Monday, December 10, 2012

အာဆတ်ကလေးရောက်လို့လာ


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အာဆတ်ကလေး ရောက်လို့လာ
          ည (၈)နာရီခန့်ရောက်လျှင် မောင်ဒေါ၏ နိုင်ငံတကာခရီးစပါ၏။ စီစီတီဗွီလေယာဉ်ကို စီးလိုက်၊ အဲလ်ဂျာဇီးရားလေယာဉ်ကိုစီး လိုက် ဟိုဟာစီးလိုက်၊ ဒီဟာစီးလိုက်ပေါ့လေ။
            ဂရိနှင့်စပိန်က ဆန္ဒပြပွဲများ၊ ဂျပန်နှင့် ဖိလစ်ပိုင်က မုန်တိုင်းများ၊ အင်ဒိုနီးရှားက ငလျင်၊ ဆီးရီးယားက ခုတ်ထစ်သတ်ဖြတ် ပစ်ခတ်မီးလောင် အခြေအနေများစသည့် နေရာအနှံ့ကို ကုလားထိုင်ပေါ်မှ ရောဖြစ်ပါ၏။ ကုလားထိုင်ပေါ်မှာပင် တခါတရံလည်း ငိုက်မျဉ်း  မိသွားပါ၏။
            အင်းဟိုနေ့ညကတော့၊ မောင်ဒေါဆတ်ခနဲ့ ငိုက်သွားစဉ် ပုခုံးကိုလက်နှင့်တို့၍ နှိုးတာနှင့် ကြုံရပါ၏။ သူကားခေသူမဟုတ်၊ ဘာရှားအာဆတ်၊ ဆီးရီးယားက ငတိ၊ ယင်းသူက မောင်ဒေါအား လှုပ်နှိုးပြီးစကားပြောပါ၏။ ထူးထူးဆန်းဆန်းသူကဗမာလိုပြောနေပါ၏။မည်သည့်မြန်မာစာကျူရှင်ဆရာထံတွင်အပြတ်သင်တန်း အပြုတ်သင်တန်းတက်လာခဲ့သည်မသိ။
            “မင်းဂလား ညသန်းခေါင်းပါ ဆရာဒေါခင်းဗျား၊ ချနုပ် အာဆတ်က ဆြာဂျီးထံကြွချီးလာရခြင်းကတော့ ထိုင်းပင်းဖို့ ပြီပါတယ်။ အဲဒလို ထိုင်းပင်းစရာတွေးက အများဂျီး ဆိနေလို့ ဖြိပါတယ်ခင်ဗျား။
            ဒီငတိကိုမောင်ဒေါသိပ်ဘ၀င်မတွေ့လှပါ။သို့တစေသံတမန်ကျင့်ထုံးကို“လန်ဂလေ”က “ဖေါဒိန်းအိပ်စပတ်”ဆိုသူတွေထံကတစ်ပါတ်အပြတ်သင်တန်းတက်ထားပြီးသားမောင်ဒေါပေပဲလေ၊“ဧည့်သည်ကိုမညိုညင်စေရ”ပေါ့။
            “ကဲ……ပြောစေဗျာ……ဒါပေမဲ့ ကိုယ်က - ဟို မောင်ရင်ရဲ့ ဗီတိုရှင်ကြီးတွေလို အရှည်ကြီးတော့ နားထောင်နိုင်မယ် မဟုတ်ဖူး နော်၊ “ဟေတီ”နဲ့ “ဂျမေကာ”ကိုလဲသွားရဦးမှာ၊”
            “ပြောရမှာဖြင့် ချနုပ်ကားသံတမန်စည်းကမ်းတွေကို ဘယ်တုံးကလိုက်နာဖူးလို့တုံး”
            ဖိုးတိနဲနဲတော့ ရှုံ့သွား၏။ သို့သော် မည်သူက မည်သို့ ချွန်တွန်းလုပ်ထားသည်မသိ၊ မောင်ဒေါကို ဘယ်လိုထင်နေလေ သည်မသိ၊ မောင်ဒေါ၏ ဘေးရှိ ကြိမ်ဖင်ပေါက်ကုလားထိုင်တွင် ၀င်ထိုင်လိုက်ရင်း ဆက်၍ ဆိုပြန်ပါ၏။ “ဂလို….ဆြာဂျီ…..ချနုပ် အခုအရမ်းအာရမ်းချောက်နေပါဒဲ။ ချောက်ချောက်နဲ့ပဲ မြင်မြင်းဂရာကို တေနပ်နဲ့ စွပ်ပစ်ခိုင်း၊ ဗုံးကြဲခိုင်းလုပ်နေတာပါ။ ညညဆိုးချနုပ် အိပ်မပျော်ဘူး။ ချနုပ်ရဲ့ ကျောဖက်ကို ချည်ဆံတွေလာလာမှန်ပါဒဲ၊ မီးတောက်တွေလာစွဲပါဒဲ၊ အမှန်းကဒေါ့ - ဒီ “ဒမက်စကတ်”နဲ့ ဆီးရီး ယားမြေပေါ် မြေအောက်တွေပစ္စည်းတွေဟာ ချနုပ်ရဲ့ ဘိုဘွားပိုင်တွေပါ။ ချနုပ်ရဲ့ အဖေးအာဆတ်က ချနုပ်ကို အမွေးပေးခဲ့တာပါ။ အဲဒါကို မနာလိုကြတဲ့……အဟင့်…….တူများ အရမ်းရမ်းကို စိတ်ညစ်နေပါဒဲ-ချောက်လဲချောက်ပါဒဲ၊ ချနုပ်ရဲ့ ဆီမိုက်အနွယ်များကလဲ ချနုပ်ကို မထောက်ခံကြပါဖူး၊ ဂျားနေတဲ့ ကိုဂျီးပူတင်းကို ကိုဂျီးဝမ်တို့ကို ဂျီးဟူတို့ကလဲ တူများကိုဆူကြပါတယ်။ ဟေ့ကောင်လေး မင်းသူဒို့ နဲ့ဆွေးနွေးလိုက်တဲ့၊ ချနုပ်ဒီ- ဖွတ်ကျားနချီးလူးတွေနဲ့ စကားမပြောနိုင်ပါဘူး။ ချနုပ်လိုမဟာဆီး မဟာသွေးသူကောင်းမျိုး တူများချနုပ်နဲ့ ဘယ်လိုများတူလို့တန်လို့လဲ…..အဟင့်”
            “ဒီမှာ……..မောင်အာဆတ်ကလေး…….နင်ပြောချင်တာကို လိုတိုရှင်းပဲပြော - သိပ်အများကြီးပြောရင် နားရှုပ်သကွဲ့” “၀ုတ်ကဲ့  …..ထိုပါ့မယ်ဆြာချီး….တိုပါ့မယ်။ အခုဆြာဂျီးရှီဂို ရောက်လာရခြင်းအကြောင်းအရာကတော့ ဟိုကုလမေတ္တာရပ်ခံရေး သမဂ္ဂဆီကိုသွားပြီး တူများကို ထောက်ခံဆွေးနွေးပေးဖို့ပါ။ တူများရဲ့ လူတစ်ယောက်က အဲဒီမှာ စကားပြောတော့လဲ ဘဒူကမှသိပ် မယုံကြဖူးဖြစ်……”
            “အိမ်း…..မောင်ရင့်ဥစ္စာကလဲမယုံစရာ ပေဘဲကိုးလဟဲ့၊ ကလေးတွေရှိလား မိန်းမတွေရှိသလား၊ တောင်တောင်မြောက်မြောက် ဘာမှမစဉ်းစားပဲနင်က “ထု”ဖို့ချည်းစဉ်းစားနေသဟာကိုး၊ လက်ပြတ်ခလေး၊ ခြေပြတ်ခလေးတွေရဲ့ ငိုသံတွေ၊ လင်သေမုဆိုးမတွေရဲ့ ငိုသံ၊ ဘာမဆိုင် ညာမဆိုင် ဗုံးဆမှန်ပြီး အသုဘဖြစ်သွားတဲ့လူတွေရဲ့ ပိုးလိုးပက်လက်ခန္ဓာကိုယ်တွေ။ အဲဒါတွေမောင်ရင် မကြားဖူးမမြင် ဖူးလားဟ”
