏပဲ။ “ဂေရှောင်း” ရောက်လာတယ်။ လားလား . . သူက တခြားလူမဟုတ်ဘူး။ ကျနော် ဘယ်လိုမှ ထင်မထားတဲ့ ကျနော် သိပြီးသား သက်ကြီးတက္ကသိုလ်က လူတယောက်။ သူက ကျနော့်ထက် အသက်နည်းနည်းကြီးတယ်။ ဟိုတုန်းကတည်းက ကျနော့်ကို “မင်း”၊ “ငါ”နဲ့ ပြောတဲ့ လူတယောက်ပါ။ ရင်းနှီးခဲ့တာကိုး။
            “မင်းလာလိမ့်မယ်လို့ သိထားပြီးသားလေ။ အခုမင်းရောက်လာတာနဲ့ အတော်ပါပဲ။ ဒို့ “အောင်မြေ”ထဲမှာ မင်းပါလာတဲ့အတွက် ငါလည်း အတော်ဝမ်းသာတယ်ကွာ၊ ဒို့အလုပ်က အဓိက ကတော့ “လီယေဆွန်”ပဲ။ ဆက်သွယ်ရေးပေါ့။
            “မလိုအပ်ဘဲနဲ့ မေးခွန်းမထုတ်ပါနဲ့” တဲ့။ ဗင်နီဇွဲလားထဲမှာ တွေ့ခဲ့ပြီးပြီ၊ ဒီတော့ ကျနော်က “အင်း” လိုက်တာကလွဲလို့ ဘာမှ အပိုမပြောတော့ဘူး၊ “ဂေရှောင်း”နဲ့ ကျနော်ပြောရမယ့် စကားတွေထဲမှာ ‘အလုပ်’ သဘောကလွဲလို့ ဘာကိုးကားချက်တွေ၊ သဘော တရားတွေမှ မပြောဖြစ်ပါဘူး။
            “ဂေရှောင်း”က ကျနော့်ကို ဆီစိမ်စက္ကူ ထုတ်တထုတ် ပေးပါတယ်။ ပြီးတော့မှ ကျနော် ဆက်လုပ်ရမှာကို ပြောပါတယ်။ ပြည်လမ်းက လိပ်စာတခုကိုပါးစပ်က ရွတ်ပေးပါတယ်။ ကျနော်လည်း ပါးစပ်ကပဲ လိုက်မှတ်ပါတယ်။
            “အဲဒီလိပ်စာကို မင်းသွားပြီး ဒီအထုတ်ကလေးကိုပို့ပေးပါ။ မင်းအဲဒီလိပ်စာမှာတွေ့ရမယ့် အဆောက်အဦးက တိုက်ပဲ။ အ၀ါ ရောင်ပျော့ပျော့ဆေးသုတ်ထားတယ်။ ခြံတံခါးက ချောကလက်ရောင်။ ဘေးကအုတ်တိုင်မှာ မီးလုံးမရှိဘူး။ ညာဘက်အုတ်တိုင်မှာ တံခါးဘဲလ်ရှိတယ်။ ၂ချက်ဆင့်ပြီး ၃ခါ တီးပါ။ ပြီးရင် တံခါးပွင့်လာလိမ့်မယ်။ အသက်နှစ်ဆယ်လောက် တရုတ်မလေးတယောက်ကို တွေ့ မယ်။ “ဖိုးမောင်လာပြီ” လို့ပြောပါ။ သူ့ဖာသာပြန်ဝင်သွားလိမ့်မယ်။ လိုက်ဝင်သွားပါ။ ဘာဂျာတံခါးတချပ် ဟ ထားတာတွေ့လိမ့်မယ်။ ၀င်သွားပါ။ ၀င်ဝင်ချင်းပဲ အခန်းတခုထဲကို ရောက်သွားလိမ့်မယ်။ သပြေညိုရောင် ဆက်တီရှိမယ်။ ဆက်တီခုံက နှစ်ယောက်ထိုင်နှစ်ခုံ၊ တယောက်ထိုင် လေးစုံရှိမယ်။ ဆက်တီစားပွဲက ကျောက်စားပွဲ၊ စားပွဲပေါ်မှာ ကိုကာကိုလာတဗူး တင်ထားလိမ့်မယ်။ တယောက်ထိုင် ဆက်တီတလုံးရဲ့ကျောမှာ တနေရာက