Saturday, December 15, 2012

နိုင်ငံရေးကင်းရှင်းကြောင်း

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
နိုင်ငံရေး ကင်းရှင်းကြောင်း
                   တရံရောသ၌ (တရံရောအခါ+တနေ့သ၌) ကျုပ်မောင်ဒေါသည် ကျုပ်၏လေဒီကြီး ထင်ရာမြင်ရာတွေ စပ်ထည့်ပြီး ကျောင်းထားသော “ထမင်းကြော်” ဆိုသည့် ညိုတိုတို မဲတဲတဲ ထမင်းကို မောနင်းဘလိတ်ဖတ်အဖြစ် သုံးဆောင်ပြီး သကာလ ဟားဗတ်တက္ကသိုလ်ထက် မအောက်ဟု ကိုယ့်ဖာသာ ကင်ပွန်းတပ်ထားသော ကျောင်းစုတ် ကျောင်းပြတ်ကလေး၏ ကော်ရီဒါတွင် ချခင်းထားပေသည့် ကုလားထိုင်လက်တဖက်ကျိုးပေါ်၌ ထိုင်နေလေ၏။ ထိုင်နေ ရင်းက မောင်ဒေါ၏ အော်ရီဂျင်နယ်စတိုင်ဖြစ်သော မြင်းကသားဆေးတံကို ရှူဖွာလျက် အတွေးစည်ပိုင်းအား လှုပ်ခါဆန့် ကြုံ့လျက်ရှိ၏။ “တွေးနေခြင်းသည် အလွန်လျှင် အကုသိုလ်ကင်းပေ၏တမုံ့” ဟု နားလည်ခံယူ ရင်မှာ တွေးလိုက်ထား သဖြင့် ကုလားထိုင်ပေါ်တွင် ဆေးတံတရှိုက်၊ မီးခိုးဝိုက်ဝေ့နေရခြင်းကို မောင်ဒေါ နှစ်ခြိုက်ရုံမက သုံးခြိုက် လေးခြိုက်ပါ ဖြစ်ပါ၏။
                   ယင်း အခိုက်အတန့်ကလေး၌ပင် ကျုပ်၏သက်တော်စောင့်ခွေးကြီး “မောင်ဘား”သည် အလွန်လျှင် ကျယ်လောင်လှစွာ ဟောင်ခြင်းအမှုကို ပြုလေ၏။ သည်ကောင်မောင်ဘား တော်သလင်းသံပေးခြင်းတော့ မဟုတ်တန်ရာ၊ ဧကန္တလူစိမ်းတဦးကို ကြိုဆိုသည်သာဖြစ်အံ့ဟု တွေးမိသဖြင့် ကိုယ်ဘယ်လိုမှ မလုပ်ချင်သော်လဲ ကိုယ်နောက်ဖေးပေါက် ကို ပိတ်ဆို့ကာရံခံလိုက်ရသဖြင့် ကဗျာကယာပြင်ဆင်လိုက်ရသော အိမ်ရှေ့ခြံပေါက် နိုင်ငံတကာအဆင့် မမီတမီတံခါး ကို ကြည့်လိုက်ရ၏။ . . . မောင်ဒေါ၏ တပည့်လည်းဖြစ် တခါတရံ ဆရာလည်းဖြစ်သော ငတိတစ်ပွေကိုတွေ့လိုက်၏။ ယင်းသူကား “လောက သစ္စာ”ဟု မောင်ဒေါ အမည်ပေးထားသော ပုဂ္ဂိုလ်ကလေး။
                   “ထိုင်ဟေ့” ဟု အဘိယာစကပြုပြီးသည်နှင့် “လောကသစ္စာ”၏ ထုံးစံအတိုင်း “အာလွှတ်”သည့် အမှု ပြုခြင်းကို မောင်ဒေါ နားထောင်ရပါလေ၏။ တခါတရံမူ နားသည် “ထောင်”မနေပဲ “လဲ”နေသော် ကောင်းစွာဟုလည်း တွေးမိပါ၏။ မောင်ဒေါ၏ “ဘာသာစကား”မဟုတ်သော ရှရာပိုဗာ၏ ရိုက်ချက်များအကြောင်း၊ စပိန်ကလူလွန်မသား ကလေး၏ နွားတိုက်ပွဲနှင့် ကားမောင်းပြိုင်ပွဲ အကြောင်း၊ ဆိုင်ကယ်စီးပြိုင်ပွဲတွင် အနိုင်ရသူကဖွင့်သည့် ရှန်ပိန်ပုလင်း အကြောင်း၊ ဥရောပတိရစ္ဆာန်ရုံတရုံက ပင်ဒါဝက်ဝံမ မျိုးစပ်ခြင်းအကြောင်း၊ ရိုဘော့တစ်နည်းပညာဖြင့် ဟော်တယ်မှာ စားပွဲထိုးတော့မည့်အကြောင်း တောတောင်ရေမြေ . . . ဒီပါဗွေတွေကို နားထောင်ရပါ၏။
                   “ဟဲ့ကောင်ရဲ့ . . . နေပါဦးဟာ . . . နင်အခုလာရင်းအကြောင်းက”
                   “ပြောပါ့မယ် ဆရာဒေါရဲ့ . . . ဟိုဟာလေ . . .ကျနော် အခုအလုပ်လျှောက်တော့ အလုပ်က “နိုင်ငံ ရေးကင်းရှင်းကြောင်း” ထောက်ခံစာတောင်းလို့ အဲဒါ . . . ဆရာ့ဆီက . . . ”
                   “ ဟေ . . . နင်က ငါ့ကို ထောက်ခံစာ ထုတ်လုပ်ရေးစက်ရုံကြီး အောက်မေ့နေလို့လား နင့်ကို နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာတောင်းတဲ့ ငနဲက ဘယ်ဒေ၀ါဘယ်အမျိုးက ဘယ်သူခိုးပေတုံးလဟဲ့. . . လင်းစမ်း”
                   “အတင်ရခက်ပါသနော် . . . သံလျက်တော်ယူသည့် သူခိုးကိုလ . . . ဘယ်အမျိုးဘယ်အနွယ် တကယ် ရင်ဖွင့်ရင်ဖြင့် . . . အံမယ်မင်း . . . ဆရာဒေါရဲ့”
                   “တော်စမ်းကွာ . . . မင်းမလင်းရင် ငါပဲလင်းတော့မယ်။ ဒို့နိုင်ငံမှာ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို ကြောက်ခြင်းကြီး အပါးတစ်ရာနဲ့ ကြောက်နေအောင် ဖြစ်ခဲ့ရတာ ကြာပါပေကာဟဲ့၊ တကယ်တော့ နိုင်ငံရေးဆိုတာ လူသားရဲ့ဖွားဘက်တော်ပဲ ပေလဟ။ လူတွေရဲ့ တွတ်တီးကိစ္စ၊ အဖုံးအကာကိစ္စ၊ နေပူကြဲကြဲဝက်သိုက်တဲကိစ္စတွေဟာ နိုင်ငံရေးပဲကွ၊ သိကြားမင်းရဲ့ မယားခေါင်ကြီး ထမိန်တော်မပြည့်စုံတာ၊ မားကိုစ်ရဲ့ မိန်းမ အီမဲလ်ဒါ- ဖိနပ်အရံပေါင်း သိန်း နဲ့ချီရှိတာ၊ မာတလိရဲ့ သမီးမင်္ဂလာဆောင်မှာ ကားသော့များစွာ လက်ဖွဲ့တာ၊ လက်ပံတောင်းတောင်က မြေကြီးတွေ ပွေးစုံ့သွားလို့ ချက်ကြီးတို့တတွေ အိမ်မရှိတော့တာ၊ ၀ိသုကြုံရဲ့ နှစ်ဝမ်းကွဲယောက်ဖ၊ ကျွန်းပင်တွေကို မီးဆိုက်မယ်ဆို ပြီး တာဝတိန်သာကို တိတ်တိတ်ကလေး တီအီးကားနဲ့ပို့တာ၊ ခရိုနီရေမြင်းကြီး ပါးစပ်ပိုပိုပြဲလာလို့ ပလတ်စတာ ကပ်ထားရတာ . . . ဒါတွေကအစ နင့်အိမ်နောက်ဖေးက ဆန်အိုးထဲမှာ ဆန်ပြတ်ပြတ်သွားတာ၊ အာလူးတစ်လုံးကို ဖွတ်ကလိ ဒင်္ဂါးများစွာနဲ့ ၀ယ်ယူနေရတာ၊ တယ်လီဖုန်းတစ်လုံး သိန်းသုံးဆယ်ကနေ နှစ်သိန်းဖြစ်သွားတာ၊ မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့ဆိုပြီး ဖျင်ပေးရတဲ့ မင်းကြီးဒေါ်နဲ့ မင်းပထွေး ရန်ပွဲမှာ လက်ဦးအောင် ပြန်ပြန်ဆော်နေကြတာ၊ မင်းနောက် ဖေးအိမ်သာထဲက . အဖိုးတန်လူ့စွန့်ပစ်ပစ္စည်းတွေက ဇီဝဓါတ်ငွေ့ထွက်တယ်ဆိုလို့ ကိုယ်ချေးကိုယ်ပြန်ပိုက်ထွေးနေရ တာ- ဒါတွေအဆုံး နိုင်ငံရေးချည်းပဲပေါ့ကွ၊ နိုင်ငံရေးနဲ့မင်း၊ ကင်းနေပြီဆိုရင်တော့ တစ်ခုခုမှားနေပြီ။ သေချာတာကတော့ မင်းရဲ့မနုဿတ္တ ဘာဝဟာ လုံးချာလည်နေပြီဆိုတာပဲ ကောင်လေးရ’
                   “ဆရာဒေါကလဲ . . . ဟိုခါတော်မီ နိုင်ငံရေးသမားကြီးလေစီးကြောင်း လွှတ်နေတာကျနေတာပဲ . . . တပည့်ကြီး “မောင်လေးသစ်”လဲ ဒီလောက်တော့သိပါတယ်။” သိတာမှ သိ . . . သိ . . . သိ . . .သိနဲ့ တောင်နေသေး” “ဟဲ့ . . . သောက်ကဇကောင်. .  နင်သိတယ်ဆိုရင် နင့်မေဂလိန်းမို့ အဲဒီနိုင်ငံရေးကင်းရှင်းကြောင်းကြီး ငါ့ဆီယူလာရတာ တုံးဟ။ အဲဒီ အသုံးအနှုန်းဟာ အရူးထောင်ထွက်တွေရဲ့ လေပုန်းမြူးသံပဲဟဲ့”
‘ဂလိုဆိုတော့ ဆရာဒေါက တပည့်ကြီးကို နိုင်ငံရေးကင်းရှင်းကြောင်း မထောက်ခံနိုင်ဖူးပေါ့’
“ဟကောင်ရ . . . မန်းလေပြဲလေပါ့လား၊ နင်အခုလို “နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံခိုင်း”နေတာကိုက နိုင်ငံရေးပဲ ဟ . . . ငနာလေးရဲ့”
“ဟဲ့ကောင် . . . နင့်ဥစ္စာကလဲ . . . လှုပ်လေ . . ၀င်လေ ဖြစ်နေမင့်ကပဲ . . . အိမ်း နိုင်ငံရေး သတ္တ၀ါဖြစ်တယ်ဆိုတာနဲ့ နိုင်ငံရေးပါတီဝင်လို့တော့ ပြောလို့မရဖူးဟဲ့။ နိုင်ငံရေးပါတီ အဖြူ၊ အနီ၊ အ၀ါ၊ အစိမ်း တစ်ခုခုထဲကို ၀င်ပြီး နိုင်ငံရေးကို တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်သူကိုမှသာ နိုင်ငံရေးပါတီဝင်လို့ ဆိုရမှာလဟဲ့။ နိုင်ငံရေးပါတီဝင်တိုင်းကို နိုင်ငံရေး သမားလို့ခေါ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံရေးသတ္တ၀ါတိုင်းဟာတော့ နိုင်ငံရေးပါတီဝင် ဖြစ်ချင်မှဖြစ်မှာပေါ့”
                   “ရှုင်းပါပြီဆရာဒေါ . . . ရကောက်ဟထိုးငသတ်ဝစ္စနှစ်လုံးပေါက် ရှင်းပါပြီ၊ အဲဂလိုဆိုရင် “အမျိုးသားနိုင် ငံရေး”ဆိုပြီး ခဏခဏပြောသံကြားရတာကကော ဘယ်လိုတွေးယူပါ့မလဲ ဆရာဒေါ”
“အဲဒါကတော့ ကိုယ်လုပ်နေတာ ကိုယ်ဖာသာ ဘာမှန်းမသေချာလို့သော်၎င်း ဒါမှမဟုတ်။ ကိုယ်လုပ်နေတာကို တစ်စုံတရာဖုံးကွယ်ထားလို၍သသော်၎င်း ကမ္ဗည်းတပ်ကြတဲ့ “၀ဲစားလောက်ကိုက်” စကားလုံးတစ်လုံးပဲဟ။ အမျိုးသား တရပ်အတွက် နိုင်ငံရေးလုပ်တော့မယ်ဆိုရင် နိုင်ငံရေးပါတီအမည်ခံချင်ခံ မခံချင်နေ၊ အစုအဝေးတစ်ရပ်ရှိလာရတယ်။ အစုအဝေးဆိုတာ ပါတီပဲ။ နိုင်ငံရေးကို တစ်ယောက်ထဲ ဆောင်ရွက်လို့မှ မရတာပဲ။ နိုင်ငံရေးဆိုတာက အဖြူထည်သက် သက်ပဲ ငါ့ကောင်ရ၊ နိုင်ငံရေးကို “ညစ်ပတ်”သလိုလို၊ လူရှုပ်လူပွေတွေရဲ့ ခိုလှုံရာလိုလို အပြောခံရတာက နိုင်ငံရေးဗန်းပြ ပြီး အရောင်းဆိုးကြတဲ့ ငို့ဘတွေ(ငါ့ဘို့တွေ)၊ အချိန်တစ်ခုတိုင်း အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုတွေ၊ ဟိုပေါင်ပြေး ကပ်၊ ဒီပေါင်ပြေးကပ်တတ်တဲ့ ဆိတ်လစေ့တွေ၊ ဆီအိုးထဲကျလို့ အရောင်ပြောင်းနေတဲ့ မြေခွေးတွေကြောင့် ‘နိုင်ငံရေး’ဟာ ရုပ်ဖျက်ခံနေရတာပဲ။”
“ဆရာဒေါက ဒါတော့ တပည့်ကြီးကိုပါ နှိပ်ကွပ်လိုက်တာပေါ့လေ”
“မရည်ရွယ်ပါဖူးမောင်ရာ . . ငါက ဒါးမကို ဓိဋ္ဌာန်ပြီးပြောတာပါ။ အဲလေဓမ္မဒိဋ္ဌာန်ပဲဆိုလိုတာပါ။”
                   “မောင်ဒေါက ခပ်ချဉ်ချဉ်ရှိသည်နှင့် သွန်လိုက်သော အနှာစကားတွေကြောင့် လောကသစ္စာ၊ မောင် တောက်တာလဲ စိတ်ညစ်ညူးသွားဟန်တူပါ၏။ မောင်ဒေါ၌ ပြောစရာတွေ ကျန်သေးသော်လဲ ထိုမျှချွေလိုက်လျှင်ပင် သင်းကလေးလည်း အတော်အတန် ရှင်းလင်းသွားလောက်ပေ၏တကားဟု ယူဆမိ၏။ သည့်နောက် ဆေးတံကိုချထားပြီး သူများ အလကား လက်ဆောင်ပေးသဖြင့် ရထားသည့် ကျူးဘား ဆေးပြင်းလိပ် ကိုဟီးဘားကို မီးညှိရှူဖွာပြီး သကာလ မောင်ဒေါ၏ စည်ပိုင်းငြိမ်သွားအောင် ကော်ကုလားထိုင် လက်တစ်ဘက်ကျိုးအပေါ်၌ ကျောမှီလျက်နေလိုက်လေ၏။”