            “မကြားလဲမကြား၊ မမြင်လဲမမြင်မိပါဘူး ဆြာဂျီးရယ်….အဟင့် …….တူများက နားကိုဂွမ်းဆို့ပြီး မျက်စေ့ကို ဟိုဟာလေးဘလိုင်း နဲ့ပိတ်၊ ဒမတ်စကတ် အိမ်တော်အောက်က ဗုံးကျင်းထဲမှာ တကိုယ်လုံးတုန်နေတာပါ။ ဆြာဂျီးရဲ့ အဟင့်…..အဟင့်…..တူများ ကြောက်လွန်းလို့ပါနော်…….နော်……ဆြာဂျီးသွားပြောပေးပါနော်”
            “အိမ်း……….ဖွမ်……..ကြောက်တယ်ဆိုတာက တော်တော်ဆိုးတာကလားကွယ်။ မောင်ရင့်လိုပဲ ကမ္ဘာ့ငကြောက်ကြီးတွေလဲ အဲသလို ကြောက်ကြောက်နဲ့ မာလကီးယားကုန်ကြတာပေပဲ။ ငါဆရာ…….မောင်ရင့်ကို ကူညီချင်ပါတယ်။ သဗ္ဗသဒ္ဓိလေးဂွလေး တချောင်းနဲ့ ဆေးနွားလေး တစ်ကောင်ရယ် - သေခါနီး ပါးစပ်ထဲငုံရမဲ့ ဗမာမတ်စေ့လေးတစ်စေ့ရယ်ပဲ ဆရာလဲတတ်နိုင်သကွဲ့၊ ဂျီနီပါတို့ နျူးယောက်တို့သွားဖို့ကတော့ ဆရာဘိုင်ပြတ်နေသကွဲ့၊  နောက်ပြီး ဖွတ်ကလိ စက္ကူလေးတွေ ရလို့ သွားရသည်ထား၊ ဆရာ့ကို ဖိနပ်နဲ့ပေါက်ကြမဲ့ “ငမိုး” တို့တတွေကိုလဲနဲနဲဖြုံရသေးတယ်။ “ဒါဆိုရင်…….အဲဒီကိစ္စဆြာဂျီးမကူးညီနိုင်ဖူးပေါ့။ တူများရဲ့ နောက်ဆုံး ကောက်ရိုးလေးတော့သွားပါပြီတော် (အဲလေ)ဗျာ။ ဒါပေမယ့် ဆြာဂျီးရယ် ဟို “ခလေးတွေကို ကယ်တင်ကြ” ဆိုတဲ့အဖွဲ့ကလဲ တူများ ချနုပ်ကိုလာပြီး တားစွဲမယ်။ ဘာညားနဲ့ ခြိမ်းခြောက်နေကြပါတယ်။ အဲဒါလဲ…….အဟင့်………တူများတိတ်ပြီး လန့်ပါတယ်။ ဟို… …….နိုင်ငံတကာတရားရုံးလား……….အဲဒီကိုရောက်သွားရင် ကိုကြီး မူဘာရတ်တို့ ကိုကြီးဂဒတ်ဖီးတို့ ကိုကြီး နော်ရီယေးဂါး တို့လိုများ……..တူများ အခုတောင် တုန်စရာတွေ မှန်သမျှတုန်နေပါပြီး ဆြာဂျီး ရယ်……..ဟင့်…….ဟင့်……..ဟင့်
            ကျွန်ုပ်မောင်ဒေါအား ဘာမှန်းမသိပဲလာရောက်ပြီး တောက်တဲ့ကပ်ကပဲ၊ ကျားပိန်တွယ်တွယ်နေသည့် ယင်းငနဲအားမည်သို့ ခွာထုတ်ရမည်မသိ မောင်ဒေါဖြစ်နေမိ၏။ မကြာမတင်မှာပင် မောင်ဒေါစည်ပိုင်းထဲက အဲလ်အီးဒီမီးလုံးစူးစူးဝါးဝါးလင်းလာ၏။
            သူများအလကား လက်ဆောက်ပေး၍ရထားသော - ဟဗဲနာဆေးပြင်းလိပ်တလိပ်ကို မောင်ဒေါမီးညှိလိုက်၏။ ဟိုဟောလီဝုက “ကလင့်အိမ်ဝု”ဆိုလား “ကရင့်အိဥ”ဆိုလား၊ အဲဒီငနဲရဲ့စတိုင်နဲ့ ဘယ်ပါးစောင်းမှ ညာပါးစောင်ပြောင်းလိုက်၏။ ပြီးမှ
            “သနားတော့သနားပါသကွဲ့ မောင်အာဆတ်ကလေး၊ ငါဘာမှလုပ်မပေးနိုင်ဖူးလကွယ်၊ အဲသည်တော့ မောင်ရင်ပြန်တော့၊ မပြန်ရင်တော့ အခုဆရာ့ပါးစပ်မဟာမှာ၊ နီစွာသော မီးညှိပြီး၊ ရှိနင်းကီးနေတဲ့ ဟဗဲနာဆေးပြင်းလိပ်တော်နဲ့၊ မောင်ရင့်ရဲ့ ဒွာရကိုးပေါက် ကိုဆို့ပြီး၊ ဆိုင်းမဆီး ဗုံမဆင့်ပဲ သင့်နရာ ဒမတ်စကတ်ကို မတ်တတ်ပင်မပြန်နိုင်ဖြစ်သွားစေအံ့”
            ဤတွင်မောင်ဒေါ နားချမ်းသာရာရသွားပါ၏။
            ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

Saturday, December 8, 2012

ဇီးရွက်လောက်မျက်နှာ


ကိုကိုးကျွန်းဋီကာ
ဇီးရွက်လောက်မျက်နှာ
            ကျနော်တို့တိုင်းပြည်ဟာ နိုင်ငံရေးမာန၊ နိုင်ငံရေးအဃာတ၊ နိုင်ငံရေးဂိုဏ်းဂဏတွေကြောင့် “နာ”ခဲ့တာကြာပါပြီ၊ အမှန်တကယ် ပြောရရင် လွတ်လပ်ရေးဆိုတာရပြီးကထဲက ရိုက်ခတ်ခဲ့တဲ့ လှိုင်းတံပိုးတွေပါ။ ၁၉၈၉ ပါတီတွေ ရာကျော်ဖွဲ့စည်းကြတဲ့ အချိန်မှာ၊ ကျနော်လည်း ဟိုအစည်းဝေးတက်ဖြစ်၊ ဒီအစည်းအဝေးတက်ဖြစ်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ် ကာလတစ်ခုပြန်ရောက်သွားခဲ့ပါတယ်။
