Tuesday, March 12, 2013

သတင်းပေးခြင်း

ဒီဘလော့မှာဝင်ပြီးဖတ်နေကြတဲ့ မိတ်ဆွေတွေ၊တပည့်တွေ၊သိသူတွေရော မသိသူတွေကိုပါသတင်းပေးလိုက်တယ်ဗျား။
ဒီမှာတင်ထားတဲ့ စာ အများစုကို စာအုပ်အဖြစ်ထုတ်ဝေဖို့ ရှိပါတယ်၊ဗညားဂျမ်းဒေါအနေနဲ့ ရော၊
မြင့် ဦးသစ်နာမည်နဲ့ ရော၊ထွက်လာဖို့ ပါဘဲ။ဖတ်မည့်သူတွေကတော့ဝယ်သိမ်းနိုင်မယ်ပေါ့။အစောဆုံး နှစ်လသုံးလအတွင်းထွက်လာပါလိမ့်မယ်ဗျား။ချစ်ဖူး ကလောင်နဲ့ ရေးထားတဲ့ "အင်းဂလိပ်လိုပြောမယ်လိုလား "ကတော့အရင်ဆုံးထွက်လာပါမယ်၊အရင်ကထုတ်ထားခဲ့တာတွေက
ကုန်သွားပြီဆိုတော့ ၁။၂။၃ ကို ပေါင်းပြီးပြန်ထုတ်မှာပါ။

 

အနက်ရောင် လှုပ်ရှားမှု၊ အနက်ရောင် ထောင်

အနက်ရောင် လှုပ်ရှားမှု၊ အနက်ရောင် ထောင်
၆၃-၆၄ ကေဒါတစ်ယောက်ရဲ့အစ
            ၆၃ခုနှစ် (နိုဝင်ဘာလ)မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂယာယီတဲအဆောက်အဦးကို ဖျက်ဆီးခံလိုက်ရပါတယ်။ ၆၂ခုနှစ်မှာ ဖျက်ဆီးခံလိုက်ရတဲ့ တကသ အခိုင်အမာအဆောက်ဦး နေရာမှာ ယာယီပြန်ဆောက်ထားတဲ့ ယာယီ တဲရှည်ကြီးပါ။ (အဲဒီယာယီအဆောက်ဦးမှာ SUF လို့ အတိုခေါ်ကြတဲ့ ကျောင်းသား ညီညွတ်ရေးတပ်ဦးရဲ့ နောက်ဆုံးညီလာခံကို ကျင်းပခဲ့ကြပါတယ်)။
            ဗကသ၊ ရကသ၊ တကသ (မတကသအပါအ၀င်)နဲ့ ကျန်တဲ့ဗမာ တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေက ရဲဘော်တွေဟာ ပေါ်ပေါ်ထင်ထင် တ၀က်တောင် လှုပ်ရှားနိုင်ခွင့်မရှိတော့ပါဖူး၊ အလံထောင်လှုပ်ရှားဖို့ ဆိုတာကတော့ ဝေလာဝေးပါပဲ။
            အဲဒီကာလက ကျောင်းသားလူငယ်အများစုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုက လက်ဝဲအယူအဆဖြစ်ပြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီပါတီ၊ ဆိုရှယ်နီပါတီစတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ ချိတ်ဆက်လှုပ်ရှားနေကြတာလဲဖြစ်ပါတယ်။ ဒါကြောင့် ဗကသ၊ တကသ၊ ရကသ၊ မတကသ စတဲ့ကျောင်းသား သမဂ္ဂရဲ့ အတွင်းပိုင်းမှာ နိုင်ငံရေးပါတီတွေရဲ့ ကျောင်းသားဆဲလ်တွေရှိနေခဲ့ပါတယ်။ အချင်းချင်းလဲ ခန့်မှန်းပြီးတော့ရော၊ ပေါ်ပေါ်တင်တင်ကြီးပါ မည်သူမည်ဝါဆိုတာ သိနေခဲ့ကြပါတယ်။ SUFမှာ ဗကပရဲ့ကျောင်းသားဆဲလ်တွေက အားကောင်းလာတာနဲ့အမျှ၊ ဗကသ၊ တကသ၊ ရကသ တွေမှာလဲ အလားတူပါပဲ။ နှိုင်းယှဉ်ချက်အားဖြင့်ဆိုရင် အင်အားတစုံတရာရှိတယ်လို့ပြောရမဲ့ အလံနီပါတီကလဲ “ကွဲအက်၊ ခွဲထွက်”မှုတွေနဲ့ တပ်ဦးသစ်၊ ဗကသသစ်၊ ရကသသစ်စတဲ့အဖွဲ့တွေကို ဖော်ဖို့ကြိုးစားနေချိန်ပါ။ ဆိုလိုတာက မြန်မာပြည်နိုင်ငံရေးဂိုဏ်းဂဏဂယက်ကကျောင်းသားထဲမှာလဲ ရှိနေခဲ့တယ် ဆိုတာပါပဲ။
