Showing posts with label မထေ့တထေ့သရော်စာ. Show all posts
Showing posts with label မထေ့တထေ့သရော်စာ. Show all posts

Tuesday, March 12, 2013

ကားသွားတဲ့ ကား

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ကားသွားတဲ့ ကား
          မောင်ဒေါ၏ မိတ်ဆွေ တပတ်ရစ်ကြီးဖြစ်ဘိသည့် အယ်ချုပ်ကြီးက မောင်ဒေါအား “ဒီမိုကရေစီ”အကြောင်း ရေးရန်တိုက်တွန်းဖူး၏။ မောင်ဒေါလည်း စိတ်ဝင်စားပါ၏။။ ဆိတ်တွင်သာမက နွားပါဝင်စားသောကြောင့် “နူတ်ဘုတ်”ထဲတွင် ဒီမိုကရေစီမှတ်စုများဟုပင် ခေါင်းစဉ်တပ်ကာ တောင်ခြစ်တောခြစ် မှတ်ထားတာတွေရှိပါ၏။
            သို့လင့်တစေ “ဒီမိုကရေစီ”တွင် မောင်ဒေါထက်ပိုချန်ပီယံကျသူများ၊ဂုရုကြီးများကလည်းနေရာယူပြီးထားရကား ချွတ်တားမောင်ဒေါ၏ ဒီမိုကရေစီအတွေးအခေါ်များသည် နည်းနည်းများ “အောက်တော့ဒိတ်” ဖြစ်နေမည်လား စိုးရိမ်သဖြင့် လက်ဆကို ကျင့်ဆဲဖြစ်ပါ၏။
            ဤတွင် “ဒီမိုကရေစီ”လိုပဲ လူတွေကြား ခေတ်စား ခေတ်သောက် ခေတ်မြိုဖြစ်နေသော  အကြောင်းတစ်စကို မောင်ဒေါတွေ့ရှိခဲ့လေ၏။ ယင်းသည်ကား “ကား” အကြောင်းဖြစ်ပေ၏။ အနှီသို့ ဆိုလိုက်သည့်အတွက် မောင်ဒေါသည် ကား အကြောင်းကို ကျွမ်းကျင်သူတစ်ဦးဟု ပြောလိုရင်းမဟုတ်ပါ။ ကား အင်ဂျင်အကြောင်း ကားတည်ဆောက်ပုံအကြောင်း၊ ကားစီးပွားရေးအကြောင်းတွေကို “ပိစိညှောက်တောက်”ခန့်သာ မောင်ဒေါနားလည်ပါ၏။ သို့သော် လူမတတ်သော်လည်း လဘက် ထုတ်တတ်ရသည့် သဘာဝအတိုင်း မောင်ဒေါသည် “ကား”တွေနှင့် ပတ်သက်ခဲ့ရဖူး၊ ပတ်သက်ရဆဲဖြစ်ပါ၏။ ဤလည်း တစ်ဒုက္ခ။
            “ကား” ဆိုသည်မှာ ငြိမ်ခံရုံမျှသာသော ပစ္စည်းတခု မဟုတ်မူပဲ၊ တစ်နေရာမှ တစ်နေရာ လူရောတိရစ္ဆာန်တွေပါ လွယ်ကူလျှင်မြန်စွာရောက်ရှိဖို့ အထောက်အကူ တစ်ရပ်ဟု မောင်ဒေါ သဘောပေါက်နားလည်ပါ၏။ တတ်နိုင်သူများအတွက် ဘီးလေးဘီးကို စိန်စီရွှေချကာ တသသစီးနင်း ဟန်ပေးရန် အတွက်သာဆိုပါမူ “မဟုတ်သေးဖူး………မင်းမဟုတ်ဖူး”ဆိုသော သီချင်းပါ စာသားကဲ့သို့သော ဆိုရန်ရှိပါ၏။
            မောင်ဒေါတို့ဗမာပြည်တွင် ကုမ္ပဏီတွေစတင်မှိုလိုပေါက်စဉ်က ကျုပ်မောင်ဒေါသည်လဲ ကုမ္ပဏီညှိပ်စိတစ်ခု၏ အုတ်ကထ (အဲလေ) ဥက္ကဋ္ဌဖြစ်ဖူးပါ၏။ မောင်ဒေါကား ခရိုနီတွေလို “ပြည်နာမှ ငွေရှာကောင်း”လွန်း၍ ဥက္ကဋ္ဌဖြစ်ခြင်းမဟုတ်။ လုပ်မယ့်သူမရှိ၍ ကိုယ့်ဖာသာ “ပြာတာလဲငါ - မန်နေဂျာလဲငါ - ဂျာဒူးဝါလားလဲငါ” တာဝန်ယူရသော အောလ်ရောင်း ဥက္ကဋ္ဌကြီးသာ ဖြစ်ပါ၏။
            ယင်းကာလတွင် ကားတစ်စီးလိုအပ်သည်ဖြစ်ရကား ပတ်ဘလေကာ စုတ်ပေ့တစ်စီးကို သနပ်ခါးလိမ်း၊ ပန်းပန်၊ ပတ္တမြားဆေးထိုးကာ ကုမ္ပဏီ၏ စီးတော်ယာဉ်လုပ်ခဲ့ဖူးပါ၏။ ထိုသို့သော ပတ်ပလေကာ ဖွတ်ကားကို ဣနြေ္နကြီးစွာ စီးနင်းပြီး၊ ဥက္ကဋ္ဌကြီး၏ ကျက်သရေကို အပြတ်ဖမ်းခဲ့ရပါ၏။
            ထိုစဉ်က ဗမာကျပ်ငွေတစ်သိန်းခန့်ကိုရင်းနှီးပြီး စီးတော်ယာဉ်ဖြစ်နေသော မဟာ ပါပလေကားကလေးကို ကြိုက်လှချည်ရဲ့ဟုဆိုကာ တသိန်းခွဲပေးပြီး ပင်စင်စားတဦးက မောင်ဒေါဆီမှ ဘလက်ကာယပြု ၀ယ်သွားချေ၏။ အမြတ်ကြီးမြတ်လေပြီဟု လက်ခမောင်းခတ် ရောင်းတတ် ၀ယ်တတ်သွားသော မောင်ဒေါ။ အစုတ်တွေ ၀ယ်လိုက်၊ သနပ်ခါး ပြစ်ပြစ်သွေးပြီးလိမ်း ပန်းထူထူပန်ပြီး ရောင်းလိုက်နှင့် “စီးပွားရေးအောင်ပွဲ”များ မောင်ဒေါ ခံယူနေချိန်မှာပင်သတိမပြုမိသည်ကား “ဒေါ်လှ” ခေါ် အမေဒိက စက္ကူစိမ်းတွေ ဈေး တက်တက်လာသည့်ကိစ္စပင်ဖြစ်၏။
            ထို “ဒေါ်လှ”က လည်ပင်းညှစ်၊ ညှစ်စရာရှိတာ အကုန်ညှစ်လိုက်သည့်အတွက် မောင်ဒေါ “ဥစီး”နေသော “ကြွေးတော်ဆပ်” ကုမ္ပဏီပိစိသည် ကတ္တီပါ ပြည်ဖုံးကားအစုတ်ကိုချကာ နိဂုံးစတော့ သွားလေ၏။ ကန်စွန်းရွက်ကား “ပြုတ်”လျှင်  စားလိုက်ရပါသေး၏။ ဥက္ကဋ္ဌ “ပြုတ်” သွားသောအခါ မောင်ဒေါတွင် “ဆူဇူကီးဖုတ်ချက်” တစ်စီးသာ ငေါင်စင်းစင်းကျန်ခဲ့ပါတော့၏။
