Tuesday, December 4, 2012

မာလိုင်းယင်း စင်ကာပူရ

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
မာလိုင်းယင်း စင်ကာပူရ
          “တည်တည်ခန့်ခန့်တွေ ရေးစမ်းပါ အတီယဲရဲ့၊ ခု တီယဲရေးတာတွေက နောက်တောက်တောက် ချော်တော်တော်နဲ့။ နည်းနည်း မဟုတ်ဖူး၊ အတော်ကို ပေါ့ရွှတ်ရွှတ်ဖြစ်နေတယ်”ဟု မောင်ဒေါ၏ အငယ်ဆုံးအဖေ (အဲလေယောင်လို့) အငယ်ဆုံး သားတော်မောင်က မောင်ဒေါအား ကလပ်စတာဗုံး ကြဲသွား၏။
            “ဆရာ့ဟာတွေ ဖတ်ရတာကလဲဗျာ၊ ခက်ဆစ်အဘိဓါန်ပါ ရှာထားရမလို ဖြစ်နေပြီ”ဟု တပည့်အကြီးစားတစ်ကောင်က မောင်ဒေါစည်ပိုင်းကို ရပ်ကွက်တီးဝိုင်းက ဒရမ်အပေါက်ကို ခေါက်သလိုခေါက်၏။
            “ရှင်ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပြောသလို ဒူးနာတဲ့စာတွေ ရေးနေပြီနဲ့တူတယ်။ ငှင်း  ငှင်း  ငှင်း”ဟု ၀န်ကြီးကတော် မဖြစ်လိုက်ရသော မောင်ဒေါ၏ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်၏။ သူကလည်း ငယ်စဉ်က သူ့ကို ပလိုပို့စ် (ဒက်ဂလိပ်လိုညှပ်ပြောမှ ခေတ်မီတယ်ဆိုလို့) လုပ်ဖူးသူအား ငြင်းခဲ့မိပြီးမှ မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ ထိုငနဲကလေးက ဧရာမကြီးဖြစ်သွား သောအခါ ကိုယ့်ဖါသာ ရင်ထုမနာ ဖြစ်နေရှာသည့်အတွက် အကောင်းမြင် ခေါင်းပေါင်း ပေါင်းနေသူ ဖြစ်ပါ၏။
            မောင်ဒေါ၏အမွှာ မြင့်ဦးသစ်(ခ)ချစ်ဖူးကလည်း မောင်ဒေါအား မကြာခဏဆော်ပလော်တီး၏။ “ငဒေါရာ…..ရေးမဲ့ရေးရင်လဲ သမိုင်းအကြောင်းတွေ ရေးစမ်းပါဟ……အနိမ့်ဆုံးမောင်ဒေါ၏ မောင်ဒေါတို့ မောင်ဒေါဖြတ်သန်းခဲ့ရသော ကန္တာရများတို့ စသည်ဖြင့်ပေါ့။”
            မောင်ဒေါ အဓိပ္ပါယ်တစ်မျိုး တည်းဆောင်သော- အဖြေကိုသာ ဖြေဖြစ်ခဲ့ပါ၏။ တစ်/မောင်ဒေါကား သေးသေးလေး ဖြစ်ပါ၏။ နှစ်/မောင်ဒေါသည် စင်ပေါ်မှာမနေတတ်ပါ….စသည်ဖြင့် ပေါ့လေ။
            သို့ညားစေ……ဆော်ကြ ဆူကြစသည် “ဆ”ကိစ္စတွေနဲ့ကြုံရသည့်အခါ မောင်ဒေါလဲ “ဖြုံ” ပါ၏။ သည်အတွက် အခုဒီအပတ်တော့ နိုင်ခြံဂါး အကြောင်းကလေး အနည်းအကျဉ်း တို့ခတ်လိုက်ပါအံ့။ (စကားချီးကလည်း ရှည်လိုက်တာနော်……ဟိုဗဟု ငနဲရဲ့ အင်တာဗု ကျနေတာပဲ။) ကဲ တိုတော့မည်။
            မောင်ဒေါ စင်ကာပူရမြို့ကြီးသို့ ရောက်သွား၏။ ခရီးသွားကံကလေးကလည်းပါ- ဒကာတော်သား မောင်ဝလုံးကလည်း ရှိလို့ဆိုပါတော့၊ ကိုယ့်ဖါသာဆိုရင်ဖြင့် ဝေးပါသေးတယ်။ မောင်ဒေါ မရောက်ဖူးသေးခင်က ထို စိန ကျွန်းခွဲကလေး အကြောင်းကို ၀ိတ္တာရချဲ့ စကားများများစွာကြားခဲ့ရသည်တို့ကို အမှတ်ရလာပါ၏။
            စင်ကာပူရတွင် အကြာကြီးနေခဲ့ဖူးသည့် မောင်ဒေါ၏ အသိသံအရာရှိဟောင်းကြီးတစ်ဦး၏ အဆို၊ “စင်ကာပူမြို့တစ်မြို့လုံးကို မွှေးနေတာပဲ ကိုဒေါရေ့” ပါတဲ့……။
            နောက်တစ်ခု။ “စင်ကာပူမှာ တရားဥပဒေက အတော်စိုးမိုးတာဗျ၊ လမ်းလျှောက် ဆေးလိပ်သောက်ရင် ဒဏ်ရိုက်တယ်။ အမှိုက်ပစ်ရင် ဒဏ်ရိုက်တယ်။ တက္ကစီဌားရင်တောင် ဖြတ်ငှားလို့မရဖူး၊ တက္ကစီစတင်းမှာ တန်းစီပြီးစောင့်ငှားရတယ်။ စနစ်ကျတယ်ဦးရဲ့။” ဒါက စင်ကာပူရမှာ အလုပ်လုပ်ပြီး ပြန်လာသည့် ချွတ်တား တစ်ယောက်၏ စကား။
            နောက်တစ်ခု။ “စင်ကာပူတိုးတက်လာတာဟာ မဲန်တာမင်နစ်စင်တာကြီးဖြစ်တဲ့ လီကွမ်းယူ” ကြောင့်ပါပဲ။ “ဒို့ဟာ မြန်မာပြည်ကိုမီဖို့ ၁၀နှစ်လောက်လုပ်ကြရမယ်လို့ ၁၉၅၃ ခုနှစ်လောက်က သူပြောခဲ့တယ်။ အခုတော့ ကျွန်တော်တို့ ဗမာပြည်က စင်ကာပူ အနောက်က နှစ်သုံးလေးဆယ်စာလောက် ပြုတ်ကျန်နေခဲ့ပြီ” ဒါက စင်ကာပူရပြန် ကျွန်ုပ်တို့ စာရေး ဆရာတယောက်၏စကား။
            စင်ကာပူမှာ အကုန်လုံးလောက်နီးနီး စမတ်ကတ်စနစ်ကြီးပဲ ဆရာရဲ့၊ အမ်အာတီ (မြို့ပတ်ရထား)စီးစီး၊ ဘတ်စ်ကားစီးစီး ကတ်နဲ့ပဲစီးရတယ်။ ပိုက်ဆံထုတ်ချင်ရင်လည်း အေတီအမ်က နေရာအနှံ့ ရှိတယ်၊ ကတ်နဲ့ပဲ၊ အခန်းတံခါးသော့တွေ၊ ဓါတ်လှေကားတွေမှာလဲ ကတ်သုံးရတာပဲ၊ အဲဒီတော့ တော်တော်အဆင်ပြေတာပေါ့ဆရာရယ်။ ဥယျာဉ်တွေ၊ ပန်းခြံတွေ၊ ကမ်းနားတွေကလဲ လှမှ လှဆရာရဲ့၊ တကဲ့ တာဝတိန်သာပါပဲ။ ဒါက မောင်ဒေါ တပည့်တစ်ယောက်၏ ရင်ဖွင့်သံ။