            တချိန်ထဲမှာပဲ  ၁၉၆၂ခုနှစ်မှာရှိနေတဲ့ ဒီဂျူရီ ပထစအစိုးရကိုဖျက်၊ ပါလီမန်တွေကိုဖျက်ပြီး ဒီဖက်တို အစိုးရအဖြစ် ကိုယ့်ကိုယ်ကို မကိုဋ်ဆောင်းပေးလိုက်တဲ့ ဗိုလ်နေ၀င်းကလဲ ထောက်လှမ်းရေးအဖွဲ့တွေကို ပြည်သူ့ဘဏ္ဍာသုံးပြီး တိုးချဲ့နေတဲ့အချိန်ပါ။ တဖက်က သူ့ကို ဆန့်ကျင်ကန့်ကွက်နေသူအဖွဲ့အစည်းတွေကိုသာမက သူ့ရဲ့သြဇာအောက်မှာရှိနေတဲ့ တပ်မှူးတပ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ “တပ်”အဖွဲ့အစည်းကိုပါ စောင့်ကြည့်ကွပ်ညှပ်ဖို့အားထုတ်နေချိန်ပါ။ (ဒါကြောင့်ပဲ တပ်မှူးတော်တော်များများ ဗိုလ်နေ၀င်းရဲ့ “အရာချ”ခြင်းကို ခံခဲ့ကြရတာဖြစ်ပါတယ်။ လူထု မြင်ကွင်း ဇာတ်ခုံပေါ်က ဆပ်ပြာပူဖောင်းကွဲသလို ဖျတ်ခနဲပျောက်သွားခဲ့ရတာတွေ၊ ပေါ်ပေါ်တင်တင်ပဲ ကြေညာပြီး ကန့်လန့်ကာနောက် ရောက်သွားခဲ့ရတာတွေ တော်တော်များများပါ)
            အဲသလို အခင်းအကျင်းအခြေအနေမှာ ကျနော်ဟာ ကျောင်းသားအစုတစုထဲမှာ ရှိနေခဲ့တဲ့ ကျောင်းသားတယောက်ပါ။
            မိုင်( ထောက်လှမ်းရေးကို အတိုကောက်ခေါ်တာ)က ပိုက်ဆံတော်တော်သုံးနိုင်ပါတယ်။ ဒီတော့ ကျောင်းသားအုပ်စု တွေကြားထဲကို စံနစ်တကျထိုးဖောက်ဝင်ပါတယ်။ သတင်းပေးတွေကို မွေးပါတယ်။ ရန်ကုန်မှာ ရှိနေတဲ့လှုပ်ရှားမှုတွေကို တစိုးတစေ့မကျန်သိနိုင်၊ ထိမ်းချုပ်ကွပ်ညှပ်နိုင်အောင် “မိုင်”က ကြိုးစားနေတဲ့အချိန်မှာ စိတ်ဓါတ်အားဖြင့်ခံပြင်းတက်ကြွနေပေမဲ့ စံနစ်တကျ ဘာသင်တန်းမှမရှိတဲ့ ကျနော်အပါအ၀င် ကျောင်းသားအုပ်စုတွေဟာ “မြေအောက်တပိုင်း”ဆိုတာ ကိုယ် နားလည်သလို သရုပ်ဖော်ရင်း “လဘက်ရည်ဆိုင်မှာမုန်တိုင်းတိုက်” နေတာမျိုးတွေရှိခဲ့ပါတယ်။ အားမနာတမ်းပြောရမယ်ဆိုရင်တော့ “သူက ကိုယ့်ကိုသိတယ်။ ကိုယ်က သူ့ကိုမသိတဲ့” အခြေအနေပါပဲ။
            တဆက်ထဲပြောရရင် အဲဒီကျောင်းသားအဖွဲ့အစည်းတွေမှာ နာမည်ထွက်ပြီးသားကတော့ “ညဘက်မှအပြင်ထွက်” ရတဲ့ အခြေအနေရောက်သွားကြပါပြီ။ အပြင်မှာ တစုံတရာလှုပ်လှုပ်ရှားရှားသွားလာနေနိုင်သေးတဲ့လူတွေကိုလဲ “မိုင်”က ကောင်းကောင်း “ချက်” မိနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အထဲမှာကို ထိုးဖောက်ပြီးသား “မိုင်”ရဲ့ ကေဒါတွေရှိနေလို့ပါပဲ။ ပမာဆိုပါတော့ ကျနော်နဲ့ အိပ်ရာတခုထဲ ခွဲဝေအိပ်ခဲ့တဲ့ “ငမိုး”ဟာ “မိုင်”တယောက်ဖြစ်နေခဲ့လို့ပါ။ သူက -ကိစ္စရပ်တစ်ခုခုကြံတိုင်း အခြားလူတွေထက် ပိုပြီး တက်ကြွပြပါတယ်။ ကွန်မြူနစ် ရှားပါးစာအုပ်တွေဖြစ်တဲ့ “ပြည်သူ့အာဏာ” ဂျာနယ်တွေ၊ တခါတရံဆိုရင်မိပြီးသား ဗကသတချို့ရဲ့ အကြောင်းမှတ်တမ်းတွေကို ကျနော်ကိုပြခဲ့တာသူပါပဲ။ တကယ်ကတော့ သူဟာ “စစ်တုရင်ခုံ”ပေါ်က “နယ်ရုပ်”ပါ။ ဒါပေမဲ့ အတိအကျကို ထဲထဲဝင်ဝင်ရောက်ပြီး မွှေနှောက်ကစားနိုင်ခဲ့ပါတယ်။ (အဲဒါကို ၁၉၆၆ခု ရန်ကုန်မြေအောက်ရှင်းလင်းပွဲမှာ ထောင်ထဲကို သူမပါလာတော့ပဲ ယူနီဖောင်းပြောင်းဝတ်၊ ပခုံးမှာ အဆင့်တွေတပ်လိုက်တော့မှ အားလုံးပွင့်ပွင့်လင်းလင်း သိကြရတော့တာပါ။)
            ထမင်းဆိုင်မှာ အတူစား၊ ရေအိုးစင်မှာ အတူသောက်၊ ကဇွန်းခင်းက အိမ်တအိမ်ရဲ့ အိပ်ရာတရာထဲမှာ အတူအိပ်ရင်း “ငမိုး”က ကျနော့်ကို တောခိုဖို့ စည်းရုံးပါတယ်။ သဘောတရားတွေလဲ အတော်ရွတ်ပါတယ်။ “နိုင်ငံရေးရဲ့ အမြင့်ဆုံးအဆင့်ဟာစစ်ပဲ” ဆိုတဲ့ ကျနော်သိဖူးပြီးသား သဘောတရားကို လေးနက်ဖို့ ဆော်ကြပါတယ်။ လဆန်းရင် သူ့လက်ထဲမှာ ငွေစက္ကူအသစ်ကလေးတွေ တွေ့ရတတ် ပါတယ်။ “တက်ကြွလွန်းသူတွေဟာ အကျအဆုံး” မြန်တယ်လို့ သိဖူးထားတဲ့ ကျနော်ဟာ သူ့ကိုနဲနဲတော့ သံသယ၀င်လာပါတယ်။ အဲဒီအချိန်မှာပဲ အဲသလို သံသယ၀င်လာကြသူ ရဲဘော်သုံးလေးယောက်ကလဲ သူနဲ့ပတ်သက်ပြီး သံသယဖြစ် စရာလေးတွေကို ပြောလာကြပါတယ်။ ကျနော်ကတော့ သူနဲ့ အတော်ရင်းနှီးလာတဲ့ သူငယ်ချင်းလိုဖြစ်နေတော့ သံသယနည်းနည်းဝင် သော်လဲ မစွပ်စွဲရက်ခဲ့ပါဖူး။
            ခုနက ပြောခဲ့သလိုပါပဲ။ “ငမိုး”ကို သံသယရှိကြတဲ့ ရဲဘော်တွေ (တယောက်ကတော့ ကွယ်လွန်ရှာပါပြီ၊ တယောက်ကတော့ နောက်ပိုင်းတော့ရောက်၊ “ငါးပြေမစားကျက်တိုက်ပွဲ”မှာမိ လက်နက်ချ) က ၀ိုင်းပြီး “တိုက်ကြချွတ်ကြ”ပါတယ်။ “ငမိုး”က “ရဲဘော်ဗိုလ်အောင်ကျော်သွေးဟာ ငါ့သွေးပါကွာ၊ မင်းတို့ယုံလာတဲ့အထိ ငါ့ကိုယ်ငါအသစ်တဖန်တည်ဆောက်သွားပါ့မယ်” ဆိုပြီး။ ကဇွန်းခင်း (လှည်းတန်း) မှာပဲ ကျားပိန်တွယ် တွယ်နေခဲ့ပါတယ်။
            အမှန်ကတော့ အဲဒီ “လုံးလားထွေးရစ်” အခြေအနေကို ရဲဘော်တယောက်အနေနဲ့ တင်ပြသင့်တယ်ထင်ပြီး ကျနော်တင်ပြ ပါတယ်။ ကျနော့တင်ပြချက်ဟာ ရဲဘော်လှဆီကနေ တနေရာကို ရောက်သွားခဲ့ပါတယ်။
            “ကိုအောင်ဂျမ်း ဒီစာကိုရရင် ရဲဘော်တယောက်နဲ့ တွေ့ပါ။ သူကခင်ဗျားဘာဆက်လုပ်ရမယ်ဆိုတာ ပြောပြပါလိမ့်မယ်။ အခုစာယူလာသူက ခင်ဗျားလာရမဲ့ လိပ်စာ ပေးပါလိမ့်မယ်။ တစ်ယောက်ထဲလာပါ။ အခြားဘယ်သူမှ သိရန်မလိုပါ။”
“မောင်”
(အောင်မြေ)