(မှတ်ချက်) အကယ်၍ သင်စာဖတ်သူက ကျုပ်မောင်ဒေါ၏ အဆိုစကားမျာကို တစုံတရာပြန်လည်ပြောဆိုဝေဘန်ဖွယ် ရှိလာပါက မောင်ဒေါထံသို့ ဤဂျာနယ်မှတဆင့် စာရေးနိုင်ပါကြောင်းကိုလည်း တစ်ဆက်ထဲမှာပင် ကျေလည်းကျေ နပ်လည်းနပ်စွာ ပြောဆိုလိုပါ၏။ မောင်ဒေါနားလည်သလို ‘ဖွင့်’ လိုက်ခြင်းသာဖြစ်ရာ၊ နိုင်ငံရေးသုထမိန်များ၊ ငါ့ထမိန်များ (အဲလေ) သုခမိန်များက မှားသည်ထင်လျှင်လည်း ပြင်ပေးစေဟူလို။  
                                                                                                               ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

ရီယို၂၀


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ရီယို + ၂၀ နှင့် သတင်းဆိုတာ
                အင်တာနက်ဆိုလား၊ အင်တာဖြူဆိုလား အဲဒါကြီးကိုပဲ ကြည့်ကြည့်၊ ဂြိုတ်တုစလောင်းဖုံးက လာနေတာ တွေကိုပဲ ကြည့်ကြည့် သဘာဝကြီးက လူသားကို ဆော်နေတာတွေနှင့် လူသားချင်းဆော်နေကြတာတွေကို စိတ်ညှိုးချုံး စရာ အများကြီးတွေ့နေရ၏။ “အကောင်းကိုရှာသည်၊ အကောင်းကမရှိတော့၊ ပြည်ကြီးပြန်သွားလေပြီ”ဟု ဆိုရမလောက် ဖြစ်ပေ၏။ အရင်းစစ်လျှင်၊ အမြစ်မြေကဟု ဆိုရမည်ဖြစ်၏။ ထို‘အဆိုး’များ၏ လက်သည်အစစ်ကား ‘လူသား’ပင်ဖြစ်၏။ ငြင်းနိုင်ဖွယ်မမြင်ပါ။ ကမ္ဘာကို ညစ်ပတ်အောင် လုပ်တာလည်း လူ၊ ကမ္ဘာကို ပူလောင်အောင် လုပ်တာလဲ လူ၊ ကမ္ဘာကို ဆူပူအောင်လုပ်တာလဲ လူပဲဖြစ်၏။ ခွေးများ၊ နွားများ၊ ကျားများ၊ မြွေများက အနှီကိစ္စများကို လုပ်နိုင်လာက်အောင် မစွမ်း ကြပါ။
                   ထိုထိုသော အလွန်တရာ စွမ်းလှချည့်ဆိုသည့် လူတွေသည်ပင် ဘာကမျှ အရာမထင်သော အလုပ်များ ကိုလည်း ငွေကုန်လူပမ်း သံပြာ ကြိုးပမ်းနေကြပြန်၏။ ဥပမာ - အခုတလောနဲနဲပွက်စိထလာသည့် “ရီယို အပေါင်း လက္ခဏာ နှစ်ဆယ်”ဆိုသည့် လေဖမ်း ၀ါးတန်းချည်ပွဲကြီး။
                   ထိုကမ္ဘာမြေညီလာခံဆိုတာကြီးကို ဂျပန်မှာလုပ်လိုက်၊ အာဖရိကမှာလုပ်လိုက် ဘရာဇီးမှာ လုပ်လိုက်နှင့် နှစ်ပေါင်းနှစ်ဆယ်စုတစု ဖြစ်ခဲ့ပြီးပြီ။ လေထုညစ်ညမ်းမှု ရေထုညစ်ညမ်းမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ ဘာညာကွိကွ၊ ၀ိဝတွေကို အတော်ဆူဆူညံပြောကြ၏။ ညီလာခံ ခမ်းမထဲက ဆင်းလာသော ကိုယ်စားလှယ်တွေ ဟိုတယ်ပြန်ကြတော့ ဘယ်သူမှ ကုန်းကြောင်းမလျှောက်။ ဖင်က မီးခိုးထွက်သည့် လီမဇင်းကားကိုယ်စီနှင့် ကြွချီတော်မူကြကုန်၏။ စောစောက ခမ်းမ အတွင်းမှာ လက်သီးလက်မောင်းတွေတန်း၊ စားပွဲခုံတွေထု၊ ဘွတ်ဖိနပ်တွေခေါက်နှင့် စကားစစ်ထိုးပွဲတွေ ရေထဲမျောသွား လေ၏။
                   မြေကြီးဗိုက်ထဲက ရေနံတွေတူးထုတ်ပြီး လူတစ်ကိုယ်ကို ‘ဖရဲရေး’ ကားလေးငါးစီး စီး၊ မြေကြီးညစ်ညမ်း အောင်လုပ်နေတဲ့ သင်းတို့တွေ၊ နျူကလီယားတွေ အမျိုးမျိုး ပဉ္စလက်ပြပြီး ကမ္ဘာ့လေထုကို ဗလက္ကာယလုပ်နေတဲ့ သင်းတို့တွေ၊ ကမ္ဘာသစ်တောတွေကို အမှုံ့ကြိတ်ပြီး စက်တွေက ကာဘွန်ငွေ့တွေ တစ်ဝ ထုတ်နေတဲ့ သင်းတို့တွေ အ၀ှာ ပါးစပ်က နတ်စကားထွက်နေသမျှ မောင်ဒေါတို့ခံ . . . ခံ . . .။ ပက်ပက်စက်စက်ခံ၊ အ၀ခံ၊ စပါယ်ရှယ်ခံ၊ ခံပေါင်းများစွာ နဲ့ခံ၊ ဟုတ်ကဲ့၊ နဲနဲရင့်သွားတယ်ဆိုရင် မျက်စိသည်းညည်းခံပေးပါခင်ဗျ။ အမှန်ကတော့ ဒါထက်တောင် “တုတ်”လိုက်ချင် ပါသေး၏။
                   အကယ်၍ တစ်ယောက်ယောက်က မောင်ဒေါအား မေးညားအံ့။ “ဟဲ့ကောင် ငဒေါ အဲဒီကမ္ဘာမြေကိစ္စကြီး တွေအတွက် နင်ကကော ဘာလုပ်နေသလဲ”ဟု “သစ်ပင်တွေ သိပ်မခုတ်ကြပါနဲ့ခင်ညာ”“ကာဘွန်မီးခိုးငွေ့ သိပ်မထုတ် ကြပါနဲ့ ခင်ဗျာ” စသည်ဖြင့်ပေါ့လေ၊ မောင်ဒေါပြောနိုင်သလောက်၊ သလောက်၊ ကျယ်နိုင်သလောက် ကျယ်ကျယ်လေး ပြောပါမည်ခင်ဗျ၊ ဒါတောင်မှ ကမ္ဘာ့အရှေ့ဘက်က ကလေးခေါင်းဆောင်ကလေးက သော်လည်းကောင်း၊ အန်ကယ်ဆမ် ကြီးတို့ဘက်ကလည်းကောင်း၊ ၀က်ဝံကြီးများနိုင်ငံက ခါးပတ်နက်ငနဲကြီးကသော်လည်းကောင်း၊ မောင်းသူမဲ့ ဒရုန်းလေ ယာဉ်ပျံနဲ့ မရမ်းကုန်း ချောင်ကြိုချောင်ကြားထဲကို နပမ်းဗုံးလာကြဲမှာလဲ စိုးရိမ်ရပါသေး၏။ အဲဒါကြောင့်မို့လဲ လိုရမယ်ရပါ ပဲ၊ ဘိုတော်မြဲဆီသွား၊ “ဆေးနွား” ကလေးတောင်းပြီး ဆောင်ထားရင် ကောင်းမလား? အာဖရိက-ဇမ်အီဇီမြစ်ဘေးက ဂျစ်ပဆီ ဘွားတော်ကြီးဆီသွား၊ “ဗူဒူး” ရုပ်ကလေး ဆောင်ထားရကောင်းမလား၊ တိဘက်တောင်ပေါ်က လာမားဘုန်းကြီး ဆီသွား၊ တုန်တုန်တုန်ခေါက်တဲ့ ဂမ္ဘီရ ခလောက်ကလေး တောင်းထားရကောင်းမလား၊ မောင်ဒေါရဲ့ စည်ပိုင်းထဲမှာ ဗလောင်ခတ်လာခဲ့ပါ၏။ တကယ်ပြောတာပါ။