ကြယ်သီးပြုတ်နေတယ်။ ကျန်တဲ့ဆက်တီတွေက ကျောမှီတိုင်းမှာ ကြယ်သီး ခြောက်လုံးစီရှိတယ်။ အဲဒီကြယ်သီး ပြုတ်နေတဲ့ ဆက်တီခုံမှာထိုင်၊ စားပွဲပေါ်က အချိုရည်ဗူးကိုဖောက်ပြီး ကုန်အောင်သောက်ပါ။ ပြီးရင်မင်းယူသွားတဲ့ အထုတ်ကို စားပွဲပေါ်အလည်တည့်တည့်မှာ တင်ထားလိုက်ပါ။ နောက်မင်းဝင်လာတဲ့ဖက်နဲ့ မျက်နှာချင်းဆိုင်မှာ တံခါးတပေါက်ကို တွေ့ လိမ့်မယ်။ အဲဒါလည်း လျှောတံခါးပဲ၊ ဘယ်ထိုး၊ တံခါးကနေထွက်၊ စုစုပေါင်း ခြေလှမ်း ဆယ်လှမ်းတိတိမှာ နောက်ထပ်လျှောတံခါးတခုကို တွေ့လိမ့်မယ်။ ထပ်ထွက်ပါ။ လှေကားတခုကိုရောက်မယ်။ ကိုးထစ်တိတိရှိတယ်။ တက်သွားပါ။ အခန်းတခုထဲ ရောက်သွားမယ်။ နံရံမှာ ၀ါးရုံပင်ပုံတွေကို ဆွဲထားတဲ့ ပန်းချီကား ချိတ်ထားတယ်။ ပန်းချီကားအောက်တည့်တည့်မှာ စားပွဲပုအနက်ရောင်ကလေးရှိတယ်။
            အဲဒီအပေါ်မှာရှိတဲ့ အထုတ်ပဲဖြစ်ဖြစ်၊ စက္ကူသေတ္တာလေးပဲဖြစ်ဖြစ် တွေ့လိမ့်မယ်။ တနိုင်သယ်နိုင်တာထက် ပိုမလေးဘူး၊ အဲဒါကို ယူပြီး လာလမ်းအတိုင်းပြန်လာပါ။ ဘယ်သူတွေ့တွေ့ စကားမပြောပါနဲ့၊ နှုတ်တောင်မဆက်ပါနဲ့၊ ၀င်းအပြင်ရောက်တာနဲ့ အင်းစိန်ဘက်ကို ကားစီးပါ။ ကြို့ကုန်းလောက်ရောက်မှ ဆင်းပြီး ရန်ကုန်ဘက်ပြန်စီးခဲ့ပါ။ ပြီးတော့မှ ဒီအထိ ပြန်လာခဲ့လိုက်။ အခုပြောပြခဲ့ တဲ့ အထဲက တခုခု မှားယွင်းနေရင် “အလျှင်အမြန်” ကိုယ်ရောင်ဖျောက်ပေတော့။ ကိုယ်ရောင်ဖျောက်ဖို့ ကြုံလာခဲ့ရင် ဘယ်အိမ်မှ မပြန်ပါနဲ့၊ တနည်းနည်းနဲ့ ဒို့ရအောင်ဆက်မယ်။ ရှင်းပြီနော်။
            “အဲဒီတာဝန်” ကို အောင်အောင်မြင်မြင်ပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ ကျနော် ဒေါပုံအိမ်ကို ပြန်ရောက်တော့ မိုးချုပ်နေပါပြီ။ အလုပ် ကို လုပ်နေစဉ်ကာလအတွင်း ရင်တော့အခုန်သား၊ ဒါပေမယ့် “ဖြစ်အောင်လုပ်ရမယ်” ဆိုတဲ့ စိတ်ကဆောင်နေလို့ အဆင်ပြေခဲ့တာဆိုရင် ရကောင်းပါတယ်။ ဆေးတံကိုဖွာပြီး ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ကိုယ်လုပ်ခဲ့တဲ့အလုပ်မှာ ရှိနိုင်တဲ့“ဂျောက်ပေါက်”တွေ “ထောင်ချောက်”တွေ အကြောင်းကိုလည်း စဉ်းစားမိပါတယ်။ အဲဒါဟာ ကျနော့်ရဲ့ “မြို့ခိုလုပ်ငန်း” ပထမဆုံး ဈေးဦးပေါက် အတွေ့အကြုံ ပါပဲ။