            တစ်ရက်မှာ အဲဒီစာကလေးကို ကျနော်ရပါတယ်။ လာပို့တဲ့သူက ကျနော်မြင်ဖူးရုံသာမြင်ဖူးတဲ့ မိန်းခလေးတယောက်ပါ။ ကျနော့ကို “ပုဇွန်တောင်” လိပ်စာတခုပေးပါတယ်။ ဘာစကားမှ မပြောပါဖူး။ ပေးပြီးပြန်သွားပါတယ်။ အဲဒီတခါသာတွေခဲ့လိုက်တဲ့ မိန်းခလေးကိုလဲ နောက်ထပ်ဘယ်တော့မှ ပြန်မတွေ့တော့။ သေသည် ရှင်သည်ပင်မသိရတော့ပါ။ စာရွက်က ခရေစလီစာရွက်ပြာ အပါးစား။ “မောင်”ဆိုတာ ဘယ်သူလဲကျနော်မသိ၊ “အောင်မြေ”ဆိုတာ ဘာလဲကျနော်မသိ၊ ဒါပေမဲ့တွေ့ကိုတွေ့ရမယ်လို့တော့ ကျနော် ပိုင်းဖြတ်လိုက်ပါတယ်။
            အဲဒီကာလဟာ ရန်ကုန်မှာရှိနေတဲ့ ကျောင်းသားနိုင်ငံရေး အသိုင်းအ၀န်းဟာ “ဆီးဖြူသီး” ဆန်ကောထဲထည့်လိမ့်သလို အခြေအနေ၊ စစ်တပ်အစိုးရရဲ့ “စစ်ပုလိပ်အဖွဲ့အစည်း”၊ တနည်းပြောရရင် “မိုင်”ဟာ ဗိုလ်နေ၀င်းရဲ့ “အရှင်မွေး၊ နေ့ချင်းကြီးဘ၀”နဲ့ သိပ်ကို နယ်ပယ်ကျယ်လာနေပါတယ်။ တပ်ထဲမှာ အစဉ်အလာရှိခဲ့တဲ့ တပ်မှူးကြီးများပင်လျှင် “မိုင်”ရဲ့တိုးချဲ့ သြဇာအောက်မှာ မကြေမ နပ်ဖြစ်ကြ၊ ထွက်ကြ၊ ပြုတ်ကြဖြစ်တော့မယ့် “မဆလ” ခေတ်ဦးအခြေအနေပါ။ ကျနော်အစောက ပြောခဲ့သလို “စိတ်ဓါတ်”ကလွဲပြီး ဘာသင်တန်းမှ မရှိတဲ့ ကျနော်အပါအ၀င် ရဲဘော်တွေရဲ့ အခြေအနေဟာ တကယ်တော့ လှောင်အိမ်အကျယ်ကြီးထဲကို သွင်းထားပြီးသား၊ အချိန်မရွေးကောက်စားခံရနိုင်တဲ့ အခြေအနေဆိုတာ ကျနော်တို့အများစုတိတိပပ မသိခဲ့ကြပါဖူး။ တကယ်တော့ ကျောချမှပဲ၊ ဓါးပြမှန်းသိ” ခဲ့ရတော့တာပါ။ “ငမိုး”တို့လိုထိုက်သင့်တဲ့ လေ့ကျင့်သင်တန်းပေးမှုရပြီးသား “မိုင်”အေးဂျင့်ပေါက်စ တချို့တွေဟာ ၆၃နှောင်းပိုင်း ကျောင်းသားတချို့ “မြစ်ဝကျွန်းပေါ်”ကို ဆင်းကြရတဲ့ အထဲမှာပင် ပါသွားတယ်လို့ နောက်မှပဲသိရပါတယ်။
            ကျနော့ကို ချိန်းထားတဲ့ “ပုဇွန်တောင်”က အိမ်ကိုရောက်သွားပါတယ်။ လှေကားထစ် ဆယ်တစ်ထစ်ကို တက်ပြီး ဘယ်ဘက်ခန်းရဲ့ ရေနံဝနေတဲ့ တံခါးကို အသာအယာခေါက်လိုက်ပါတယ်။ တံခါးဖွင့်လာတော့ ကလေးငယ်တစ်ယောက်ကိုတွေ့ရပါတယ်။ အခန်းကလေးမှာ ဘာပရိဘောဂမှ မရှိပါဖူး၊ သင်ဖြူးဖျာ တစ်ချပ်လိပ်ပြီး ထောင်ထားတာတွေ့ရပါတယ်။ ဒါနဲ့ပဲ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပါတယ်။ ဘေးမှာ စာအုပ် တစ်အုပ် (ဖတ်လက်စလို့ထင်ရ)ကို မှောက်ရက်သားတွေ့ပါတယ်။
            “အကိုကြီး......ထိုင်ဦးနော်.......လာပါလိမ့်မယ်.......ကျနော်ပြန်လိုက်ဦးမယ်”
            ကလေးလေးက ပြောပြောဆိုဆို လှေကားပေါ်က အပြေးကလေးဆင်းသွားပါတော့တယ်။ တယောက်ထဲလို့ပဲ ဖြစ်နေတာနဲ့ ခုနင်က စာအုပ်ကလေးကို ကောက်ပြီး ကြည့်လိုက်ပါတယ်။ စာအုပ်နာမည်က “ရဲဘော် တိုဂလီယာတီနှင့် ကျွန်ုပ်တို့သဘော ကွဲလွဲချက်များ” ဖြစ်ပါတယ်။ စာအုပ်ကို မြည်းစမ်းရင်းကျနော် စောင့်နေပါတယ်။ စာအုပ်ထဲက အီတလီကွန်မြူနစ်ပါတီ (ဥက္ကဋ္ဌလား အတွင်းရေးမှူးလား မမှတ်မိတော့) ရဲဘော်တိုဂလီယာတီ၏ အီတလီပါလီမန် အတွင်း ဆင်နွဲသည့် နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဍာန်၊ ဝေဖန် ကွဲလွဲသူတို့၏ သဘောထားများ၊ ရဲဘော်ဂရမ်မ်ချီ၏ တုံ့ပြန်ချက်များစတဲ့ စတဲ့အချက်တွေကို ခပ်ဝါးဝါး မှတ်မိလိုက်ပါတယ်။
