Monday, December 17, 2012

စင်အောက်ကလူသာမာန်


စင်အောက်ကလူသာမန်
(တစ်)
          မတ်လနွေသည် ပူ၏။
            ခြစ်ခြစ်တောက်အပူကို ဖြတ်လျှောက်လာကာ မဂ္ဂဇင်းတိုက် တစ်တိုက်အတွင်း ၀င်ထိုင်ဖြစ်သည်။ အ၀င်ဝ စာပွဲဘေးရှိ လက်ဖက်ရည်ကြမ်းအိုးထဲမှ ခပ်နုနု အခါးရည်သည်အပူကို လျော့ပါးသွားစေသလို ခံစားရသည်။ မဂ္ဂဇင်းတိုက်တွင် ၀င်ထိုင်သည်မှာ အကြောင်းရှိသည်။
            ဗိုလ်ချုပ်ဈေး၊ မင်္ဂလာဈေးဆိုင်များတွင် ၀င်ထိုင်လျှင် “ကား” အကြောင်း၊ “ဒေါ်လာ”အကြောင်း၊ “အပေါ်စက်” “အောက်စက်”တွေအကြောင်း၊ “အယ်ဒီဒတ်စ်ဖိနပ်နှင့်အင်ဒိုနီးရှားပါတိတ်”အကြောင်းကြားရမည်။မှန်သည်။ဘာသာ စကားမတူခြင်း ဒုက္ခကြောင့် ကြာရှည်လေးမြင့် ထိုင်မနေချင်။
            မဂ္ဂဇင်းတိုက်များတွင် ထိုင်လျှင်မူ ဘာသာစကား တူသည်။ ပန်းချီ၊ ကဗျာ၊ ၀တ္ထုရေးသူ၊ ဖတ်သူ၊ ဝေဖန်ရေး၊ စက္ကူ၊ နာမကျန်းသည့် စာပေသမား၊ ဟောပြောပွဲများ၊ ကျွန်တော် စိတ်ဝင်စားသည်။ ဆုပ်ဖမ်း၍ရသည်။ ထိုင်သည်။ ကြာချင်သလောက် ကြာသွားပစေ။ ထိုင်ခြင်းအကြောင်းရင်းက ဒါပဲ ဖြစ်သည်။ မပို။
            ကျွန်တော် ထိုင်နေစဉ်မှာပင် ပုပု၊ ရှည်ရှည်၊ ညိုညို၊ ဖြူဖြူ၊ ကတုံးဆံတောက်၊ ဘယ်ခွဲဆံပင်၊ လွယ်အိတ်၊ မျက်မှန်၊ ထီး၊ မြင်ကွင်းထဲကို ၀င်လာကြသည်။ မဂ္ဂဇင်းတိုက် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြသည်။ ခုံပြည့်လျှင် မတ်တပ်ရပ်သူက ရပ်သည်။ ကာတွန်း၊ ပန်းချီ၊ ကဗျာ၊ ၀တ္ထုသမားတွေဖြစ်ကြသည်။ မြိုင်သွားပြီ။ ဆိုကြ၊ ပြောကြ၊ ရယ်ကြ၊ မောကြ၊ သောကြ၊ ထေ့ကြ။ ချစ်စရာ့ ဈာန်တစ်ခုရလာသည်။
            “အနုပညာ ရပ်ကွက်ဆိုတာ ဒါမျိုးနေမှာပဲလေ”ဟုလည်းတွေးနေမိသည်။
            ထိုဈာန်ကလေးအတွင်းသို့ လူငယ်ကလေး လေးငါးခြောက်ဦး ၀င်လာသည်။ အသက်နှစ်ဆယ် ပတ်ဝန်းကျင်တွေ၊ လွယ်အိတ်ကလေးတွေနှင့်။
            “ကျွန်တော်တို့ ကဗျာလေးတွေ ပေးချင်လို့ပါ”
            သူတို့စကား အဆုံးတွင် တိုက်ထိုင် အယ်ဒီတာက ပြောသည်။
            “ဟုတ်ကဲ့ ထားခဲ့ပါ”
            ကဗျာစာရွက်ကလေးတွေကို သူယူထားလိုက်သည်။ လူငယ်ကလေးတွေ နှုတ်ဆက်ပြီး ပြန်သွားကြသည်။မျက်နှာမြင်ပြီးစ မိခင်မပျို၏ လန်းဆန်းသော အပြုံးမျိုးကို ကျွန်တော် ရှာဖွေတွေ့ရှိလိုက်သည်။
            “အေးဗျာကဗျာတွေသိပ်ရေးအားကောင်းတာပဲ၊ကျွန်တော်တို့တိုက်မှာတစ်လကိုအနည်းဆုံးခုနှစ်ရာလောက် ရောက်တယ်၊ တစ်ခါတစ်ခါ တစ်ထောင်ကျော်သွားတယ်”
            ကျွန်တော် ခန့်မှန်းထားသည်ထက် ပိုမိုသော အရေအတွက်ကို ကြားရသည်။ ပီတိတစ်ခု ဖျတ်ခနဲ ရလာသည်။
            စကားဝိုင်းသည်ပုံဆောင်ခဲမဟုတ်သဖြင့်တစ်နေရာ၌တော့ကျစ်လျစ်မနေ။ဟိုရောက်၊ ဒီရောက် တောတောင်ရေမြေဒီပါဗွေ။
            နေနည်းနည်းညိုစ ပြုလာသည်။ အပူလျော့သွားသည်။ မဂ္ဂဇင်းတိုက်အတွင်းသို့ လူငယ်သုံးယောက် ၀င်လာပြန်သည်။ စောစောက လူငယ်တွေနှင့် မတိမ်းမယိမ်း အရွယ်တွေပဲဖြစ်သည်။
            “ကျွန်တော်တို့ ပြီးခဲ့တဲ့လက ပေးထားတဲ့ ကဗျာလေးတွေပါ မပါ သိချင်လို့ပါ”
            တိုက်ထိုင် အယ်ဒီတာ စာမူထိန်းသူကို ခေါ်သည်။ မှတ်ပုံတင် စာအုပ်မှာ ကြည့်ခိုင်းသည်။ စာမူထိန်းက ပြောသည်။
            “ဟုတ်ကဲ့ ဖတ်ပြီးသွားပါပြီ။ ရွေးတဲ့အထဲမပါပါဘူး”
            တိုက်ထိုင် အယ်ဒီတာကို ကြည့်ရသည်မှာ မျက်နှာ ပူနေပုံပေါက်သည်၊ သူပြောသည်။
            “ဆက်ရေးကြပါဗျာ၊ တစ်ခါမပါ နောက်တစ်ခါပေါ့”
            လူငယ်ကလေးတွေ၏ မျက်နှာပေါ်တွင် နွမ်းလျသည့် အပြုံးရိပ်ကို ကျွန်တော် ဖမ်းယူရရှိလိုက်ပြန်သည်။ နှုတ်ဆက်၍ လူငယ်တွေ ပြန်သွားကြသည်။
            လက်ဆွဲအိတ်ကိုယူ၍ ကျွန်တော် ပြန်ရန် ပြင်သည်။ မဂ္ဂဇင်းတိုက်မှ အထွက်တွင် လူငယ်ကလေးများ၏ လန်းဆန်းသောအပြုံး၊ နွမ်းလျသောအပြုံးနှင့် တိုက်ထိုင် အယ်ဒီတာ၏ စကားသံများ။ ကျွန်တောနှင့်အတူ တွဲလျား ကပ်ပါလာခဲ့လေသည်။

(နှစ်)
            ၅၉ ခုနှစ်၏ ပြက္ခဒိန် စာရွက်များ ဆွေးမြေ့နေပြီ။
            သို့သော် ထိုပြက္ခဒိန်နှစ်မှာပင် ကျွန်တော် ကဗျာစာရေးခဲ့သူကို အမှတ်ရနေမိသည်။
            “ကျွန်ုပ်၏ ရည်မှန်းချက်” ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်စာ ဆရာက အက်ဆေးရေးခိုင်းသည်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ ကျောင်းအုပ်၊ ကုမ္ပဏီပိုင်ရှင်၊ ရုပ်ရှင်မင်းသား (သင်္ဘောသားတော့မပါ) အကွဲကွဲအပြားပြား အက်ဆေးများတွင် “ကဗျာဆရာ” လုပ်မည်ဟု ကျွန်တော်ရေးခဲ့သည်။ ဆရာက ခပ်မြေ့မြေ့ပြုံး၍ တစ်တန်းလုံးကိုဖတ်ပြသည်။
            ထိုအာရုံရိပ်များသည် အဖြူထည် ကျွန်တော့်ရင်ထဲသို့ အဟုန်ပြင်းစွာ စွဲငြိတိုးဝင်လာသည်။ ရည်းစားစာ လှလှပပများကို ရေးနေရမည့်အရွယ်တွင် ကျွန်တော်သည် ဂေါ်ကီ၏ “အမေ”နှင့် ဒေါင်းနွယ်ဆွေ၏ “ပုလဲနိဒါန်း” ကိုပိုမိုစိတ်ဝင်စားနေသည်။
            ကျွန်တော်စရေးခဲ့သော ကဗျာသည် “လှလေ ခက်လေ” လက်ပြတ် အင်္ကျီနှင့် နှုတ်ခမ်းနီတာရဲ ဆိုးတတ်လေ့ရှိသော ရီဝင်းမာနှင့် မပတ်သက်ခဲ့။ (ရီဝင်းမာအတွက် အတန်ငယ်ရင်ခုန်နေသည်ကိုတော့ ၀န်ခံပါသည်။) ကျွန်တော့်မြို့မှ ခေါက်ဆွဲဆိုင်တစ်ဆိုင်အကြောင်းမျှ သာဖြစ်သည်။
            “မောင်ချစ်ညို” ဆိုသည်မှာ ကျွန်တော်၏ ကလောင်အမည်ဖြစ်သည်။ ကဗျာတစ်ပုဒ်ရေးပြီး သူငယ်ချင်းတွေကို ပေးဖတ်သည်။ “စာပေသစ်” အယူအဆလက်ခံသူ သူငယ်ချင်းတွေက သြဘာပေးသည်။ “သက်လျာဓါတုရဲ့မြင်လှည့်ပါ” သီချင်းဖြင့် တရွှတ်ရွှတ် လွမ်းနေဆဲ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကဗျာတွေကို ပက်ပက်စက်စက်ပြောသည်။ သူကလည်း “ဘားမားစတား”ကို “အချစ်ကဗျာတွေ” မှန်မှန်ရေးပို့နေသည်။ သူ့ကဗျာ….