            ပါတီစုံ အစည်းအဝေးတခု တက္ကသိုလ်ရိပ်သာလမ်းမှာ လုပ်ကြပါတယ်။ အစည်းအဝေး ခဏနားချိန် လဘက်ရည်ဆိုင်လေးမှာ ၀ိုင်းထိုင်ဖြစ်ကြပါတယ်။ အဲဒီမှာ ဟိုရှေးပဝေသဏီတော်လှန်ရေးကောင်စီခေတ်က အရေးပါသူတစ်ဦး (နံမယ်နဲ့တော့ မရေးလိုတော့ပါ၊ ကာယကံရှင်လဲ လူ့ဘ၀မှာ မရှိရှာတော့ဖူး)က “ဗမာပြည်အခုလို ဆုတ်ယုတ်နေရတာဟာ ကွန်မြူနစ်တွေကြောင့်ပဲ” လို့ဆိုပါတယ်။ အဲဒီစကားဝိုင်းမှာ “ကွန်မြူနစ်”ဆိုတာမူးလို့တောင် မရှူဖူးသေးတဲ့လူငယ်တွေပါပါတယ်။ (မကြာသေးခင်ကမှ သေသွားရှာတဲ့ သခင် တစ်ယောက်ဆိုရင်လဲ “ဒီချုပ်ထဲ”မှာ ကွန်မြူနစ်တွေခြေရှုပ်နေပြီဆိုပြီး ဒီချုပ်ထဲကနေ ထွက်သွားခဲ့ဖူးပါတယ်)
            အစောကစကားပြန်ဆက်ရရင် လက်ဘက်ရည်ဝိုင်းမှာပဲ အဲဒီပုဂ္ဂိုလ်ကြီးကို ကျနော်ကပြောပါတယ်။ “ဦးလေးရာ…….ဒီကနေ့က အဲဒီစကားတွေထက် ပိုသင့်မြတ်တဲ့ညီညွတ်ရေးစကားပြောဖို့ မကောင်းဖူးလား။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေကို အဲဒီဆိုရှယ်လစ်၊ ကွန်မြူနစ် အကွဲကြောင်းမှာ သူမှား ကိုယ်မှန်တွေပဲ အမွေပေးလိုက်ကြမှာလား” လို့ကျနော်က ဆိုတော့ အဲဒီ “အန်ကယ်” (သူကအန်ကယ်ခေါ်မှ ကြိုက်ပါတယ်) က “ကျုပ်က သဘောပြောတာပါ။ ဒါတွေက ရှင်းကိုရှင်းရမဲ့ ကိစ္စတွေဗျ” လို့ “ရှင်း”ချင် နေတဲ့သဘောထားကို ဆက်လက်တွယ်ကပ်နေပြီးမှ အပြောလျှော့သွာပါတယ်။ ဒါပေမယ့် သူ့ရင်ထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ နိုင်ငံရေး၊ မာန၊ နိုင်ငံရေးအာဃာတ၊ နိုင်ငံရေးဂိုဏ်းဂဏကတော့ လျော့ပါးသွားခဲ့ဟန်မတူပါဖူး။ ကဲ…..အဲဒါထားတော့။
            အခုကျနော် ဒီကိုကိုးကျွန်းအမှတ်တရလေးတွေကို ရေးရာမှာ၊ နိုင်ငံရေးမာန၊ နိုင်ငံရေးအာဃာတ၊ နိုင်ငံရေးဂိုဏ်းဂဏ သဘော မပါစေပဲ။ “လူမသိ သူမသိ မီဒီယာ မသိပဲ ဖိနှိပ်ချိုးနှိမ်ခြင်းဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာသဘောမဆောင်ပဲ၊ အနှုတ် လက္ခဏာ သဘောသာ ဆောင်ကြောင်းကို ပြောလိုရင်းဖြစ်ပါတယ်။ နိုင်ငံရေးမှာ မတူကွဲလွဲတာတွေရှိမှာ သဘာဝပါပဲ။ မတူကွဲလွဲ ချက်တွေကို ဖြေရှင်းနိုင်တဲ့ နည်းနာဟာလဲ အပြန်အလှန် အသိမှတ်ပြုခြင်းပါပဲ။ ကိုကိုးကျွန်းကတော့ မည်သို့သော အပြန်အလှန် အသိအမှတ်ပြုခြင်းသဘောမှ မဆောင်ခဲ့တဲ့ ပြယုဂ်တခုပါ။”
            အဲဒီအချိန်က “ပေါ်လစီချမှတ်သူ”တွေက နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ ဂျီနီဗာကွန်ဗားရှင်းတို့၊ ပီအိုဒဗလျူအပေါ် သဘောထား တို့ဆိုတာတွေဘေးချိတ်ထားပြီး “ဗမာ့နည်း ဗမာ့ဟန်”နဲ့သဘောထားပေးခဲ့တာပါ။ “အကျဉ်းထဲရောက်လာတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူတွေဟာ တိုင်းပြည်ရဲ့ ဆူးညှောင့်ခလုတ်တွေ” လို့ပဲပြောခဲ့ပါတယ်။
            အဲဒါကို မကောင်အထည်ဖေါ်ရတဲ့ ထောင်မှူး၊ ထောင်ကြပ်ဆိုတဲ့ ၀န်ထမ်းတွေထဲမှာ မလုပ်မရှုပ်မပြုတ် ဆိုသူတွေပါသလို၊ တော်တော်များများကတော့ “အာဏာပြရတာ၊ ဟိန်းဟောက်ရတာ”ကို အရသာတွေ့လာသူတွေလဲရှိပါတယ်။ တကယ်ကတော့ အခွင့်ကြုံ ရင်ရာထူးလေးတိုး၊ မြိုးမြိုးမြက်မြက်ကလေးရမလားလို့ မျှော်လင့်ရင်း “လုပ်ပြ”ကြသူတွေလဲရှိပါတယ်။ တချို့ဆိုရင် တော်တော်မိုက်ရိုင်း တဲ့ အပြုအမှုတွေလုပ်ကြတဲ့ ၀န်ထမ်းတွေတောင်တွေ့ဖူးခဲ့ပါတယ်။
            အမှတ်တရကိစ္စကလေးတခုကျနော် ပြောချင်တယ်။ သူ့နာမည်ကို “ဖိုးကြွား” လို့ ဆိုကြပါစို့ရဲ့၊ ပုဂ္ဂလဒိဌာန်သဘော။ လူပုဂ္ဂိုလ် တစ်ဦးကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိတဲ့အတွက် နံမည်ရင်းကိုတော့ မပြောတော့ပါဖူး။ ဖိုးကြွားဟာဝါဒါလေးပါ။ အတော်ငယ်ပါသေးတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူက “ဗူး”သွင်းထားတယ် မဆိုနိုင်ဖူး၊ တိုက်တန်းတလျှောက်ဆဲတာ၊ ဟိန်းဟောက်တာ၊ ရိုင်းပြတာကတော့ တော်တော်ရင့်ပါတယ်။
            ဟိုဘက်ခန်းကို လှမ်းစကားပြောတဲ့အတွက် ကျနော့်ကို တိုက်ပိတ် လုံးတီးကျွေး၊ ဆေးလိပ်မီးဖြတ်လုပ်ခံရတဲ့တခါကပါ။ ထမင်းထိုးတဲ့ ထောင်ကျ အပြာဝတ်က ကျနော်ကို ထမင်းဖြူနဲ့ ပဲဟင်းပေးသွားတဲ့အတွက် ကျနော်ထမင်းစားနေတုံးမှာ ဖိုးကြွားနဲ့ ဘီစီ (ဒါလဲနာမည်ပြောင်ပါ) ရောက်လာပါတယ်။ ကျနော့်လက်ထဲက ထမင်းဖြူ ပန်းကန်ကို အဓမ္မတောင်းယူပြီး သွန်ပစ်လိုက်ပါတယ်။ အတော်ကို ကြီးမားတဲ့ အပြစ်တခုကျူးလွန် ထားတဲ့ အနေအထားနဲ့ ကျနော့ကို အဲဒီဝါဒါ နှစ်ယောက်စလုံးက ဆဲကြပါတယ်။ ဖိုးကြွားကတော့ သုန်မှုန်နေတဲ့ မျက်နှာထားနဲ့အတော်ရိုင်းပျတာပါ။ အသားတွေတဆတ်ဆတ်တုန်လာနေပေမဲ့ ကျနောက သော့ပိတ်ခံ ထားရတဲ့ အတွင်းကဆိုတော့ ဘာမှလုပ်လို့မရပါဘူး။ အကယ်၍သာ လွင်ပြင်တစ်ခုမှာဆိုရင်…..။