                   ဒါတွေ ယောက်ယက်ခတ်နေတုံးမှာပဲ။ နို့ဆီခွက်တယ်လီဖုံးက အယ်ဒီတာ မောင် တစ်ယောက်၏ အသံ က ခြံထဲက တစ်တီတူးသံလို ကြည်နူးစဖွယ်ထွက်လာ၏။
                   “ဦးအန်ကယ်ဒေါ . . . နိုင်ငံတကာကိစ္စတွေနဲ့ ပတ်သက်တာတွေ ရေးစမ်းပါ။ အဲဒါတွေက နဲနဲဟော့တယ် လေ”တဲ့ . . . ။
                   ဟိုက် . . . အားယိုး . . .၊ နိုင်ငံတကာ ကိစ္စဆိုပါလား၊ အစောကစဉ်းစားခန်းခဲမှာလည်း နိုင်ငံတကာ အကြောင်းပဲလေ။ ဟုတ်ကပြီး မောင်ရဲ့စည်ပိုင်းကို ခပ်နာနာကလေး ခလောက်ကြည့်လိုက်၏။ အင်း . . . ကောင်းတာနဲ့ မကောင်းတာ ဒုတိယဟာက များနေပါကလား ကရို့။ အဲလ်ဂျာဇီးရား၊ စီအဲန်အဲန်၊ အဲန်အိပ်ကေ၊ စီစီတီဗီ၊ အာရိရန်၊ တီဗီအီး၊ “အပ်ချလောင်း” လာစမ်းလဟဲ့။ မောင်ဒေါတော့ အတော်ရွဲ့သွားပါ၏။ “အနိဌာရုံသည်သာလျှင် သတင်းဖြစ်၏။” ဟုယူဆနေသလား မပြောတတ် မောင်ဒေါမျက်စေ့ရှေ့က ပေါ်လာတာတွေရဲ့ ရာနှုန်းရှစ်ဆယ်ကတော့ အနိဌာရုံတွေချည်း ပဲ။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ နေရာတော်တော်များများ။
                   ဤတွင် ဆော်ဖလော်ဖီ (အဲလေယောင်လို့) ဖလော်ဆော်ဖီဆန်ဆန်တွေးဖို့ ဖြစ်လာ၏။ အကောင်းရှိ မည်၊ အကောင်းရှိရင် အဆိုးရှိမည်၊ ကောင်းတာများရင် အကောင်း၊ ဆိုးတာများလျှင် အဆိုးဆိုရမည်။ ကောင်းသည်ဆို သည်မှာ လုံးဝအဆိုးကင်းသည်ဟု မယူဆနိုင်၊ ဆိုးသည်ဆိုသည်မှာလည်း လုံးဝ အကောင်းကင်းသည်ဟု မယူဆနိုင်၊ အဲသလိုကလေး စည်ပိုင်းထဲ အမြှုပ်ထလာတော့မှ ရှန်ပိန် မြမြမျိုလိုက်ရသလို မောင်ဒေါနေသာထိုင်သာ ရှိသွားပါ၏။
                   မောင်ဒေါ၏ ဘရာသာကြီးက မောင်ဒေါကို ပို့ချဖူးသည့် လက်ချားတွေ ဒုတ္တာတွေထဲက တစ်ခုကို မောင်ဒေါသတိရလာ၏။ “ ငဒေါရ လောကမယ် (သူက‘မှာ’ဟု မပြောပါ။ ဘယ်ကနေကောက်ရထားမှန်း မသိသည့် ‘မယ်’ ကို သုံးပါ၏) အဲ့လောကမယ် ဖက်ဆီမစ်ဇင်းနဲ့ အော့ဖတီးမစ်ဇင်းဆိုတာ ရှိတယ်ကွ၊ ဖက်ဆီမစ်ဇင်းဆိုတာက အဆိုးမြင် ၀ါဒသက်သက်ကိုပြောတာ၊ အော့ဖတီးမစ်ဇင်းဆိုတာကတော့ အကောင်းမြင်ဝါဒ သက်သက်ကိုပြောတာပဲ။ အဆိုးချည်းပဲ မြင်နေတာဟာလဲ အဆင်မပြေဖူးကွ၊ အကောင်းချည်းပဲ မြင်နေတာကလဲ ဘက်မစုံဖူးကွ၊ ဆိုးတာလဲကြည့်၊ ကောင်းတာလဲ မြင်တတ်ရမယ်။ ဆိုးခြင်း၊ ကောင်းခြင်း ဆိုတာကလဲ ခံစားသူနဲ့ တိုက်ရိုက်ပတ်သက်တာဟ။ ဖက်ဆီမစ်စတစ် အော့ဖတီ မစ်ဇင်းနဲ့ အော့ဖတီမစ်စတင် ဖက်ဆီမစ်ဇင်းသဘောကို နားလည်အောင် ခံစား လေ့ကျင့်ထားရမယ်”
                   အိုး . . . ဝေါင်း (ဒါ ခွေးဟောင်သံ၊ ခြင်္သေ့အူသံ မဟုတ်ပါ၊ နိုင်ခြံဂါး အာမေဋိတ်တစ်ခုကို နိုင်ငံတကား ဆန်ဆန် ရင့်ကျူးလိုက်တာပါ။) သူရှင်းပြသဖြင့် နားလည်သလိုလို၊ နားမလည်သလိုလိုရှိပါ၏။ မောင်ဒေါစည်ပိုင်းထဲသို့ လဒတွေရော စာကလေးတွေရော ကျီးကန်းတွေရော၊ မိုးစွေငှက် ကလေးတွေရော ရောက်ရှိပျံသန်းလာကြပါ၏။ ဟုတ်ကဲ့ ကောင်းသတင်းတွေလည်း ရှာကြည့်ပါအံ့၊ ဣဌာရုံ သတင်းများလာလော့၊ စည်ပိုင်းတွင်း ၀င်လှည့်ကုန်လော့၊ ဥုံမဏိပဒ္ဒေ ဟုံ . . . ဥုံမ် . . . ရှရီနာရာယမ်း . . .။ ထိုသို့ သတင်းကောင်းများကို ခေါ်ယူလိုက်သောအခါ သတင်းကောင်းတည်ရာကား ကျုပ်မောင်ဒေါ၏ ဂေဟာ ပတ်ဝန်းကျင်တွင် တွေ့ရလေ၏။
                   (၁) မောင်ဒေါ၏ ကျောင်းဒေါင့်၌ အချင်းဆယ်ငါးလက်မ အပွင့်ရှိသော တောင်ပို့မှိုကြီးဖြစ်ထွန်းပေါ်ပေါက် ခြင်း (၂) မောင်ဒေါ၏ ပိန်မကျွဲကောပင်မှ ရွတ်ရွတ်ချွံချွံ တလုံးတည်းသီးလာသော လုံးပတ်လက်မ ၅၀ ရှိ (လူတစ်ယောက် ရွက်ရသော) ကျွဲကောသီးတစ်လုံး သီးလာခြင်း (၃) မောင်ဒေါ၏ ခြံထောင့်မှ ခြံတောင်ပို့ပေါ်တွင် လက်မလုံးခန့် ခြကြီး တစ်ကောင်နှင့် ခြေမလုံးခန့် ကင်းမြီးကောက်မဲကြီး တစ်ကောင်ကို အတူတွေ့ရှိရခြင်း (၄) စာသင်ခန်းထဲတွင် ကောက်ရ၍ မောင်ဒေါသုံးနေသော ခဲဖျက်အဖြူတုံးကြီးတစ်တုံး ပျောက်ဆုံးသွားရာမှ မူလထားရာတွင် တွေ့ရှိရပြီး ၎င်းကိုကြိုးနှင့် ဖောက်ကာ ထိန်းသိမ်းထားခြင်း။