            ကမ္ဘာကြီးက မောင်ဒေါတို့ အမိမြေဖြစ်၏။ သည်အတွက် ကမ္ဘာ၏ မည်သည့်အစိတ်အပိုင်းကကောင်းပြီး မည်သည့် အပိုင်းက မကောင်း ဆိုသည်မှာ မောင်ဒေါတို့ ကိစ္စဖြစ်၏။ မကောင်းသည့်နေရာတွေအတွက် နှလုံးစိတ်ဝမ်း မငြိမ်းချမ်းဖြစ်ရ သကဲ့သို့ ကောင်းနေသော နေရာတွေ အတွက်လည်း မုဒိတာပွားရပါ၏။
            သို့မို့ကြောင့် စင်ကာပူရကြီးကောင်းသည်၊ လှသည်ဆိုသည့်ကိစ္စအတွက် မောင်ဒေါ မုဒိတာတွေ အဖတ်လိုက် အထပ်လိုက်ပွားပါ၏။ သို့သော်- ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲနေကြသည့် မောင်ဒေါတို့ သာကီဝင် ဘားမင်းကြီးငယ် ရွယ်လတ်တွေကိုတော့ မောင်ဒေါ မဆိုစလောက် ချဉ်မိပါ၏။ “သင်းတို့ပြောသလောက်လည်းမဟုတ်သေး”ဟု စဉ်းစားမိ၏။ မောင်ဒေါအတွေးစည်ပိုင်းကလဲ မှောက်လို့မှောက်၊ လှန်လို့လှန်၊ စောင်းလို့စောင်း၊ တည့်လို့တည့်၍ ရပေသကိုး။
            ဒါနဲ့ပဲ သူရို့တွေပြောတာကို အသေအချာစေ့ငုကြည့်ဖို့ မောင်ဒေါစီစဉ်လိုက်ပါ၏။ တစ်မြို့လုံးက ရေမွှေး ဆွတ်ထားသည် ဟူသော အဆိုကိုစိစစ်ရန် ပြည်သူ့ကိုယ်စားလည်များထံချပြ (အဲလေယောင်လို့) တသီးပုဂ္ဂလပဲ မောင်ဒေါ အနံ့ခံကြည့်ပါ၏။ မောင်ဒေါရသော်အနံ့ကား ဂျွားရေမွှေးနံ့မဟုတ်ပါ။ စိနခေါက်ဆွဲဆိုင် အနံ့သာဖြစ်ပါ၏။
            အောချပ်လမ်း၊ ကလပ်ကီးလမ်း၊ ဆီရန်ဂွန်းလမ်း၊ ဘာညာကွိကွလမ်းတွေတိုင်းလိုလိုမှာ ခေါက်ဆွဲဆိုင်နံ့သာ ရပါ၏။ မွှေးလှချည့်ဆိုသော အမ်အာရ်တီရထားနှင့် ဘတ်စ်ကားတွေကလည်း သူလိုငါလို ကျုပ်တို့ အနံ့မျိုးပဲဖြစ်ပါ၏။ ကျုပ်တို့ မြို့ပတ်ရထားနှင့် မဟာ မထသ ကားတွေလို့တော့ သိပ်မကြပ်လှဘူးပေါ့ ခင်ဗျား။ တက္ကစီတွေ ကောင်းပါ၏။ မာစီးဒီး တက္ကစီ၊ ခရိုက်စလာ တက္ကစီတွေပင် ရှိပါ၏။ ငှဲ  ငှဲ၊ အနံ့ကတော့ ကျုပ်ခြံထဲလောက် မသင်းတာ အမှန်၊ ဒါကတစ်ချက်။
            နောက်တစ်ခုကို လေ့လာဖို့ တည်းခိုနေသည့် “ထရဲဗယ်လ်အမ်” ဟော်တယ်ချွတ်တားကလေးမှ စင်ကာပူ စံတော်ချိန် နံနက် ငါးနာရီခွဲတွင် “စင်ကာပူရချောင်း” ဘေးတကြော လမ်းလျှောက်ထွက်ခဲ့ပါ၏။ ပျော်ပွဲစားရုံတစ်ခုက ပေပဲလား၊ ဒိုမီနိုကလပ်တစ်ခုကပေ ပဲလား မဆိုနိုင် ယိုင်တီးယိုင်ထိုးမူးပြီး ထွက်လာကြသော ခပ်ငယ်ငယ်အတွဲ သုံးတွဲကို တွေ့ပါ၏။ ကိုရီးယားစတိုင် ကုန်းပိုးပြီး ပေါင်ရင်း အထိတိုသော ဘောင်းဘီဝတ်ချာတိတ်မကလေး သုံးဦးသည် လမ်းဘေး ပလက်ဖောင်းပေါ်၌ “လွတ်လပ်စွာ” အော်ဟစ်မြူးတူး နေသည်ကို တွေ့ရပါ၏။ စင်ကာပူရပါလီမန်မှ အထက်စီးရပါတီ အဲလ်ဒီပီ၏ အမတ်တော်ကြီးများနှင့် မည်သို့ပတ်သက်နေသည်လည်း မောင်ဒေါ မသိ၊ တစ်ခုခုတော့ ဟာနေသလိုပင်။
            မောင်ဒေါတည်း နေသည်က ဟော်တယ်ဇုံ ဖြစ်လေရာ မနက်လင်းစတွင် အမှိုက်ပုံးထဲ မထည့်သော အမှိုက်များ၊ ပုလင်းခွံများ၊ ဘီယာဗူးခွံများ (မြန်မာဘီယာကလေး နှစ်ဗူးတောင်ပါသေး) စက္ကူစုတ်များ၊ မောင်ဒေါမျက်စေ့နှင့် တပ်လည်းတပ်၊ အပ်လည်း အပ်မြင်ခဲ့ပါ၏။ (ဗီဒီယိုတောင် ရိုက်ယူခဲ့ပါသေး၏။)
            (ဤနေရာ၌ လက်ကောက်ဝတ်အဆစ်မှ အရိုးအတက်ကြောင့်နာသဖြင့် ရေးနေတာကို ခဏနားရပါ၏။ အာရုံဆက်တိုက်မဖြစ် သည့်အတွက် စာဖတ်သူ နားလည်ပေးဖို့ မောင်ဒေါ “ချိုးချိုးညီ” တောင်းပန်ပါ၏။)
            မောင်ဒေါတို့နိုင်ငံနှင့် ယှဉ်လျှင် ဂျင်ကလပ်ကလေးမျှသာ ဖြစ်သောစင်ကာပူရ။ သောက်ရေ ကိုယ်ပိုင်မရှိ၍ မလေးရှားက ၀ယ်ရသော စင်ကာပူ၊ ရေဆိုးကိုပြန်ချက်ပြီး ရေကောင်း ဖန်တီး၊ ဂိုချောက်တောင် ကိုယ်တိုင် “သောက်ပြ” နေရသော စင်ကာပူရ။ မိမိတို့၏ စိနအစဉ်အလာနှင့် အိန္ဒိယ အစဉ်အလာတို့အား ဘောင်းဘီတိုဝတ်ပြီး “အမေရိကံနိုက်စ်” လုပ်လိုက်ခြင်းဖြင့် စွန့်လွှတ် လိုက်ရသော စင်ကာပူရ။ “စင်ကာပူရီယံ အမျိုးသားများ” ဖြစ်ရန် အင်္ဂလိပ် စကားကို “လား”ထည့်ပြောပြီး ငှက်ပျောသီးလို အပြင်ဝါ၊ အတွင်းဖြူ ဖြစ်နေသော စင်ကာပူရ။