ပန်းကြမ္မာ
အသည်းလင်္ကာ၊ ပန်းသစ္စာဝယ်၊
မေတ္တာပန်းတို့၊ တစ်ခမ်းတစ်နား
ဖြန့်ဖြူးထားလျက်၊ ပြည့်နှက်ဖြူဖွေး
ပန်းကလေးထက်၊ လျောင်းစက်နားနေ
အပန်းဖြေလျှင်
ပန်းတွေမည်သို့ဖြစ်မည်နည်း။
                             မောင်လွမ်းနွယ်
            သူ့ကဗျာကို “ဘားမားစတား”တွင် ကျွန်တော်ဖတ်ရသည်။ ကျွန်တော် ဘာမှမပြောဖြစ်။ သို့သော်ကျွန်တော်၏ ကဗျာကို ထိပါးပုတ်ခတ်လာသောအခါ ရင်ထဲမှာ ဆူးပေါက်သည်။ အမျက်ထသည်။ ကျွန်တော် ပြောဖြစ်သည်။
            “ဟေ့ကောင် ခွေးမျိုး၊ မင်း…..တော်…….ဆက်မပြောနဲ့၊ ပြောစရာဘာမှမရှိဘူး၊ မင်းလမ်း မင်းလျှောက်၊ ငါ့လမ်းငါလျှောက်မယ်၊ ငါ့လမ်းရှေ့မှာ မစွာနဲ့၊ လည်ပင်းချင်း ကြိုးချည်ဆွဲရဲသလား၊ အချိန်မရွေးပဲ”
            မိမိ ကဗျာကို ခုခံကာကွယ်ရင်း မျက်ထောက်နီခဲ့ဖူးသည်၊ ယခုတိုင်လည်း ထိုသူငယ်ချင်းကို ဟ၊ ဟ မပြောဖြစ်။ ချစ်ခဲ့ရပါသော ကဗျာသစ်။
            မည်သို့ပင်ဖြစ်စေ ကဗျာသည် ကျွန်တော့်ကို စီးမိသွားပြီ။ ကျောင်းစာအုပ်တွေမှာ ကဗျာ၊ စာရွက်လွတ်တွေမှာ ကဗျာ၊ အဘိဓါန် စာအုပ်ထဲမှာ ကဗျာ၊ သခ်ာၤအခ်ိန္မွာ သခ်ာၤမတြက္ဘဲ ကဗျာရေးနေသည့်အတွက် ကြီးတော်ဆရာမက ခေါင်းကို ခေါက်ခြင်း ခံရဖူးသည်အထိ ကဗျာသည် စိုးမိုးသည်။ အချစ်ဦးသည် ကဗျာပါ။
            ကျောင်းမှာ ၀ါသနာတူတွေစုဖြစ်ကြသည်။ ပေါင်းစည်းဖြစ်ကြသည်။ “မိုးသောက်” နံရံကပ်စာစောင် ထုတ်ကြသည်။ ထိုအထဲမှ ကဗျာများကို စုလျက် “စမ်းရေစီးသံကဗျာစုများ” ကို ထုတ်ကြသည်။ ယခုတိုင် ကျွန်တော်သိမ်းထားဆဲဖြစ်သည့် ထိုကဗျာစာအုပ်၊ စာအုပ်မျက်နှာဖုံး၏ ဘလောက်တုံး၊ အပ်ခဲ့သည့် ရန်ကုန် ဘလောက်တိုက်၏ ငွေရပြေစာ ဖြတ်ပိုင်းတွေသည် ကျွန်တော့်ကဗျာဘ၀ စာမျက်နှာအစပင်ဖြစ်သည်။ အားပေးသူမဲ့ ဘ၀မှ ဒယီးဒယိုင်ထူထခါစ၊ ကွမ်းခြံကုန်းရဲ့ကဗျာဘ၀။
            ရန်ကုန်ကိုလာတိုင်း လွယ်အိတ်တစ်လုံးနှင့် သယ်လာခဲ့သောကဗျာတွေ ပါလာစမြဲဖြစ်သည်။ အများဆုံးပို့ဖြစ်ခဲ့သည်ကား “ဟံသာဝတီသတင်းစာတိုက်”ဖြစ်သည်။
            ကဗျာတစ်ပုဒ်မျှ မပါဖူးခဲ့။ သို့သော် “ဟံသာဝတီက ကျွန်တော့်ကို ဆောင်းပါးများရေးရန် တိုက်တွန်းသည်။ ၆၀ ခုနှစ်က “စပါးနက် (ကွမ်းခြံကုန်း)”အမည်ဖြင့် ဆောင်းပါးနှစ်ပုဒ် ဟံသာဝတီ၌ ရေးပေးပြီးသောအခါ ဆက်မရေးဖြစ်တော့၊ ဆောင်းပါးမရေးဖြစ်သော်လည်း ကဗျာအချစ်ဦးကတော့ဖြင့် ရင်မှာ မြူးဆဲ ဦးနှောက်မှာ မြူးဆဲ၊ ရေးဖြစ်သော ကဗျာတွေကို လက်ရေးဖြင့်ကူးကာ ဖိုင်တွဲလိုက်သည်။
            “စမ်းရေစီး” ကဗျာများသည် ကျွန်တော်၏ စာအုပ်စင်ပေါ်တွင် ၁၉၆၃ ခုနှစ်၌ ကျနစွာ နေရာယူလျက်ရှိသည်။ ရေးသည်။ ပြန်ဖတ်သည်။ ရေးသည်။ ပြန်ဖတ်သည်။ ကဗျာကိုလိုနီတစ်ခု၏ ပီတိများ။

(သုံး)
            ၁၉၆၄ ခုနှစ်။
            နိုင်ငံခြားဘာသာစကား သင်တန်းတစ်ခုကိုတက်ရင်း “ဗဲတိုဗရက်ခ်ျ”၏ ကဗျာတွေနှင့် ရင်းနှီးလာသည်။ “Wenn die Oberen von frieden reden” ကဗျာကို ဖတ်၍ မနော်ဟရီလမ်း တစ်လျှောက် ပဲလှော်စားရင်း စဉ်းစားလာခဲ့သည်။ ၆၄ ခုနှစ် ဖက်ရှင်ပုံစံများထဲတွင် ကျွန်တော်သည် တိုက်ပုံအင်္ကျီနှင့် တာယာဖိနပ်ကို ရှာဖွေစီးနင်းလျက် ဖြူ၊ နီ၊ ညို၊ ပြာကားများကို ကွေ့ရှောင်ကာ ဒေါပုံရှိ မိမိ၏ အခန်းကျဉ်းသို့ ပြန်ခဲ့ရတတ်သည်။ ထိုအခန်းကျဉ်း၏ ပတ်လည်မှ စူးချဉ်သော အနံ့များထဲတွင် ကဗျာများကို ရေးကြည့်နေမိသည်။ “ရှုမ၀” ၏ စာမျက်နှာများပေါ်တွင် သူငယ်ချင်းတွေ၏ ကဗျာတွေကို မြင်နေရသည်။ မြေနီကုန်းချစ်တီး ထမင်းဆိုင်တွင် ထမင်းတစ်ကျပ်ဖိုးနှင့် ပဲဟင်း ငါးမူးဖိုးကို ကြက်သွန်ချဉ်တွေအများကြီးတောင်း၍ စားကာ၊ ကဗျာသစ်အကြောင်း ဆွေးနွေး ဖြစ်ကြသည်။
            သူငယ်ချင်းတွေ၏ ကဗျာတွေကို ဖတ်ပြီး ကြည်နူးရသည်။ ကျွန်တော့်ကဗျာတွေကိုလည်း သူတို့ဖတ်ကြသည်။ မဂ္ဂဇင်းများသို့ မူမပို့ဖြစ်။ လက်ရေးနှင့် ကဗျာတွေကို ညီလတ်ဖြစ်သူက လက်နှိပ်စက်ဖြင့် ကူးပေးသည်။ လှလှပပ၊ သေသေသပ်သပ်။ ကဗျာစာအုပ်တစ်အုပ် ချုပ်ထားလိုက်သည်။ ကဗျာစာအုပ်ကို “ပျဉ်းမငုတ်တို”ဟု နာမည်ပေးလိုက်သည်။ “ပျဉ်းမငုတ်တိုကဗျာများ” ပထမနှိပ်ခြင်း၊ အုပ်ရေသုံးအုပ်။ ပျဉ်းမငုတ်တိုတွင် “စာကြည့်တိုက်မှာ” ဆိုသည့် ကဗျာကို သူငယ်ချင်းတစ်ယောက်က သဘောကျ၍ ကူးယူသွားသည်။ ချမ်းမြေ့ရသည်။