            “ကျုပ်က ပုခုံးပေါ်မှာ အပွင့်မရှိသေးလို့၊ ရှိများလာခဲ့ရင်တော့ ခင်ဗျားတို့လိုကောင်တွေ သေသွားတောင် သောက်ဂရုစိုက် စရာရှိဖူး မကြေနပ်ရင် မျက်နှာသေချာကြည့်ထား”
            ကျနော် မှတ်မိနေသေးတဲ့ စကားတွေပါ။ ကိုယ်စိတ်ကိုယ်ငြိမ်သွားအောင် နှစ်ရက်လောက်ပြန်ကြိုးစားရပါတယ်။ ဒါပေမယ့် မေ့လို့တော့မရခဲ့ပါဖူး။ အာဃာတ သဘောမရှိတော့ပေမဲ့ “စွဲ” ကျန်သွားတာတော့ အမှန်ပါ။
            ကိုကိုးကျွန်းကိုရောက်လာတော့ ရှေးရှေးက ကျနော်ပြောပြခဲ့ဖူးသလို၊ ကြပ်နိုင်သမျှကြပ်ထားတာတွေဟာ အခြေအနေ အရကိုလုပ်လို့မရတော့ပါဖူး။ ထောင်ဝန်ထမ်းတွေဟာ (ထောင်ပိုင်ကနေ ၀ါဒါအထိ) ကုန်းမြင့်ကလေးပေါ်က သူတို့ရုံးခန်းနဲ့ “ကင်းဘုတ်”ထဲမှာပဲအနေများပါတယ်။ကိစ္စအထူးမရှိရင်မြင်ရခဲပါတယ်။ကျနော်တို့မှာတော့ အိုခီးယားနိုးပရော့စ်သင်္ဘောပျက်ကြီးက သံတွေနဲ့ လုပ်တဲ့ဒါးတွေ တန်ဆာပလာတွေရှိလာပါတယ်။
            ခရုရှာ၊ ငါးရှာ၊ လိပ်ရှာဖို့အတွက်လဲ ခပ်လှမ်းလှမ်းတမိုင်နှစ်မိုင်အထိသွားကြလာကြပါတယ်။ ၀ါဒါတွေလဲ သူတို့နည်းသူတို့ပုံစံနဲ့ ကျနော်တို့ဘက်ကျွန်းအခြမ်းမှာ မဟုတ်ပဲ ငါးရှာ၊ ဖားရှာလုပ်ကြတယ်လို့သိရပါတယ်။
            တစ်နေ့တော့ကျနော်ရယ်၊ ရဲဘော်အုန်းမောင်(ပုဇွန်တောင်)ရယ်။ ရဲဘော်ထွန်းဝင်း (လေတပ်)ရယ် ကျွန်းအလယ်ဘက်ဆီကနေ စခန်းဘက်ပြန်လာခဲ့ကြပါတယ်။ ကျောက်ခမောက်လို့ခေါ်တဲ့ ခရုသွားခွာပြီး ပြန်လာကြတာပါ။ ကျနော်တို့လက်ထဲမှာ ကျွန်းဖြစ် ဒါးကိုယ်စီနဲ့ပါ။ ကျွန်းဖြစ်ဒါးတွေ အားလုံးဟာ သံလျက်ပုံ အချွန်တွေဖြစ်ပါတယ်။ ဒါးမလို ထိပ်တုံးတုံးတွေမဟုတ်ပါဘူး။ မြင်သာ အောင်ပြောတာပါ။
            ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်ကလာနေတဲ့လူနှစ်ယောက်ကိုတွေ့ရပါတယ်။ ကာကီဘောင်းဘီခပ်နွမ်းနွမ်းတွေနဲ့ဆိုတော့ ၀ါဒါတွေမှန်း သိသာပါတယ်။ အနားရောက်လာတော့တစ်ယောက်က လားလား၊ ဖိုးကြွား။
            ကျနော်တို့ထဲက ရဲဘော်အုန်းမောင်က အနောက်သန်ပါတယ်။ သူက ရုတ်တရက်ဒါးကို မြှောက်လိုက်ပြီး။ “ကိုဖိုးကြွား… .နေကောင်းတယ်နော်”လို့ နှုတ်ဆက်လိုက်ပါတယ်။ ကျနော်တို့ နှစ်ယောက်ကတော့ဘာမှ မပြောဖြစ်ပါဖူး။
            အဲဒီနှုတ်ဆက်သံလည်းကြားရော ဖိုးကြွားပုခုံးပေါ်ထမ်းထားတဲ့ ငါးမျှားတံပြုတ်ကျသွားပါတယ်။ သူ့မျက်နှာပေါ်မှာ ပေါ်လာတဲ့ အရိပ်အရောင်က “ဇီးရွက်လောက်ငယ်သွားတဲ့မျက်နှာမျိုး”ပါ။ အခုပဲ သေမင်းနဲ့ တွေ့ရတဲ့မျက်နှာမျိုး”ပါ။ အခုပဲသေမင်းနဲ့ တွေ့ရတဲ့ မျက်နှာမျိုး၊ အုန်းမောင်က လက်ထဲက ဒါးကိုခါးထဲထိုးလိုက်ပါတယ်။ အဲသည်တော့မှ မျက်စိပျက်မျက်နှာပျက်နဲ့ “ငကြွား”ဟာ တစ်လှမ်း၊ နှစ်လှမ်းကျနော်တို့ကိုကျော်သွားပြီး လှည့်မကြည့်တမ်းထွက်ပြေးပါတော့တယ်။ နောင်လဲ ကျနော်တို့ ပြန်လာတဲ့အထိ သူ့ကိုမတွေ့ ရတော့ပါဘူး။
            ကျနော်ကတော့ ရီလဲရီစရာကောင်း၊ တရားရစရာလဲကောင်းတဲ့ အဲဒီအဖြစ်ကလေးကို မမေ့နိုင်တော့ပါဖူး။

မြင့်ဦးသစ်

အိမ်သာဘု

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အိမ်သာဘု
          မောင်ဒေါ၏ ယောက္ခမကြီးကား ကရင် အမျိုးသမီးကြီးတစ်ဦးဖြစ်၏။ ၁၉၄၈ ကာလမှာ သည် ၁၉၅၅ လောက်ဆီအထိ မောင်ဒေါ တို့ နယ်ဘက်၌ နာမည်ကြီးလှသော ကေအင်ဒီအိုဗိုလ်များဖြစ်သည့် ဗိုလ်ကျန်၊ ဗိုလ်ရွှေကူး၊ ဗိုလ်မန်းတင်၊ ဗိုလ်ဖုန်းမိုစသူ တို့အထဲမှ ဗိုလ် ရွှေကူးနှင့်၊ ဗိုလ်ဖုန်းမိုးတို့၏ ညီမ၀မ်းကွဲလည်းတော်ပါ၏။ သို့သော်ညား ထိုပုဂ္ဂိုလ်တွေ တဒိုင်းဒိုင်း တဖောင်းဖောင်း ဆော်ပလော်တီး နေကြချိန်၌ မောင်ဒေါ၏ ယောက္ခမကြီးကား ဆော်တဲ့တီးတဲ့အထဲ မပါ အားရှာ၊ လယ်သူမကြီးအဖြစ် ၀မ်းကျောင်းနေရဆဲဖြစ်ပါ၏။ အလွန် ရိုးသားလှသော ထို ကရင်အမျိုးသမီးကြီးသည် သူ့မောင်၊ သူ့အစ်ကိုများအား “နင်တို့ပစ်တာတွေကလဲဝေ၊ ငါ့အိမ်ရှေ့က အုန်းသီးတွေ တော့ ကုန်ပြီဟဲ့ ရွှေကူးရဲ့” ဟု ပြောသူလည်းဖြစ်ပါ၏။