            တစ်နာရီနီးပါးလောက် စောင့်ပြီးတဲ့နောက် ကျနော်စိတ် သိပ်မရှည်ချင်တော့ပါ။ အဲဒီအချိန်မှာပဲ ခုနင်က ကလေးလေးပြန် ရောက်လာပါတယ်။
            “လေးသန်းက အကိုကြီးကို လိုက်ခဲ့ပါတဲ့ ကျနော့ကို အခေါ်ခိုင်းလိုက်ပါတယ်”
            ကလေးနောက်က ကျနော်လိုက်ခဲ့ပါတယ်။ နဂိုကထဲက စာရေးချင်စိတ်ရှိတဲ့လူဆိုတော့ “စပ်စုစိတ်” ကလေးကလဲ ကျနော့်မှာ ရှိခဲ့တာပါ။ ဒါကြောင့်ပါပဲ။ ကလေးကို ကျနော်က မေးလိုက်ပါတယ်။
            “မင်းနာမည်က ဘယ်သူလဲကွ”
            “လေးသန့်က ပြောထားတယ်။ ဘယ်သူက ကျနော့နာမည်ကို မေးမေး မပြောရဘူးတဲ့”
            ပထမဦးဆုံး ရလိုက်တဲ့ ကျနော့အတွက် သင်ခန်းစာပဲဖြစ်ပါတယ်။ ကလေးကို နောက်ထပ်ဘာမျှ မမေးတော့ပဲ သူခေါ်ရာကိုသာ လိုက်ခဲ့ပါတယ်။ ကျနော့စိတ်ထဲမှာ ကြည့်မြင်တိုင် အီတုတ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း “ဗမာပြည် ပစ္စည်းမဲ့ လူတန်းစား လွတ်မြောက်ရေး” ကို တခါတရံ အော်ကြီးဟစ်ကျယ် ငြင်းခုံနေတတ်ကြတဲ့ ကျနော်ရဲဘော်တွေကို ဖျတ်ခနဲ သတိရလိုက်မိတယ်။ “လက်နက်ကိုင် တော်လှန်ရေး” အကြောင်းကို ပြောတဲ့အခါ မေးကြောတွေကို ထောင်နေအောင် “လူထုမိန့်ခွန်း” ပြောသလို ပြောတတ်တဲ့ ရဲဘော်တစ်ယောက်ရဲ့ မျက်နှာကိုလည်း ကွက်ခနဲ မြင်ယောင်လိုက်မိပါတယ်။ သူရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ ချွေနေတဲ့ “အမ်းစထရာဂဲလ်” တရားကို နားထောင်ရင်း တခါတခါ ကျနော်တို့လဲ ကြယ်သီးဖျန်းဖျန်းထမိ။ တခါတရံ ဟိုကြည့်ဒီကြည့် ကျီးကန်းတောင်းမှောက်ဖြစ်မိတာတွေလဲ ခေါင်းထဲပေါ်လာမိပါတယ်။
            ပုဇွန်တောင်ချောင်းကို ဖြတ်တိုက်လာတဲ့ လေအေးကလေးကို စတင်ခံစားမိပြီ။ ကျနော်တို့ နှစ်ယောက်သား သာကေတ တံတားကြီးရဲ့ ထိပ်ကိုရောက်တော့မယ်။
            “ကဲ......အကိုကြီးကျနော်ပြန်တော့မယ်။ ဟိုရှေ့က သံဘောင်နားမှာ တိုက်ပုံအင်္ကျီခဲရောင်နဲ့ လူတွေ့လား၊ အဲဒါ လေးသန်းပဲ ကဲ အကိုကြီးသွားပေတော့”
            ကလေးက လှစ်ကနဲပြန်ပြေးသွားပါတယ်။ ကျနော်ဆက်လျှောက်လာခဲ့ပြီး “လေသန်း”လို့ ပြောတဲ့လူကို တွေ့ပါပြီ။ ကျွဲကော်ကိုင်း မျက်မှန်၊ ခဲရောက်တိုက်ပုံ၊ အင်းလေးလွယ်အိတ်အနီနဲ့ လူတွေကြားမှာ တွေ့ရင်ဘယ်လိုမှ မထူးခြားတဲ့ လူတစ်ယောက်ကို တွေ့ရပါပြီ။