(လေး)
            ၁၉၆၆ မိုးဦးရာသီတွင် ကျွန်တော် ရပ်ဝေးမြေခြားရောက်သွားသည်။ ရင်ထဲမှာ ရေးခြစ်သည့် ကဗျာတွေကို ပါးစပ်မှာ ရွတ်ဆိုကျက်မှတ်သည်။ မြင်ကွင်းတွေကို ဆုပ်ဖမ်းမိသမျှ ဦးနှောက်ထဲမှာ ထည့်ထား ကျိုချက်သည်။ စာရွက်နှင့် အကြောင်းမဆုံသေး သောအခါများတွင် နှုတ်တိုက် ကျက်မှတ်ရင်းဖြင့် ကျွန်တော့်တွင် ကဗျာတစ်ဖိုင် တိုးလာသည်။ “လူးဝစ်အွန်တာမယ်”၏ ကဗျာဆရာ အတ္ထုပ္ပတ္တိများကို ဖတ်ဖြစ်သွားသည်။
            ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ ခေါင်းအုံးအိပ်ခဲ့သောထိုစာအုပ်ကို ပျင်းရိစွာဖတ်ရင်းဖြင့် အထီးကျန်သော ကဗျာများ၊ ကဗျာသမားအကြောင်း ပိုမိုလေးနက်လာသည်။ ၁၉၇၂ ခုတွင် ရပ်ဝေးမြေခြားမှ ပြန်လည်ရောက်ရှိလာသည်။ ဦးနှောက်ထဲ၌ ရိုက်ဖမ်းကူးဆေးခဲ့သော စိတ်ပုံကြမ်းများကို ဖိုင်ဖွဲ့လိုက်သည်။ ထိုကဗျာတွေကို “ပခုံးကျော်၍ အငဲ့လိုက်” ဟု နာမည်ပေးလိုက်သည်။ လက်နှိပ်စက်ဖြင့်မကူးဖြစ်။
            ဘယ်မဂ္ဂဇင်းတိုက်ကိုမှလည်း မရောက်ဖြစ်။ ဘယ်ကိုမှလဲ မပို့ဖြစ်။ တောင်ဥက္ကလာပအိမ်ရှိ ကဗျာကိုလိုနီကလေးထဲတွင်သာ ကဗျာ။ ထိုနှစ်များတွင် ထမင်းစားဖို့ အလုပ်မဖြစ် ကျွန်တော်စာပြသည်။ “မြန်မာကဗျာရေးသားသော အင်္ဂလိပ်စာပြ ဆရာ” ဖြစ်နေသည်။
            ကျွန်တော့်နေရာသို့ ဇော်နောင်ရောက်လာသည်။ သူ၏ သက်ဝေမေကျော့လည်းပါသည်။ သူတို့ တစ်အိုးတစ်အိမ်ထူကြပြီ။ “မိုးဝေ”မှာ သူကဗျာရေးနေသည်။ အိမ်ချင်းနီးသဖြင့် မကြာမကြာတွေ့ကြသည်။ ကျွန်တော့်ဖိုင်တွေကို သူလှန်ကြည့်သည်။ ကျွန်တော့်ကဗျာတွေကို သူခံစားသည်။ ကျွန်တော့်ကို မဂ္ဂဇင်းတွေမှာ ထည့်ဖို့ပြောသည်။ ကျွန်တော်ကားသိပ်မလှုပ်။မဂ္ဂဇင်းစာမျက်နှာပေါ် ပါရေးမပါရေးသည် ကျွန်တော့်အတွက် အဓိကမဟုတ်။ မဂ္ဂဇင်းစာမျက်နှာပေါ်တွင် ပုံနှိပ်ဖေါ်ပြဖူးမှသာကဗျာဖြစ်မည်ဟုလည်းမယုံကြည်။အယ်ဒီတာတစ်ယောက်က၊ ပါမောက္ခတစ်ဦးဦးက၊ တစ်စုံတစ်ခုသောနေရာက “ကဗျာဆရာဖြစ် လက်မှတ်” ထုတ်ပေးနိုင်မည်ဟုလည်း ကျွန်တော်မထင်။
            ကျွန်တော်ရေးချင်သည့်အခါရေးသည်၊ ကဗျာဖိုင်ထဲတွင် ကဗျာတွေရှိသည်။ ဖိုင်ထဲမှာသာမက တွေ့ကရာစာရွက်ပေါ်မှာ ရေးခြစ်ခဲ့သော ကဗျာတွေ။ ပြင်ရာဖျက်ရာတွေ မိမိဘာသာဆွဲထားသည့် ဒန့်ဒလွန်သီး ပန်းချီပုံရှုပ်ရှုပ်တွေ။ ဒါတွေကို ညီလတ်နှင့် ဇနီးဖြစ်သူတို့က သိမ်းဆည်းပေးကြသည်။ ရေးလိုက်။ ဖျက်လိုက်။ တစ်ပိုင်းတစ်စများ။ အကြီးအငယ်ရွယ်စုံ ဆိုက်စုံ အရောင်စုံ စက္ကူများကို ဖိုင်ကာဗာတစ်ခုထဲတွင် ညှပ်လိုက်သည်။ မည်သို့ဖြစ်စေ ကျွန်တော်ကြည်နူးသည်။
            နှစ်များစွာတို့ ကျော်ကျသွားသည်။
(ငါး)
            ၁၉၈၅ ခုနှစ်။
            အရပ်၏ အမြင်တွင် အောင်မြင်ခဲ့သည်လား၊ ဒါမှမဟုတ်ကျဆုံးခဲ့သည်လား။ ကျွန်တော်ကိုယ်တိုင် မကွဲပြားလှ။ သို့သော် စာသင်ခန်းကို ဖျက်၍ ထွက်ခွာခဲ့သောအခါ “ကြည်အေး” ပြောသလို “နောက်ချေးပုံ၌ပေါက်သောကြာ၏ ရဲရင့်ခြင်းမျိုး”ဖြင့် ထွက်ခွာခဲ့သည်ဟု ကျွန်တော်ယုံမှတ်သည်။ စာသင်ခုံများ၊ သင်ပုန်းကြီးများ၊သင်ကြားမှုအထောက်အကူစာရွက်စာတမ်းများသည် “ပျားပစ်ပြေးသော ပျားအုံပေါက်များပမာ စုပြုံကျန်ရစ်ခဲ့သည်။”
            ဟိုနေရာ၊ ဒီနေရာ အနားပေးထားလိုက်သောခုံများသည် ဆိတ်ခြံ၊ ဆိတ်တဲကိုကာသော၊ ခင်းသောအဖြစ်သို့ ရောက်ကြသည်။ တစ်ချို့ကို ကလေးတွေက မြင်းလုပ်စီးကြသည်။ မိမိအမည်ပါ ကျောင်းသုံးစာရွက်စာတမ်းတွေသည် သားကိုဟန်နှင့် ကိုသျှန်တို့၏ လေယာဉ်ပျံများ၊ နှစ်ပင်တိုင်ရွက်သင်္ဘောများအဖြစ် ဘ၀ပြောင်းသွားကြသည်။
            ထိုဘ၀ကူးစက္ကူများအပေါ်ငေးကြည့်နေသောကျွန်တော်သည် ကဗျာတွေကိုတွေ့နေလျက်ပင်ရှိသည်။ ရေးချသည့် စက္ကူတစ်ချို့ကို မသိမ်းမိ။ သို့သော် နောက်ကသိမ်းဆည်းမည့်သူ တစ်ဦးထပ်တိုးရှိနေပြီ။ သူကား ရှစ်နှစ်အရွယ်သမီး မိခိုင်၊ သူက ကဗျာတွေတွေ့လျှင် သူ့အမေကိုပြသည်။ သူလည်း ရွတ်သည်။ “ဖေဖေ့ကဗျာတွေ ဘာဖြစ်လို့ပုံမနှိပ်တာလဲ။ ပုံနှိပ်တယ်ဆိုတာ လက်နှိပ်စက်ထဲ ထည့်ရိုက်တာမဟုတ်လား” မေးခွန်းတွေမေးသည်။ ကျွန်တော်ပြုံး၍သာနေလိုက်သည်။