            ချုပ်ရလျှင် “စင်ကာပူရ” ကားမောင်ဒေါတို့ မုဒိတာပွားပေးနိုင်ပေမင့် အတုခိုးနည်းယူစဖွယ် မဟုတ်သေးသည်ကတော့ မောင်ဒေါမျက်တွေ့။

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

မညက်တညက်ရုပ်သံ

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
မညက်တညက် ရုပ်သံ
            ညက အရုပ်ရော အသံပါထွက်သည့် တီဗီ ခေါ် ရုပ်သံထွက် သေတ္တာကြီးကို ဖွင့်ပြီး မြန်မာနယ်ချဲ့များ ဖြစ်ကုန်ထသော ဒက်ဂလိပ်နာမည်များဖြင့် လူသိများသည့် အမ်အာတီဗီ ၀မ်း၊ တူး၊ သရီး၊ ဖိုး၊ ချဲနယ်ဆဲဗင်း၊ များဝထီ (အင်္ဂလိပ်လို အသံထွက်လိုက်တာပါ၊ ဗိုလိုရေးထားတာဆိုတော့)ကို တစ်လှည့်စီ ကြည့်နေမိပါ၏။
            အားလျှင် ကြည့်စရာ အလကားရတာကိုသာ အားကိုးရသော မောင်ဒေါတို့လို လူတန်းစား ခပ်နိမ့်နိမ့်များအတွက် ဘယ်လိုဖွင့်ဖွင့် လာသော ထိုအစီအစဉ်များကို ကြည့်ရှုခွင့်ရခြင်းအတွက်လည်း ကျေးဇူးများ အတုံးလိုက် အတစ်လိုက်တင်မိပါ၏။ တကယ်တင်တာပါ။ မယုံမရှိပါနဲ့။ မယုံက ကျေးဇူးဆိုတာကြီး တည်ရှိသည့် နေရာကို လာရောက်စမ်းကြည့်နိုင်ပါ၏။
            အလွန်လျှင် ပဲများကုန်ထသော ပရဲစင်တာ အထီးအမကလေးများကိုလည်း ကျေနပ်သည်ဖြစ်စေ၊ မကျေပဲနပ်သည်ဖြစ်စေ၊ အားပေးနေရပါ၏။ သင်းတို့၏ စတိုင်း ခေါ်မလား၊ ဘာလားမသိရသည့် အဖြတ်အတောက် အလွန်မမှန် စာဖတ်သံကို လည်းကောင်း၊ ကိုရီးယားလိုလို၊ နီပွန်လိုလို၊ တရုတ်လိုလို မျက်နှာပေးများကိုလည်း ကြည်ချင်လဲကြည် မကြည်ချင်လည်း ကြည်ပြီး နူးနေပါ၏။
            တီဗီကို ပိတ်ထားလိုက်ပါလားဟု “တွံ သင်သည်၊ ဘာသတိ……ဆိုမည်” ဆိုပါတော့၊ မောင်ဒေါအား ၀ိုင်းဝန်းပြီး “ဘေ” ကြမည့် ကိုရီးယား ခရေဇီ အိမ်သားတွေကိုလည်း မောင်ဒေါ ဖြုံရပါသေး၏။ ဤကား မောင်ဒေါ၏ ဒုက္ခော…………ဒုက္ခပါပေတည်းဟူ၍ ယူသော်ရ၏ခလို။    ။
            တောင်တောင် မြောက်မြောက်၊ ပေါက်ပေါက် ဖောက်နေသည့်အတွက်၊ လိုရင်းမရောက်ဖြစ်နေပါဦးမည်။ ဆိုချင်သည်ကား ပရိုဂရမ်း အဟမ်း……….အဟမ်း…….အဲ အစီအစဉ်တချို့ အကြောင်းပါ။
            ပထမဦးစွာ ပဟေဠိ နန်းတော်ဆိုတာကြီး၊ ပဟေဠိ လုပ်ချင်လုပ်ပါ၊ ကန့်ကွက်စရာမရှိ။ “ဆက်ကစားပါဦးမယ်ခင်ဗျာ” ဆိုသည်ကဖြင့် တရားဝင်လောင်းကစားဖြစ်နေပြီဟု မေတ္တာရှေ့ထားပြီး မောင်ဒေါ ပြောကြားလိုပါ၏။
            ဖျော်ဖြေပေးရန် လိုပါ၏။ ဖျော်လည်းဖျော် ဖြေလည်းဖြေရမည်ဟု မောင်ဒေါတွေးမိပါ၏။ ပညာပေးရန်လည်း လိုပါ၏။ ပညာရအောင် ပေးတတ်ဖို့လည်း လိုမည်ဟု မောင်ဒေါတွက်ဆမိပါ၏။
            မောင်ဒေါဦးနှောက်ကသေးသေး၊ စည်ပိုင်းက ကျည်းကျည်းဆိုတော့ ဆရာ့ ဆရာကြီးများ၏ စားကွက်ဝါးကွက်များကို ထိပါးသွားသည်ဆိုလျှင်လည်း လွန်တာရှိက ၀န္ဒာမိပါ ကိုရင်တို့ခင်ဗျား။
            နောက် တစ်ခုကတော့ ကြော်ငြာအကြောင်း၊ ကြော်လည်း ကြော်ကြ၊ ငြာလဲငြာကြပါဟု မောင်ဒေါမုဒိတာတွေ အထွေးလိုက် ပွားပါ၏။ သို့သော် မောင်ဒေါဉာဏ် မမီသည့် ကိစ္စကလေးတစ်ခုလည်း ရှိပါ၏။ ဂရဲန်းရွိုင်ရယ်ဆိုသော ကြော်ငြာကား အဘယ်ကုန်ပ္စည်းကို ကြော်ငြာနေပါသနည်း။ အရက် ကြော်ငြာနှင့် စီးကရက်ကြော်ငြာကို မီဒီယာများတွင် မည်သို့မျှကြော်ငြာခွင့် မရှိစေရဟူသော စည်းကမ်းတစ်ရပ်ကို မောင်ဒေါကြားဖူးနားဝရှိထားပါ၏။ ဂရဲန်းရွိုင်ရယ်က ထုတ်လုပ်သော ရေသန့်ဗူးပေပဲလား၊ သို့တည်း မဟုတ် ဟိုဟာ ဒီဟာ သန့်ဆေးရည် ပဲလား၊ အလှကုန်ပစ္စည်းပဲလား၊ မောင်ဒေါ ဝေတေ၀ါးတား ဖြစ်နေမိခြင်းပါ။ မောင်ဒေါတို့ကတော့ ခပ်ကျဉ်းကျဉ်းပဲ ဂရဲန်းရွိုင်ရယ်ဆိုတာ ၀ီစကီရယ်လို့ သိထားမင့်ကိုး၊ အကယ်၍ မောင်ဒေါမှားနေလျှင်လည်း မီဒီယာမှ နေ၍ လူသိရှင်ကြား ပြင်ပေးကြပါရန် ကိုရင်တို့ခင်ဗျား။ အာဏာတွေ ပါဝါတွေ၊ ဘာညာတွေ၊ သြဇာတွေ၊ ရောဂါတွေကြောင့် မလွှင့်မဖြစ် လွှင့်နေရတာဆိုရင်ဖြင့်လည်း “အဲလာတွေ ၀အားကီး စိတ်ငြိတဲ့ အီထဲမှာပါလယ်” လို့ပဲ မောင်ဒေါပြောချင်မိပါ၏။