                   ကဲ . . . အိုပဲန်းစာတည်းချုပ်ကြီး . . . ကျုပ်ရရှိထားတဲ့ ဒီသတင်းတွေနဲ့ ဓာတ်ပုံတွေကို အီးမေး၊ ဂျီမေး၊ အက်ဖ်မေး၊ အိပ်ခ်ျမေးတွေမှနေ၍ ပို့လိုက်ပါမည်၊ အများပြည်သူစိတ်ချမ်းမြေ့စေဖို့၊ ပုဝါစထောင် အယ်ချုပ်ကြီးက၊ ပမာပြ သယောင် အလယ်အုပ်စီးပြီး ကလောင်အပြီးတို့ကာနဲ့ . . . မောင်ကြီးပို့စေ စမြောင်။
                   (ဟာ . . . ဘာတွေမှန်းလဲ သိဖူးနော်)
ဗညားဂျမ်းဒေါ(ကွမ်းခြံကုန်း)

Friday, December 14, 2012

ဘာလဲရန်ဘာလဲမိတ်

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ဘာလဲ ရန်၊ ဘာလဲ မိတ်
                   ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ၊ ရန်သူရဲ့ မိတ်ဆွေဟာ ငါ့ရန်သူဆိုတဲ့ အဆိုတရပ်ကို လွန်ခဲ့သော နှစ်လေးဆယ်လောက်ကထဲက မောင်ဒေါကြားဖူးခဲ့ပါ၏။ ‘ရန်သူဆိုတာ ဘာကိုခေါ်တာလဲ’၊ အသေအချာ မကွဲပြားဘဲလျက် မောင်ဒေါ အဲဒီအဆိုကို သဘောကျဖူး၏။
                   ငယ်ငယ်တုန်းက မောင်ဒေါလည်း ဘာမှန်းညာမှန်း သိပ်မသိသေးဘဲ လက်ဝှေ့ထိုးဖူပါ၏။ လက်ဝှေ့ဆရာ က ‘ကိုနဲ့ မျက်နှာချင်းဆိုင်လာတာ ရန်သူပဲ။ စဉ်းစားမနေနဲ့၊ ဦးအောင်ထိုး၊ အဖြောင့်၊ အ၀ိုက်ရတာနဲ့ထိုး’ ဟုသင်ကြားပါ ၏။ ထိုသင်ကြားချက်ကြောင့် မောင်ဒေါသည် ဦးအောင်ထိုး၏။ မြန်နိုင်သမျှ မြန်အောင်ထိုး၏။ ကိုယ့်ထက်ဦးတဲ့လူနဲ့ တွေ့ရင်။ ကိုယ်ထက်မြန်သူတွေ့ရင်ခံ၊ အဲဒီတော့ ကိုယ်ဖလက်ပြတာတွေရော၊ သူဖလက်ပြတာတွေရော ကကြီးရရစ် တစ်ချောင်းငင် သေးသေးတင် ကြုံခဲ့ရလေ၏။
                   ‘နိုင်ငံရေးမှာ ထာဝရ ရန်သူ၊ ထာဝရမိတတွ ဆိုတာမရှိဖူး၊ နိုင်ငံရေးအကျိုး စီးပွားကိစ္စအပေါ်မှာသာ ရန်သူ၊ မိတ်တွ ကွဲပြားသွားတာဖြစ်တယ်’ဆိုသော အဆိုကို တော်တော်နှောင်းသော ကာလက မောင်ဒေါ သဘောမပေါက်၊ အဲဒါကြီးကို ‘သဘောပေါက်’ လာတဲ့အခါ ရောက်လာခဲ့ပါ၏။
                   ၈၈/၈၉ ကာလက ၀န်ကြီးချုပ် ဟောင်းဦးနုက “ဒီငြိမ်း” ဆိုသော ပါတီထောင်ကာ အစည်းအဝေးတွေလုပ် ၏။ မောင်ဒေါ ရောက်ခဲ့ဖူးသော ပါတီပေါင်းစုံ အစည်းအဝေး တစ်ခု။ ဆန် ကိစ္စဟု ထင်ပါ၏။ သည်တွင် ဦးနုက ‘မိတ်ဆွေ များခင်ဗျား’ဟု အစချီကာ ဆန်ပြဿနာ ဖြစ်လာနိုင်ချေနှင့် နိုင်ငံတကာကို သူအကူအညီ တောင်းရန် စီစဉ်နေပုံတွေကို ပြောပြပါ၏။ ထိုပါတီစုံ အစည်းအဝေးတွင် နဂိုရ်က (ဦးနုဝန်ကြီးချုပ်ဘ၀က) ဦးနုကို အတိုက်အခံပြုခဲ့သူတွေ အများကြီး ပါနေပါ၏။ မောင်ဒေါ ကိုယ်တိုင်လည်း၊ ဦးနု အစိုးရလက်ထက်က ‘ပမညတ’၏ အမြင်တွေကို လက်ခံပြီး ဦးနုကို ဆန့်ကျင်ခဲ့သူထဲက တစ်ယောက်ဖြစ်ခဲ့ပါ၏။ ထိုအစည်းအဝေးတွင် ဦးနုကို မောင်ဒေါ ထောက်ခံခဲ့ပါ၏။ ဆိုလိုသည်က ‘နိုင်ငံရေး အကျိုးစီးပွားသည် အဓိက’ ဆိုသည်ကို မောင်ဒေါ ပိုမို သဘောပေါက် လာခဲ့သည်ဟုပင်ဖြစ်ပါ၏။
                   ၈၈ ခုနှစ်နှောင်းပိုင်းတွင် ဟိုတုံးက ဆိုရှယ်လစ်ပါတီ၏ ထိပ်ပိုင်းဖြစ်ခဲ့ဖူးသူ ပုဂ္ဂိုလ်ကြီး တချို့နှင့် မောင်ဒေါ ကြုံရဖူးပါ၏။ မိုးနတ်မင်းကြီး၏ အလိုအရဟုဆိုသော် ဆိုနိုင်မည်ထင်ပါ၏။
                   သူတို့သည် တချိန်က ‘အနှစ် လေးဆယ်အာဏာ တည်မြဲရမယ်’ ဟု ကြွေးကြော်ခဲ့ကြပြီး ဆယ်နှစ် မပြည့်တပြည့်၌ ‘ဘ၀ရှင်မင်းတြားကြီး ဦးနုဘယ်လိုလဲ’ တို့၊ ‘ငါ့ ညီကျော်ငြိမ်း မင်းငယ်ပါသေးတယ်’ တို့၊ ‘ခက်ဖွယ်ရယ် ကြုံပါတယ်။ လက်နက်ကယ်စုံအညီနဲ့’ တို့ စသည် စသည့် ဆော်ပလော်တီးသံတွေ လက်သံပြောင်စွာဖြင့် ‘ဗမာပြည်ကြီး ဂျောက်ထဲကျဖို့ လက်တလုံးကြားအလိုမှာ’ တည်မြဲ သန့်ရှင်း ကွဲ၍ ပြဲခဲ့ကြရသော ‘သနားစဖွယ်’ ပုဂ္ဂိုလ်ကျော်ကြီးများ လည်း ဖြစ်ကြပေ၏။