            အဲဒီကာလရဲ့ အဖြစ်အပျက်တွေက ရုပ်ရှင်ကား တကားထဲက ပြကွက်တွေလိုပါပဲ။ ဖျတ်ခနဲ၊ ဖျတ်ခနဲ ကူးသွားတာမျိုးတွေ၊  အခန်းကူးအခန်းဆက်တွေလည်း အင်မတန် မြန်တယ်လို့ ကျနော်ခံစားမိတယ်။ “ဂေရှောင်း”နဲ့ ကျနော်ဆက်ဆံရေးဟာလည်း ပိုရင်းနှီး လာတယ်။ “အောင်မြေ”မှာ အချိန်အပိုဆုံးက ကျနော် ဖြစ်နေတယ်။ စာဖတ်လိုက်၊ လုပ်စရာရှိတာလေးတွေ လုပ်လိုက်၊ အလုပ်ကို ညနေ ပိုင်းသွားလိုက်၊ ထမင်းချက်လိုက်နဲ့ လည်ပတ်နေခဲ့ပါတယ်။ လျူရှောချီရဲ့ စာအုပ်သုံးအုပ်ကို ဖတ်ဖြစ်သွားတာ၊ မောရစ်ကွန်ဖို့ဒ်ရဲ့ “ဒိုင်ယာလက်တစ်ကဲလ် မထီးရီးလဲလစ်ဇင်”ကို အသေအချာ ဖတ်ဖြစ်သွားတာ အဲဒီကာလပါပဲ။ ဒါပေမယ့် အဲဒီဖတ်ပြီးသားတွေကို ပြန် စကားပြော ဆွေးနွေးဖြစ်တဲ့ အဖော်သဟဲမရှိပါဘူး။ “ဂေရှောင်း”ကလည်း ကျောင်းသွားလိုက်၊ အလုပ်သွားလိုက်၊ အခြားကျနော်မသိတဲ့ လူမှုရေး ကိစ္စတွေလုပ်လိုက်နဲ့မနို့ သိပ်နီးနီးကပ်ကပ် မတွေ့ဖြစ်ပါဘူး။ နောက်တချက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် “ဂေရှောင်း” ကစာသိပ်ဖတ်တယ်လို့ ကျနော်မထင်ပါဘူး။ အဲဒီတော့ အလုပ်သဘောကလွဲပြီး သူနဲ့လည်း ပြောခဲလှပါတယ်။ ကျနော် ပြန်စဉ်းစားလို့ ရသလောက်ကတော့ “စစ်ရေးချို၊ နိုင်ငံရေးပို”ဆိုတဲ့ လမ်းစဉ်အကြောင်းနဲ့ “ရိုးမစစ်တမ်း” အကြောင်း နဲနဲပါးပါး ပြောဖြစ်တာပါပဲ။ အော် . . . နောက်ပြီး အလံနီသခင်စိုးရဲ့ “ကွဲအက်ရေးမှ ခွဲထွက်ရေးသို့”ဆိုတဲ့ ကိစ္စလည်း ဆွေးနွေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့် မိတ်ဆွေငယ်ပေါင်းတွေထဲက “တောကြီးတန်း”ကို ဆင်းသွားကြတဲ့လူတွေ ရှိနေခဲ့ကြလို့ပါ။
            အဲဒီကာလမှာပဲ “ဂေရှောင်း”နဲ့ ကျနော် အလုပ်ခွဲဖို့ ဖြစ်လာပါတယ်။ ကျနော့်နေရာကို “လေးသန်း”ရောက်လာခဲ့ပါတယ်။ စောစောက ကျနော်ပြောခဲ့သလို “ဂေရှောင်း”ရဲ့ “လူမှုရေး ကိစ္စ” ဆိုတာတွေက သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ရှေ့တန်းတင်ဆောင် ရွက်တာတွေလို့ လေးသန်းကမြင်လာတဲ့ အချက်ပါပဲ။ အဲဒီအတွက် “အလုပ်”မှာ နှောင့်နှေးတာ၊ ဆင်ခြေဆင်လက်တွေ များလာတာ တွေကို ထောက်ပြပါတယ်။