            ထို“ဆူဇူကီးဖုတ်ချက်”နှင့် ဗမာပြည်တနံတလျား “ဈေးရောင်းသွား”ရင်း “ကား”၏ စပ်ဖျဉ်းဖျဉ်း အရသာကို မောင်ဒေါရပါ၏။ မှော်ဘီတွင် ဘရိတ်ပေါက်ခြင်း၊ ရွှေမြေယာတွင် ဘက်ထရီပွင့်ထွက်ခြင်း၊ ပဲခူးးတွင် ဂတ်စကတ်ပြတ်ခြင်း၊ သထုံတွင် တွန်းစတတ်လုပ်ရခြင်း၊ အင်ဂျင်ဟက်နာသွားခြင်း၊ ဇလွန်တွင် တိုင်မင်လွဲသွားခြင်း၊ ဘားအံတွင် လေးကျိုး၍ ရှေ့စပရင်ပြတ်ခြင်း၊ မြောက်ဥက္ကလာတွင် စတီယာရင် ချောင်သွားခြင်း၊ “ပြည်”တွင် ချောဆွဲခံရခြင်း၊ ညောင်တုန်းတွင် စလစ်ဖြစ်ခြင်း၊ ဆားမလောက်တွင် ကလပ်ကြိုးလောင်သွားခြင်း၊ ပုသိမ်တွင် ၀ါယာရင်းပျက်သွားခြင်း၊ ငါးသိုင်းချောင်းတွင် တောမီးလောင်သည့်ကြားဖြတ်မောင်းရခြင်း၊ ကျိုက်မရောတွင် ကားမတက်ရသည့် တောင်ပေါ်တက်မိခြင်း၊ ဒဂုံလယ်ကွင်းထဲတွင် ဘွက်နစ်သဖြင့် လယ်သမားလေးယောက်က ကားကိုမရွှေ့ပေးရခြင်း၊ ကျောက်ရေတွင်းတွင် ကားဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ရခြင်း စသောကား၏ “သုခ” ကစိဖတ်ပေါင်းစုံကို မောင်ဒေါခံစားရပြီးသကာလ ထိုသတ္တ၀ါကို ရရာဈေးဖြင့် ရောင်းလိုက်ပါ၏။ ပါဏုပေတံ ကားနှင့် သံယောဇဉ် ဖြတ်တော့အံ့ဟုသော အဂ္ဂမဟာ သန္နိဋ္ဌာန်ကိုလည်း ချလိုက်ပါ၏။
            မောင်ဒေါ၏ သန္နိဋ္ဌာန်ကွန်ယက်ထဲသို့ အင်တာနက် မသုံးဘဲ ဖြဲရဲဝင်ရောက်လာသူကား သားတော်မောင်မျက်ပြူး - ထညက်ဗူးဖြစ်ပေ၏။ “ကကြီးရေချဝစ္စနှစ်လုံးပေါက်”သည် မောင်ဒေါအား မည်သို့မျှ “အာဝေဏိက သုခ”တွေမပေးနိုင်တော့ပြီဟု ချမ်းမြေ့ငြိမ်းချမ်း နှစ်ပေါင်းများစွာတို့သည် အနည်းငယ်မျှ လှုပ်ခါသွားချေ၏။
            မောင်မျက်ပြူးကား အင်ဂျင်အနီးတွင် ယားနေသော “အင်ဂျင်နီးယား”ဖြစ်ခြင်းက အကြောင်းတစ်ကြောင်း။ ကားကိုကောင်းစွာ ပြင်တတ်သည်ဟု ယုံကြည်နေပေသောကြောင့်တစ်ကြောင်း “ကား”ကို အထူးစိတ်ဝင်စားသူဖြစ်ပေ၏ တမုံ့။
            “ဖေဖေရ……………ကားလေးတစ်စီးတော့ ၀ယ်ထားရအောင်ပါ။ ထသွား လာသွားလည်း လွယ်တာပေါ့၊ ပြီးတော့ ကျနော်တို့ ကုမ္ပဏီက ထောက်ခံရင် ဘဏ်ချေးငွေနဲ့ ၀ယ်လို့ရတယ်။ အဲဒါ…….နည်းနည်းစီပဲ ဖဲ့ဆပ်ရမှာ၊ ၀ယ်ထားတော့လဲအဖတ်တင်တာပေါ့။”
            ယင်း၏ “အဆို”ကို အမြီးမသတ်မီမှာပင် မောင်ဒေါက ဥက္ကဋ္ဌ အာဏာသုံးလျက်ဗီတိုဖြင့်ပယ်ချလိုက်၏။။
            “အဲဒီကားဒုက္ခတွေ ငါမခံချင်ဖူးကွာ၊ မင်းဖာသာ ၀ယ်ချင်တယ်ဆိုရင်လဲ တခြားသွားထား” “မိသားစုကဲဘိနက်”ထဲမှာတော့ ပွစိပွစိ လုပ်ရင်း ခေတ္တခဏ (သုံးလေးနှစ်ခန့်)ငြိမ်သွားပါ၏။ သို့သော် မောင်မျက်ပြူးကား “မိဘစကား နားထောင်တိုင်းသာဆိုရင် သိဒ္ဓတ္ထ မင်းသားဟာ ဘုရားဖြစ်လာဖို့မရှိဘူး” ဟူသော မောင်ဒေါ၏ ပို့ချချက်ကို ကိုးကားလျက်  မောင်ဒေါ၏ အလစ်တွင် ကားဝယ်ခြင်းအမှုကို ပြုပါလေ၏။
            ဟာရီယာကားကြီးနဲ့ ၀တ်မှုံပါလားတို့၊ ကားနှင့်ဖရဲသီးဘာကြော်ငြာမှန်းမသိတဲ့ ကားပြခန်းတို့ အလျှိုအလျှိုပေါ်လာသောကာလ။  မောင်မျက်ပြူးကလဲ ဘဏ်ချေးငွေနဲ့ လေလံဆွဲပြီး တိုယိုတာတစီးကို တိတ်တိတ်ကလေးဝယ်၏။။ ပြီးတော့ သူ၏ သူငယ်ချင်းတစ်ယောက် အကူအညီနှင့် ထုတ်ယူ၊ အဲဒီသူငယ်ချင်းအိမ်မှာ ကားကိုထား၏။
            မောင်ဒေါကား ဘာမျှမသိ၊ နောဖာနာမိ။
            အဝေးတွင် အလုပ်လုပ်နေသော သားတော်မောင်က တစ်နှစ်တွင် တစ်လခွင့်ရသဖြင့် အိမ်ပြန်လာသော ဒီဇင်ဘာ ပြီးခဲ့သောနှစ်က ဆိုပါစို့။
            “ဖေဖေ----ကျနော် ကားသွားယူလိုက်ဦးမယ်” ဤနည်းဆိုပြီး တိုယိုတာတစီးကို အိမ်သို့ မချလာပါ၏။။ မောင်ဒေါ၏ ဗီတိုလည်း မတိုနိုင်တော့ပြီ။ တိုယိုတာသည် မောင်ဒေါအိမ်ရှေ့၌ စံပါယ်တော်မူချေ၏။