                   ယခုမိုးနတ်မင်းခေါ်ယူခြင်းခံရ၍ တာဝတိံသာ၌ ရှိနေသလော သို့တည်းမဟုတ် ယမမင်းထံခစားပြီး ရောရုဝ၌ နဘန်ကျင်းခံနေသလော ကံသေကံမ မပြောနိုင်သည့် ပုဂ္ဂိုလ်ကြီးတယောက်ဆိုလျှင် ‘ဒီချုပ်’ စည်းရုံးရေးကာလ ဖြစ်သည့် ထို ၈၉ ခုနှစ် ထိုင်ဝိုင်းတစ်ခု၌ ‘အဲဒီကွန်မြူနစ်တွေကြောင့် ဗမာပြည် မတိုးတက်တာ။ ကျုပ်တို့ ဆိုရှယ်လစ်ပါ တီက အဲဒီတုန်းက တိုင်းပြည်အတွက် လုပ်ခဲ့တာတွေ ချည်းပဲ၊ အမေရိကန်က ပေးတဲ့အကူအညီ၊ စီမံကိန်းတိုင်းကို ကပျက် ယပျက်လုပ်ခဲ့တာ အဲဒီ ကွန်မြူနစ်တွေပဲဟု ၀စနတ်တော် ချွေဖူး၏။
                   ထိုအချိန်တွင် ဒီချုပ်၌ အရောင်းမျိုးစုံ ထွက်ဝင်သွားလာ ပျားပန်းခတ်နေချိန် ဖြစ်ပါ၏။ မောင်ဒေါ စပယ် ရှယ် အံ့သြသွားခဲ့ပါ၏။ အမျိုးသား ညီညွတ်ရေးကို ဆောင်ကြဉ်းရမည့် တာဝန်ရှိသူတစ်ဦး၏ မုတ်ခ ပေါက်တော်ကြီးမှ ထွက်တော်မူခဲ့သော ထိုစကားများကား ညီညွတ်ရေး အစော် နည်းနည်းမှမနံခဲ့။
                   အခုတော့လည်း သေကုန်ကြပါပြီ။ အဲဒီတုန်းက မောင်ဒေါက ထိုပုဂ္ဂိုလ်ကြီးအား ရီရီ မောမော မေးခွန်း တစ်ခုမေးခဲ့ဖူးပါ၏။ ‘ဦးလေး အဲဒီဆိုရှယ်လစ် ကွန်မြူနစ် အကွဲတွေဟာ နောက်မျိုးဆက်တွေကို ဦးလေးပေးချင်တဲ့ နိုင်ငံရေးအမွေလား’ ဟု။ ထိုပုဂ္ဂိုလ်ကြီး အနည်းငယ်တော့ ရှူးရှား ဖြစ်သွားပါ၏။ ‘ဒီလိုတော့လည်း မဟုတ်ဖူးပေါ့လေဗျာ။ ဒါပေမယ့် သင်ခန်းစာ ယူတတ်အောင်လို့ပါ’ဟုတော့ ကွန့်လိုက်ပါသေး၏။
                   ‘ဒီချုပ်’ထဲမှာ ကွန်မြူနစ်တွေရောက်ကုန်ပြီ ဟု၍လည်း ဆိုရှယ်လစ်ဗိုလ်မှူးချုပ်ဟောင်းကြီး တဦးက ‘အော်ကြီးဟစ်ကျယ်’ စာတမ်းတွေ ဘာတွေထုတ်ပြီး ကန့်ကွက်ဖူးတာကို သိမီလိုက်သူ များစွာရှိမည် မောင်ဒေါထင်ပါ၏။
                   သို့ကြောင့် မို့ ‘ရန်သူ’ဆိုခြင်းကို မောင်ဒေါအလေးအနက် စဉ်းစားမိခြင်းဖြစ်ပါ၏။ အထက်က မောင်ဒေါ ပြောခဲ့သူတွေသည် မောင်ဒေါ၏ ပုဂ္ဂလရန်သူတွေမဟုတ်ကြ၊ နိုင်ငံရေးအယူအဆ၊ တူခြင်းမတူခြင်းကို ဘက်တစ်ဘက် တည်းတွင် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်သည့် ‘သူငယ်နာ’ ကင်းစင်မှုမျိုး မည်မျှလိုအပ်သည်ကိုသာ မောင်ဒေါသဘော ပေါက်(အဲ) ပေါက်ခဲ့ပါ၏။
                   ဤနေရာတွင် မောင်ဒေါ၏ စည်ပိုင်းအတွင်း ပလုံစီလာသော အဆိုတချို့ကိုလည်း ဘွားကနဲ တွေ့ရှိလိုက် ပြန်ပါ၏။ ‘ရန်လိုက်၊ ငါရှောင်။ ရန်ရှောင်ငါလိုက်။ ရန် တက်၊ ငါဆုတ်။ ရန်ဆုတ်၊ ငါတက်’ စသည့် နိုင်ငံရေးအရ ရန်သူဟု သတ်မှတ်သူအပေါ် ထားရမည့်သဘောထား၊ နောက်တော့ ‘ရန်၊ ငါစည်းခြား’၊ ရန်ငါ မျဉ်းပြတ်စသည့် ၁၉၆၆ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကြီး၏ နောက်ပိုင်း ‘တောထ’နေခဲ့သော အဆိုအမိန့်များဖြစ်ပါ၏။
                   ထိုသဘောထားများ၏ အောက်တွင် မောင်ဒေါ ချစ်ခင်သူတို့သည်၎င်း၊ မောင်ဒေါနဲ့ မတူသူများသည်၎င်း ထိခိုင်ရှနာ သေကြခဲ့ကြရပါ၏။ သေကွဲရှင်ကွဲ၊ ကွဲကြရသည့်ဘ၀များ၊ မသေမရှင်ဘ၀များ၊ ရှင်နေရက်နှင့် ဘ၀ပျက်ခဲ့ရသူ များကို၎င်း မောင်ဒေါကြုံခဲ့ရပါ၏။ မိမိကိုယ်တိုင်ပင်လျှင် လေးယောက်ပေါင်း အကောင်းတစ်ယောက် မဟုတ်တော့သည့် အခြေအနေ ဖြစ်ခဲ့ပါ၏။
                   စစ်ကြောင့် သေကြရသူအပြစ်မဲ့များ၊ မိဘမဲ့များ၊ အငတ်ဘေးကြုံရသူများကိုလည်း နှလုံး စိတ်ဝမ်း မငြိမ်းချမ်းနိုင်လောက်အောင် ကြုံခဲ့ရပါ၏။
                   အဆိုပါ ‘ရန်၊ ငါ’ ဆိုသည်က မည်မျှ ပြည်စုံသော အမှန်တရား ပါနည်း၊ မောင်ဒေါကလေး စဉ်စားပါ၏။ ဧရာမဦးနှောက်ကြီးများကို မမီသော မောင်ဒေါ၏ ဦးနှောက်ပိစိကွေးထဲမှာတော့ အဖြေတစ်ခု ပီပီသသရလာခဲ့ပါ၏။
                   ‘အပြုသဘောဆောင်သော အလုပ်မှန်သမျှ’ကို မောင်ဒေါ ကျေနပ်လာပါ၏။ ‘အပြု’ သဘောဆောင်သော အတွေးများကို မိမိ၏ စည်ပိုင်းအတွင်း ဂါလံချီ၍လောင်းထည့်ပါ၏။
                   သဗ္ဗေအလုံးစုံကုန်သော နိုင်ငံရေး သတ္တ၀ါအားလုံးကိုလည်း ‘အပြု’ လက္ခဏဆောင်သော အတွေးအကြံ အလုပ်တို့ဖြင့် (ပေါ်ပြူလာဖြစ်ဖို့ လူရှေ့ထွက်ကြွားပြရုံ မဟုတ်ပဲ) လုပ်ကြပါစေကြောင်း ဆန္ဒပြုမိပါ၏။
                   မောင်ဒေါလို ခပ်ထုံထုံတယောက်ပင်လျှင် ဤသို့ တွေးကြံဆန္ဒပြုမိသည်ဆိုညားအံ့၊ အဘယ်မည်သည့် သင်ကကော စဉ်းစားပြီးပြီလောဟူ၍ပင် မေးခွန်းထုတ်ချင်မိပါ၏ဟူလို။
ဗညားဂျမ်းဒေါ(ကွမ်းခြံကုန်း)

Monday, December 10, 2012

ဖိုးညွန့်ကြက် .