            “ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေဇာပင်ဖြစ်ရသည်”ဟု ဝေဆာတင်စား သွယ်ဝိုက်ပါးနပ်စွာ ပြောဆိုလေ့မရှိ။ သေနတ်တွေ  ပစ်ရင်း မိုးပေါ်ထောင်ထောင်သွားသဖြင့် အုန်းသီးတွေကို မှန်ပြီး ကြွေကျလာသည်ကို သူမြင်သည့် အတိုင်းဆိုခဲ့တာသာဖြစ်ပါ၏။
            သူ၏ သမီးမောင်ဒေါ၏ မဟေသီ၊ ဒါတင်စရီလေဒီရှောက်ကျင်းတန်ငယ်စဉ်က ရန်ကုန်ကိုလာလာပြီး အလုပ်တွေလျှောက်၊ အင်တာဗျူး တွေဝင်သည်ကိုလည်း မှတ်မှတ်သားသား စကားတခွန်းချွေဖူးပါ၏။ ဟဲ့…..အပို့လေး နင့်မှာလဲ ခဏခဏ အဲဒီအိမ်သာဘု တွေ သွားသွားနေရတာပဲဟဲ့၊ ဘာအလုပ်မှလဲ သေသေချာချာမရဖူး ဟူ၍ဖြစ်၏။ မောင်ဒေါကတော့ အနှီ “အိမ်သာဘု” ဆိုသည့် “ဗော်ကယ်ဗျူလာ”ကို အလွန်စိတ်ဝင်စားစွာ အမှတ်ပြုမိလိုက်ပါ၏။ ဤကား နိဒါန်းပါဗျား၊ မောင်ဒေါတကိုယ်တည်း အနေဖြင့် “အိမ်သာ ဘု”တွေကို စိတ်မ၀င်စားလှပါ။ သို့သော်လည်းပေါ့လေ……….အည်းပေါ့လေ မကြာမကြာ ချူရန်  -တီးရန်  - အချွန်နဲ့ မရန်  -မြှောက်သ လိုနှင့် နင်းရန် “အိမ်သာဘု” သမားများ လာလေ့မေးလေ့ရှိပါ၏။ မောင်ဒေါကား တကယ်တော့ ဘာ “အကောင်”မှ မဟုတ်၊ သို့ညား ဘာတွေကြား ဘာတွေသိပြီး လာကလိကြသည်ကိုမူ မောင်ဒေါ၏ ဉာဏ်တထွာ တမိုက်မျှဖြင့် မမီပါ။
            ယခုလည်း မောင်ဒေါထံ “လျှောက်လောင်တို” ဂျာနယ်မှ “သတင်းထောက် ဒီတာ” (သတင်းထောက်+အယ်ဒီတာ) “မောင်ရွှေဖွ” ရောက်ရှိလာပြီး ဟိုကိစ္စ ဒီကိစ္စ အနှီကိစ္စတွေကို “ဖွ”ဖို့ အဲလေယောင်လို့ “သဘောထားရယူဖို့” ရောက်ရှိလာပါ၏။ ထုံးစံအတိုင်း ခပ်စုတ်စုတ် ဗီဒီအို ကင်မရာကို “ထောက်”ထောက်ရင်း အိတ်ထဲက “နုတ်တ ဘုတ်” ကိုထုတ်ကာ ဟိုအရက်ကုမ္ပဏီက အလကားပေးထားသည့် “ဘောပင်”ကိုထုတ်ပြီး “လယ်ဒီ ၀မ်း တူး ရီး ဂလို တက်စတင် ကတ်” တွေလုပ်ပါ၏။ ပြီးမှ မေးခွန်းတွေစပါ၏။
            “ဆရာကြီးဒေါခင်ဗျာ” ဆရာဒေါကကုလမေတ္တာရပ်ခံရေးသမဂ္ဂကြီးပင်လျှင် အသိအမှတ်ပြုထားရတဲ့ သံတမန်ကြီးလို့သိထား ရပါတယ်။ အဲဒါ ဘယ်တုံးက ဘယ်လိုဖြစ်သွားတာပါလဲခင်ဗျာ”
            မောင်ဒေါကား အဲဒီ “ကုလကြီး” ဝေးလို့ ရပ်ကွက်ထဲက ဓမ္မာရုံမှာတောင် ဆယ်ဖို့တဖို့စား အကျိုးဆောင်မလုပ်ဖူး။ ဒီ“ငဖွ” ဘာတွေလာချလောင်နေပါလိမ့်ဟု တွေးမိ၏။ ဒါပေမယ့်…..မောင်ဒေါလေ……ဟန်ကိုယ်ဖို့ပဲပေါ့။
            “အော်…..ဒါလား….အမှန်ကတော့ ဟိုကိုဖီအာမွှေးဆိုလား ကိုဖီအာနန် ဆိုလား….အဲဒီမောင်ပါကွယ်……ဆရာ့ဆီလာပြီး ဆရာမှ မကယ်ရင်သေဖွယ်ရာသာရှိတယ်…….” အာဖရိကားသွားပေးပါဦးလို့တောင်းပန်တာပါ…………ဒါပေမဲ့ မလုပ်ဖြစ်ပါဖူး၊ ဟ………ဒါက ရုပ်ရှင်မင်းသားလောက် အဆိုတော်လောက် လုပ်ကြတာလေ………… ဆရာ့ အရှိန်အ၀ါနဲ့ မဖြစ်ပါဖူးကွယ်လို့ ငြင်းလိုက်ပါတယ်။
            “အဲ………..ဂလိုကိုး………….ကျနော်အမှတ်မှားသွားလို့ပါ………ဆရာကြီးဒေါကို မလေးမစားဖြစ်သွားရင် တိုးလျှိုးပါတယ်ခည”
            “ကိစ္စနမရှိဖူးလကွယ်။ အရှေ့ အလယ်ပိုင်းက - ဖအေ မနိုင်ကောင်တွေတောင် ငါမနိုင်တာပဲလဟဲ့……..ရှိစေ ရှိစေ”
            “အစောက မေးခွန်းနဲ့တော့ မဆိုင်ပါဖူး ဆရာကြီးဒေါ ခင်ဗျား………ဒါပေမယ့် သားတို့က လူငယ်တွေဆိုတော့ စာနယ်ဇင်း ကျင့်ဝတ်ဆိုတာလေးသိချင်ပါတယ်”
            “အိမ်း……ဒါလဲလူပြောသူပြောအတော်များသကို့ကွဲ့၊ ဆရာ့အမြင်ကတော့ “ကျင့်” ပြီး “၀တ်” ရတာကို “ကျင့်ဝတ်”လို့ခေါ် သပေါ့ကွာ တနည်းအားဖြင့်တော့ ကိုယ်နဲ့မရင်းနှီးသေးတဲ့ အ၀တ်အစားမျိုးပေါ့”