            “လာဗျို့-ရဲဘော်အောင်ဂျမ်း......လုံခြုံရေးအရ ဟိုအိမ်ကို ကျနော် မလာတာကိုတော့ ခွင့်လွှတ်ဗျာ၊ ကျနော်......ကိုအောင်ဂျမ်းတို့ကို လူမမြင်ဖူးပေမဲ့ သိနေတာကြာပါပြီ။ ကျနော့ကို “ကိုသန်း”လို့ပဲ ခေါ်ပါ။ နောင်လဲ လိုအပ်ရင်လိုအပ်သလို တွေ့ကြရမှာကိုး၊ ကိုအောင်ဂျမ်းတို့အုပ်ထဲမှာ ပြဿနာတချို့ရှိနေတာလဲ သိနေပါတယ်။ အဲဒီတော့ ကိုမြမောင်က ခင်ဗျားကို ခေါ်လိုက်ဖို့အကြောင်းကြားတာနဲ့ ကျနော်လှမ်းခေါ်လိုက်တာပါ။ အချို့ကလဲ တောခိုမယ်ဆိုပြီး တပူပူ လုပ်နေကြတယ်။ ကိုအောင်ဂျမ်း သဘောထားကရော ဘယ်လိုရှိသလဲ။”
            သူ့ကိုကြည့်ရတာ အေးဆေးတယ်။ ကျီးကြည့် ကြောင်ကြည့် အမူအရာတွေမရှိ၊ ယခင်ကထဲက ရင်းနှီးဖူးသူတယောက်နှင့် ထမင်းစားရေသောက်တွေ့နေသလိုပဲဖြစ်ပါတယ်။ သူ့ဟန်ပန်က ကျနော်တွေ့နေကျ လူတွေနဲ့ မတူတာကတော့ အသေအချာပါပဲ။ ကျနော် ကျေနပ်သွားပါတယ်။
            “ကျနော့ သဘောထားက အဲဒီလူတွေနဲ့ တထပ်တည်းပါ။ အခုအချိန်မှာ သွားလာ လှုပ်ရှားရတာလည်း ကြပ်လာတယ်မှုတ်လား၊ ကျနော်တို့အတွက်  အခုထက်အားပိုကောင်းကောင်းနဲ့ ရုန်းနိုင်မှ ဖြစ်မယ်လို့ကျနော်ထင်တယ်”
            “အင်း-ကိုအောင်ဂျမ်းကလည်း သံတမန်စကားတွေ လုပ်နေပြန်ပါပြီ၊ ဒဲ့ပြောရရင် ခင်ဗျားလဲ တောခိုချင်နေတယ်။ ဒီလိုမှုတ်လား။ ကျနော်ပြောမယ်ဗျာ။ တောခိုတာက လွယ်ပါတယ်။ ဇီးကုန်းဟိုဘက် လေးငါးမိုင် ဆင်းလိုက်ရင် ရောက်သွားတာပါပဲ။ အဲဒါသဘောပြောတာနော်။ ကျနော်ဆိုရင် ၅၃ခုနှစ်ကထဲက အမှုထမ်း ဘ၀ကနေ သရက်ခရိုင်ကို ရောက်ခဲ့ဖူးတာပဲ။ ကိုယ့်ကိုယ်ကို လေ့ကျင့်တည်ဆောက်ရတာတွေ အများကြီးလိုတယ်။ အင်းလေ.....အဲဒါ ခဏထားပါဦး၊ ကျနော်ပြောချင်တာက “တောခို”တာ ထက်“မြို့ခို” တာက ပိုခက်တယ်ဆိုတာပါပဲ။ အဲဒါကို ရဲဘော်တော်တော်များများက လက်မခံကြဘူး။ ကျနော့် သဘောကတော့ ဘယ်မှာပဲ လုပ်လုပ်၊ တော်လှန်ရေးဆိုတာ အတူတူပါပဲ။ သေနတ်ကိုင်တိုက်မှ တော်လှန်ရေးမဟုတ်ဘူးဗျ။ ကျနောသဘောကတော့ ကိုအောင်ဂျမ်းကို မြို့ခို စေချင်တယ်”
            “မြို့ခို” တာဟုတ်လား.....လေးသန်း”
            စောတုန်းက ကလေးခေါ်သလို ကျနော်ကသူ့ကို “လေးသန်း”လို့ပဲ ခေါ်လိုက်ပါတယ်။ သူကကျနော့ထက် ဆယ့်ငါးနှစ်လောက် ကြီးမယ်ထင်ရလို့ပါပဲ။
            “မြို့ခို”တယ်ဆိုတာက ကိုယ်ဆန့်ကျင်ဖက်ရဲ့ နှလုံးသားထဲမှာ ၀င်လှုပ်ရှားတာ၊ သူ့ “သွားကြား”ထဲမှာ ၀င်လှုပ်ရှားတာကို ပြောတာပဲ ကိုအောင်ဂျမ်း၊ ကျနော်တို့မှာ အဲသလို ရဲဘော်တွေလိုတယ်။ အကယ်၍ ဆန္ဒမရှိဖူးဆိုရင်လဲရပါတယ်။ ဒါပေမယ့် အလေးအနက် စဉ်းစားပါ။ တစ်ပတ်အတွင်း ကျနော်တို့ ပြန်တွေ့ကြရအောင်။”