            သူ့ကိုစာရေးဖို့ဟူ၍ ကျွန်တော်ပေးထားသော စာအုပ်ကလေးထဲမှာ သူရေးချင်တာတွေရေးသည်။ မလှမပ။ ဟိုတစ်စ ဒီတစ်စအတွေးများ။အမေနှင်အဖေအပေါ်သူ့ထင်မြင်ချက်များ၊ပတ်ဝန်းကျင်ကသူ့အပေါ်ရိုက်ခတ်ချက်များ။ သူရေးထားတာတစ်ခု။
            “ဖေဖေက ကဗျာဆရာ၊ မေမေက ဖေဖေ့ကဗျာတွေဖတ်တယ်၊ ငါလည်း ဖေဖေ့ကဗျာတွေဖတ်တယ်၊ ဒီကနေ့ အိမ်မှာ မုန့်ဟင်းခါးချက်စားတယ်၊ ဖေဖေက ငါ့ကို ကဗျာအကြောင်းပြောပြတယ်၊ သိပ်ပျော်တာပဲ”
            “ဖေဖေက ကဗျာဆရာ”တဲ့။ ကျွန်တော့်အတွက် “ကဗျာဆရာဖြစ် လိုင်စင်” ကို သမီးကပေးလိုက်သည်။ ကျွန်တော်က တဟီတီကျွန်းပေါ်တွင် ပန်းချီကားများရေးဆွဲနေသော ပြင်သစ်ပန်းချီဆရာ ပေါလ်ဂေါ်ဂင်ကို ဒန်တိုကလေးခဲရင်း ပီတိကျသူ၊ အောင်မြင်နေခြင်းဆိုသည်မှာ အလုပ်လုပ်နေခြင်းဖြစ်သည်ဟု ယုံကြည်သူ။ နှစ်အကုန်တွင် ကဗျာဖိုင်တစ်ခု လက်နှိပ်စက်မူနှင့် ရပြန်သည်။ “မာယာ” ကဗျာ။ ပထမ နှိပ်ခြင်း။ အုပ်ရေ ၂။

(ခြောက်)
            ကျွန်တော်သည်ထင်ရှားပြီးစာရေးဆရာများနှင့်အတူတကွနေထိုင်တည်းခိုခဲ့ရသည့်။ ဦးတင်အောင်(ဗန်းမော်တင်အောင်)နှင့် ဦးမြသန်း (မြသန်းတင့်)တို့နှင့်အတူ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရသည်။
            ဦးတင်အောင်က ကျွန်တော့်ကို ဦးဋ္ဌေးမြိုင်ထံခေါ်သွားသည်။ ထိုကာလ ဦးဋ္ဌေးမြိုင်သည် ဟာမစ်တစ်တွင် နေသည်။ ကဗျာခေတ် သစ်တစ်ခု၏ ရှေ့ဆောင်တစ်ဦးအဖြစ် ဦးဋ္ဌေးမြိုင်နှင့် တွေ့ဆုံရခြင်းကို ၀မ်းမြောက်သည်။ သို့သော် ကျွန်တော်သည် “ဒဂုန်တာရာ” အား ကဗျာများ ပေးမဖတ်ဖြစ်ခဲ့။ သူ့အချိန်တွေကို အားနာနေသည်။ ဤသို့နှင့်ပင် ဦးဋ္ဌေးမြိုင်ထံ နောက်ထပ်တစ်ခါမှ မရောက်တော့။
            ပင်းယတိုက်တွင် ထိုင်ရင်း ဦးတင်အောင် စာရေးလေ့ရှိသည်။ သူ့ထံသို့ ကျွန်တော်ရောက်သည့်အခါ သူကကျွန်တော့်ကဗျာ တွေ၊ အတိုအထွာလေးတွေကို တောင်းဖတ်သည်။ ဝေဖန်သည်။ ရှု့မ၀တိုက်တွင် သွားကြဖို့ သူက ကျွန်တော့်ကို သုံးကြိမ်ခန့် ချိန်းသည်။ “မောင်ဆွေတင့်နဲ့ ခင်ဗျားကို တွေ့ပေးမယ်”ဟု ပြောသည်။ သို့သော် ကျွန်တော်တစ်ကြိမ်မျှ မရောက်ဖြစ်။ ကျွန်တော်ခင်မင်လေးမြတ် သော ဦးတင်အောင်အား ဗန်းမော်တင်အောင်အဖြစ် အသုံးချခြင်း ဖြစ်မှာစိုးရိမ်သည်။
            ခုတင်ချင်း ကပ်ရက်နေခဲ့ဖူးသော ဦးမြသန်းကလည်း ကျွန်တော့်ကဗျာတွေကို တောင်းဖတ်သည်။ ကျွန်တော်ကလည်း လိုလိုချင် ချင်ပင် ပေးသည်။ “ပြီးရင်တော့ ဝေဖန်ဗျာ” ဟုလည်း ကျွန်တော် ပြောသည်။ မြသန်းတင့်ကား ကျော်ကြားသူတစ်ဦး။ သို့သော် ကျွန်တော်ကား မြသန်းတင့်ထက် ဦးမြသန်းကိုပိုရင်းနှီးသည်။ သူနဲ့ ကျွန်တော်အကြား တူညီတာ တစ်ခုပဲရှိသည်။ သူသည်လည်း ကဗျာ ချစ်တတ်သည်။ ပင်လယ်ကမ်းခြေတွင် လမ်းလျှောက်ကြရင်း “ခရဇ်တီနာရိုဇတီ” ၏ကဗျာတစ်ပုဒ်ကို ဆွေးဆွေးမြေ့မြေ့ ရွတ်ပြဖူးသည် ကို ကျွန်တော် အမှတ်ရနေသည်။ ဒါ့ကြောင့်ပဲ ကဗျာတွေကို ပေးဖတ်ဖြစ်ပါသည်။ သို့သော် ရင်းနှီးကျွမ်းဝင်သော ဦးမြသန်းအား မြသန်း တင့်အဖြစ် ကျွန်တော့်ကဗျာကို မဂ္ဂဇင် စာမျက်နှာများပေါ်သို့ ယူဆောင်သွားဖို့ ကျွန်တော်မပြောချင်။ မတိုက်တွန်းချင်။ သူ့ကို လှေကား အဖြစ် သုံးခြင်းဖြစ်မှာ ရွံ့နေသည်။
            ကျွန်တော် ကဗျာရေးခဲ့တာ ဆယ်စုသုံးစုနီးပါး ရှိလေပြီ။ ကဗျာတွေကို ကျွန်တော်ချစ်သည်။ သို့သော် ယနေ့ အထိ ဘယ်မဂ္ဂဇင်းမှာမှ ကျွန်တော့်ကဗျာတွေ မပါဖူးသေး။ သို့သော် ကျွန်တော်ဝမ်းမနည်းပါ။ မနွမ်းလျပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကဗျာသည်  ထိုက်တန်သော နေရာတစ်ခုကို ရလာလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။ ထိုနေရာသည် “ကဗျာပွင့်သစ်” များနှင့် လန်းဝေနေလိမ့်မည် ဟုလည်း တွေးထင်သည်။
(ခုနှစ်)
            အတန်းထဲတွင် အက်ဆေးအတူ ရေးခဲ့ကြသော သူငယ်ချင်းတွေ။
            “ကဗျာဆရာလုပ်မည်” ဟု ပြောခဲ့သော ကျွန်တော်ကတော့ စာပြသည်။ ကြက်မွေးသည်။ နို့ဆိတ်မွေးသည်။ သပြေစိုက်သည်။ ကြက်ဥပို့သည်။ စက်ဘီးစီးသည်။ မည်သို့ဆိုစေ ကျွန်တော်ကဗျာတွေ ရေးဖြစ်ပါသည်။ အချစ်ဦးက ကဗျာလေ။