            “မောင်ရင် အခုကစပြီး “ပုဂံ”နဲ့ တွဲရမယ်။ ကိုယ်တို့အလုပ်သဘောက “ဒေါင်လိုက်” သဘောဆိုတာပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ထားဖို့ပဲ။ မောင်ရင်နဲ့ ပုဂံက ကိုယ့်ကို တာဝန်ခံရမယ်။ “ဂေရှောင်း”နဲ့ သာမန်လူချင်းခင်တဲ့လူတွေလို့ပဲ သဘောထားပါ။ အလုပ်သဘော ဘာမှမပတ်သက်တော့ဖူး “ပုဂံ”ကို တာဝန်ခံနေတဲ့အပိုင်းကိုလဲ မောင်ရင်နဲ့ဘာမှ သိစရာမလိုဘူး၊ ဒါသူ့ကိစ္စပဲ။ သူ့ကိစ္စ အတွက်သူက ကိုယ့်ကို တိုက်ရိုက်ဆက်လိမ့်မယ်။ မောင်ရင့်ကိုတာဝန်ခံရမဲ့လူတွေ ရှိလာရင်လည်း ဆိုလိုတာက မောင်ရင်က ကိုယ့်စည်း ရုံးရေးနဲ့ကိုယ် ဆဲလ်တခုပေါ်လာခဲ့ရင်လည်း ‘ပုဂံ’ ကိုသော်၎င်း၊ “ဂေရှောင်း”ကိုသော်၎င်း ဘာမှ အသိပေးစရာမလိုဘူး၊ ကိုယ့်ကိုပဲ ပြောရ မယ်။ အဲဒါကိုယ်တို့ရဲ့ လုပ်ဟန်ပဲ။ ပြီးတော့ “သံမဏိ စည်းကမ်း”ပဲ။ မောင်ရင်တို့နှစ်ယောက်စလုံးရယ်၊ ကိုယ်ရယ် ရံဖန်ရံခါတွေ့မယ်။ တွေ့တဲ့အခါလည်း မောင်ရင့်နေရာကို မသုံးဘူး၊ နေရာသစ်တခုမှာ ဖြစ်မယ်။ ရှင်းပြီနော်။ ကိုယ်တို့ဟာ ဆန့်ကျင်ဘက်ရဲ့သွားကြားထဲမှာ လုပ်နေရတာကို အမြဲတမ်းသတိရှိနေပါ။ အခုအခြေအနေက ပိုပြီးတင်ကြပ်လာတယ်။ ရှုပ်ရှုပ်ထွေးထွေးလည်း ဖြစ်နေတာ အတော်များ များရှိတယ်။ အော်. . .  နောက်တချက်ပြောရဦးမယ်။ မောင်ရင်ဆေးတံအစား ဆေးပေါ့လိပ် ပြောင်းသောက်ပါ။ ဖြစ်နိုင်ရင် ဖြတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ဆီက “မောင်”တွေတော်တော်များများ ဆေးတံကလေးတွေနဲ့ ဆိုတာ ဆန့်ကျင်ဘက်က သိနေတယ်။ ဖြစ်နိုင်ဦးမယ်ဆိုရင် မောင်ရင်နဲ့ပုဂံမှအပ အခြားဘယ်သူနဲ့မှ နိုင်ငံရေးအကြောင်းမပြောနဲ့၊ စိတ်မ၀င်စားသလိုနေပါ၊ လောလောဆယ် တော့ ခက်မှာပဲ၊ ဒါပေမယ့် နောက်အသားကျသွားပါလိမ့်မယ်။ ဆွေးနွေးဖို့ကြုံလာရင် စီးပွားရေးအတွက် ကိုယ်ဘယ်လို ရုန်းကန်နေ ကြောင်းဆိုတာမျိုးပဲ ဦးတည်ပါ။ ဒါအကောင်းဆုံးမျက်နှာဖုံးပဲ။ ကိုယ့်ကို လူအထင်သေးသွားမှာမကြောက်ပါနဲ့။ “အထင်သေးသွား လေလေ၊ ကိုယ်လုပ်ရမယ့်အလုပ် အောင်မြင်လေလေ”ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ နောက်ကြုံတုန်း ပြောရဦးမယ်။ မောင်ရင် ကျန်းမာရေးအတွက် တခုခုလုပ်ဖို့လိုတယ်။ ဥပမာ - မနက်ထပြီးပြေးတာတို့ စက်ဘီးစီးတာတို့စသဖြင့်ပေါ့၊ ဒို့လူတွေဟာ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေလေကောင်းလေပဲ၊ ရှူနာရှိုက်ကုန်းဖြစ်နေရင် စိတ်ဓာတ်က ဘယ်လောက်ပဲကြံ့ခိုင်ပါစေ၊ ရေရှည်အလုပ်မလုပ်နိုင်ဘူး၊ ကိုယ်တို့မှာ အဲဒီသာဓကတွေ အများကြီးရှိတယ်။ အင်း . . . အစကဟာကို ပြန်ပြောရဦးမယ်၊ အဲဒါက - အခုမောင်ရင်နဲ့ ပုဂံနဲ့ရဲ့နာမည် . . . “အောင်မြေ ၂”။ အဲဒါလေးလည်း မှတ်ထားအုန်း၊ အောင်မြေ ၂အတွက် လာတဲ့စာရွက်စာတမ်းတွေကို ကလစ် ၂ချက် ကန့်လန့် ဖြတ်ချုပ်ထားမယ်။ ဟုတ်ပြီနော် ရှင်းတယ်မဟုတ်လား။
            ပထမတော့ “မောင်”ဆိုတာ ဘယ်သူလဲ၊ “ပုဂံ”ဆိုတာကရော ဘယ်သူလဲ။ ဘယ်တော့ တွေ့ကြမလဲ စတဲ့စတဲ့ မေးခွန်းတွေ ကျနော့်ခေါင်းထဲ ပေါ်လာပါတယ်။ ဒါပေမယ့် ယခင်အတွေ့အကြုံတွေအရ “သူ့ဖာသာသိ လာလိမ့်မယ်” ဆိုတာတွေးမိပြီး မမေး ဖြစ်တော့ပါဘူး၊ အဲဒီနေ့က စပြီး အောင်မြေ ၂ က ကျနော်က “ညိုမောင်”ဆိုတဲ့ နာမည်ဝှက်ရခဲ့ပါတယ်။ အောင်ဂျမ်းကိုသိခဲ့တဲ့ လူတွေက ‘ညိုမောင်’ကို မသိကြတော့ပါဘူး။

ဆက်ရန်

Sunday, May 12, 2013

ကျနော်သိခဲ့တဲ့ ကိုအောင်ဝေ


ကိုကိုးကျွန်းဋီကာ
ကျနော်သိခဲ့တဲ့ ကိုအောင်ဝေ
            ကိုကိုးကျွန်းဘ၀ကို တွေးမိပြီဆိုတိုင်း “ခိုင်မာပြတ်သားသူ”တွေ တချို့အကြောင်းကို ကျနော်စဉ်းစားမိ စမြဲပါ။ ခိုင်မာသယောင်ယောင်နဲ့ ဟန်ကောင်းကောင်း မခိုင်မာသူတွေအကြောင်း ပေါ်လာသလို၊ ပျော့စိပျော့စိနဲ့ ပုံစံပေမယ့် စိန်ထက်မာတဲ့သူတွေ အကြောင်းလဲ ပေါ်လာတတ်ပါတယ်။ ကျနော် ပြောခဲ့ဖူးသလို “နိုင်ငံရေးသဘောထား”တွေနဲ့ မကြည့်ပဲ လူပုဂ္ဂိုလ်ရဲ့ ရုပ်အခြေအနေကို ကြည့်ရင်ကို လူက ၀ါးခြမ်းပြားပေမယ့် စိတ်ဓါတ်က သံမဏိဆိုတဲ့လူတွေ ကျနော်တွေ့ခဲ့ရဖူးတယ်။ အဲဒီထဲက တယောက်ကတော့ “မုန်း” နယ်က (တနည်း) တောင်ငူက “အဆွဲ”ခံလာရတဲ့ ကျောင်းဆရာလေး ကိုအောင်ငွေ (ဒါမှမဟုတ်) ကျနော့အခေါ်ကိုအောင်ဝေ။