            “မှတ်သားထိုက်ပါပေတယ် ဆရာကြီးဒေါခင်ဗျား။ နောက်မေးခွန်းတခုကတော့ ဥပဒေအကြောင်းပါ။ ဥပဒေကို ဘယ်သူက တီထွင်ခဲ့ပါသလဲခင်ဗျာ။ သားတို့လဲ ဥပဒေတွေကြားရလွန်းလို့ ကြည်ညိုချင်လို့ပါ”
            “အော…….ဥပဒေ………..ဟုတ်စ ဟကောင်လေးရ “ဥပဒေ”ဆိုတာ လက်အငြိမ်မနေနိုင်တဲ့လူတွေက လက်အငြိမ်မနေနိုင် သူတွေအတွက် ဦးနှောက်အငြိမ်မနေ စဉ်းစားရေးသားခဲ့ချက်တွေပေါ့ကွယ်
            “အား………ရင်ထဲသိမ်းဆည်းထားရမယ့် မိန့်ချွေခြင်းပါပဲ ဆရာကြီးဒေါခင်ဗျး။ ဒါကြောင့်လဲ ဆရာကြီးဟာ မရမ်းကုန်းမှာ ကျော်ကြားပေတာပဲ”
            “အေး……..ကျော်ကြားတယ်ဆို တာ “ကျော်” လိုက်ရင် ညှော်သကိုးမောင်ရ အဲဒီတော့ “ကြား”ရတော့တာပေါ့ ဆဲသံတွေ”
            “ဟုတ်ကဲ့ ဘေးရောက်သွားပါဦးမယ် ဆရာကြီးဒေါခင်ညာ။ အခုကျနော်တို့နိုင်ငံမှာ လူဦးရေ သန်း၆၀လောက်ရှိမယ်လို့ တိတ်တိတ်ပုန်းသတင်းတွေကဆိုပါတယ်။ ဒါပေမယ့် ဂျာနယ် မဂ္ဂဇင်းတွေ စောင်ရေသောင်းဂဏန်းအထက် ကြာကြာမနေနိုင်ကြပါဖူး။ အဲဒါကို ဆြာကြီးရဲ့ အမြင်လေး”
            “ဟဲ့ ရွှေဖွ၊ ငွေဖွ၊ ပတ္တမြားဖွရဲ့၊ ရှားပါးခြင်းဟာ တန်ဖိုးလေကွဲ့၊ စောင်ရေနည်းလေ၊ ကောင်းလေပေါ့၊ ရှာမရလေ - ရှားပါးပစ္စည်း ဖြစ်လေ တန်ဖိုးပိုတက်လေဆိုတာ မောင်ရင်မသိလေရော့သလားကွယ်”
            “ဟုတ် ခင်ည…….တော်တော်စီးပိုင်တဲ့ ဓညင်းသီးက အဖေခေါ်ရမဲ့အတွေးအခေါ်ပါပဲ ခင်ည၊ တဆက်ထဲပဲမေးပါရစေ ခင်ည၊ အခုကျနော်တို့ဗမာပြည်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူဆိုသူတွေက ရေးတဲ့ စာအုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီး ဆရာကြီးဘာများ ပြောလိုပါသလဲ”
            “အာဟ……….ဟို အိတ်စပတ်ဆိုတဲ့ ငတိတွေလား၊ သူရို့ စာအုပ်တွေကို တစ်ယောက်ယောက်က အလကားပေးရင်တော့ အားနာပါးနာနဲ့ ဆရာလက်ခံလိုက်ပါတယ်။ မာတိကာစာရွက်ရယ်၊ အလယ်ကောင်စာမျက်နှာရယ်၊ နောက်ဆုံး ပိတ်စာမျက်နှာရယ်ကို မြည်းကြည့်ပြီးတော့ အဲဒီစာအုပ်ကို “အိမ်သာလိုင်စင်” ပေးလိုက်ပါတယ်။ ဗမာပြည်ပေါ်က လေယာဉ်ပျံ ဖြတ်စီးဖူးရင်ပဲ အိတ်စပတ်ဖြစ် သွားတဲ့ ငတိတွေကလဲများသားကလား……ငှဲ………ငှဲ……..ငှဲ”
            “နောက်တခုက …….ပါပါရာဇီတွေနဲ့ ရဲလိုးဂျာနယ်လစ်ဇင်ဆိုတာ ပြောကြ ဆိုကြတာတွေလဲကြားရပါတယ် ဆြာကြီး၊ အဲဒါတွေ အပေါ် ဆြာကြီးရဲ့ အယူအဆက ဘယ်လိုရှိ…..ဟိ…..ဟိ”
            “မင်းတော်တော် မှုတ်ချင်တဲ့ ငတပဲကိုးကွဲ့၊ ပါပါရာဇီဆိုတာ ဆင်မလိုက်က ၀က်သိုးသင်းတဲ့ ၀က်သတ်သမားကိုခေါ်တာ။ ရဲလိုးဂျာနယ်လစ်ဇင်ဆိုတာကတော့ အ၀ှာကို အ၀ှာပြုပြီး အ၀ှာလစ်ဇင်ကိုခေါ်တာပေါ့လဟဲ့”
            “ဟုတ်ကဲ့……….ဟုတ်ကဲ့……..ရှင်းသွား ပါပြီခင်ဗျာ။ ဆရာကြီးလို “ဟဗုသုတ” ပြည့်စုံတဲ့ ပုဂ္ဂိုလ်တဦးကို မေးမြန်းခွင့်ရတဲ့ အတွက် မင်္ဂလာ့ မင်္ဂလာ………..မင်္ဂလာတပါးပဲပဲ”  “အေး  အေး………နောက်လဲမေးချင်းမြန်းချင်တာရှိရင်လာပေါ့ကွဲ”
            “နောက်ဆုံးမေးခွန်းကလေးမေးခွင့်ပြုပါဆြာကြီး၊ အဲဒါကတော့ ဆရာကြီးအနေနဲ့ ကျနော့အပေါ်ဘယ်လိုမြင်ပါသလဲ။ အားမနာပါနဲ့ခင်ဗျ၊ ပွင့်လင်းမြင်သာစွာပြောနိုင်ပါတယ်ခင်ဗျ”
            “အော်ဒါလား - လူတစ်ကောင်လို့ပဲမြင်ပါတယ်။ ကင်မရာ အစုတ်တစ်လုံး ရီကော်ဒါ ဟန်ပြ တစ်လုံးနဲ့ မျက်စိနောက်အောင် လုပ်တတ်တဲ့ အားမနာ၊ လျှာမကျိုး ငတိလေးတစ်ကောင်လို့ပဲမြင်ပါတယ်”
            “ငုတ်ကဲ့…….ကျေးဇူးပါပဲခင်ဗျာ………………နောက်ဆုံးစာဖတ်သူများဘယ်လို မတ်ဆိတ်များပေးချင်ပါသေးသလဲ”
            ဘဦးရေကူးနေသည်။ ဆေးကု၍ မရပါ။ ငါ၏ဒူးနာ၏။ အမေဈေးကပြန်လာပြီ” ဆိုတာလေးပါပဲ။
            ဤတွင် မောင်ရွှေဖွ ပြန်ကြွချေ၏။ မောင်ဒေါလဲ ချောက်တလွဲတွေ အတင်းတွေထုတ်လိုက်ရသဖြင့် အရသာရှိသွားပါ၏။ မောင်ဒေါရဲ့ လေဒီဒေါကတော့ ပြောတာပဲ “လောကမှာ သရက်သီးထက်ပိုချိုတာက အတင်းပဲ” ဆိုကိုး
            မတော်မဆ တိုက်ဆိုင်သည်ဆိုညားအံ့၊ ဆော်တီးပါ။


ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