            အနားသားတစ်ခု (နောက်တစ်ခုကို ဒက်ဂလတ်လို လေးညှပ်ပြောလိုက်တာပါ။ မညိုညင်နဲ့နော) ကတော့ အဲဒီ အရုပ်အသံ သေတ္တာတွေထဲက စာတမ်းတွေပဲဖြစ်ပါ၏။ လူထု တစ်ရပ်လုံးအတွက် ထုတ်လွှင့်ပေးနေသည်ဆိုလျှင်ဖြင့် ဗမာလိုတွေ နာမည်ပေးရင် မကောင်းပေဖူးလား၊ တီဗီအစီအစဉ်တစ်ခုက ကလေးတွေဆော့နည်းများကို ဆုငွေ ဆယ်သိန်းချီးမြှင့်မယ့်အစီအစဉ်။ “စက္ကန့်ခြောက်ဆယ်၊ ဒို့လုပ်ကြည့်ကြမယ်” (ဥပမာပေါ့လေ) ဆိုရင်လည်း ရပါတယ်။ “၀မ်းမိနစ် တူးဝင်းအစ်ထ်” ဆိုတာကို ဘိုလိုရေးထားလေတော့၊ မောင်ဒေါတို့ရပ်ကွက်ထဲက ဘယာကြော်သယ် ဒေါ်ဘုမကမေးပါ၏။ “ဆရာဒေါ…..အဲဒါက ဘာလဲဟင် မျက်စိနောက်အောင်ဆော့တာ ဘိုနည်းတွေလား” အဲဗျား၊ အဲဒီတော့ ဆရာ့ဆရာဆြာကြီးများ၊ ပြည်သူအတွက်ဆိုရင် ပြည်သူများ ရာစုကြီး နားလည်တဲ့ ဗမာစကားလေးနဲ့ အစီအစဉ်နံမယ်လေးပေးကြဖို့ပါ။ ဂန်ဒူးများနိုင်ငံက အကြံတော်ပေးများရဲ့ အလိုအတိုင်းလုပ်ရ၊ လွှင့်ရတာဆိုရင်ဖြင့်လည်း…….အဲပေါ့လေ မောင်ဒေါ ပြောတာလေးမှတ်တမ်း ပြုထားကြပါကုန်ဟုသာ ပြောလိုပါ၏။
            အဲ…..ရှိပါသေးဗျာ၊ “၅ တန်းနဲ့ပြိုင် ဘယ်သူနိုင်” ဆိုတဲ့ အစီအစဉ်။ ရယ်စရာ ပျော်စရာအတွက် ရည်ရွယ်ပုံရပါ၏။ သို့သော် “မူလတန်းကလေးတွေလောက်တောင်မှ အရွယ်ရောက်ပြီးသားတွေက မသိပါ”ဟု ၀န်ခံခိုင်းနေခြင်းနှင့် မတူပါလး။ ဆက်လဲ စဉ်းစားတော်မူကြစေချင်ပါ၏။ ရယ်စရာဆိုတိုင်း တရားမဲ့နေသည် မဆိုနိုင်ဟု မောင်ဒေါယူဆပါ၏။ စောနက အဆိုကို ယေဘုယျပြုလိုက်လျှင် “အရွယ်ရောက်ပြီးသူတွေဟာ ညံ့လာကြသည်”ဟူ၍များ အဲဒီကလေးတွေ၊ လူငယ်တွေစွဲထင်သွားလျှင် ဧရာမ ဒုက္ခ၊ ဧရမ မဟာနားလည်မှု အလွဲကြီး မဟုတ်ပါလားခင်ဗျာ။
            မောင်ဒေါ အပြစ်ဒေါသတွေကို ထောက်ပြ၊ အချွန်နဲ့ ထိုးပြနေခြင်း မဟုတ်ပါ။ အလျှင်း မဟုတ်ပါ။ အစီအစဉ်တွေက ကျန်းမာရေးဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ၊ ဖျော်ဖြေရေး ဂီတဆိုင်ရာတွေမှာ ဘ၀င်ကျမိတာတွေ အများကြီးရှိပါ၏။
            ဆိုလိုသည်က ဆွမ်းဆန်ထဲ ရောနေသော ပိုးဟပ်ချေး၊ ကြွက်ချေးများကို ရွေးယူ သန့်စင် ပစ်ရေးသာ ဖြစ်ပါ၏။
            ခေတ်ကြီးက တအိအိပြောင်းနေပါ၏။ တဂျိဂျိရွေ့နေပါ၏။ မီဒီယာတွေသည် လူထုအတွက်၊ လူထုရနံ့သင်းတာတွေ ဖြစ်နေလိုပါ၏။ ဗမာပြည်သည် ယိုးဒယား မဟုတ်ရေးချ မဟုတ်ပါ။ စင်ကာပူ မဟုတ်ရေး လုံးကြီးတင် မဟုတ်ပါ။ ယိုးဒယားနှင့် စင်ကာပူကို ပုံတူကူးစရာမလိုပါ။
            ဒို့နိုင်ငံ ဒို့အခြေအနေ ဒို့လူထုနှင့် ဟပ်စပ်ကိုက်ညီမည့် မီဒီယာပြောင်းလဲမှုတွေကို မောင်ဒေါ မျှော်နေမိပါ၏။ တစ်ခါလာလည်း ဒါပဲ၊ ဒါပဲကို အရောင်းပြောင်း၊ ဒါပဲ အသစ်ကြီး ဖြစ်လာတာမျိုးကတော့ မရှိသင့်တော့တာအမှန်။
            ညနေ ၆ နာရီခွဲလောက်ဆိုလျှင် ကိုရီးယားလုပ်၊ တရုတ်ပြည်လုပ် တီဗီစက်တွေရှေ့၌ ကိုရီးယားသွားရန် ထိုင်ဝမ်သွားရန် အဆင်သင့် ဖြစ်နေကြကုန်သည့် သပ္ပူရိသ နွယ်ဝင် သာကီမျိုးအားလုံးကလည်း၊ မီဒီယာနှင့် ပတ်သက်၍ “ငဒို့မှာလည်း တာဝန်ရှိသည်ဟူသော” တာဝန်ယူစိတ်၊ လူထုပီသသောစိတ်ဖြင့် ဝေဖန်အကြံပေးကြဖို့လိုပြီဟု မောင်ဒေါယူဆပါ၏။ ရှစ်နာရီဆိုလျှင် တီဗီပိတ်ပြီး သတင်းအပြီးမှာ ကိုရီးယား ဂျိုဆွန်နိုင်ငံတော် အလည်သွားရုံလောက်ကဖြင့် မပြည့်စုံသေးဟု မောင်ဒေါထင်ပါ၏။
            စည်ပိုင်းထဲမှာ ထပ်ခနဲ ပေါ်လာတာတွေကိုပဲ ချရေးလိုက်တာမို့ ဤမျှသာတော့ မဟုတ်မှန်း ခင်ဗျားလည်း သိပါလိမ့်အံ့၊ တစ်ခါ ရထားတဲ့ စာမျက်နှာလောက် ငဲ့ရမှာကလည်း တစ်ကြောင်းမို့ လံဘား ကျောက်တံတားတော့ မရှည်ဖြစ်တော့ပါ။
            အသစ်ဖြစ်လာသော “ပြန်ကြားရေးဝန်ကြီး” သည်လည်း၊ “မီဒီယာ” တွေကို “လူထုမီဒီယာ”များဖြစ်အောင် ပျော့ပျောင်းစွာ ဆွဲခေါ်တွန်း ယူနိုင်မည်ဟု မောင်ဒေါမျှော်လင့်နေမိပါ၏။