            ၁၉၈၇ ခုနှစ်တွင် ကဗျာဖိုင်တစ်ခု ထပ်မံတိုးလာသည်။
            ကဗျာပိုဒ်ကို လက်နှိပ်စက်မူ ရိုက်ပြီးလျင် နာမည်ပေးရဦးမည်။
            “စင်အောက်ကလူသာမန်” လို့ ပေးရရင်ကောင်းမလား။
ဘယ်လိုပဲဖြစ်ဖြစ် ညကမှ ရေးဖြစ်သွားသည့် “အစားသီဝရီ”ကိုတော့ ဒီဖိုင်ရဲ့နိဒါန်းမှာ ရှိစေမည်။
အစားသီဝရီ
ဆာလို့ စားတယ်၊ စားတယ်၊ စားတယ်၊
စားမှဆာမယ်။
ဆာချင်ယင်စား၊ မစားတာကြာ၊
မဆာတော့ဘူး၊ မူးရီပျော့ခွေ။
သေသွားမှာပေါ့ ဘယ်တော့မှ မဆာ။
အမြဲဆာချင်
အမြဲပင်စား
စား၊
ညစား၊ နေ့စား
မနက်စား၊
ထမင်းများများကုန်ပစေ။
 (မြင့်ဦးသစ်)
စံပယ်ဖြူ၊ စက်တင်ဘာ၊ ၁၉၈၇

Sunday, December 16, 2012

ကစမ



မောင်ဒေါရဲ့ အတွေးစည်ပိုင်း
လှလှကြွကြွ ကစမ
            မောင်ဒေါရေးလိုက်သည့် “ကစမ”ကိုမြင်သည်နှင့် အခြားအခြားဆင်တူယိုးမှားစကားလုံး စကားတွဲတွေနှင့် မမှားစေလိုပါ။ ဒါကတော့ ဘာကိုတီးတော့မည်ပဲ ဟူ၍လည်း အထင်တော်တလွဲတွေ မတွေးစေချင်ပါ။ မောင်ဒေါပြောလိုသည့် “ကစမ”မှာ “ကံစမ်းမဲ” အကြောင်းသာဖြစ်ပါ၏။
            ဗမာစကားသည် တလုံးချင်း အဓိပ္ပါယ်ဆောင်သော ဧက၀ဏ္ဏာဘာသာစကားဖြစ်သည်ဟု မောင်ဒေါကြားဖူး၏။ ကံစမ်းမဲ ဆိုသည်မှာ “ကံ” (ကန်နှင့် အသံထွက်တူ)ထဲကို ဆင်းစမ်းလျှင် မဲမဲသဲသဲရွှံ့တွေသာရမည်ဟူ၍လည်း အဓိပ္ပါယ်ဖော်နိုင်မည်ဟု မောင်ဒေါ ၏မမှီ့တမှီ ဇကောဇက အသိကလေးတွေနှင့်လည်းတွေးမိပါ၏။ စည်ပိုင်းလည်း နည်းနည်းလှုပ်သွားပါ၏။ ထားတော့  ဤကားနိဒါန်း တည်း။
            မောင်ဒေါကား မုဒိတာတရားကို စပါယ်ရှယ်လေ့ကျင့်နေသူဖြစ်ရကား၊ မစားရ၀ခမန်းတွေကို မြင်ရကြားရလျှင် ထိုးထိုး ထိပ်ထိပ် ရင်ခုန်လာသည်အထိ ၀မ်းမြောက်ကျေနပ်ပီတိပွားမိပါ၏။ ကံစမ်းမဲပေါက်ပြီး ဘယ်သူတော့ ဘာကြီးရသွားသတဲ့ဆိုလျှင် မိမိအိပ်မက်ထဲထိထည့်မက်ပြီးရွှင်လန်းစွာတက်ကြွသွားမိပါ၏။တဆက်ထဲမှာပင်ထိုကံစမ်းမဲကြောင့်စိတ်ဓါတ်ပိုင်းတွင် “လောင်းကစားစိတ်” လွှမ်းလာ သူတွေအတွက်လည်း မရဲတရဲကလေး စဉ်းစားမိပါ၏။
            ပစ္စည်းသေးသေးလေးတွေ ရောင်းပြီး ကံစမ်းမဲအကြီးကြီး ပေးနိုင်ကြကုန်သော ၀ါဏိဇ္ဇာကုန်သည်ကြီးများကိုလဲ ပစ္စလက္ခတ် ကြည်ညိုမိပါ၏။ မာဂျောင်းဖဲဝိုင်းနှင့် ကက်စီနိုဂျောက်ဂျက်စက်များထဲမှ တူးဖော်ထုတ်ယူထားခဲ့ကြသည့် မိရိုးဖလာဘောဂဗေဒ အတွေး အခေါ်များကိုလည်း ၎င်းတို့၏ ပျံပွားနိုင်မှုအတွက် မျက်လုံးဝိုင်း လောက်အောင်လေးစားမိပါ၏။
            တဆက်ထဲမှာပင် ဘာလေးညာလေးရောင်းပြီး ထမင်းရှာစားရကောင်းမည်လား စဉ်းစားတိုင်း မောင်ဒေါ၏ စည်ပိုင်းအတွင်း “ကစမ”သည် ကူးခတ်ရောက်ရှိလာခဲ့ပချေ၏။
            “သူခေါင်းထဲမှာလဲ သပြေညို၊ ငါ့ခေါင်းထဲမှာလဲ သပြေညို” ဆိုသလိုပဲ၊ သူကလဲကံစမ်းမဲပေး၊ ငါကလဲကံစမ်းမဲပေးဆိုတော့ ချမ်းသာတဲ့ လူတွေလည်း ချမ်းသာကုန်ကြ၏။ မောင်ဒေါမုဒိတာ အပြင်းစားတွေ၊ မုဒိတာဟဲဗီးတွေ ပွားပေးပါ၏။ ဟဲဟဲ……နောက်တော့ မောင်ဒေါလဲရောဂါ တစ်ခုတက်လာပါ၏။ ချမ်းသာချင်လာတဲ့ ရောဂါပေါ့ခင်ဗျာ။ ချမ်းသာချင်ဗိုင်းရပ်စ်တွေ မောင်ဒေါဆီကူးစက်ခဲ့သည် ဆိုသော်ရအံ့ပါ။
            မောင်ဒေါက ဆယ်ပြားရင်းပြီး ဆယ်သိန်းဖြစ်ချင်တာလေ၊ “ကြွက်သေတစ်ခု အရင်းပြု”ဆိုသလိုပေါ့၊ သည်တော့ သေးသေး ရင်းပြီး ဧရာမကြီးမြတ်မဲ့ အကြံဉာဏ်တွေကို စည်ပိုင်းထဲက ကလော်ထုတ်ပါ၏။ သေချာတာကတော့ ၀ါဏ္ဏိာဇ္ဇာဂုရုကြီးတွေရဲ့ နေအေး လက်သစ် ကံစမ်းမဲနည်းကိုလဲ မလွဲမသွေသစ္စာရှိစွာ စဉ်းစားပါ၏။
            ဟုတ်ကဲ့……. အော်တိုငုတ်တုတ်အကြံဉာဏ်တွေ ထွက်လာပါ၏။ ထိုအကြံဉာဏ်များကား ဆွန်ဇူး၏နိဿရများနှင့်၎င်း၊ ဟားဗတ်ကက်ဆန်၏၀ါဏိဇ္ဇာများနည်းဗျူဟာများနှင့်၎င်း၊ဒေးကာနက်ဂျီ၏လူပေါ်လူဇော်လုပ် မိတ္တဗလဋီကာဆိုတာကြီးနှင့်သော်၎င်း အနည်း ငယ်မျှသာ ပတ်သက်စေလျက် ကမ္ဘာကျော်မုသားဝါဒီကြီး အဒေါ့ဖ်ဟစ်တလာ၏ အပေါက်တော်ထွက် စကားဖြစ်သည့် “လိမ်သာလိမ်၊ များများလိမ်၊ ကြီးကြီးကျယ်ကျယ်လိမ်၊ လိမ်ဖန်များလာရင်၊ ကိုယ့်ဖာသာတောင် ယုံလာလိမ့်မယ်”ဟူသော ၀စနတ္ထလင်္ကာရကို လုံးဝ အခြေစိုက်ပါ၏။ လုံးဝသာမက၊ ပြားဝပါအခြေစိုက်ပါ၏။ သည်လိုပါ။