Tuesday, December 4, 2012

အကြပ်ပိတ်မှ အကျယ်ဖွင့်သို့

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အကြပ်ပိတ်မှ အကျယ်ဖွင့်သို့
            မြို့ထဲ ဟိုနား ဒီနားသွားဖို့အတွက် ဘတ်စကားနှင့် မောင်ဒေါသိပ်ပြီး ကီးမကိုက်လှပါ။ အဟမ်း။ အချက်တစ် ကတော့ စပယ်ယာ အများစု၏ မျက်နှာနှင့် ဆက်ဆံရေးကြောင့် ဖြစ်ပါ၏။ အချက်နှစ်ကတော့ မောင်ဒေါတွင် လူအုပ်နဲ့ဓါတ်မတဲ့သော “အလာဂျီ” တမျိုးဖြစ်သည့် နှာချေရောဂါရှိပါ၏။ ပဲလင်းမြွေသီး အစာသွပ်ထားသလို ကြပ်နေသော ဘတ်စ်ကားစီးသူများ အကြားတွင် နှာရည်တရွှဲရွှဲနှင့် နှာချီနေရခြင်းကား အတော်ကသိကအောက်ဖြစ်စေပါ၏။
            အ၀ှာ ကျယ်သည့်အတွက် ပရာဒိုတို့ လဲန်ခရူဆာတို့စီးနေသူတို့ ပြောနည်းဖြစ်သည့် “ကိုယ်တို့ကတော့ ဘတ်စ်ကားစီးလို့ မရဖူး” ဆိုသည့် စကားနှင့် ထပ်သွားခြင်းပါ။ သေချာပါ၏။ “လူထုထဲတွင်နေသော မောင်ဒေါသည် လူထုထဲက မောင်ဒေါမျှသာပါ။
            သည်တော့ မောင်ဒေါရထားစီးပါ၏။ မောင်ဒေါအတွက် လူထုအတွေ့အကြုံ များစွာ ရစေသည့် အပြင် အစာသွပ် ပဲလင်းမြွေသီးထက်တော့ ချောင်သေးသဖြင့် ရထားသည် မောင်ဒေါ၏ စီးတော်ယာဉ်ဖြစ်လာပါ၏။ ဒါပေမယ့်ပေါ့ခင်ဗျာ၊ အိမ်ကပါလီမန်က ကန့်ကွက်ပါ၏။ ကန့်ကွက်တာတွေကလဲ မှားလွန်းသည်မဟုတ်သည်မို့ လိုက်လျောရပြန်ပါ၏။ ရထားအတက်အဆင်းနဲ့ ရထားရပ်ချိန်ကို ထောက်ပြကန့်ကွက်ကြခြင်းဖြစ်ပါ၏။ ပလက်ဖောင်းနှင့် ရထားဝင်ပေါက်၊ ဘူတာတစ်ခုမှာ ရပ်နားချိန်တွေကလည်း ဒူဘိုင်းတို့ စင်ကာပူတို့က အမ်အာရ်တီတွေလို မဟုတ်သေးပေကိုး။
            ကဲ……ဒီတော့ မောင်ဒေါဂျပန်ဘီးကလေးတစ်စီးနှင့် လိမ့်ပါ၏။ ထိုက်သလောက်တော့လဲ အဆင်ပြေသား။ မောင်ဒေါရဲ့အမွှာ ချစ်ဖူးကြီးကတောင် “ဘီးကလေးကိုစီးပြီး” ဘာညာနဲ့ ရေးသေးတာကိုး။ ဒါပေမယ့် အင့်ပေါ့လေ……တစ်ခါသားတော့ တစ်သက်မှာ မလဲစဖူး၊ မောင်ဒေါစက်ဘီးပေါ်မှ ပစ်ကျပြီးလဲဖူးသွား၏။ နဲနဲမူးသွားတာမို့ဖြစ်၏။ ဒီမှာ သားတော်မောင် အငယ်ဆုံးကောင်က စက်ဘီးကိစ္စကို ကန့်ကွက်လွှာ တင်ပါ၏။ အဆိုတင်၊ ထောက်ခံ၊ ကန့်ကွက်၊ ရုပ်သိမ်း၊ မဲခွဲနှင့် နောက်ဆုံးတော့ “မော်တာ စက်ဘီး” စီးနင်းရန် သဘောတူလိုက်ကြပါ၏။
            အားစိုက်နင်းစရာမလိုသော မော်တာစက်ဘီးနှင့် မောင်ဒေါ သဟဇာတဖြစ်လှပါ၏။ မောင်ဒေါနေသည့် မရမ်းကုန်း၊ ကျောက်ရေတွင်းမှသည် မောင်ဒေါ၏ သားသမီးတ၀မ်းကွဲများကို စာသင်ပေးနေသည့် ဘုန်းတော်ကြီးကျောင်း တည်ရှိရာ မြောက်ဥက္ကလာ၊ ခြောက်ကွေ့သည် မောင်ဒေါ၏ “မော်တာစက်ဘီး”သုံးသော ခရီးဖြစ်ပါ၏။ မနီးလွန်း၊ မဝေးလွန်း၊ လူမမောလွန်းသော အခြေအနေ သင့်တင့်လျောက်ပတ်မှုလည်းရှိပါ၏။
            အိုကေ၊ ဘာလိုသေးသနည်း၊ စိုပြေနေပြီး၊ လန်းနေပြီး ဆိုစရာရှိပါ၏။ သို့သော်၊ သို့ပေမဲ့။ သို့တစေ……ဟေ….ဟေ ပေါ့လေ။
            တစ်နေ့တ၌ မောင်ဒေါ၏ အန္တေ၀ါသိကကြီးတစ်ဦး ရောက်လာ၏။ သူကလည်း “မော်တာစက်ဘီး” စီးနေသူဖြစ်၏။ ယင်းနေ့က သူတော့ မော်တာစက်ဘီးမပါ။ ထိုအကြောင်းချင်းတကို မောင်ဒေါအား ရှင်းပြပြောဆိုပါ၏။ ချုပ်လိုက်ရင်တော့ဗျာ၊ သူ့“မော်တာစက်ဘီး”ကို ဖမ်းခံရသည့်အကြောင်း၊ ပြန်လည်ရွေးယူရဦးမည့် အကြောင်းတွေကို သွန်ချပြပါ၏။
            မောင်ဒေါ စည်ပိုင်းခါသွား၏။ ဟိုဘက်၊ ဒီဘက်၊ တောင်ဘက်၊ မြောက်ဘက်၊တွေအစုံ မောင်ဒေါတွေးကြည့်ပါ၏။
            “မဟာရန်ကုန် ဧရိယာအတွင်း မော်တော်ဆိုင်ကယ် စီးနင်း ခွင့်မပြု”ဆိုသော ပညတ်တော်ပေါ်လာခဲ့သည့် အချိန်မှစ၍ ကွိစိကွစ ပြဿနာကလေး အတော်များများရှိခဲ့ပြီကို ညင်းနိုင်ဖွယ်မမြင်ပါ။ ဘာကြောင့် မစီးစေရသနည်း။ ကမ္ဘာပေါ်က မည်သည့်ဒေသတွင်စခဲ့သော စည်းကမ်းပါနည်း။ စီးသူတွေကို အန္တရာယ်ကြီးလွန်းသဖြင့် ပိတ်ပင်ခြင်းဖြစ်ပါသလား၊ မြန်မာပြည်မှာ စွမ်းအင်လောင်စာ ချွေတာရေးအတွက် ဖြစ်ပါသလား၊ ဖြစ်လျှင်ကော အမှန်တကယ် ထိရောက်ရဲ့လား “ဆိုင်ကယ်တွေ စီးခွင့်မရှိသည့်အတွက် လမ်းတွေပေါ်မှာကော ရှင်းလင်းသွားပါပြီး”၊ “လမ်းပန်းလုံခြုံချောမွေ့မှုဆိုသည် စံကိုရော ထိရောက်ပါရဲ့လား” မောင်ဒေါရဲ့ စည်ပိုင်းထဲမှာ ဂလုံဂလွမ်းမြည်နေသော အတွေးများပါ။