            သည်နောက်တော့ ဒူဘိုင်းကမ်းနားနှင့် ကိုဘီးကမ်းနားမှာ သူများစွန့်ပစ်ပြီး သောကားတွေဗမာပြည်တွင်း စီးကြောင်းဆင်းလာလေ၏။ တစ်ခါဖူးမျှ မတစ်ခါဖူးသော စီးခြင်းမျိုးဖြင့် သောင်းနဲ့ချီဝင်လာ၏။ ကျုပ်တို့ခေါင်းပေါင်းအစိုးရကလဲ ပြည်သူတွေပေါပေါစီးစေလိုပုံပေါ်ပါ၏။ တစ်နှစ်အတွင်း စည်းကမ်းတွေ အကြိမ်ကြိမ်ပြင်၍ ကားတွေ အ၀င်ခံပါ၏။ မဲဆောက်မှာပုံနေသော ကားတွေ၊ ပင်လယ်ဝမှာ ပုံနေသောကားတွေ…….။ ဟိုတုံးက သိန်းထောင်ဂဏန်းနှင့် မော့ကန်း မော့ကန်းစီးတတ်ကြတဲ့ကားတွေအစ ၁၀ ဆလောက် ဈေးတွေပြုတ်ကျကုန်ပါ၏။ ပေါသွားတာကို  ကောင်းသည်ဟု (အဟဲဟဲ) ပြောရမည်ဖြစ်ပါ၏။
            မောင်ဒေါအိမ်ရှေ့က မောင်ဒေါ မမောင်းသော တိုယိုတာကားကြီးလဲ ရှုံ့တိရှုံ့မဲ့နှင့် အိုပါဂဏန်း အက ကနေပါ၏ဟုလို။  အများပြည်သူနှင့် လဲဆိုင်သည်ဟုယူဆပါသဖြင့်။

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

Monday, February 11, 2013

စတိတ်စင်ဆောက်ခြင်းအကြောင်းစာ


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
စတိတ်စင်ဆောက်ခြင်းအကြောင်းစာ
            ကုန်သွားသည့် တစ်ပတ်အတွင်း မောင်ဒေါ ချူနာ ချာနာ ကလေးတွေ အနည်းငယ်ဖြစ်နေ၏။ မဆိုစလောက် ကလေးဖျားတားတားဖြစ်၏။ တကိုယ်လုံး ရိုက်ထားသလိုနာ၏။ နှစ်ရက်ခန့် “ပန်းခြင်းကိစ္စ”ဖြစ်၏။ အစာများတာလား၊ အစားမှန်တာလားမသိ၊ ဖြစ်နေကျရင်တုန်ပန်းတုန်ကိစ္စလဲ ဖြစ်၏။ မျက်လုံးတွေက ငရုပ်သီး ပူသလိုပူ၏။ ဘယ်ညာ ဘာညာ အတိုအထွာကလေးတွေ အများကြီးပါပဲ။ သည်တော့ အိုဘားမားတို့တတွေ အိုစမာဘင်လာဒင်ကို ထွက်သည့် ဒေါသထက် မလျော့သော စိတ်ဇလုံး ဇခုတွေဖြစ်၏။ အနားက ကြက်တူရွေးမကြီးကို ပေတံနဲ့ ကောက်ရိုက်လိုက်ရရင် ကောင်းမလားစဉ်းစားမိ၏။ ဒါလဲမဖြစ်သေး။ သူက ကိုယ်ထက် လက်မြန်သောခါရတေးခါးပတ် နက် လက်ရည်ရှိထားရကား ဘယ်လိုမှ ငြိမ်နေမည်မဆိုနိုင်။ ဒါမှမ ဟုတ်ရင်လဲ ကိုယ်ခြံဝ ကိုယ်ထွက်ပြီး ဆန္ဒတွေထုတ် ဖော်လိုက်ရရင် ကောင်းမလား၊ မတော် အနုမြူဗုံးသေးတာလေး ရောက်လာမှာလည်း စိုးရသေး၊ သည်လို ကိုယ်ဖာသာ အလိုမကျ၊ စာရေးမရဖြစ်နေချိန်တွင်….။
            မောင်ဒေါ၏ ကပ္ပိယကြီး မစ္စတာ ဘော ရောက်ရှိလာ၏။ နဂိုရ်က ၃ပေခန့်သာဖွင့် ထားသော်လည်း ဤခေတ်ကြီးနှင့် အမီပွင့်လင်း မြင်သာစွာ ဆောက်လုပ်ပြီးစီး သွားသော နှစ်ရွက်ဖွင့် ၁၅ပေ တံခါး တပ်ဆင်ထားသည့် အပြင်ဘက်မှ အော်ကြီး ဟစ်ကျယ် ဆန္ဒဖော်ထုတ်လျက် ရောက်ရှိလာခြင်းလည်း ဖြစ်ပေ၏။
            “ဆရာဒေါ…..လာမယ့် “အီလဲဗင့်အဲန်နီ ဗာဆရီ” အတွက် “အရိန့်ခ်ျမဲန့်”တွေ ဘာတွေ လုပ်ပြီးပြီလဲ၊ “ဆက်တင်း” တွေက အပြီးအသတ် “ပါးဖက်”ဖြစ်မှ ကောင်းမှာနော “အိုင်းယဲန်းစထရပ်ချာ”တွေဆိုရင် ဘယ်လို နေမလဲ၊ အခု “ထင်ဘာ” ဈေးကလဲ ၀ီခေါ်အောင် “ဆကိုင်းရော်စစ်တစ်” ဖြစ်နေတာကော။ ဒါပေမယ့် တစ်နှစ်မှာ တစ်ခါ စီစဉ်တဲ့ ပွဲပဲလေ၊ ဆရာဒေါ သိပ်ပြီး “အီခေါ်နော်မစ်ခဲလ်” ဖြစ်နေလို့တော့မရဖူးနော်၊ အခု “အာထီဖီရှယ် ဘုတ်” ပြားတွေကလဲ ပေါမှပေါ၊ ဆရာဒေါ အမြဲစဉ်းစားသလို ကံရာဇာငယ် မဏ္ဍပ်ကြီးပဲ လုပ်မနေစေချင်ဖူး”
            သူ့စကားတွေနားထောင်ပြီး မောင်ဒေါလဲ ကိုယ့်ရင်ဘတ်လေး ကိုယ်ဖိကာ “မောင်မော”ဖြစ်သွားပါ၏။ ခပ်ချဉ်ချဉ်ရှိသည်နှင့် မောင်ဒေါလဲ သူ့ကို ညစ်ကပ်ကပ်ပြန်ပြောပါ၏။
            “ဟေ့ကပ္ပိယကြီး……“အင်းဂလစ်” နဲ့ “ဘားရ်မီးစ်”ကို “မစ်စစ်” လုပ်ပြီး မ “စပီ”နဲ့ကွာ၊ သိပ်မှုတ်လွန်းရင် မောင်ရင့် “လစ်ပ်စ်”တွေမှာ “ဗိုင်ရယ်အင်ဖက်ရှင်” ဖြစ်ပြီး “ဒဇိဇက်”တွေ ဖြစ်ကုန်ပါမယ်ဟဲ့။
            “ဆရာဒေါတို့ကတော့ လုပ်ပြီ၊ အကျင့်ဖြစ်နေလို့ပါ အာစရိရဲ့၊ “ဂလိုဘယ်လိုက်ဇေးရှင်း” ခေတ်မှာ အင်္ဂလစ်ရှ်ဟာ “ဂလို ဘလစ်ရှ်” ဖြစ်လာပြီလို့ဆရာဒေါပဲ “လက်ချာ” ပေးခဲ့တာလေ “အစ်စစ်သက်ထ်ရိုက်ထ်”
            ကိုယ်က ဆက်ချဉ်နေမည်ဆိုလျှင် ဘယ်လိုမျှ ပြန်ချိုလာနိုင်မည်မဟုတ်ဘဲ တလွဲရောက် သွားနိုင်သည်ကို ရိပ်စားမိသည့် မောင်ဒေါ၊ “လျှော့လိုက်မသီတာ လျှော့လိုက်” လုပ်ရပါ၏။