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ဖိုးညွန့်ကြက်
                   စတုဘုမ္မိက ဘုန်းတော်ကြီးကျောင်းသား အကောင်းစား မြင့်ဦးသစ်က မောင်ဒေါကို “ဟဲ့ကောင်    ငဒေါ . .  .  . မင်းဒါတွေ ရေးစမ်းကွာ” ဟု အားမနာ လျှာမကျိုး ခိုင်းလေ့ရှိ၏။ သူရေးခိုင်းသည့် အကြောင်းတွေက ဟဲဗီးတွေ ဖြစ်၏။ တစ်ခါတရံတော့လည်း အဲဒီဟဲဗီးတွေကို စည်ပိုင်းထဲ ထည့်ခလောက်ပြီး မောင်ဒေါရေးဖို့ ဖြစ်သွားပါ ၏။ သို့သော် ကမ္ဘာ့ ဒီမိုကရေစီ ချန်ပီယံကြီးများ၊ ဒီမိုကရေစီ ပဏ္ဏိတ်ကြီးများက မောင်ဒေါရှေ့က များစွာများစွာ ရေးကြ၊ ပြောကြ၊ ဟောကြ တွန်ကြ (ကြားကြမှာပ ခင်ဗျာ)။ ဆိုတော့ . . . လက်မငြိမ်၊ ပါးစပ်မငြိမ်နှင့် မောင်ဒေါက ၀င်ချလောင် သလို ဖြစ်မှာစိုးပါ၏။
                   တချို့ လက်သံပြောင်လိုက်တာတွေကလည်း တစ်ခါတစ်ခါ ဖူးကူးရှိမ ငလျင်ထက်တောင် ပြင်းသေး သကိုးဗျ။ “ပြောင်” ခြင်းနှင့် တွဲလျှက် “တလင်းခါ” ခြင်းဆိုတာလည်း ဗမာစကားက ရှိသားမှုတ်လား။ လက်သံပြောင်ပြီး လက်သံ တလင်းခါသွားတာတွေ မောင်ဒေါ တစ်သက် မြင်ခဲ့ရတာ ရိုးဟိုးဟိုးနေပြီ ဖြစ်ပါ၏။
                   လက်သံပြောင်ဖို့ နေနေသာသာ၊ မပြောင့်တပြောင်ကလေး ဆိုလျှင်သော်မှ “မမွေးခင်က သင်းပစ် လိုက်မယ် ဆိုသော” ဟုဆိုသော ကာလတွေတုန်းကဖြင့် ဆီလိမ်းသလို ပြောင်နေကြသူတွေ ကိုရီးယားရိုးမန့်ကား ရိုက်နေကြသည်မှာလည်း ရိုး . . . ဟိုး . . . ဟိုး နေပြီးဖြစ်ပါ၏။
                   ကဲလေ . . . ရှည်နေပါဦးမယ်။ မောင်ဒေါက ဒက်ဂလိတ်လို ဆက်တိုင်ယ - ဗမာလို “အရွှန်းဖောက်စာ” ရေးတဲ့လူဆိုတော့ အဲဒါတွေကို ဟဋ္ဌပဟဋ္ဌ ဟာသ၊ လောမဟံသန ဟာသတွေ အဖြစ်ပဲ ရှုမြင်ပါ၏။ ကဲ သက်သာ . . . အေးစေပေါ့နော . . . ။
                   (မှတ်ချက် . . . မောင်ဒေါက ပါဠိလိုတွေ တစ်လုံးစ နှစ်လုံးစ ဟိုကတို၊ ဒီကတိုပြီး ရေးထားလို့လည်း စာတော်ပြန် ပြင်ညာယှိမှတ်ပြီး ဧရာမ စာအုပ်ထူကြီးတွေကို ယူလာ . . . မောင်ဒေါကို စမ်းကြည့်ရန် အားမထုတ်စေလို ပါ။ ဒိုးဆလံ - တင်းဆလံ)
                   အမှန်ကတော့ အလုံးစုံကုန်သော လူကြီးလူကောင်းတွေ၊ လူကြီးလူမကောင်းတွေ၊ လူမကြီး လူကောင်း တွေ၊ လူမကြီး လူမကောင်းတွေအတွက် မေတ္တာစာ ဒဏ္ဏာရီ တစ်ပုဒ်ကို ဝေမျှလိုရင်း ဖြစ်ပါ၏။
                   ဤခရစ်နှစ် ၂၀၁၂ ခုနှစ်မှ ပြန်၍ ရေသည်ရှိသော် (ခမ်းနား မလားလို့ စကြည့်တာလေ . . . ဟုတ်သေးပါဘူး. . . ) ဟို မင်းတိုင်ပင်အမတ်များ လက်ထက်တော် ကာရီမှသည် ယခုလက်ထက်တော်ရှိ အမတ်တော် မင်းများအထိ  မဲမရခင်သာလာကြပြီး မဲရပြီးသောအခါ ကောင်းစွာလူရာသွင်း ရှင်းလင်း တွေ့ဆုံဆွေးနွေးခြင်းကို မခံရရှာ သည့် မဲဆန္ဒရှင်တို့၏နေရာ၊ မောင်ဒေါ၏ ဇာတိမြေနှင့် မဝေးသော . . . ယခုအခါ အတော်ကလေး နာမည်ကျော်နေ သည် မြို့နယ်အတွင်းမှ ရွာကလေး တစ်ရွာ ရှိပါ၏။
                   အဲဒီရွာကလေး၌ ကိုဖိုးညွန့်ဟု နာမသညာ ခေါ်စရာ ရှိပေသော ပုဂ္ဂိုလ် မကြီးမသေး တစ်ဦးလည်း ရှိသတတ်။ ထို ကိုဖိုးညွန့်၏ ၀ိသေသ လက္ခဏာကား ကြက်တိုက်ဝါသနာ အထူးပါခြင်း ဖြစ်ပေ၏။ ကိုဖိုးညွန့်နှင့် အထိအတွေ့ အတွဲတွေ ထဲတွင် မောင်ဒေါအသိ အနုပညာသမား နှစ်ယောက်တောင် ပါပါသေးဗျား။ တကယ်တော့ ကိုဖိုးညွန့်သည် ကြက်တိုက် ၀ါသနာ ထူလှသူ ဖြစ်သော်ငြား ၀ိုင်းကြီး ၀ိုင်းကျယ်တွေမှာတော့ မတိုက်ဖူးရှာသေး။ ၀ိုင်းကြီးများ သတင်းကို နားစွင့်ရင်း ဘ၀င်ကျရင်းနှင့် သွားရေကျနေသူသာ ဖြစ်ပါ၏။ သူကိုယ်၌က ချမ်းတောင့်ချမ်းသာ မဟုတ်၊ ရွာကလေးထဲမှ အဆင်းရဲ အကြပ်တည်းဆုံး လူစာရင်းတို့တွင် ၀မ်းတူတင်းထဲ ၀င်သူ။ ဒါပေမယ့် သင်းက “၀ါသနာကို မတာနဲ့တော့ခင်ရေ့ . . .” အမျိုးအစား။
                   ဖိုးညွန့် ကြက်တွေ မွေး၏။ ဘာဗီဇမှန်း မသေချာပေသည့် “အတက်ထွက်” လှမည်ထင်လျှင် ဖိုးညွန့် မွေး၏။ ပိစောက် . . ပိစောက်တည်းက  မွေး၍ ခွပ်လက်ချချိန် ရောက်သည်နှင့် သူ့ကြက်တွေ ဟင်းအိုးထဲမှာ ရော့အင်ရိုး က သွားသည်ချည်းဖြစ်၏။
                   ဖိုးညွန့်သည် သွားလေရာကို ကြက်တပိုက်ပိုက်နှင့် “ကိုကြီးကျော် ငယ်ကမွေးပါတဲ့ . . ကြက်ဖောင်း ကလေး” ဆိုသော နတ်ချင်းထဲက ပုခန်းဦးမင်းကျော် ဂိုက်ကိုလည်း လုံချည် စလွယ်သိုင်းရင်း ဖမ်းပါသေး၏။