            “ကျနော်က လေးသန်းကို ဘယ်မှာ တွေ့ရမှာတုံး၊ လေးသန်းရဲ့လိပ်စာလဲ ပေးဦးမှပေါ့။
            “ရပါတယ်။ ကျနော်ကိုအောင်ဂျမ်းကို ဆက်လိုက်ပါ့မယ်”
            ဒီမှာပဲ ကျနော်ဟာ “မြို့ခို”တွေရဲ့ သဘောသဘာဝ တချို့ကို ရိပ်စားလိုက်မိပါတယ်။ သူက ကျနော့ကို သိတယ်။ ကျနော့ နေရာကို သိတယ်။ ကျနော်က သူ့ကိုသူပြောသလောက်ပဲသိတယ်။ သူ့နေရာဘယ်မှာလဲ ကျနော်မသိဘူး။
            “ကဲ.....ခင်ဗျားလဲ လမ်းအတိုင်းပြန်တော့၊ ကျနော်လည်းသွားမယ်။ ထပ်တွေ့ ကြသေးတာပေါ့”
            “ကိုသန်း” က ပြောပြောဆိုဆို ပုဇွန်တောင်ချောင်း သမ္ဗာန် ဆိပ်ဘက်ထွက်သွားပါတော့တယ်။ ကျနော်က ကျနော့ဝပ်ကျင်းဖြစ်တဲ့ လှည်းတန်းကို ပြန်လာခဲ့ပါတယ်။ အခန်းပြန်ရောက်တော့ “ငမိုး” ရောက်နှင့်နေပြီ။
            “ဟေ့ကောင် ဂျမ်းကြီး မင်းက ဘယ်လျှောက်သွားနေတာလဲ၊ ငါကမင်းကို ထမင်းစားဖို့စောင့်နေတာ”
            “နပေ”ဆိုတဲ့ ရဲဘော် ချက်သွားတဲ့ ထမင်းက အစေ့ မကွဲတော့ပါဘူး။ ဒီတော့ အတုံးလိုက်လှီးစားရပါတယ်။ ဟင်းကတော့ ပြောင်းဖူးပြုတ် ၂ ဖူးပါ။ ကျနော်အမှတ်ရနေပါသေးတယ်။
            “နပေ”ကတော့ ပျဉ်းမနားပြန်ချီအုံးမယ်ဆိုပြီး သွားလေရဲ့၊ အခုမင်းနဲ့ငါနဲ့ နှစ်ယောက်ထဲပဲ၊ ဘာလဲ မင်းက ထမင်းပျော့လို့ စားမရဖူးလား၊ ဒါ “တော်လှန်ရေးအဟာရ”ကွ၊ သဘောထားနဲ့ စားရမှာ။
            “ငမိုး” ရဲ့ တော်လှန်သော အဘိဓမ္မာတွေကို ကျနော်နားထောင်ရပါတယ်။ ကျနော့ရင်ထဲမှာ “လေးသန်း”ပြောခဲ့တာတွေ ရိုက်ခတ်နေပါတယ်။ “ငမိုး”ရဲ့ဝါးပိုး အမြောက်သံတွေကို ကျနော်ပြုံးနေလိုက်ပါတယ်။
            အင်း.....ငါ.....မြို့ခို စပြုပြီလို့လဲ တွေးလိုက်မိပါတယ်။ အဲဒီညမှာပဲ “ဇူလိုင် ၇ရက်နေ့၊ ဒို့မမေ့”ဆိုတဲ့ ပိုစတာသွားရေးတဲ့ ရဲဘော်လေးတစ်ယောက် အဆွဲခံရလိုက်ရတာ သိပါတယ်။ ကျနော်နေတဲ့အခန်းက မလုံခြုံတော့ဘူးဆိုပြီး “ငမိုး”နဲ့အတူ စပယ်ခြံထဲက အခန်းတစ်ခန်းကို ရွှေ့လာခဲ့ပါတယ်။ တစ်ယောက်ကို လက်ဝဲစာအုပ် အထုပ်ကလေး တထုပ် ကိုယ်စီနဲ့ပေါ့။ “ငမိုး”ရဲ့ တော်လှန်ရေး မီးရှူးမီးပန်းတွေကလဲ အတူပါလာခဲ့လေရဲ့”
            “ဂျမ်းကြီးရ......မင်းအခုဟာက အိမ်ပြောင်းတာ မဟုတ်ဖူးကွ၊ “တော်လှန်ရေးခြေကုတ်စခန်း” ရွှေ့တာ၊ ဒါကို အိမ်ပြောင်းတယ်လို့ပဲ သာမန် မြင်နေတာဆိုရင် မင်းအယူအဆတွေက အတော်အောက်နေပြီ။ ဒါနဲ့ နေပါဦး၊ မင်းလက်က အိုဂျီဗယ်နာရီလေးကို ဒို့စရိတ်အတွက် ထုလိုက်ကြရအောင်”