            ဗမာပြည်ကို သိုးဆောင်းလူမျိုးတွေ ရောက်ရှိပြီးသကာလ သင်းအမျိုးတွေနှင့် အာကွကွ ၀ိကွာကွတွေလုပ်ပြီး မွေးလာသည်ဟု သံသယဖြစ်ဖွယ်ရှိသည် ထိုငတိ ကပ္ပိယ၏ “မှုတ်လေ”များအတွက် နားရောမျက်စေ့ ပါရှုပ်သွားသည်ဆိုမူ အနည်းငယ်ရှင်းပါအံ့၊ တစလုံးချင်းကောက်ပြောနေမည်ဆိုပါက ပေရှည်ဇာတ်မျော - ကော်လံ မလောက်ဖွယ်ရှိသဖြင့် ခပ်တိုတိုရှင်းရလျှင်……
            မောင်ဒေါ၏ “အဖေ့တဲ” ကျောင်းစုတ်ကလေးတွေ ဧကဒသမမြောက်နှစ်ပတ်လည်ပွဲကျင်းပရန် ရှိပါ၏။ ဒါလည်းန၊ ဟိုဟာလည်းန နေသော ပညာဒါန ကျောင်းကလေးသာ ဖြစ်ရကား တချို့တချို့သော ဆရာဆရာကြီးများလို ဆီဒိုနားတို့၊ ထရေဒါးတို့၊ ချက်ထရီယမ်တို့၊ ရွိုယ်ရယ်ရို့စ်တို့တွင် ပွဲမကျင်းပနိုင်၊ မိမိ၏ ကျောင်းဘေး မြေကွက်လပ်ကလေးမှာပင် စင်ထိုးကာ “အနုသုခုမ”တွေရော၊ “ငါ့ခုမ”တွေပါ လုပ်ရပါ၏။ ဒီအခါမျိုးတွင်  ရတတ်သမျှသော ၀ါးများနှင့် မဏ္ဍပ်ကလေးထိုးပြီး ပွဲခင်းစီစဉ်သည်ကို ကပ္ပိယ တယ်ကြီးတော့ ဘ၀င်ကျဟန်မတူ ဒါကြောင့် “ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဖူး” လုပ်နေခြင်းဖြစ်ပါ၏။
            “ကဲ……တောင်တောင်မြောက်မြောက်တွေ ပြောနေတာနဲ့ ရွာရော မြို့ရော လယ်နေဦးမယ်။ လေနောက်မှာ လက်ကောခြေထောက်ကောပါဖို့လိုတယ်။ မောင်ရင်ပြောတဲ့ “အိုင်းယင်းစထရပ်ချာ”တွေထားအုံး၊ အခုတော့ “ဘမ်းဘူးစထရပ်ချာ”လေးပဲ စလိုက်ရအောင်”
            သို့နှင့် မောင်ဒေါကား “ဟင့်အင်း”ကို ကျော်ဖြတ်ခြင်း နည်းဗျူဟာများကို အသုံးပြုလျက် ရွှေကပ္ပိယကြီး မစ္စတာဘော ငြိမ်သက်ခြင်းအမှုကို ပြုလေ၏။ သူ့အရင် မောင်ဒေါ၏ ခြံပိစိကလေးထဲသို့ရောက်နေနှင့်ပြီးသော ပေါက္ကံပြည်သားနာမည်များကို ယူလျက် ညီညွတ်နေကြစွာသော ငကျော်ဘူးတို့၊ ငအောင်သားတို့၊ ငခွေးရှာတို့၊ ငလုံးကြောင်တို့၊ ငချွန်ဂေါင်းတို့နှင့် တိုင်ကျင်း တူးသူတူး၊ ၀ါး ခုတ်သူခုတ်၊ ၀ါးလက်သတ်သူသတ်၊ ပေကြိုး ဆွဲသူဆွဲ၊ အော်ပြဲ အော်ပြဲနှင့် တုံးရွေ့သူ ရွေ့။
            ညနေမစောင်းမီ၌ပင် ကံရာဇာငယ်နည်းကျ စတိတ်စင်၏ ပုံကြမ်းလောင်းပြီး၊ တိုင်တူ၊ တန်းထိုး၊ ဆီဗူးဆွဲချည်၊ တာရပတ်ခပ် စုတ်စုတ်မိုးပြီးဖြစ်သွားလေ၏။ သည်မှာ ကပ္ပိယကြီး၏ သူ့အခေါ် “ပါတီစီပေးရှင်း” ပါဝင်မှုကို ကြည့်ရအောင်ပါ။
            “ချောက်ပြော ဘယ်နှယ်ရေးပါ့မယ်” ဆောင်းပါးတွင် “ကမ္ဘာ့ချောက်ပြော”ကြီးများအကြောင်း မောင်ဒေါအတို့ခေတ်အထိ အဆိတ်ကလေးတွေ လုပ်ဖူး၏။ ဧရာမ၀ါလားကြီးတွေပင် ချောက်ပြောတွေများနေသေး သည်ကိုလည်း မောင်ဒေါတယောက် ခံလည်း ခံ စားလည်းစားနှင့် “ခံစား”ဖူးနေပါ၏။
            ယခုကပ္ပိယကြီး မစ္စတာဘော သို့တည်းမဟုတ် မဒယေဘော သို့တည်းမဟုတ် ဆီညော်ဘော သို့တည်းမဟုတ် ဟဲရ်ဘော သို့တည်းမဟုတ် ဒါတွတ်စရီဘောကား “ချောက်ပြောသက်သက်” တော့မဟုတ်၊ ယင်းကား “ချောက်လုပ်ကို နည်းနိုင်သမျှ အနည်းဆုံး” လုပ်သူဟုဆိုရမည်ဖြစ်ပါ၏။
            အိုပိန်တာရိုးတို့၊ အိုငါးကြီးချောက်တို့၊ အိုတုန်တုန်ကြီးတို့၊ အိုခြောက်ဖုန်တို့၊ အိုရွဲ့ငယ်တို့ စသည့် မိန်းမသူတတွေက စတိတ်ခုံပတ်လည်က မြက်နှုတ်နေကြ၏။ သစ်ရွက်ခြောက်တွေနှင့် ၀ါးစတွေကို တံပျက်လှည်းနေကြ၏။ ထုံးစံအတိုင်းလည်း အလုပ်လုပ်ရင်း “အတင်း”ဟူသော အလွန်ချိုမြိန်သည့် စကားများကိုလည်း ဆိုနေကြကုန်၏။
            “ငကျော်ဘူးကြီးက အိုရွဲ့ငယ်ကို ချိန်သတဲ့ဟယ်။ ကြားသားမိုးကြိုး”
            “ဟဲ့……အိုခြောက်ဖုန်ကလဲ ငနဲသင် ရှေ့မှ ဆီဗူးတယ်ခါတယ်ကွယ်ရို့” စသည်စသည်။