            ဟိုတုန်းက ကိုမြတ်လေးကြီး ဆိုဖူးသည့် သီချင်းထဲကလို “နေရစ်တော့ စနစ်ဟောင်းနဲ့ ခေတ်ဟောင်းရေ” ဆိုသည့် အသံစဉ်ကလေးလွင့်ပျံပြီ
            အရုပ်ထွက် အသံထွက် သေတ္တာထဲက အရုပ်တွေ အသံတွေ ပြောင်းလာကြလျှင်ဖြင့် “တိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကား”လို့ ခန့်ညားစွာသော အခြေအနေများဖြစ်ပေါ်လိမ့်အံ့ဟု ဆိုနိုင်ပေးလိမ့်မည်တမုံ။


ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

Saturday, December 1, 2012

အမတ်များ

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အမတ်များပေး မေတ္တာစာ
          တောက်တိုမယ်ရ ကလေးတွေ၊ တောင်စဉ်ရေမရ ကလေးတွေ၊ အရည်မရ၊ အဖတ်မရကလေးတွေကိုသာ နှံပြည်စုတ်၊ ဗာရာဏသီချဲ့နေသည်ဟု မောင်ဒေါအားသိပ်ပြီးကြည့်မရသည့် နောင်ကြီးတစ်ဦးက မောင်ဒေါအားဝေဖန်၏။
            “မောင်ဒေါရ မင်းဥစ္စာက ရေးရင်လဲ ခပ်ကြီးကြီးတွေ လုပ်စမ်းပါဟ၊ အခုတော့ နင့်ဥစ္စာက ဗုံမဟုတ် ပတ်မဟုတ်တွေများနေပီ“
            မောင်ဒေါနဲနဲပြဲသွားပါ၏။ ပါးစပ်ပြောတာပါ။ ဘော်ဒါနောင်ကြီး ဆိုတော့လဲ “ဟုတ်ကဲ့ ခင်ည” ဟု ညောင်နာနာအသံကလေးနှင့် အဘိယာစက ပြုလိုက်ရပါ၏။ ပြောပါလေ……ပြောပါ….ပေါ့။
            “ဒီနေ့ ကမ္ဘာမှာ ညူကလီယာကိစ္စက ပွက်စိပွက်စိဖြစ်နေတယ်။ အိုင်အေအီးအေဆိုတဲ့ “အ”သုံးလုံး၊ အဲလေ “အ”လေးလုံးက စိတ်ညစ်နေတယ်။ ဆီးရီးယာကိစ္စ၊ အစ်ဇရေးနဲ့ ပါလက်စတိုင်းပြဿနာ၊ ရွမ်းမနေနဲ့ အိုဘားမားစကားတိုက်ပွဲ…….ဝေလငါးတွေ ကပ်သင့်နေတဲ့ကိစ္စ ဂရိနဲ့စပိန်မှာ ဖြစ်နေတဲ့ အလုပ်လက်မဲ့ ပြဿနာ ဒါတွေဟာ မင်းပါဝင်ဆင်နွှဲအကြံပေး ဆွေးနွေး ထောက်ခံကန့်ကွက်…. ဒီမိုကရက်တစ်အသံတွေပေးရမယ်လေ မောင်ဒေါရဲ့….ဟုတ်သမှုတ်လား”
            “ဟုတ်ပါတယ်ခင်ည…..ကျနော် မောင်ဒေါ စိတ်ဝင်စားပါတယ်။ အီဂျစ်က ဦးမူဘာရက်ကြီး အိုကြီးအိုမကျတာမှ ထောင့်တသက် လွတ် ရက်မရှိစီရင်ခံရတာမျိုးကို…..”
            “ဘာလဲ မောင်ဒေါ….မင်းက အာရပ်နွေဦးထဲမှာ မင်းကမိုးသွား ရွာအုံးမလို့လား၊ မင်းတော်တော်ခက်တဲ့ ကောင်“
            “ မဟုတ်ပါဘူးဗျာ…….မောင်ဒေါက ချွတ်တားလေးပါ……ရှိပစ္စည်း အကုန်ချွတ်တားပါ…..ဦးနှောက်ချွတ်တား……နှလုံးသား ချွတ်တားလေးပါ…..ခုနင်က ဘော်ကြီးပြောတဲ့ ကိစ္စတွေက တိုင်းမ်တို့ နယူးစ၀ိတို့ အီကောနမစ်တို့က ငဖွကြီးတွေ“ဟဗဲနာ” ဆေးပြင်း လိပ်ကိုက်ပြီး “ဂူချီအီတာလျာနိုး” ကုလားထိုင်ပေါ်ကနေ ပုလဲတကန့် ရွဲတတန့် ကစားကြပါလိမ့်မယ်။ “လန်ဂလေ” ကပေးတဲ့ဖိုင်တွေ၊ “၀ီကီလိ”ကဖိုင်တွေနဲ့ ရေးကြချွတ်ကြ ကလော်ကြပါလိမ့်မယ်။ မရမ်းကုန်းချောင်ကြိုချောင်ကြားထဲက ကျနော်မောင်ချွတ်တားဒေါက သိပ်မမီလှပါဖူး ဘော်ဘော်ကြီးရဲ့”
            “အေး ဒါဆိုလဲ ဒို့ဗမာပြည်ထဲက……………..ဟော့ထ်အစ်ရှူးတွေကို တပ်ခ်ျလုပ်စမ်းပါ ကောင်လေးရ”
            (သည်နေရာတွင် ကြော်ငြာဝင်လိုက်ပါရစေ။ မောင်ဒေါတစ်ယောက် လိုကယ် ကိစ္စအကြီးကြီးတွေကို ကိုယ်တွယ်ရန်စဉ်းစား လိုက်စဉ်မှာပင် မျက်စေ့ရှေ့ကတိုင်တွေပူးချည်ခွာချဉ်ဖြစ်လာ၏။ မြေသားထုကြီးကလဲ ဖုလိုက်ချိုင့်လိုက်ဖြစ်လာ၏။ လှုပ်၍ပင်သိပ် မကောင်း။ လေဒီဒေါက “ပရက်ရှာကပ်” ဆိုတာလေးနဲ့ တိုင်းတော့ သွေးပေါင် “၇၀”အထိ ကျနေသည်ဟုဆို၏။ သွေးခုန်နှုန်း “၄၈”ဟု ဆို၏။ ဘာအရက်မှ မသောက်ပါပဲလျက် “မူးယစ်ဝေသော မိုးဦးမနက်များ (နွေဦးညများမဟုတ်) ဖြစ်နေ၏။ လက်ထဲကဘောပင်ကိုပင် မောင်ဒေါ တောက်ညင်ကပ်သွား၏။ အနီးအနားကဟာတွေ ဆုတ်ဖြဲကောက်ပေါက်၊ ရိုက်ခွဲလုပ်ချင်စိတ်တွေ ပေါ်လာ၏။ ဒါနဲ့ပဲ စုတ်ပြတ်မဲသဲနေသည့် ကော်လက်တင်ကုလားထိုင်ပေါ်တွင် မျက်စေ့စုံမှိတ် နေလိုက်ရပါ၏။ တရက်ခွဲတိတိပါ။ဝ