            အသံပြာပြာ ပြာပြာနဲ့ ကိုအောင်ဝေဟာ သဘာဝအားဖြင့် စကားနည်းပါတယ်။ တသီးတခြားနေတတ်သလို ထင်ရပါတယ်။ အမြဲတမ်း တခုခု လုပ်နေတတ်သလို အမြဲတန်းလည်း တခုခုကို အလေးအနက် စဉ်းစားနေတတ်ပုံ ပေါ်ပါတယ်။
            မနက်ခင်းတခင်းမှာတော့ ကျနော့်ကို လမ်းလျှောက်ထွက်ဖို့ သူခေါ်ပါတယ်။ တခါတခါ စိတ်လိုလက်ရရှိရန် သူက အုန်းသီးတက်ပြီး ကျွေးလေ့ရှိပါတယ်။ အဲဒီနေ့ကလဲ ကျနော့ကို ခေါ်ပြီး စခန်းပြင်ထွက်ခဲ့ကြတာပါ။
            ကမ်းနားသောင်ကို ရောက်တော့ အုန်းပင် မနိမ့်မမြင့်တပင်ကို တက်ပြီး အုန်းသီးချပြီး သူလဲစား၊ ကျနော့ကိုလဲ ကျွေးပါတယ်။ သူကိုင်တဲ့ ဓါးကလေးဟာ လက်နေတာ ကျနော် သတိထားမိပါတယ်။ လက်နေသလို ထက်လဲထက်မယ် ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ အုန်းသီးခွံတွေကို အာလူးနွှာသလို ခွာလို့ရလို့ပါပဲ။
            အုန်းသီးအညှိကလေးတွေကို အုန်းခွံဖြတ်သားကလေးနဲ့ ခြစ်ကော်စားရင်း ကျွေးရင်းက ကိုအောင်ဝေက ထူးထူးဆန်းဆန်း ကျနော့ကို မေးပါတယ်။
            ကိုမြင့်ဦးသစ်………မင်းသားကြီးရေ ကြောင်းဆိုတာ ကြားဖူးလား။
            ဗျာ……မင်းသားကြီး ရေကြောင်း……ဟုတ်လား ……တခါမှ မကြားဖူးဖူးဗျ။
            “ဒီလိုဗျ………ဟိုဘက်မှာ အန်ဒမန် ကျွန်းစုရှိတယ်။ ဗမာလိုတော့ ကပ္ပလီ ကျွန်းပေါ့ အဲဒီဘက်ကနေ ကျနော်တို့ အခုရှိနေတဲ့ ကိုကိုးကျွန်းကို မြှောင်ပြီး စီးသွားတာ၊ ဘိတ် ထားဝယ်ဘက်ကို ပေါက်တဲ့ ပင်လယ်ရေစီးကြောင်းဗျ။ ရာသီဥတုသာတဲ့ အချိန်ဆိုရင် လေကောင်းကောင်းနဲ့ဆို ခဏလေးပဲ။ ထားဝယ်ကို ရောက်တယ်။ ကျနော်က သူပြောတာကို ဘာမျှမသိ။ ဘာကြောင့်ပြောနေသည်လဲမသိ၊ ဒါကြောင့်မို့ပဲ ရယ်စရာတောင် လုပ်လိုက်မိပါသေးတယ်။”
            “အေးပေါ့ ကျုပ်တို့ ဒီကပုလင်းတလုံး မျှောလိုက်ရင် ထားဝယ်ဘက်မှာ သွားတင်တာပေါ့၊ မဟုတ်ဖူးလား။ သူက ကျနော် ပြောတာကို ရောယောင်ရီမောလိုက်ရင်းနဲ့ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။”