            လက်မွန်မဆွ - ပထမတွင်မောင်ဒေါ ပရိုက်ဗိတ်ကုမ္ပဏီထောင်ပါ၏။ လွယ်ပါ့ဗျာ။ မတည်ရင်းနှီးလည်ပတ်ငွေ တစ်ထရီလီယံ။ တကယ်တော့ မောင်ဒေါမှာ ပိုက်ဆံ (၁)သောင်းတောင်ပြည့်အောင်မရှိ။ ဒါပေသိ - ရတယ်လေ၊ ရင်းနှီးမည့်ငွေက ကိုယ်ပိုင်ဖြစ်ဖို့မှ မလိုပဲ။ သူကြီးဘုရား၊ ရွာသားကောင်းမှုလုပ်လို့ရသော ဟစ်တလာရိုက်နည်းတွေ၊ နေအေးလက်သစ်နည်းတွေ မောင်ဒေါမှာရှိပြီးသားကပဲ။ ကုမ္ပဏီမှတ်ပုံတင်ရုံးကလဲ ပိုက်ဆံပြခိုင်းတာမှမဟုတ်တာ။ လုပ်မယ့်အလုပ်တွေကလဲ အစုံပဲ။ ဘာမှမရှောင် ပိုက်ဆံရလျှင် အကုန် လုပ်မည်။ ရာနှုန်းများများမြတ်လေ အဆင်ပြေလေပဲပေါ့။
            မောင်ဒေါနှင့် ဖက်စပ်လုပ်နိုင်မည့် နောက်ဖေးပေါက်က အာချောင်နိုင်ငံခြားသား င၀ါ၊ ငမဲတွေကလည်း မောင်ဒေါအကွက်ဖြစ်၏။ သူတို့ တရားဝင်မလုပ်နိုင်သည့် အလုပ်တွေကို မောင်ဒေါကတရားဝင်စက္ကူပေါ် ရောက်အောင် အပေါက်ပေါင်းစုံ ၀င်ပြီးလုပ်၏။ အားပါး - အဆင်ပြေမှပြေ။ အဟောက်အဟမ်း၊ ငေါက်အငန်းသန်လှသူများဟူ၍၎င်း နာမည်ကြီးသည့် အကြီးကြီးတချို့ကိုလဲ မောင်ဒေါ ပါးစပ် ပိတ်လိုက်နိုင်ပါ၏။ လွယ်ပါသည်။ ဟနေသော ပါးစပ်ထဲကို ပါးစပ်အပြည့်ထောင်းသွပ်ပေးလိုက်မှတော့ ပါးစပ်ပိတ်သွားပြီပေါ့။ မဆန်းရေး တချောင်းငင်မဆန်း၊ အဟမ်း…..ဟမ်း၊ မောင်ဒေါ ကုမ္ပဏီထွားကြိုင်းလာခဲ့ပြီ ဟုပင် ခပ်တိုတိုဆိုကြပါစို့ရဲ့။
            မောင်ဒေါ၏ “ဒေါအင်တာနေရှင်နယ်ထရေးဒင်း ပရိုက်ဗိတ်ကုမ္ပဏီလီမီတက် (ဟိုးလဒင်း)တွင် ပြီစီးဒင့်ရာထူး၊ မန်နေဂျင်းရာထူး၊ စီအီးအိုရာထူးတို့သည် မောင်ဒေါကသာ ကျနော်ချည်းဇာတ်လိုက်ဖြစ်ပြီး - ဘီအိုဒီ (ဒါရိုက်တာဘုတ်အဖွဲ့)၀င်တွေအဖြစ် စီးပွားရေး ဆိုသည်ကို ပုံဆွဲအရုပ်ပြရသော မောင်ဒေါ၏ကတော်လေဒီဂျမ်းဒေါ (ခေါ်) မဒမ်ဂျမ်းဒေါ (ခေါ်) သီရီမဟာ ဒါတင်စရီ ရှောက်ကျင်းတန်နှင့် မောင်ဒေါ၏ (၂) ၀မ်းကွဲတောပြန်တောင်ပြန်ကြီး ဂရိတ်မောင်တုတ်တို့အား ရွေးချယ်ထားလိုက်ပါ၏။
            ပြီးတော့ထရေးဒင်းဆိုသည့်အတွက် ဘာတွေထရေးဒင်းလုပ်မည်ဟု ကြံဆရာတွင် ကန့်ကွက်သူမရှိ၊ အတည်ပြုလိုက်သည်ကား “ရေ”ဖြစ်ပါ၏။ ရေတောင်မှ အလာကားရသည့်ရေ။ ဖရီးရသည့်ရေ။ “ရေ”ကို ရေအတိုင်းရောင်းသည်က ရိုးဟိုးဟိုးနေပြီ။ ဒီမှာ “ရေ”ကို ဗဲလျူးအက်ဒက် (တန်ဖိုးမြှင့်တာကို ပြောတာပါ………မျက်ခုံးရှုံ့မသွားပါနဲ့အုံး) လုပ်ပြီးရောင်းမည်၊ “ရေ”ကို အရောင်နည်းနည်းကလေး ထည့်ပါမည်။ အစိမ်းလဲ့လဲ့ကလေးနှင့် ပန်းရောင်လဲ့လဲ့ကလေး၊ ပန်းနုရောင်နှင့် အစိမ်းနုရောင်ရေ ပင်နီစလင်တပုလင်းကိုကျပ် တစ်သောင်းဖြစ်မည်။ ဘယ်သူဝယ်ပါ့မလဲ၊ အထင်မစမောပါနှင့်၊ လွယ်ပါ၏။ “ယောက်ျားလေးဖွားစေသည့်ရေစင်၊ မိန်းကလေးဖွားစေသည့် ရေစင်။” ယောက်ျားလေးအတွက် ပန်းနုရောင်၊ မိန်းကလေးအတွက် အစိမ်းနုရောင်၊ ကလေးမရနိုင်ကြသည့်၊ ယောက်ျားလေးပဲ လိုချင်သည့်၊ မိန်းကလေးပဲလိုချင်သည့် အန္ဓလူသားတွေ ၀ယ်ကြပါလိမ့်မည်။ သောက်ပြီးထင်တိုင်း မပေါက်လျှင်လည်း ရှောင်စရာ တွေအပြည့်။ ရှောင်နည်းတွေကတော့ “တောစီးကလက်”ပေါ့ဗျာ။
            နောက်တဆင့် တက်မည်၊ ကိုယ်ဝန်ရှိစထဲက တောက်လျှောက်သောက်ရမည်၊ ပျက်ကွက်၍မရ၊ ပြီးတော့လဲလာပြီ - ကစမ -ပုလင်းတစ်ထောင်ကို ကူပွန်တစ်ခုပေးမည်၊ ကူပွန်တွေကို လတလတွင် မဲနှိုက်ပြီး ဆုပေးမည်။ ပထမဆု “ဖရဲရေး” ကား (၁၀)စီး၊ ဒုတိယဆု -ဟာလေဒေဗစ်ဆန်ဆိုင်ကယ် အစီး (၂၀)၊ တတိယဆု ဆိုနီကထုတ်သည့် အီလက်ထရောနစ်ပစ္စည်းအတွဲ (၃)တွဲ။ (တကယ် ပေးရန် ဘယ်လိုမှမရည်ရွယ်)
            မောင်ဒေါမှ မချမ်းသာလျှင် မည်သည့်သကောင့်သား ချမ်းသာအံ့နည်း။ ၁၀၀ လောက်ရင်းလျှင် (၁)သောင်းလောက်ရမည် မှန်းနေကြသော ခရိုနီစီးပွားရေးသမားတွေလောက်ကတော့ မောင်ဒေါတို့က ပျင်းတောင်ပျင်းသေး၊ သင်တန်းပေးမဟေ့ လာကြဟုပင် ခေါ်လိုက်ချင်ပါသေး…..။ အဟိ

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)



Saturday, December 15, 2012

တသက်မှာတခါကဘူးတဲ့ပြဇာတ်

-->
ကိုကိုးကျွန်းဋီကာ
တစ်သက်မှာ တစ်ခါကဖူးတဲ့ ပြဇာတ်