            ဟုတ်ကဲ့…..ဦးနှောက်နဲ့ လူပြန်ကပ်သွားပါပြီ။ မောင်ဒေါ၏ ဘော်ဘော်ကြီးပြောခဲ့သော “အကြီးကြီးတွေ” အကြောင်း မောင်ဒေါ ရေးချွတ်ရန် စည်ပိုင်းကို ခါကြည့်ပါ၏။ ထွက်သလောက်တော့လဲ ထွက်တာပေါ့လေ။ သို့ပေတမင့် “အကြီးကြီးတွေ ကိစ္စကား အကြီးကြီးတွေက ရေးကြပြောကြလိမ့်မည်ဟု မောင်ဒေါသဘောရ၏။ လုပ်လဲလုပ်နေကြပါ၏။ ကြားကြတဲ့အတိုင်းပါပဲလေ။ ခါတော်မီ ၀င်ပြီး အကြီးကြီးမဖြစ်ဖြစ်အောင် လုပ်ရင်း မဆန့်မပြဲတွေ မြောနေရေးနေတာတွေလဲ အများကြီးပ (ချောက်ကြိုးနဲ…………ရေနေတုံး လေကလဲတိုက်လိုက်တာဂျာ….မောင်ဒေါကလဲ အသဲငယ်ငယ်လေး…….ငှင်း………..ငှင်း…………..ကြောက်တယ်ဂျ) အဲသည်တော့ သေးသေးတွေပဲ ရေးတာကောင်းပါတယ်။ စည်းကမ်းကိုက်ညီ…ဘေးကင်းသည် ပေါ့လေဗျာ…နော။ တကဲ့ကို သေးသေးလေးတွေပါ။
            ဘာလဲဆိုတော့ ယခု မားမားကြီး ပေါ်နေပြီဖြစ်သော လွှတ်တော်ကြီးထဲသို့ ရောက်ရှိနေပြီးဖြစ်သည့် မောင်ဒေါတို့မြို့နယ်က အမတ်မင်းနဲ့ပတ်သက်တာလေးပါ။ (၁) သူတို့မောင်ဒေါလုံးဝမမြင်ဖူးပါ။ (၂) ဓါတ်ပုံကိုပင်လျှင် ဖြူသလား၊ မဲသလား၊ ရောင်စုံလားမသိပါ။ (၃) သူသည် မည်သည့် ပုဂ္ဂိုလ်အမျိုးအစားပါနည်းမသိပါ။ (၄) သူကလည်း သူ၏မဲဆန္ဒရှင်ဖြစ်သည့် မောင်ဒေါတို့အား တွေ့မည့်ပုံမပေါ်သေးပါ။ (၅) လွှတ်တော်တွင်းမှာလဲ တစ်စုံတစ်ရာ ထောက်ခံ၊ ကန့်ကွက်၊ ကြားနေ စသည့်အမတ်လုပ်ငန်းများတွင် ပါဝင်လေသလား၊ မပါဝင်လေဖူးလား မောင်ဒေါအပါအ၀င်မဲဆန္ဒရှင်များမသိပါ။
            ကဲ…အဲဒီတော့ မောင်ဒေါ စေတနာလေးကောင်းကောင်းနဲ့ အကြံပေးချင်တာပါ။ အမတ်များလူထုနှင့်တွေ့ကြပါဟု…….
            မောင်ဒေါဆက်၍ စဉ်းစားနေမိပါ၏။ စဉ်းပြီး စားနေတာမဟုတ်ပါ။ စည်ပိုင်းထဲ၌ ခလောက်ဆန်နေသော အတွေးများကို နေရာချထားကြည့်ခြင်းသာဖြစ်ပါ၏။ လွှတ်တော်ဆိုသည်မှာ မောင်ဒေါသိသလောက် “ပါလီမန့်” ဆိုသော ဒက်ဂလိတ်စကားနှင့် တူမည်ထင်ပါ၏။ ပါလီမန့်ဆိုသည်မှာ “ပါလေး” ဟူသော ပြင်သစ်စကားမှလာသည်ဟု မှတ်ဖူးပါ၏။ “စကားပြောသည်”ဟု အဓိပ္ပါယ်ထွက်သည်ဆိုပါ၏။ အဆောက်အဦးတစ်ခုအတွင်း “ပြောခြင်း” ကိစ္စ၊ “ပါးစပ်” ကိစ္စတွေ လုပ်သည့်နေရာသည် “လွှတ်တော်”ဟု အဓိပ္ပါယ်ရမည်ယူဆပါ၏။ ပါးစပ်နဲ့ပဲ တိုက်စရာရှိလဲ တိုက်လိုက်ကြ၊ ကိုက်စရာရှိလဲ ကိုက်လိုက်ကြ၊ ညှိစရာရှိလဲညှိ၊ တိစရာရှိလဲ တိရသော နေရာဖြစ်ပါ၏။
          မောင်ဒေါတို့သိမီလိုက်သော“ဥက္ကဌကြီးခင်ဗျား၊အခုဆမားကြီး ရဲ့ကားဝင်လာပါပြီ၊ဆမားကြီးရဲ့နောက်ကျမှုအတွက်လွှတ်တော်ကမှတ်တမ်းတင်ပေးပါ”ဆိုသောဆမားဒူးဝါးညီနောင်အားပ.မ.ည.တ
အမတ်တဦးကကလိသံ။နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့နိုင်ငံတော်ဘတ်ဂျက်ကိုငွေတကျပ်ဖြတ်တောက်ဖို့အဆိုကိုတင်သွင်းပါတယ်ဟူသော
ဝိဒူရသခင်ချစ်မောင်၏ရိတိတိကန့်ကွက်သံတွေနှင့်ညံစီနေခဲ့
သောရေဒီယိုထဲကပြည်သူ့လွှတ်တော်ကိုမောင်ဒေါလွမ်းမိပါ၏။အခွန်စည်းကြပ်မှုတိုးမြှင့်ရေးအတွက်အဆိုပြုနေသောအီတလီဝန်ကြီးချုပ်အား
တယောက်တပေါက်ဝိုင်းဝန်းကန့်ကွက်နေသည့်အတိုက်အခံအမတ်များ၊…တီဗွီဖန်သားပြင်ပေါ်မှာတွေ့ဘူးသည့်နိုင်ငံတကာပါလီမန်တွေ။
ဆွေးနွေးငြင်းခုံအပူတိုက်အအေးလောင်းခြင်းများကိုမောင်ဒေါအားကျမိပါ၏။ဒါကိုဘဲဒီမိုကရက်တစ်လက©ဏာ၊ဗဟုလက©ဏာဟုဆိုကြပါ၏
         ကောင်းပြီ၊အခုမောင်ဒေါတို့ရဲ့ခမ်းနားဝေစည်၊မင်းနေပြည်ကလွှတ်တော်ကြီးမှာလဲ၊ပြောကြ၊ဆိုကြငြင်းခုံကြ၊သဘောတူကြ၊မတူကြ
သည်းထန်ကြ၊ဖြေလျော့ကြနှင့်အသက်ဝင်လှုပ်ရှားကာ၊တိုင်းကျိုးပြည်ကျိုး၊ဟိုအကျိုး၊ဒီအကျိုးတွေပိုပြီးလုပ်ကြစေချင်၏။တနည်းပြော
လျှင်ပါတီတရပ်ရဲ့မူကိုလက်ညိုးထောင်ခေါင်းညိတ်ဖို့ထိုင်ခုံမှာငြိမ်ငြိမ်ကလေးထိုင်စောင့်နေကြသောပုဂ္ဂိုလ်တွေဖြစ်ဖို့ထက်အရေးကြီး
တာကလွှတ်တော်ပါလီမန်ကြီးမှာပါလေးလုပ်ပြီးလိုအပ်ရင်လိုအပ်သမျှလှုပ်နေသောအမတ်ရုပ်ပုံတွေတီဗွီဖန်ပြားပေါ်မှာတွေ့ချင်နေမိ
တာကဖြင့်“မဲဆန္ဒရှင်”မောင်ဒေါ ရဲ့ ရေမရောတဲ့အတွေးစစ်စစ်ဖြစ်ကြောင်းပါဗျား။

အဟောသိကံ

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အဟောသိကံ