                   အခါတစ်ပါးမတော့ . . . . မဂိုမဂဲဆိုလား မပြိုမပြဲဆိုလား စစ်တကောင်းဆိုလား ချက်ဖောင်ဆိုလား . . . မောင်ဒေါလည်း ကောင်းကောင်းမသိသော လည်ပင်းမှာ အမွှေးမရှိသည့် လဒပုံ ကြက်ကလေး တစ်ကောင်ကို ဖိုးညွန့် ချိုချိုချောင်ချောင် အလကားလောက် နီးနီးနှင့် ရပါ၏။ တကယ်တော့ ဖိုးညွန့်ကို ကြက်ခရေဇီမှန်းသိတာနဲ့ “ထည့်” သွားခြင်းသာ ဖြစ်ပါ၏။ တိုက်ကြက်ကောင်း မျိုးရိုး များစွာကို မစားရ ၀ခမန်း လေပန်းပြသွားသည့် အရောင်းသမားက ဖိုးညွန့်အား သနားလေဟန်ဖြင့် နိုင်ငံတကာ စီအိုင်အေလုပ်ပေါက် ချိုးသွားခြင်းသာ ဖြစ်ပါ၏။
                   ဖိုးညွန့်ပျော်ပြီ . . . ။ ရပင့်ရော . . ရရစ်ရော ပျော်ပါပြီ။ ဟံသာဝတီနယ် တစ်လွှားမှာတော့ “ မဂိုမဂဲ ရယ်မို့၊ အကိုတွေ စွဲပါတဲ့၊ အတက်ရဲဆုံး ကြက်ဇာနည်ကို ပြိုင်စေတော့မဟဲ့ . . . ”။ ဘာ ညာ ပေါ့ဗျာ . . ။ စာချိုးတွေ၊ ဘာတွေနဲ့ ဖိုးညွန့်အပြတ်လန်းနေ၏။ ကြက်မောင်လဒ၊ ခွပ်လက်ကျကိုလည်း “သ”လိုက်ရသည် မ၀နိုင်၊ တဖန်းဖန်း တောင်ပံသံပေး အတက်သွေးပုံကိုကြည့်၊ ပီတိတွေက တစ်ဝေေ၀. . . ။
                   ရွာထဲက ဖိုးညွန့် အ၀န်းအ၀ိုင်း လူနုံနဲ့များကလည်း “ကဖိုးညွန့်နဲ့ ကဖိုးညွန့်ကတော့ဖြင့် စင်ပေါ်က ဖင်ချော်လို့တောင် ဆင်းဖို့ မလိုသယောင် ပင့်ကြ၊ ချွန်ကြ၊ ဘေးတီးကြ၊ “ငါ့သားကြီးကွ . . . ”အော်ရလွန်းတဲ့ မောင်ဖိုးညွန့်ခမျာလည်း အသံတွေဝင်လို့ သံပုရာချည်ကလေးကို လျှာပွတ်ဆေးရောပြီး ယက်ကာ ယက်ကာနှင့်ပေါ့ ခင်ဗျာ . . ။
                   (ဤစာကို ရေးနေစဉ်မှာပဲ ကျောကနာ၊ လက်ကနာ၊ ရင်ဘတ်က အနည်းငယ်လောက် အောင့်၊ လှပ်လှပ် . . . လှပ်လှပ်၊ ဒပ်ဒပ် . . . ဒပ်ဒပ်တွေ ဖြစ်၊  လှိုင်းစီးသလို အရသာ မကောင်း တကောင်းလေးလည်း ခံစားရတာနဲ့ ခဲတံနဲ့လက် မတွေ့ဖြစ်တာ ထင်ပါ၏။  အဲဒီ တစ်ပတ်အတွင်း ဖိုးညွန့်ကြက်ကလည်း အတက် တပြပြ၊ ဖိုးညွန့်ကလည်း မျက်ထောင့်နီ ဖြစ်နေ၏။ မောင်ဒေါ . . သင်းတို့ကို စားပွဲပေါ် ခဏတင်ထားပြီးမှ၊ အခုဆက်လိုက်ပါ၏။ ဤကား စကားချပ်)
                   အဲ . . . ဘာတဲ့၊ ဖိုးညွန့်နဲ့ ဖိုးညွန့်ကြက် သြဇာတွေ တက်နေချိန်မှာပဲ ကျိုက်ဖူးကျိုက်ပါ ဘုရားချောင် မှာ ပွဲကြီးပွဲကောင်းသတင်း ဖြစ်လာ၏။ ရန်ကုန်က အဓိပတိ ကြက်ငတိကြီးပါ ပါမည်။ လောင်းကြေးက အဲဒီခေတ်ငွေပင် သိန်းချီ၏။
                   ဖိုးညွန့် အဲဒီဝိုင်းမှာ ပါပြီ။ အိမ်ကို (တကယ်တော့ တဲပါ) သူကြီး ကိုဗိုလ်ကျန်ထံမှာ ပေါင်သည်။ ဗိုလ်ကျန်ကလည်း ဦးနှောက်ထဲမှာ မျှော့ပဲ ရှိတဲ့လူဆိုတော့ ပွဲပြီးရင် သိန်းချီရမယ်ဆိုပြီး အပေါင်ခံ၊ အပန်ခေါင် လုပ်လေ၏။
                   ကဲ . . . ၀ိုင်းစပြီ။ တစ်ဖက်ကြက်ကလည်း တကယ်တော့ တစ်ဖက်ကန်း . . . ပေါင်ချိန် ဂဏန်းလျှောက် သလို လျှောက်တဲ့ကြက်မျိုး။ မည်းမည်းမြင်ရင် ထိုးခွပ်မယ်ဆိုသည့်ကြက်။ နာမည်တစ်လုံးနဲ့ ကြက် . . ။ တိုတိုပြောရရင် ဖြင့် ၀ိုင်းထဲ ကြက်နှစ်ကောင် ဆိုင်လိုက်ချိန်မှာ ဖိုးညွန့်ကြက် တစ်ချက်စူးသွား၏။ ဖိုးညွန့်ကြက်က ပြန်ပြစ်ဖို့ တာစူဆဲတွင် တစ်ဖက်ကြက်က အကန်းဖက်မို့ မမြင်။ သည်မှာတင် “ အောက်အီးအီးအွတ် . . . ”တွန်ပါ၏။ တွန်သံ အကြားတွင် ဖိုးညွန့်ကြက် တုတ်ကွေးမိသွားလေသလော . . ။ အစာ မှားခဲ့လေသလော . . ထင်ရလောက်အောင် ချီးပန်းပါလေ၏။ (ကန်တော့နော်)။ ချီးတွေ ပန်းပြီးသည်နှင့် ဖင်ထိုင်ကျသွားပါတော့၏။ အော် . . . ဖိုးညွန့်ကြက်      ရယ် . . .။ (ဒီမှာ . . ကြော်ငြာ ၀င်လိုက်ပါတော့နော် . . . ) ဇာတ်လမ်းက ပြီးပါပြီ . . . ။
                   ဟုတ်ကဲ့ . . ၊ ဖိုးညွန့်ကြက်အကြောင်း သံခေ၀ကို စာဖတ်သူသိပါပြီ။ မိတ်ဆွေရော . . . ဖိုးညွန့်ကြက်မျိုးတွေ တွေ့ဖူးပါသလား . . .။ မောင်ဒေါကတော့ ချစ်ဖူးရေးတဲ့ ကဗျာလေး လက်ဆောင်ပေးချင်ပါ၏။ “တိုက်ကြက်”တဲ့။ ၈၀ ခုနှစ်လောက်က ရေးတယ်ပြောတာပါပဲ။
                   တချက်ကောင်း၊
                   ကြက်ဖောင်းက တခုန်ခုန်
                   ကြက်ပုံက ထယ်သဗျား . . . ။ 
                   ပွဲတိုင်းကျော် ညောင်ကန်ကြီးပေ
                   ပွဲစီးသော် တော်ရာခွေလို့ . . ၊
                   ကြောက်ချေးတွေ မြင်ရာဗြွတ်ပါတဲ့
                   (ကိုဖိုးညွန့်ရေ့) ကျွတ်တဲ့ငကြွား။

ဗညားဂျမ်းဒေါ(ကွမ်းခြံကုန်း)