            ဤအချိန်တွင် ကျုပ်တို့ရဲ့ သရဲကောင်းကြီး (သူရဲကောင်းမဟုတ်ပါနော၊ မှားသွားမှာစိုးလို့) ကပ္ပိယဘောသည် ပိန္နဲရွက်ခြောက်တစ်ရွက်ကို အိမ်ရှေ့မှ ကောက်လျက် နောက်ဖေး အမှိုက်ကျင်းသို့ အခေါက်ခေါက် အခါခါ သွားထည့်လျက်ရှိပါ၏။ နှီးစများ ဖြာနေရာမှ ကျလာသော ၀ါးစ တစ်စစီကို မြေပေါ်သို့မကျမီ တစစ်စီ အလေးအနက် ကောက်ယူဖယ်ရှားလျက်ရှိပါ၏။ အလုပ်ပြီးလျှင် သောက်ကြရန် ဖျော်ထားသော အလုံအုပ်ထားသည့် ဖျော်ရည်အိုးကို ယပ်ခတ်ပေးလျက်ရှိပါ၏။
            အနှီပုံစံ ကျုပ်၏ ချစ်လှစွာသော ကပ္ပိယကြီးကို ကြည့်လျက် မောင်ဒေါတရားတွေ စွတ်ကျနေမိပါ၏။ မောင်ဒေါတို့၏ ဒွန္နယာကြီး၌ “ကပ္ပိယ”များလည်း မြောက်များစွာရှိမည်ဟု စည်ပိုင်းထဲရောက်လာပါ၏။
            တွံ….သင်ကားကပ္ပိယ အမျိုးအစားပေလောသြောင်း ဒူရေဒူရေသွားဟုံဟုံ။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

Wednesday, January 23, 2013

ရှောပင်မောလ်နဲ့ လမ်းဘေးမောလ်


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ရှောပင်မောလ်နဲ့ လမ်းဘေးမောလ်
          ထရံရောသ၌ ကျုပ်မောင်ဒေါသည် ဦးတာခေါ်သော ပေါက်ဖော်ကြီးတဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ဖူး၏။ ဦးတာ၏ စီးပွားရေး နည်းနာများ၊ ဥပဒေသ၊ နျူပဒေသ၊ ဟိုပဒေသ၊ ဒီပဒေသတွေကိုလည်း နာကြားခဲ့ရပါ၏။ ထိုဗမာပြည်ပေါက် စိနကြီးသည် ငါးရွဲထောင်သူ၊ ငါးသူဋ္ဌေးဟုဆိုရမည်ဖြစ်၏။ ဟံသာဝတီ အရှေ့ပိုင်း ရွာကလေးတစ်ရွာတွင် တစ်ပွဲစားပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါ၏။
            “၀ တီခုပြောမယ်၊ ၀လို့ရွာမှာ၊ တုအတက် မတတ်နဲ့လို့ ပြဲလို့မရဖူး၊ တီရွာလုံးက ငါးဖမ်းတယ်။ ငါးတတ်တယ်။ ဒီလော့ တုအတက် မတတ်နဲ့လို့ပြဲရင် အီဆင်မီပြေဖူး၊ များများတတ်လို့ ပြဲမှ အီဆင်ပြေလယ်၊ ၀မီခိုးဖူး၊ ၀အီရက် မီတောက်ဖူး၊ ၀ လိမ်မပြဲဖူး၊ ၀ မီးမ တီယောက်ပဲရှိလယ်၊ ၀ စီလမြဲလယ်။”
            ဒါက ဦးတာရဲ့ နှုတ်ထွက် စကား ပဏာမ။
            “၀ ငါးရောင်းလယ်၊ တီခွန်းပဲပြဲလယ်။ စုံးဆယ် ဈေးလို့ပြဲရင် စုံးဆယ်ပဲ၊ မီလျော့ဖူး ၀က ၀ယ်တဲ့လူကို အီကြွေး ပေးလယ်၊ တီခါတော့ ရင်းကြည့်ရတာပဲ။ အီကြွေးပြန်ရရင် မိဆွေရပြီ၊ အီကြွေးပြန်မရရင် မိဆွေမရှိလော့ဖူး၊ ၀ အီဖေက ပြောဖူးလယ်။ ကုန်စယ်လုပ်ရင် စွေးနဲ့ မျက်ရည် မစိရဖူးတဲ့ မိဆွေစိရမယ်တဲ့”
            ဒါကဦးတာရဲ့ ဒုတိယသဘောထား။
            ပင်လယ်ထဲက ငါးတွေကို လက်ညှိုးထိုးပြီး ပုဂ္ဂလိကပိုင် လုပ်ရင်းချမ်းသာ နေသော ထိုစီနပေါက်ဖောက်ကြီး၏ စကားတွေထဲမှ တတိယ သဘောထားကို မောင်ဒေါ အတော်သဘောတွေ့ သွား၏။
            အကြောင်း မညီညွတ်တာပဲလား၊ အကြောင်း ညီညွတ်တာပဲလား မောင်ဒေါ ကိုယ်တိုင် မသေချာလှ၊ သို့သော် မောင်ဒေါသည် ကုမ္ပဏီတစ်ခုတွင် အလုံးစုံ အလုပ်တွေ လုပ်ရသူဖြစ်ခဲ့ဖူး၏။ ယင်းသို့ ထရေဒင်ကုမ္ပဏီတခုကို ဦးရွက်ရစဉ် ဦးတာ၏ ကော်မာရှယ် နည်းနာများကြောင့် ပစ္စည်းများစွာ ရောင်းချခဲ့ရဖူးချေ၏။ သို့ကြောင့် ဦးတာကို ဟားဘတ် ကက်ဆန်တို့ ဆွန်ဇူးတို့ ဖွတ်ကူး ယာမတို့နှင့် တွေ့ပေးလိုက်ရလျှင်ဟုပင် စဉ်းစားခဲ့ဖူးပါ၏။
            မိတ်ဆွေရှာရမည်၊ အမြတ်နည်းနည်းနှင့် ပစ္စည်းများများရောင်းရမည်ဆိုသည်ကို စွဲမိ စွဲရာ  စွဲနေခဲ့သော မောင်ဒေါသည်၊ ဆူပါမတ်ကတ်၊ မီနီမတ်ကက်၊ ရှော့ပင်မောလ်ဆို သဟာကြီးတွေနဲ့ တွေ့သောအခါ အီလယ်လယ်ကြီး ဖြစ်သွားပါ၏။
            ဒူဘိုင်းဟုခေါ်သော အာရပ်နိုင်ငံကလေးကို မောင်ဒေါ ရောက်သွားပါ၏။ သိပ်ကြီး အထင်ကြီးဖို့မဟုတ်ပါ။ တိုင်း၍ ယက်တဲ့ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်သွားခြင်းသာဖြစ်ပါ၏။ (အဲမရိတ်စ်မောလ်)ဟုခေါ်သော အလွန်ခမ်းနားကြီးကျယ်လှသည် ဈေးဆိုင်တိုက်ကြီးသို့ မောင်ဒေါရောက်ပါ၏။ စပ်စပ်စုစု လုပ်ဖို့သာပါ။ ဘာမျှဝယ်ရန်မရည်ရွယ်။ ကပ်တောင်မကပ်နိုင်သည့် “ဈေး”များက မောင်ဒေါလို အကောင်းစားနဲ့ လားလားမျှ မညိပါ။