        လူတိုင်းလူတိုင်းလောက်နီးနီးမှာ အနုပညာ “ဇ”ကလေးတွေရှိတတ်ပါတယ်။ အနိမ့်ဆုံးကတော့ သီချင်းကလေး ညည်းဖူးတတ်ကြတာပါပဲ။ အနုပညာနဲ့ ဝေးလွန်သူရှိတတ်ဆိုရင်တောင်မှ အလွန်ကိုရာနှုန်းနည်းလိမ့်မယ်ထင်ပါတယ်။ ထောင်ထဲအကျည်းထဲ ရောက်လာကြသူတွေအထူးသဖြင့် နိုင်ငံရေး ယုံကြည်မှုတရပ်ကြောင့် ရှိနေဆဲအစိုးရနဲ့ သဘောကွဲလွဲ လို့ရောက်လာကြသူတွေကတော့ ပိုပြီး၊ အနုပညာနဲ့ နီးစပ်ကြတယ်လို့ ကျနော် ယုံကြည်ပါတယ်။
          နောက်ပြီး အချိန်ရဲ့ အစိတ်အပိုင်း အတော်များများဟာလဲ အကျဉ်းသားတယောက်အတွက် “အား”နေတော့၊ ထောင်ထဲမှာ အနုပညာအလုပ်တွေလုပ်ဖြစ်သွားကြပါတယ်။ ကျနော် အခုပြောနေတဲ့ “၇၀”စုများက အင်းစိန်ထောင်မှာ အဓိက အနုပညာ အလုပ်ကတော့ ကဗျာရေးတာပါပဲ။ ကျန်တာက ဘာမှလုပ်လို့မရပါဖူး။ တိုက်တွေက နေကုန်ပိတ်၊ အဆောင်ကြီးတွေမှာ ထောင့်အခန်းတွေ ကန့်ပြီး နေကုန်ပိတ်ထားတာကော။ စာအုပ်စာတမ်း သတင်းစာရေဒီယို ဘာမှမရှိပါဘူး။ ချွင်းချက်အဖြစ် “ဘာသာရေးစာအုပ် တချို့လွဲလို့ပေါ့လေ။ ဒါတောင်သိပ်များများစားစား မဟုတ်ပါဘူး။ တအုပ်စ နှစ်အုပ်စပါပဲ၊ ပထစ၊ ဖဆပလနဲ့ အခြားနှီးနွယ်ရာ လူကြီးတွေကတော့ ဘာသာရေးစာအုပ်ကို အိမ်ကနေမှာရင်မှာ သလောက်နီးနီးရကြပါတယ်။ လူငယ်တွေကတော့ ဘာမှကို မရကြတာများပါတယ်။ ဥပမာ ကျနော်ဆိုရင် အိမ်ကနေ ကျနော်ဖတ်ချင်တဲ့ ဘာသာရေး စာအုပ်ကလေး နှစ်အုပ်မှာဖူးပါတယ်။ အိမ်ကလဲပို့ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဗူးဝကနေ လက်မခံလို့ပြန်ယူသွားခဲ့ရပါတယ်။ ဒါက အင်းစိန် ထောင်ရဲ့ “၇၀”စုနှစ်တွေက အခြေအနေပါ။
          သည်တော့ အစောတုံးက ပြောခဲ့သလို ကဗျာရေးကြပါတယ်။ စက္ကူ၊ ခဲတံဘောပင်ဘာမှမရှိပဲ ဘယ်လိုရေးသလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါလိမ့်မယ်။ ထောင်သံမံတလင်းပြင်၊ သို့မဟုတ် ကြမ်းပျဉ်မှာ ရတာနဲ့ ရေးခြစ်ပြီး “အာဂုံဆောင်” ထားတဲ့ နည်းနဲ့ရေးရတာပါ။ တခါတရံ အဲဒီလို သံမံတလင်းမှာ၊ ကြမ်းပြင်မှာ ရေးတာခြစ်တာကို တွေ့ရင်လဲ “ထောင်ရဲ့ ဘ၀ရှင်မင်းတရား”များက လုံးတီးကျွေးတိုက်ပိတ်၊ ရေချိုးပိတ်ဆိုတဲ့ “ထောင်စည်းကမ်းချိုးဖောက်မှုအရေးယူခြင်း”တွေနဲ့ ဆုံရတတ်ပါတယ်။ အဲသလို အခြေအနေနဲ့ပဲ“ကဗျာ”တွေ မွေးဖွားလာတာပါ။ တော်ပါသေးရဲ့ “အာဂုံဆောင်”ထားတဲ့ ကဗျာတွေကို ကလော်ထုတ်ပြီး “အာဂုံဆောင်မှုဥပဒေ” နဲ့ တိုက်မပိတ်ပေသေးလို့။ ကျနော်လဲ ကဗျာတော်တော်များများကို “ကျက်”ပြီး အိမ်ပြန်ရောက်တဲ့အထိ အပါခေါ်ခဲ့နိုင်ပါတယ်။ (အဲဒါကဗျာတွေ စက္ကူပေါ်ရောက်တော့မှ “ထုတ်ဝေခွင့်မရ”တဲ့ စာပေတွေဖြစ်နေခဲ့ပြီး၊ နာဂစ်က နှိပ်စက်တော့မှ ရေစိုပျက်စီးခဲ့ရပါတယ်။ ရန်သူမျိုး (၅)ပါး သာမကတော့ပဲ ရန်သူမျိုး ခြောက်ပါးလို့ဆိုရင် မှန်မလားလေပဲ)။
          အင်းစိန်ထောင်ကနေ ကိုကိုးကျွန်း (တကျွန်း)ကို ပို့လိုက်တော့ (အဲဒီအကြောင်းကို အရှေ့မှာ ရေးခဲ့ဖူးပါပြီ) အဲဒီက အကျဉ်းထောင်ဆိုပေမယ့် အကျယ်ထောင်သဘောပြောင်းသွားခဲ့ပါတယ်။ အကျဉ်းမင်းတြားကြီးများက “ကျယ်စေ”ဆိုလို တော့မဟုတ်ပါဘူး။ ကာလ၊ ဒေသ၊ ပယောဂဆိုတာကြောင့်ပါ။ တကျွန်းမှာကျတော့ အနုပညာအလုပ်၊ စာရေးစာဖတ်အလုပ်၊ တကျွန်းလုံးအတွက် ပေးထားတဲ့ရေဒီယိုတလုံးကို အင်ကြင်းကိုင်း ပဒူအုံစွဲသလို ၀ိုင်းနားထောင်ရတဲ့အလုပ်တွေလုပ် ဖြစ်လာကြပါတယ်။
          အဲဒီအနုပညာအလုပ်တွေထဲမှာ “ပြဇာတ်က” တဲ့ အလုပ်လဲလုပ်ဖြစ်ကြပါတယ်။ ကျနော်မှတ်မိသလောက်တော့ ပြဇာတ်သုံးထုပ်ကဖြစ်ပါတယ်။ ပြဇာတ်တွေကို အခန်းထဲမှာပဲ ဆင့်ထိုးစင်လုပ်ပြီးကကြရတာပါ။
          ပထမဦးဆုံးပြဇာတ်ကတော့ ကျနော့်အတွက် အမှတ်မိဆုံးပြဇာတ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော့တသက်မှာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ကခဲ့ရတာဖြစ်ပြီး၊ တသက်လုံးမှာလဲ အဲဒီတခါပဲကဖူးခဲ့လို့ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားချက်က ယောက်ျားကြီးများပြဇာတ်ဖြစ်နေလို့ပါ။ အမျိုးသမီးဇာတ်ဆောင် (အနိမ့်ဆုံးအမျိုးသမီးအ၀တ်နဲ့ ဇာတ်ဆောင်) တောင်မပါ ၀င်ခဲ့ပါဖူး။