            မောင်ဒေါ ခပ်ငယ်ငယ်၊ အတော်ကို အရွယ်စမောစဉ်က အဲဒီ “အဟောသိကံ”ဆိုသော စကားလုံးကို စတင်ကြားဖူးခဲ့ပါ၏။ မောင်ဒေါ၏ ဆရာတစ်ယောက် ရှင်းလင်းပြောဆိုပြသော “ပညာရေး အဟောသိကံ” ဖြစ်မှုဆိုတာကို ကြားဖူးခဲ့ခြင်းဖြစ်ပါ၏။ အဓိပ္ပါယ်အားဖြင့် အကျိုးမဲ့ဖြစ်သွားမှု၊ အလဟဿဖြစ်သွားမှုဟု မောင်ဒေါနားလည်ခဲ့ပါ၏။ (နည်းနည်း သီသီတော် လွဲနေရင်ဖြင့်လည်း ခွင့်လွှတ်တော်မူစေလို)
            စတင် ကြားဖူးပြီးကတည်းက “အဟောသိကံ” အကြောင်းတွေကို အငြိမ်မနေတတ်သော မောင်ဒေါ၏ စည်ပိုင်းအတွင်း ထည့်သွင်းမွှေနှောက်ခဲ့ပါ၏။ “အဟောသိကံ” ဖြစ်ခြင်းတွေကို ဘယ်လိုကုစားနိုင်မည်ကိုလည်း မေဓါဝီဈေးထဲ ရောက်သည့် ဈေးသည် အသစ်ကလေးစဉ်းစားသလို၊ “မရဲတရဲ၊ ဘာဝယ်မလဲရှင့်” ပုံစံဖြင့် တွေးတောနေမိပါ၏။ ကိုယ်တွေးမိတာတွေကိုလည်း ကိုယ်ဖာသာ ကိုယ်သာသိပြီး မည်သည့်ခွေးတစ်ကောင် ကြောင်းတစ်မြီးကမျှ ရှူရှူပင်လျှင် လှည့်ပန်းပေးဖော်မရသော “သမိုင်းပေးတာဝန်” ကြီးဖြင့် “သတိတော်ကြီး”များ ထားမိစေဖို့ အသိပေးဖူး၊ ရေးဖူး ချွတ်ဖူး တို့ဖူးပါ၏။
            ပမာဆောင်ပါအံ့။ မောင်ဒေါနေသည့် နေရာအနားတွင် ဌာနကြီးတစ်ခု၏ အမှုထမ်း အရာထမ်းများ အိမ်ယာရှိပါ၏။ ထိုစဉ်အခါ (လွန်ခဲ့သည့် ၁၁နှစ်ခန့်)က အနှီဝင်းအတွင်းက တိုက်ကလေးတစ်လုံးသည် လူမရှိ၊ အမိုး သုံးပုံတစ်ပုံခန့် ပြိုနေပါ၏။ ပြင်ပသို့ လမ်းလျှောက်ထွက်တိုင်း ထိုတိုက်ကလေးကိုမြင်ရဘိသော မောင်ဒေါက “ညောင်ဦးကမ်းပါးပြိုသည်၊ စမ္ပါနဂိုရ်က နွားမက ပေါင်ထိ”သလို ခံစားရသဖြင့် တာဝန်ရှိမည် ယူဆရသူတွေကို အကြံဉာဏ်ပေးဖူးပါ၏။ “ဒီ အမိုးကလေးပြင်လိုက်ရင် တိုက်ကလေးက ကောင်းသွားမှာဗျ” ဟု။ ယင်းအခါ၌ ထိုတာဝန်ရှိသည်ဟု ယူဆရသူက “အဲဒါက ပထမ ဓါတ်ပုံရိုက်ရမယ်ဗျ။ ပြီးရင် အက်စတီမိတ်တွက်ရမယ်။ နောက် ဌာနမှူးက လက်မှတ်ထိုးပြီး အလော့တ်မင့် တောင်းဖို့ ၀န်ကြီးဆီ တင်ရမယ်။ ပြန်ကျလာရင် ပစ္စည်းက ကျနော့ဌာနက ဌာနစိတ်မှူး ဒါမှမဟုတ် ကြီးကြပ်ရေးမှူးကို ခိုင်းရမယ်။ သူကမှ ကန်ထရိုက် လက်သမားကိုခေါ်ပြီး ဈေးညှိ၊ ကျနော့ဆီပြန်တင်၊ ကျနော် ကဌာနမှူးဆီက လက်မှတ် ထိုးပြီးမှ လုပ်လို့ရမယ်”ဟူ၍ အရှည် အဝေးကြီးဖြင့် သနားစရာကောင်း လှသောကျနော်မျိုး အကောင်းစား မောင်ဒေါအား ရှင်းပြပါလေ၏။ “လေးနှစ်သစ်သုံးချောင်းလောက်နဲ့ (၇)ပေသွပ် (၄)ချပ်လောက်ပဲ ကုန်မှာပါဗျာ၊ အဲဒါ လုပ်လိုက်ပြီးမှ သဘောတူညီချက် တောင်းရင်ကော မရနိုင်ဖူးလား”ဟု မောင်ဒေါ စောဒက တက်ကြည့်ပါ၏။ “ဟာ……အဲဒါ မလွယ်ဖူး ဆရာဒေါရ တော်တော်ကြာ မင်းထင်ရာလုပ်ပြီးမှ ငါ့ဆီရောက်လာရ သလား”ဆိုပြီး ဒီပတ်မဲန်တယ် အင်ကွာရီ လုပ်မယ်ဆိုရင်ဒုက္ခ”
            ထိုငနဲ ခပ်လတ်လတ်ကလေးထက် အတော်အတန်ကြီးသော ငတိ မကြီးတကြီးထံသို့ မနေနိုင်မထိုင်နိုင် မောင်ဒေါက လမ်းဘေးက ဖုန်းကလေးထိုးကြည့်ပါ၏။ စောစောက မောင်ဒေါ“ရှည်” မိသည့်အတိုင်း ဆက်လက်၍ “တင်ပြ”ပါ၏။ ထိုမကြီးတကြီး ငတိကလဲ ဘော်လီဘောခပ်သေးသေးကို စမက်ရှ်ဆွဲသလို တုံ့ပြန်ပါ၏။ “ကျေးဇူးတင်တယ်ဗျာ အခုလို အကြောင်းကြားတာကို၊ ဒါပေမဲ့ ကျနော်ကလဲ အစည်းအဝေးတွေနဲ့ အလုပ်ကအများသား၊ ဒီတော့ သူတို့ဝင်းမှူးက တင်ပြလာမှ ဆောင်ရွက်နိုင်မယ်လေ၊ သိတယ် မှုတ်လား”
            အဟက်….ဟက်၊   “သိတယ်မှုတ်လား”နှင့်ပင် “သေဖော်ညှိ” လိုက်ပါသေး၏။ သည်တော့ အလွန်ပင်လျှင် အသည်းရော၊ နှလုံးရော၊ ကျောက်ကပ်ရော ယားနေသည့် ဇာတ်လိုက်ကြီး ကျုပ်မောင်ဒေါက “မေတ္တာစာ” ဆောင်းပါးတစ်စောင်ရေးသားလျက်၊ အဲဒီတုန်းက မောင်ဒေါ ပင်တိုင်ရေးနေသည့်……ဂျာနယ်သို့ ဓါတ်ပုံပါ ပူးတွဲလျက် ပို့ပေးလိုက်၏။ မောင်ဒေါ စေတနာက မြန်မြန် သိကြလေ၊ မြန်မြန်ပြင်ကြလေ၊ မြန်မြန်ကောင်းသွားလေ ဖြစ်စေလိုခြင်းသာ ဖြစ်ပါဘိ၏။
            သို့သော်၊ “အကြောက်တော်” တကယ်လွန်နေကြသည့် စာပေစိစစ်ရေးမှူးများက “သည်ဆောင်းပါးသည် ဌာနတစ်ခုအား ထိပါးသည်”ဟုဆိုကာ ကျားကျားမီယပ် နွားထီးငါးကျပ်၊ နွားမငါးကျပ်မူဖြင့် “ဖြတ်” “ပါယ်” “ပိတ်” လုပ်လိုက်ရကား မောင်ဒေါ ဆောင်းပါးကလေးကား စေတနာ ချွတ်တားကိုပင်လျှင် ဖော်ပြခွင့်မရရှာတော့ပဲ “အဟောသိကံ” ဖြစ်သွားလေ၏။