            “ကိုမြင့်ဦးသစ်……ရေကူးတတ်သလားဗျ”
            “နည်းနည်းပါးပါးပါပဲ။ ကျနော်က ကွမ်းခြံကုန်းသား၊ မြစ်ဝကျွန်းပေါ်သား၊ ချောင်းကို အိမ်နောက်ဖေးထားပြီး မွေးတာပေမဲ့ ရေသိပ်ကြောက် တာဗျ။ အိမ်ကလဲ ရေနဲ့ ပေးမဆော့ဖူးလေ။ နည်းနည်းတတ်တာတောင် ကိုရွှေကျော်အောင်ကြီးက ဒီရောက်မှ သင်ပေးလို့ဗျ။ ကျနော်အတော်ညံ့တာ”
            သူက ပင်လယ်ပြင် ပြာပြာကြီးကို မျှော်ငေးငေးလေး ကြည့်ရင်း ကျနော်ပြောတာကို နားထောင်နေပါတယ်။ ဒါပေမယ့် သူစိတ်က တခြား ရောက်နေပုံရတယ်လို့ ကျနော် ခံစားမိတယ်။
            “ကျနော့မှာ ရည်မှန်းပြီးတဲ့ မိန်းခလေးရှိတယ်ဗျ။ ဦးမြင့်ဦးသစ်ကော”
            “မရှိတော့ဖူးဗျ သွားရှာပြီ”
            “ကျနော်က အိမ်ထောင်ပြုဖို့အထိ သဘောတူထားပြီးသား၊ ဒါပေမယ့် အခုတော့ သူခမျာလဲ အဆင်ပြေလောက်မယ် မထင်ပါဘူးဗျာ။”
            “ဒီလိုပဲပေါ့ဗျာ။ ဒါတွေက တွေ့နေကြုံနေကျပဲ မဟုတ်လား”
            အဲဒီစကားတွေကို ဆွေးဆွေးမြေ့မြေ့ပြောနေချိန်မှာ မာတင်းနေတဲ့သူမေးရိုးတွေကို ကျနော် သတိထားမိတယ်။ တခုခုကို သူဆုံးဖြတ်ပြီးသား သဘောကိုလဲ မြင်လိုက်ရသလိုပဲ။ မိဘတကွဲ သားသမီးတကွဲ ချစ်သူတကွဲ ကွေကွင်းမှုတွေ ဆိုတာကလဲ အထဲရောက်နေသမျှ “အထူးရဲဘက်” အားလုံးရဲ့ ဘုံပြဿနာပေပဲလေ။
            အဲဒီနေ့က ကမ်းနားသောင်ပြင်ကနေ အပြန်မှာတော့ တယောက်နဲ့ တယောက် စကားမပြောဖြစ်ကြတော့ဘဲ အတွေးကိုယ်စီနဲ့ ပြန်လာခဲ့ ကြပါတယ်။ ကျနော့ ရင်ထဲကိုတော့ “မင်းသားကြီး ရေကြောင်း”က ကောင်းကောင်းကြီး ပဲ့တင်ခတ်သွားတော့တာပါပဲ။ သူဘာဖြစ်လို့ ဒီမင်းသားကြီး ရေကြောင်းအကြောင်း ပြောတာလဲ ? စဉ်းစား မရ။
            နောက်တရက်ကျော် မနက်မှာတော့ စခန်းမှာတော့ စခန်းထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေကြတယ်။ ခပ်အုပ်အုပ် လှုပ်လှုပ်ရွရွပါ။ ကိုအောင်ဝေ ခြင်ထောင် သိမ်းမထားဖူး၊ ကိုအောင်ဝေကိုလဲ ရှာမတွေ့ဖူး၊ သူနဲ့အတူ ကိုငြိမ်းမောင် (ယခုဖဒိုမန်းငြိမ်းမောင်)နဲ့ မန်းအောင်ကြည် (အေဘီကေအို) တို့လဲ ရှာမတွေ့ဖူး၊ အဲသည်လို ပြောနေကြတယ်။ အမျိုးမျိုး ခန့်မှန်းကြတာတွေလဲ ကြားရတယ်။