            ခရီးဆောင် သေတ္တာတစ်လုံးကို ဒါဟန်း ၁၂၂၀ဟု ဈေးနှုန်းကပ်ထားပါ၏။ မြန်မာငွေနဲ့ တွက်သော် နှစ်သိန်းကျော်မျှရှိပါ၏။ အာပါးပါး…..ကမ္ဘာ့ဘုရားစုံကယ်ပါဟု ပြောရမည်သို့ရှိပါ၏။ သိပ်များများစားစား ရောင်းထားသည့် လက္ခဏာလည်းမရှိ- ထိုခရီးဆောင်သေတ္တာနှင့် တမျိုးတည်းတစားတည်း တစ်ပုံစံတည်း၊ တံဆိပ်ကလဲ “အက်ကလက်” အတူတူဖြစ်သော ပစ္စည်းကို အခြားနေရာတနေရာ စတိုးဆိုင်တခုတွင် ဒါဟန်း ၁၂၀နှင့် ၀ယ် ယူရရှိပါ၏။ ဒါတောင်မှ သုဝဏ္ဏဘူမိ လေဆိပ်ကဆိုင်ထက်ဈေးများသေး၏။ ဘယ့်နှာ ကြောင့်၁၂၀နှင့် ရောင်းနိုင်သော ပစ္စည်းကို ၁၂၂၀ဟု ဈေးနှုန်းတပ်ထားရသနည်း။ မောင်ဒေါတော့ မျက်စိခပ်လည်လည်။
            တစ်ခါနောက်ထပ် ကယ်ရီဖောခေါ်သော ဈေးဆိုင်တိုက်ကြီးတွင် ဒါဟန်း ၁၄၅၀ဟု ဈေးကပ်ထားသော ၀တ်စုံတစ်စုံကို အခြား ဆိုင်ခပ်သေးသေးတွင် ဒါဟန်း ၃၇၅ဖြင့် ရောင်းနေသည်ကိုတွေ့ရ၏။ မောင်ဒေါ ၀ယ်ဖို့မဟုတ်ပါ….ဟီးဟီးဟဲဟဲ…..လေ့လာတာပါဟု ပြောရင်းထွက်ခဲ့ရ၏။ ဒါဟန်း ၂၇၅ဟု ဈေးကပ်ထားသော စပင်းနေးဈေးဆိုင် တိုက်ကြီးက ဘောင်းဘီတစ်ထည်ကို မောင်ဒေါ ရင်သတ်ရှုမောမိ၏။ ထိုဆိုင်တွင်းမှာပင် ၇၅% ဒစ်စကောင့်ချထားသော ဘောင်းဘီတစ်ထည်ကို ဒါဟန်း ၂၀ဟု ဈေးကပ်ထားသည်တွေ့ရ၏။
            ကမ္ဘာကြီးက စီးပွားရေး ဘောဂဗေဒကို ခပ်တုံးတုံးမောင်ဒေါကတော့ သိပ်ပြီး နားမလည်နိုင်၊ ဆိုင်စရိတ်စက၊ ဘာညာကွိကွတွေကို တွက်ပြသူက တွက်ပြသော်လည်း မောင်ဒေါတော့ ဦးတာနည်း စွဲနေလို့လား မဆိုနိုင်…..တယ်ပြီး ဘ၀င်မကျဖြစ်ရချေ၏။
            မောင်ဒေါ စဉ်းစားမိတာက ဒစ်စကောင့်တွေ၊ ဆေးလ်ပရိုမိုးရှင်းတွေအစား လူသုံးပစ္စည်းတွေ လူတွေလက်ကို ကျယ်ကျယ်ပြန့်ပြန့်ရောက်နိုင်ရင် ပိုမကောင်းပေဖူးလားဟူ၍ ဖြစ်ပါ၏။
            လွန်ခဲ့သော ၂ပတ်ခန့်က မောင်ဒေါ ဗမာရှော့ပင်မော်လ်ခေါ် ဗမာဈေးဆိုင်တိုက်ကြီးတခုကို ရောက်သွားပါ၏။ အပ်ကအစ လေယာဉ်ပျံအထိ ရနိုင်သည်ဆိုသော ခပ်ကြွားကြွား ဈေးဆိုင်တိုက်ကြီးပါပဲ။
            ကမ္ဘာ့စီးပွားရေးသေနင်္ဂဗျူဟာများ၊ နည်းဗျူဟာများသည် တုပ်ကွေးဗိုင်းရပ်စ်သဖွယ် မောင်ဒေါတို့ ဗမာပြည်သို့လည်း ကူးစက်နေသည်ဟု ခံစားမိသွားပါ၏။ မောင်ဒေါနေရာ စံဌာနေနှင့် မဝေးလှသောနေရာတွင် မားခစ် ဒီ မေဓါဝီဟု မောင်ဒေါနာမည်ပေးထားသော ဈေး အနုံညတလေး တစ်ခုလည်းရှိပါ၏။
            မောင်ဒေါအထက်က ပြောခဲ့ဖူးသော ရှောပင်းမောလ်ကြီးမှ ပစ္စည်းများကို မားခစ်ဒီ မေဓါဝီမှာလဲ ရနိုင်တာတွေရှိပါ၏။ ထိုရနိုင်တာတွေကို နှိုင်းယှဉ်လျှင် ရှောပင်းမောလ်ကြီးက ဈေးကြီးနေသည်ကိုတွေ့ရပါ၏။
            ဒါကြောင့်ပင် ထိုသို့သော ရှောပင်မောလ်ရှင်များ၊ စူပါမတ်ကက်ရှင်းကြီးများကို ဈေးကွက် သုတေသနဆိုသည့်  ကိစ္စများလုပ်ကြပါ၏လောဟု မောင်ဒေါသံသယတွေ အထွေးလိုက်ပါးမိပါ၏။။
            “မင်းတို့ဆင်းရဲသား ခြောက်ပြားတပဲတွေ အထွက် ဖွင့်တာမဟုတ်ဖူးကွ” ဟု အငေါ်တူးမည်ဆိုပါအံ့၊ ဆောရီးပါ၊။ ဆော်တီးပါ။
            မောင်ဒေါကတော့ လူတွေအများစုကြီး တအုံးအုံး တရုန်းရုန်းနှင့် စောင့်ဝယ်၊ တန်းစီဝယ်ရသည့် မမောရသော မော်လ်ကြီးများဖြစ်စေလိုပါ၏။ သို့သော်လည်း ပေါ့လေ၊ အဲပေါ့လေ။
            အမြတ်တွေ အပြတ်ယူပြီးမှ ဒစ်စကောင့်ချရသည်ထက် လူသုံးကုန်စားသောက်ကုန်တွေ၊ လူတွေထံ ပျံ့နှံ့စေ၊ ရင်းနှီးသူတွေလဲ စီးပွားရေးလူကောင်းတွေ ဖြစ်စေချင်သည့် မောင်ဒေါ၏ ဆန္ဒကားမည်သည့် ကာလတွင် ဖြစ်မည် မပြောတတ်သေး။
            အဲဒီတော့ လောလောဆယ်မှာ လမ်းဘေးမှာ ဈေးချရောင်း၊ ဂိုဒေါင်ရောင်း ကလေးတွေနဲ့ပဲ ကျေနပ်ရမည်ဖြစ်ပါ၏။
            ဟိုနေ့ကပဲ မူလက ၃၅၀၀ဆိုသော ကိုရီးယားဖိနပ်တစ်ရံကို ၆၀၀ဖြင့် သိမ်ကြီးဈေး လမ်းဘေးမှ ၀ယ်ခဲ့ရပါ၏။ သာဓုခေါ်ကြပါကုန်။ မှတ်ချက် (တရုတ်လို ပြောနေကျ စိနကြီး၏ ဗမာစကားသံကို သူ့အသံအတိုင်းရေးထား သည့်အတွက် ကသိကအောက် ဖြစ်ရပါမူ  သည်းခံစေလို)