            ယခုသော် ထိုအမိုးပြိုတိုက်ပုကလေးကား “မရဏာနုဿတိ” စီးဖြန်းပြီး တိုက်ပျက်နေလေ၏။ ရံဖန်ရံခါ “ဘုမတို့၏ ဘိ” ဖြစ်နေ၏။ ဒါက ညပိုင်း၊ နေ့ပိုင်းတွင် ဆိတ်တွေ ပျော်ရာကွန်းသာယာဖြစ်နေ၏။ အနီးအနားက “စည်းဗလပျစ်” တွေ၏ သစ်ထောက်ပံ့ ရေး၊ အုတ်ထောက်ပံ့ရေးဖြစ်နေ၏။ ဟုတ်ကဲ့….အဲဒါပါပဲ မောင်ဒေါပြောချင်တဲ့ “အဟောသိကံ”။
            ပြီးတော့ အနားသား၊ အားသား၊ အခြားအခြားသော ဥပမာ ဥပမေယျများလဲ မောင်ဒေါ၏ စည်ပိုင်းအတွင်း အနယ် အနှစ်ကျလျက်ရှိကြပါသေး၏။ အဲဒီအထဲက တခုသော ဥပမာကလေးဆောင်ပါဦးအံ့။
            မောင်ဒေါတို့ရပ်ကွက် နာဂရ မရမ်းကုန်းဒေသအသေးကလေး၏ ဗဟိုတွင် လွန်ခဲ့သော ၂၈ နှစ် ၃၀ နှစ်ခန့် မောင်ဒေါ ရောက်ခါစ။ ရပ်ကွက်တွင် ရေရှားသည့် နွေကို ဖြတ်နိုင်ဖို့ လေးလက်မ အ၀ီစိတွင်းတစ်တွင်းတူးခဲ့ပြီး၊ လမ်းဓါတ်တိုင်က ၂၂၀ ဗို့အားနှင့် ကွန်ပရက်ဆာကို လည်ပတ်စေကာ သုံးရေသောက်ရေစည်ဝေဖူးပါ၏။ နှစ်ပင် မကူးလိုက်မီတွင် လျှပ်စစ်ဌာနက ကန့်ကွက် သည်ဆိုလား၊ တွင်းရပ်သွားပါ၏။
            ရပ်သွားသည်အထိက ကိစ္စသိပ်မကြီးသေး၊ ထိုထိုသော ကွန်ပရက်ဆာ၊ လေအိုး (၄)လက်မပိုက်များက ငေါင်းစင်းစင်း ကျန်ရစ်ပါ၏။ နဂိုရ်က ဦးစီးခဲ့သူတွေကလဲ “ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း”နှင့် ရပ်တန့်သွားကြ၏။ ရပ်ကွက်ထဲက ကိုအိတ်ဖောင်းတို့ကို ၀ါးစေတို့သည်လည်း မသိ ကျိုးကျွံပြုနေကြသည်။ နှစ်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ်နီးပါး မိုးရွာရွာချင်း နေပူပူချင်း ရှိနေခဲ့သော သံပစ္စည်းတွေကား ရပ်ကွက်ထဲက ကလေးတွေဆော့ရာ လေယာဉ်ပျံဖြစ်နေခဲ့၏။ မောင်ဒေါကလည်း “အူယား”သဖြင့် ဒါကြီးကို အသုံးကျလာအောင် လုပ်ရန် ပြောဆိုကြည့်ပါ၏။
            ဟိုဗျာ အခု နိုင်ငံရေးဗေဒပညာရှင်ကြီးများ ပြောကြတဲ့ “ဗျူရိုကလေစီ” ဆိုလား၊ အဲသဟာ ကြီးကြောင့် ရေကတော့ ထွက်မလာ တော့၊ အစောက ပြောခဲ့တဲ့ ပစ္စည်းတွေက သံချေးတွေစား၊ “အဟောသိကံ”။ ရင်ပတ်ထဲက ကွိကွိကွကွ သံပတ်ပေးသဖြင့် ဒီအကြောင်းကို အကောင်းစား မောင်ဒေါက ဆောင်းပါးမေတ္တာစာရေးပြီး ဂျာနယ် တစ်စောင်ကို ဆက်သွင်းပါ၏။
            အဲ….. မိတ်ဆွေ မျှော်လင့်ထားသလိုပါပဲ၊ “ဒါ……ဟိုလူကိုချတာ….. ဒီလူကိုချတာ” ဆိုတာတွေက စိစစ်ရေးက အသံတွေ ထွက်ပြီး ဆောင်းပါးကလေးလည်း ခြင်းထဲစံပါယ်တော်မူပါ၏။ အဟောသိကံ။
            ဒီနှစ် နှစ်စပိုင်းလောက်မှာတော့ အဲဒီပစ္စည်းတွေကိုဖြုတ်ပြီး ပုံထားတာတွေ့ရပါ၏။ သံဝယ်သည့် ဘော်တယ်သမားနှင့် ဈေးမညှိ ရသေးဟု ယူသော် ရမည်ထင်ပါ၏။ ရှိစေလေ၊ ဘာပဲပြောပြော၊ အဟောသိကံကတော့ အဟောသိကံ။
            အဲဒီ ဥပမာလေးတွေကို ခြုံငုံ ဆင်ခြင်ကြီးများ ပြုလုပ်ပြီး သကာလ မောင်ရွှေဒေါ၏ ဦးနှောက်ခပ်သန့်သန့်ကလေးအတွင်း အခြားသော အဟောသိကံများကို တွက်ဆရင်မောလာမိပါ၏။
            အဟောသိကံတွေ မောင်ဒေါတို့၏ မြန်မာပြည်ဝယ် မည်မျှ များပြား နေသနည်း၊ လူမှုရေး အဟောသိကံ၊ စီးပွားရေး အဟောသိကံ၊ နိုင်ငံရေး အဟောသိကံတွေ…..တွေ……တွေ ကြည့်နေရုံနှင့်တော့ ဘာမှဖြစ်လာမည်မဟုတ်။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုသည့် အမှိုက်ပုံထဲက စုတ်စုတ်ပြတ်ပြတ် အတွေးအခေါ် သီဝရီတွေကို ကပ္ပလီပင်လယ်ရေနဲ့ ဆေးပြီး သန့်စင်ဖို့လိုမည်ထင်ပါ၏။ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောဆိုသည့် “ဘသုံးလုံး” ငနဲများကို လည်းကောင်း၊ ဗျူလိုကလက် အရသာကို ဂေါက်သီးနဲ့ ချောကလက် ရောမြည်းပြီး အရှောင်အတိမ်း၊ ဂျက်စီဂျိမ်း လုပ်နေကြသည့် “ပုတ်ဂို”များကိုလည်းကောင်း စေတနာ ကောင်းဗလပွဖြင့် မေတ္တာစာ အကြိမ်ကြိမ် ပါးအပ် ပါ၏။

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)