          ပြဇာတ်နံမည်က “ပါမောက္ခကြပ်ခိုး”ဖြစ်ပါတယ်။ (အဲဒါကိုပဲ ကျွန်းပြန်ရဲဘော် တယောက်ကတော့ မော်နီတာ ဂျာနယ်မှာ “ရုပ်၊ စိပ်၊ စေတသိုက်၊ နိဗ္ဗာန်”ဆိုတဲ့ခေါင်းစဉ်၊ နံမယ်နဲ့ မကြာမတင်ကပဲ ရေးခဲ့ဖူးပါတယ်)
          ဇာတ်အသွားကတော့ စကော်လာ ပညာယှိဆိုသူတစ်ဦးရဲ့ တဖက်သတ်ရူးသွပ်မှုကို “အရွန်းဖောက်”ထားတာပါပဲ။ တနည်းပြောရရင်တော့ “ပညာတတ်ဝါဒ”ကို ပျက်ရယ်ပြုထားတာဖြစ်ပါတယ်။ ဇာတ်ကောင်က သုံးယောက်ပဲပါပါတယ်။ ကိုတင်အောင် (ခေါင်းဖြူ)ရယ်၊ မောင်သိန်းလှိုင် (ဂျင်းနားရယ်) ကျနော်မြင့်ဦးသစ်ရယ်။
          မူလက ပါမောက္ခဇာတ်ရုပ်အတွက် လူရှာပါသေးတယ်။ ဒါပေမယ့် မရပါဖူး။ ဒီတော့ ကျနော်က “ပါမောက္ခကြပ်ခိုး” ဇာတ်ရုပ်။ ကိုတင်အောင်က သင်္ဂြီုလ်ဆရာဦးသာယာဇာတ်ရုပ်၊ မောင်သိန်းလှိုင်က ပါမောက္ခသားကလေးဇာတ်ရုပ်မှာ သရုပ်ဆောင်ကြပါတယ်။
          ဇာတ်က အပြောခန်းများပါတယ်။ ဇာတ်လမ်းအားပြုတဲ့ ဇာတ်မျိုးမဟုတ်ပါဖူး။ ပါမောက္ခကြပ်ခိုးနဲ့ သူ့မိတ်ဆွေ သင်္ဂြီုလ်ဆရာ ဦးသာယာတို့က သူတို့သန်ရာသန်ရာ ကမ္ဘာ့အတွေးအခေါ်တွေ၊ အနုပညာတွေ၊ စကြ၀ဠာဆိုင်ရာ သီဝရီ တွေကို ဆွေးနွေးနေကြတဲ့ အချိန်မှာ ပတ်ဝန်းကျင်မှာက ဖြစ်ရိုးဖြစ်စဉ် ကလေးတွေဖြစ်နေကြပြီး၊ အဲဒီပညာယှိကြီး များကတော့ ဒါကို သတိမမူမိကြတာ၊ ကိုယ့်ကိစ္စနဲ့ ကိုယ်မျောနေကြတာကို အပြောနဲ့သရုပ်ဖော်တာပါ။
          ဇာတ်အပိတ်မှာတော့ ပါမောက္ခကြီးကတော်ချော်လဲလို့ ဆေးရုံပို့လိုက်ရကြောင်း သားငယ်ကလာပြောတဲ့အခါ ပါမောက္ခကြီး “ရုပ်၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန်”ကို သီချင်းလုပ်ဆို၊ လက်ကားယား ခြေကားယား “က”ရင် “လွတ်”သွားတာနဲ့ နိဂုံးချုပ်ပါတယ်။ သင်္ဂြီုလ်ဆရာကတော့ လက်ခုတ်ကလေးတီးပြီးတေးကလေးညည်းရင်းနဲ့ ကျီးကြည့်ကြောင်ကြည့်ဖြစ် နေတာလေးနဲ့ “ပိတ်”ပါတယ်။
          ဇာတ်နောက်ခံအဆင်အပြင်၊ အပို့ဂီတတွေကို ၀ိုင်းကြ၀န်းကြတဲ့အထဲမှာ ကျနော် မှတ်မှတ်ထင်ထင် စွဲနေသူတွေက အမေကြည်လို့ ကျနော်တို့ချစ်စနိုးခေါ်ကြတဲ့ ရဲဘော်သိန်းကြည် (တိုက်ပွဲကျဆုံး)ရယ်။ ဘိုးတော်လို့ဝိုင်းခေါ်ကြတဲ့ ဘိုတော် ဦးခင်မောင် (ကွယ်လွန်)ရယ်။ ရဲဘော်မြအောင် (အပ္ပနား)ရပါပဲ။ သူတို့ကို ထူးထူးခြားခြားစွဲနေတာကတော့ ရဲဘော် သိန်းကြည်က ပါမောက္ခရဲ့ အင်းကျီကို စပ်တိစပ်ဖာတွေနဲ့ ချုပ်ပေးပြီး၊ ရဲဘော်မြအောင်က ပါမောက္ခအတွက်ဆံပင်တုကို ဂုံနီအိတ်ကအစတွေနဲ့ လုပ်ပေးခဲ့လို့ပါ။ ဘိုးတော်ကတော့ ဇာတ်ခုံပေါ်မှာ ကျနော်ဟန်ပြတယောထိုးပြသမျှကို စင်အောက်က တယော တကယ်ထိုးပေးခဲ့လို့ပါ။ ကျနော်က ပါးစပ်က ထင်ရာပြောတာတွေ ဥပမာ ဒါကစမ်းရေစီးသံ၊ ဒါကပင်လယ် လှိုင်းလုံးတွေတက်လာသံ၊ ဒါကလေပြေတိုက်နေတုံးငှက်ကလေးတွေ မြည်သံစသဖြင့် ဘီသိုဗင်တွေ၊ မိုးဇာတ်တွေ၊ ချိုင်ကော့စကီးစသဖြင့် လျှောက်ပြောသမျှတွေကို အမီလိုက်တီးပေးခဲ့တာပါ။
          အော်………..နောက်တယောက်ရဲဘော်ထင်ရှိန်။ သူက သူ့တယောလေးကို အင်မတန်မြတ်နိုးပါတယ်။ မုန့်ဖုံးအပြား လေးကို ကြိုးတပ်ထားတဲ့ တယောလေးပါ။ အဲဒါလေးကို ကျနော်က ငှားပြီး ဇာတ်ထဲမှာ သုံးတာ။ ဒါပေမယ့် “ဂျင်းနား”က ဇာတ်ခုံမြင်ကွင်းထဲပြေးအ၀င်နင်းမိပြီး ကျိုးသွားရှိပါတယ်။ တယောလေးကျိုးသွားတာကို ပြောပြတဲ့အခါ ကိုထင်ရှိန်ကြီးနှမျောနေပုံကလေးကိုလဲ တကယ့်အမှတ်တရပါပဲ။
          ပြဇာတ်ကလေးကို ကျွန်းရောက်နေသူအားလုံး ကြည့်ကြပြီး အားပေးကြပါတယ်။ မန္တလေးက ရဲနီဟောင်းကြီး သခင်ရန်ချွေဆိုရင် ကျနော့ ပုခုံးကို ပုတ်ပြီး“ဟိုလူကြီးကို တီးလိုက်သလားထင်ရတယ်”လို့ ကောင်းချီးပေးပါတယ်။ သူပြောတဲ့ဟို လူကြီးဆိုတာက တယောထိုးကောင်းဖူးတယ်အဆိုရှိတဲ့ “သခင်စိုး”ကိုပါ။ တကယ်တော့ သူပြောမှ ကျနော် သတိထားမိတာပါ။ ပုဂ္ဂလဒိဌာန်မရည်ရွယ်ခဲ့ပါဖူး။
          အဲဒီပြဇာတ်ကလေးကပြီးကထဲက ကျနော်လဲနံမည်တလုံးတိုးလာပါတော့တယ်။ ရဲဘော်တွေကျနော့ကို “ပါမောက္ခ” လို့ခေါ်ကြသလို၊ သိပ်ရင်းနှီးသူတွေကဆို “ကြပ်ခိုး”လို့ခေါ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကြေနပ်စရာ အမှတ်တရလေးတခုလိုပဲ ကျနော့ရင်ထဲကျန်ရစ်နေဆဲပါ။
မြင့်ဦးသစ်