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

ကွမ်းမရောင်းရ

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ကွမ်းမရောင်းရ
            ဒီဇင်ဘာလ နှစ်ဆယ့်တစ်ရက်နေ့က မောင်ဒေါ ဒူးရင်းသီးတွေ တ၀စား၏။ နောက်နေ့ကျတော့ ချမ်းသဖြင့် မနက်စောစော ရေမချိုးဖြစ်။ ဒီမှာ အပူကန်ပြီး မောင်ဒေါဖျား၏။ အသေအချာ ဖျားသည်တော့မဟုတ်၊ ဖျားတားတားကလေးဖြစ်ခြင်းသာဖြစ်၏။ မောင်ဒေါ၏ အမွှာဖြစ်သော ချစ်ဖူးးက မောင်ဒေါအား စပါယ်ရှယ် ကျန်းမာခြင်းလက်ချားတွေ ဒုတ္ထာတွေပေးတော့၏။ မာချင်လျှင် စွတ်မာပြီး ပျော့ချင်လျှင် စွတ်ပျော့သော မောင်ဒေါခေါင်းက ချစ်ဖူးကို ကရော်ကရော်လုပ်၏။
            သင်းက မောင်ဒေါကို ပေးသည့် လက်ချာထဲတွင် ရေမှန်မှန်ချိုးခြင်းအကြောင်း၊ ဖိုင်ဘာများသည့် အစားအသောက်တွေမြို ရမည့်အကြောင်း၊ ဓါတ်မတည့်သည့်ကိစ္စများကို ဝေရာမဏိရမည့်အကြောင်း၊ ဒါတွေပြောရင်း၊ ဆေးလိပ်မသောက်ရန်အကြောင်း၊ ကွမ်းမစားရန်အကြောင်း ယမကာ မမှီဝဲရန်အကြောင်း၊ ပဉ္စင်္ဂသီလတွေအကြောင်း၊ မောင်ဒေါ နားငြီးလောက်အောင် ချွေပြီးသကာလ လူ့အခွင့်အရေးအကြောင်း၊ တိရိစ္ဆာန်မှာပင် အခွင့်အရေးရှိကြောင်း၊  ဟိုဟာဒီဟာတွေပါဆက်၏။
            သင်းပြောတာငြိမ်သွားတော့မှ မောင်ဒေါ၏ စည်ပိုင်းတွင် ဘာကျန်ခဲ့သနည်း မောင်ဒေါတွေးဖြစ်၏။ အား…….လူ့အခွင့်အရေး၊ ဒီကိစ္စကြီးက မောင်ဒေါ၏ စည်ပိုင်းထဲတွင် ဒေါင်လိုက်၊ အလျားလိုက်၊ ကူးခတ်ကျန်ရစ်နေကမင့်ပဲ။
            ဒီ ပွင့်လင်းမြင်သာရမည် အဆိုရှိသော ခေတ်ကြီး၌ “လူ့အခွင့်အရေး”ကိုလည်း အတော်ကလေးရော အတော်ကြီးရော၊ အတော်လတ်ရော ပြောကြဆိုကြ၏။ လူ့အခွင့်အရေးသည် အရေးကြီးသော ကိစ္စတရပ်ဖြစ်သည်ကို ငြင်းဖွယ် မရှိရေးချ မရှိ၊ ပီဘိကောင်း၏။
            သို့သော် “လူ့အခွင့်အရေး”ဟု ကြွေးကြော်နေရခြင်းကိုယ်နှိုက်က လူ့အခွင့်အရေး မပြီးသေးကြောင်း၊ လူ့အခွင့်အရေးဆိုသည်ကို အသေအချာသိသူနည်းနေသေးကြောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်းကို ဖတ်ဖူးသူ။ မြင်ဖူးသူ ရာနှုန်းနည်းသေးကြောင်း ညွှန်ပြနေသည်ဟု ခံစားမိပါ၏။ လွန်တာရှိက၊ ၀န်ဒါမိပါဗျ။
            ပမာဆောင်ပါမည်။ ကွမ်းကိစ္စ။ ကွမ်းတံထွေးမထွေးရ၊ ကွမ်းမစားရ၊ ကွမ်းမရောင်းရဆိုသော အာဏာဆန်ဆန် အမိန့်ဆန်ဆန် စာတမ်းများ၊
            “ကွမ်းတံထွေး” ကြောင့်ဖြစ်နိုင်သည့် ဆိုကျိုးများဧကန်ရှိပါ၏။ ဒီအတွက် “ကွမ်းတံထွေး”သည် သောက်ကျိုးနဲအရေးကြီးသည်ဟု ယူဆကြပြီး၊ နေရာတော်တော်များများ၌ “ကွမ်းတံထွေးမထွေးရ”ဟု အမိန့်ဒီဂရီများ ထုတ်ဆင့်ရေးသားထားကြပါ၏။ သို့သော် ထိုဆိုင်းဘုတ်အောက်၌ပင် ကွမ်းတံထွေးကွက်များနီရဲစွာရှိနေသည်ကို မြင်ဖူးလိမ့်မည်ထင်ပါ၏။
            အကယ်၍သာ “ကွမ်းတံထွေးကို အိတ်နှင့်ထွေးပါ”ဟု ရေးမည်ဆိုပါက ပို၍ သင့်တော်မည်မဟုတ်သလော၊ စဉ်းစား၊ ကွမ်းစားသူကို တံထွေးမြိုချ၊ မထွေးနဲ့ဟု ပြော၍မရနိုင်၊ စည်းကမ်း၊ ပြည်သူ့နီတိကို “စည်းရုံးရေး” သဏ္ဍာန်ဖြင့် လုပ်ရမည်ဟု မောင်ဒေါ သဘောပေါက်ပါ၏။ သောက်မြင်ကပ်ကပ်နှင့် ကွမ်းတံထွေး ပိုထွေးချင်လာအောင် မြူဆွယ်သော “ကွမ်းတံထွေးမထွေးရ”သည် မထိရောက်သည့်အပြင် “လူ့အခွင့်အရေး”ကို ခပ်ပျော့ပျော့ ဆီးတားခြင်းဟု ယူသော် မရကောာင်းသလော။
            ကွမ်းတံထွေးသည် ကွမ်းကလာသည်။ ထို့ကြောင့် “ကွမ်းမစားရ”ဟု ပညတ်တော်တွေကိုလဲ ဖတ်ရပြန်၏။ ကွမ်းစားတဲ့လူက “ကိုယ့်ဖာသာ ကွမ်းစားတာ အ၀ှာပြုလားကွ”ဟုဆိုသော် ပသို့ရှိမည်နည်း၊ ကွမ်းစားခြင်း၊ မစားခြင်းသည် လူတဦးစီ၏ ရွေးချယ်မှု အခွင့်အရေးသာဖြစ်ပါ၏။ “ကွမ်းစားလျှင် ကျန်းမာရေးထိခိုက်သည်”ဟုဆိုပါမူ ပို၍ ညင်သာသော စည်းရုံးနည်းတရပ်ဖြစ်မည် မောင်ဒေါထင်ပါ၏။ နောက်တစ်ချက်က သွားတွေမဲနေအောင် ကွမ်းစွဲနေသော ဆရာဝန်တစ်ယောက်၏ “ကွမ်းစားခြင်းဖြင့် ပါးစောင်ကင်ဆာ ဖြစ်တတ်သည်”ဟူသော ဟောပြောချက်ကို မောင်ဒေါကြားဖူးသဖြင့်  အူ အလိပ်လိပ် တက်လာအောင် ရယ်ချင် ပက်ကျိဖြစ်ဖူးပါ၏။