            ဒါနဲ့ ကျနော်က ရဲဘော်ထင်ရှန် (ရန်ကုန်သတင်းစာ)ကို မေးကြည့်ပါတယ်။ သူဘာသိသလဲပေါ့ ကိုထင်ရှန်ကြီးက ရယ်ကြဲကြဲနဲ့ တခွန်းပဲပြောတယ်။
            “ကျွန်းကနေ ထွက်သွားကြပြီ”
            ကိုအောင်ဝေဆိုတဲ့သူ၊ တော်တော်သိပ်သည်း လျှို့ဝှက်တဲ့လူ၊ အဲသလို သိလိုက်ရတော့မှ ဟိုတနေ့က ကျနော့ကို သက်သက်နှုတ်ဆက်ပွဲ လုပ်တာကိုးလို့ ကျနော်သိလိုက်ပါတော့တယ်။ အဲဒီတော့မှပဲ၊ သူအ၀တ်အိတ် ကလေးတွေချုပ်နေတာ၊ ဓါးကလေးကို မြနေအောင် သွေးနေတာ စောင်ကြမ်းတွေကို လက်ချုပ်လိုက်တွဲနေကာ၊ သံလိုက်ချောင်းကလေး မရရအောင်ရှာပြီး ကွန်ပတ်စ်လုပ်တာ စသည်ဖြင့် သူ့လှုပ်ရှားမှုတွေကို ဆက်စပ် မိသွားပါတော့တယ်။
            နောက်ပိုင်း ကြားရတာက သူတို့ပင်လယ်ထဲမှာ မုန်တိုင်းမိတာ၊ ကမ်းခြေကို ရောက်သွားတာ၊ ကိုငြိမ်းမောင်ကို ဖမ်းမိသွားတာ၊ ကိုအောင်ကြည်နဲ့ ကိုအောင်ဝေ လွတ်သွားတာ၊ နောက်ပိုင်းမှာ ကျဆုံးသွားကြတာ……။
            ကျွန်းကနေ ထွက်ခွာရေးကို မူအားဖြင့် ကျနော်သဘောမတူပါဖူး၊ ဒါပေမယ့် သူတို့တွေ ဒုက္ခမျိုးစုံကိုခံပြီး ပြည်မကို မရောက်အရောက်ပြန်ကြတဲ့ သတ္တိနဲ့ ခံနိုင်ရည်ကိုတော့ ချီးကျူးမိပါတယ်။
            နှစ်ပေါင်း လေးဆယ်ကျော်ခဲ့ပါပြီ။ အခွင့်သင့်လို့ “မင်းသားကြီး ရေကြောင်း” ဆိုတာကို ပြောသံကြားမိတိုင်း ကိုအောင်ဝေကို ကျနော်သတိရမိတယ်။ အသံပြာပြာနဲ့ အဆိုတော် တယောက်ရဲ့ သီချင်းသံကိုကြားမိတိုင်း သူ့အကြောင်း ရင်ထဲရောက်လာပါတယ်။ သစ်ကနက်ခေါက်ဆိုးထားတဲ့ လုံချည်နဲ့ အင်းကျီ၊ ကြယ်သီးရင်စေ့တတ်ထားတဲ့ဟန်၊ လူက အရပ်ရှည်ရှည်ဆိုတော့ ဒူးဆစ်သာသာအထိ တိုတိုဝတ် တတ်တဲ့ သဏ္ဍာန်၊ တိန်ချွန်နေတဲ့ သံလျက်ပုံဓါး။ တိုလီမိုလီထည့်တဲ့ အညိုရောင်ရှုံ့အိတ်ကလေးတွေ၊
            အဲဒါတွေနဲ့ တွဲပြီး မျက်စေ့ထဲ မြင်လာတာကတော့ ရဲဘော်အောင်ဝေပါ။