            မောင်ဒေါ စည်ပိုင်းကို သွက်လက်လာအောင် အတွေးအင်ဂျင်ဝိုင်တွေ၊ အတွေးဘရိတ်ဆီတွေ ဖြည့်နေတုံးမှာပင် အိမ်ရှေ့က စူပါကပ်ဆိုင်ကယ်တစင်းဖြတ်သွား၏။ မောင်းသူအပါအ၀င် လေးယောက်။ ဆိုင်ကယ်မှာ ဘာနံပါတ်မှမရှိ၊ ဗြောင်စီးနင်းနေသော “၀စ်သောက်”ဆိုင်ကယ်။ အဲဒီနှစ်ဘီးကလေးကို မောင်ဒေါငေးနေမိတုန်းခြံထဲကို ဆိုင်ကယ်ကလေး တစ်စီးဝင်လာပါ၏။ နံပတ်ပြားမပါ၊ စီးလာသူက မောင်ဒေါဆီမှာ ဘာသာ စကားအတိုအထွာတွေ လာသင်နေသည့် ရဲကလေး။ အမယ်….သူက ဆိုင်ကယ်စီး ဦးထုပ်တောင်မပါ။
            မောင်ဒေါလမ်းထိပ်ကို ထွက်လာတော့ တရုတ်ဆိုင်ကယ်တွေ တန်းစီရပ်ထားတာတွေ့ပါ၏။ ရှစ်စီးခန့်ရှိမည်ထင်၏။ တစ်စီးမျှနံပတ်မရှိ၊ အကုန်လုံး “၀စ်သောက်“တွေချည်းဖြစ်၏။ သူတို့ကို ဟိုလမ်းဆုံ၊ သည်လမ်းဆုံတွေမှာ တွေ့ရတတ်၏။ ဆိုင်ကယ်ကယ်ရီဟု ခေါ်ကြ၏။ ဟိုနား ဒီနား ငါးရာတစ်ထောင်။ ထိုက်သလောက်လည်း အလုပ်ဖြစ်ကြပုံရ၏။ သူတို့အနားတွင် မော်တော် ပီကယ်လေးတယောက်ကိုလည်း “မျက်နှာ ငွေလ၊ ရွှင်ပပ” နှင့် တွေ့ရ၏။ ဆိုလိုသည်က သူလဲသူ့တာဝန်ချိန်အပလာရောက် လည်ပတ်နေပုံပဲဖြစ်၏။ ကဲ……….သည်လိုဆိုလျှင်…မောင်ဒေါဆက်စဉ်းစားပါ၏။
            တဖက်မှာ သည်နည်းသည်ပုံဖြိုးစည်နေသလို ဘယ်နေရာမှာတော့ ဆိုင်ကယ်တွေ လှည့်ကင်းက ဖမ်းသွား၊ သိမ်းသွားပြီဆိုတာတွေလဲ ကြားနေရပါ၏။ တခါတလေများ “စီမံချက်” ဆိုတာပင် ကြားလိုက်ရပါသေး။
            သည်မှာ ရှေ့ကပြောခဲ့သည့်ကိစ္စပြန်ကောက်ပါရစေ။ မော်တော်ဆိုင်ကယ်တရားဝင် စီးနင်းခွင့်မရှိတော့ပြီဆိုကထဲက “ စည်းမျဉ်းကိုက်ညီ၊ ဘေးကင်းသည်”ဆိုပြီး မော်ဒေါတယောက် ဆိုင်ကယ်ကို မခွတာကြာပါပြီ။ ယခုတော့ အကြောင်း အခွင့်ကြုံသဖြင့် ဒေါမောင်မောင် “မော်တာစက်ဘီး” စီးဖြစ်ပါ၏။
            ပြဿနာကတော့ “မော်တာစက်ဘီးသည်” “မော်တော်ဆိုင်ကယ်” ဖြစ်မဖြစ် ကိစ္စကြီးဖြစ်လာပါ၏။ “ဥပဒေဘောင်တွင်း၊ နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ၊ အလွန်ချမ်းသာ” ဆိုသကိုးဗျ၊ ဥပဒေမဲ့မဖြစ်လိုသော မောင်ဒေါ၊ အထက်ကလို မော်တာစက်ဘီးကိုပါ သိမ်းနေသည်ဆိုသည့်အတွက် ရဲရဲမစီးရဲ၊ ကျီးကန်းတောင်းမှောက်စီးရပါ၏။ ချောင်ကြိုချောင်ကြားမှာ မှောင်ခိုမောင်ဖျား ဖြစ်နေခဲ့ပါ၏။
            ရှေးအတီတေ၊ ပုဂံပြေ (အဲလေ…..ဟုတ်ပေါင်) ကျုပ်တို့ပြည်၌ မှောင်ခိုခေတ်ကြီး တစ်ခေတ်ထွန်းကားခဲ့ပါ၏။ ရှေးအတီတေဆိုတော့ ကြာပေါ့ခင်ဗျာ။ ထိုင်းဘက်က၊ ဘင်္ဂလားဘက်က၊ တမူး မိုရေးဘက်က မှောင်ခိုပစ္စည်းတွေ ဗြောင်ဝင်၊ ကြီးပွား အီးထွားသူတွေလည်း ထွားကြ၊ သေသူသေ ကြေသူကြေဖြစ်တာလဲဖြစ် တော်ရုံတန်ရုံ လူသုံးရော ခွေးသုံးပစ္စည်းပါ ဈေးကြီး၊ ခေါက်ထီးကလေး မလုံတလုံမို့ ပြဿနာစုံခဲ့ပါ၏။ ဟော နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖွင့် ကုန်စည်တွေစီးဆင်းလာတော့၊ “၀ါးတားဂိတ်” ကိစ္စတွေလဲလျော့တန်တာလျော့၊ ပျော့တန်သလောက်ပျော့။ မကျေသေးတဲ့အခဲလေးတွေရှိသေးပေမဲ့ အမှုန့်က ရာနှုန်းများလာပြီဆိုရင် ရပါ၏။ အဲဒီတော့ ပိတ်ထားမကောင်း၊ ဖွင့်ရင်ကောင်းလို့ပဲ မောင်ဒေါပြောချင်ပါ၏။
            အဲဒီတော့ ဆိုင်ကယ်နှစ်ဘီးကိစ္စကိုလည်းဆိုင်သူပိုင်သူများ အကြီးအငယ် အရွယ်အလတ်စုံက “ပိတ်ရင်မကောင်း၊ ဖွင့်ရင်ကောင်း” မူကလေးကို စဉ်းစားမျှော်ခေါ်လုပ်ဆောင်မည်ဆိုပါက။ “တိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကား” ဆိုသလို အဆင်ပြေသင့်သလောက် ပြေကောင်းရာဟု မောင်ဒေါတွေးလိုက်မိ၏။ သခင်ဖေသန်းစကား ငှားလိုက်ပါအုံးမည်။ “ရွှေမောင်းသံ ဒူဒူဟိးလိုက်မယ်၊ အကြီးကြီးများ ကြားကြစေ”။



ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)