            နောက် တစ်ဆင့် တက်လာသော ပညတ်တော်ကား “ကွမ်းမရောင်းရ” ဟူသော စည်းကမ်းလိုလို ဘာလိုလိုဟာဖြစ်၏။ “ကွမ်းတံထွေး ထွေးကာ၊ ကွမ်းစားလို့၊ ကွမ်းစားတာ ကွမ်းရောင်းလို့”ဆိုသည့် ယုတ္တိဗေဒဆိုလား၊ အဲဒါကြီးနဲ့စဉ်းစားပြီး အလွယ်ပြောလိုက်တာ ဖြစ်ပုံရ၏။ ကွမ်းရောင်းနေသော လူထုမည်မျှရှိသည်။ ကွမ်းမရောင်းရလျှင် ဘာလုပ်စားရမည်……စသည် စသည်နက်နက်ရှိုင်းရှိုင်း စဉ်းစားလျှင်၊ ကွမ်းရောင်းခြင်းသည် လူ တစ်ကိုယ်စီ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်ဟု စဉ်းစားလျှင် “ကွမ်းမရောင်းရ” ဆိုသော အမိန့်သံ ထွက်ပေါ်လာစရာမရှိဟု မောင်ဒေါတွေးမိပါ၏။။
            “ဒီအ၀ိုင်းက ရှိနေတုံးလားကွ” ဟု တစ်ခွန်းသာ ပြောရုံရှိသေး၊ ဘူဒိုဇာဖြင့် ထိုးညှိခံလိုက်ရသော ကမာရွတ် အ၀ိုင်းကြီးကိစ္စ၊ ကားတွေမှာ စတစ်ကာ မကပ်ရဆိုသောကိစ္စ၊  စက်ဘီး ဆင်းတွန်းပါဆိုသောကိစ္စ၊ ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုသောကိစ္စ၊ ခြံစည်းရိုးမှန် သမျှ ထုံးသုတ်ရမည်ဟူသောကိစ္စ။ ယခုအခါ အရွက်မရှိတော့ပြီဖြစ်သော အရိုးပြိုင်းပြိုင်း ကြက်ဆူပင်တွေကိစ္စ။ ကိစ္စ……ကိစ္စ……ကိစ္စ၊ ပြောရရင်  အများကြီးပ။
            ထိုသို့သော ကိစ္စများမြောင်တွေကို “ကွမ်းမရောင်းရ” ဥပဒေသများနှင့် ယှဉ်ပြီး စဉ်းစားတတ်မည်ဆိုသော် မောင်ဒေါတို့ကျယ်ကျယ်လောင်လောင် ကြားနေရသော “လူ့အခွင့်အရေး”ဆိုတာနှင့် ဆက်စပ်နေသည်ကို တွေ့ရလိမ့်မည်ဟု မောင်ဒေါယုံကြည်မိပါ၏။
            “လူအခွင့်အရေး”ဟုဆိုလျှင် အများစုကို အနည်းစုက နာခံ၊ အနည်းစုကို အများစုက အသိအမှတ်ပြု ဆိုသည့် ကမ္ဘာမှာ ပျောက်ဆုံးနေသော စည်း စံများကိုလည်း ထည့်သွင်းစဉ်းစားတတ်ဖို့လိုကြောင်း မောင်ဒေါဆို လိုရင်းဖြစ်ပါ၏။
            မောင်ဒေါ၏ ဦးနှောက်ကား ချွတ်တားကလေးမျှသာ ဖြစ်သဖြင့် “ချွတ်တား အတွေးပဲကွာ၊ ဘာဂရုစိုက်စရာမှတ်လို့”ဟု မိမိ၏ ဧရာမ လူ့အခွင့်အရေးအား အသုံးချကာ နေသာသလို နေမည်ဆိုလည်း ရှိစေတော့ဟုသာ ဆိုရန်ရှိပါ၏။
            တဆက်တည်းမှာပင် မောင်ဒေါတွေးနေမိပြန်ပါ၏။ မောင်ဒေါအားချာတိတ်တစ်ယောက်က “လစ်ဘရယ်ဒီမိုကရေစီ”ကို ဘယ်လိုမြင်သလဲဟု မေးဖူးတာကိုပါ။ မောင်ဒေါက “လစ်ဘရယ်ဒီမိုကရေစီဆိုတာ လမ်းဆုံးတော့မဟုတ်သေးဘူး”ဟု ပြောခဲ့ဖူး၏။ ချာတိတ်က ဘ၀င်ကျလေသလော၊ မကျလေသလောတော့ မောင်ဒေါမပြောတတ်။  မောင်ဒေါစိတ်ထဲက ပေါ်သည့်အတိုင်း၊ တွေးမိသည့်အတိုင်း ပြောလိုက်ခြင်းသာဖြစ်၏။ မောင်ဒေါ၏ ပြောခွင့်ဟုလည်း ယုံကြည်ယူဆ၏။ သို့သော်……
            အသွင်ပြောင်း ပဏ္ဍိတ်ကြီးများ၊ ပုရွတ်ဆိတ်ထဲမှာ ထွက်လာသော ဂုရုကြီးများ “ငါပစ်တာကွ”ဟု လက်မတထောင်ထောင် ဆူးတောင်ကားကြကုန်သည့် သူရဲကောင်းကြီးများ  စသည်တို့က မျက်မှောက် ကြုတ်ကောင်း ကြုတ်သွားဖွယ်ရာရှိပါ၏။
            မောင်ဒေါကတော့ “ကွမ်းမရောင်းရ” ဆိုခြင်းကို ဘယ်လိုမှ သဘောမတူပါ။ တစ်ခုပြောနိုင်ပါသေး၏။ မောင်ဒေါကွမ်းမစားပါ။ ကွမ်းမကြိုက်ပါ။
မှတ်ချက်။            ။ ဝေဖန်ခြင်းသည် ပြုပြင်ပေးခြင်းဖြစ်သည်ဟု မောင်ဒေါယူဆပါ၏။ ထို့ကြောင့် မောင်ဒေါအား ဝေဖန်မည်ဆိုကာ ကောင်းစွာလက်ခံရန် အဆင်သင့်ရှိပါ၏။။ အပြစ်ပြောရုံသက်သက်၊ ဆဲရုံသက်သက်မျှသော တုံ့ပြန်မှုများကိုမူ ၀မ်းနည်းပါသည်ဟု ပဲပြောပါရစေ။ ဝေဖန်လိုကမူ ဤဂျာနယ်မှ တဆင့် ဝေဖန်နိုင်ကြောင်း ဘိတ်မန္တက ပြုလိုက်ပါကြောင်း။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)ျ