            “ခက်တာက အဲဒါပဲကွ ဒို့ရဲဘော်တွေမှာ၊ ဒါကြောင့် ကားလ်မတ်စ်က ပြောတာ “ပုဂ္ဂလပိုင်ဆိုင်မှုဆိုတာခိုးမှု”ပဲလို့၊ “အေးပါလေ ထားပါ မင်းက ဓနရှင် ပေါက်စ အတွေးအခေါ်တွေမှ မကျွတ်သေးပဲကိုး။
            “ဟေ့ကောင် ငမိုး.....ဘိန်းစာချင်းတစ်လုံးပိုမရှူနဲ့ မင်းကကော ငါ့ အင်းလေးလုံချည်နဲ့ တက်ထရွန် အင်္ကျီကို ပြည်သူပိုင်သိမ်းထားတာ ဘယ်လောက်ကြာပြီလဲ”
            “ငမိုး”နဲ့ စကားပြောနေရင်း “လက်ဝဲသူငယ်နာ”ဆိုတဲ့ လီနင်ရဲ့ စာအုပ်ကလေးတစ်အုပ်အကြောင်း အမှတ်ရလာပါတယ်။ ဒါပေမယ့် “ငမိုး”ကိုတော့ မပြောဖြစ်တော့ပါဖူး၊ “ငမိုး”ရဲ့ “လုပ်”ထားတဲ့ ဟန်တွေကိုလဲပိုပိုပြီး တွေ့လာလို့ပါပဲ။ ဒါပေမယ့် တော်တော်ရင်းနှီးနေပြီဖြစ်တဲ့ ဆဲမနာဆိုမနာ အခြေအနေဆိုတော့လဲ သူဘာပြောပြော၊ သူဘယ်လောက်ပဲ လေထန်ထန်၊ မတုံ့ပြန်ဖြစ်ခဲ့တာများပါတယ်။ တဆက်ထဲမှာပဲ “ငမိုး”နဲ့တော့ ခွဲရတော့မယ်ဆိုတာ ကျနော့အတွက် ပိုသေချာသွားခဲ့ပါပြီ။
            အဲဒီနေ့က မိုးဖွားကလေးတွေကျနေတယ်။ “ပန်းနဲ့ပင်စည်” စာအုပ်ကလေးကို ကိုင်ပြီး “ကိုထွန်း”ရဲ့ လဖက်ရည်ဆိုင်ကို ကျနော်လာခဲ့တယ်။ မနေ့က ညနေကထဲက ထမင်းမစားရသေးဘူး၊ တော်တော်လေးလဲဆာနေတယ်။ ရဲဘော်ကြီး “ကိုထွန်း”က ဒါကို ရိပ်မိပုံရတယ်။ အီကြာကွေးနှစ်ချောင်းနဲ့ လဘက်ရည်ကျဆိမ့်တခွက် ယူလာပေးတယ်။ ပါးစပ်က ထုတ်မဖော်ပြပေမဲ့ ကျေးဇူးတင်လိုက်တာ။ အီကြာကွေးကို အငမ်းမရစားနေတဲ့ ကျနော်ကို စူးစူးစိုက်စိုက်ကြည့်နေတဲ့ ကိုထွန်းရဲ့ မျက်လုံးတွေကို ကျနော်အခုအထိ မမေ့နိုင်တော့ပါဘူး။
            အဆာနဲနဲပြေသွားလို့ ကိုထွန်းနဲ့ ရောက်တတ်ရာရာ လျှောက်ပြောနေမိတယ်။ အဲဒီအချိန်က နယ်မှာရှိတဲ့ ကျွန်တော့်မိဘတွေ ကို “စိုးရိမ်စိတ် ကြီးရန်ကော”၊ “မသိရန်ကော”ဆိုတဲ့ အတွေးတွေနဲ့ ကျွန်တော်နယ်မပြန်တာ ကိုထွန်းက ကောင်းကောင်း သိနေပေတော့ ကျွန်တော် တစ်သက်လုံးမမေ့နိုင်တော့တဲ့ စကားတစ်ခွန်းကို ပြောပါတယ်။
            “လူထုကို စည်းရုံးမယ်ဆိုတဲ့လူက ကိုယ်နဲ့အနီးဆုံး ကိုယ်မိဘကိုတောင် မစည်းရုံးနိုင်ရင် ဘယ်လိုလုပ်ပြီး အလုပ်လုပ်မှာလဲ ကိုအောင်ဂျမ်းရဲ့”
            ကိုထွန်းရဲ့ဆိုင်က ခုံပုကလေးပေါ်မှာထိုင်ရင် “ပန်းနဲ့ပင်စည်”ကို ဟိုလှန်ဒီလှောလျှောက်ဖတ်နေလိုက်ပါတယ်။ ကိုထွန်းကတော့ အဖျော်ခုံကို ပြန်ရောက်သွားပြီး စကားစ ပြတ်သွားပါပြီ။ ကျွန်တော့်ရှေ့က ခုံပုလေးမှာ လူတစ်ယောက်လာထိုင်ပါတယ်။ လက်ဖက်ရည်တခွက်မှာပြီး သောက်ပါတယ်။ လဖက်ရည်သောက်တာကို အပြီးသတ်ပြီးတော့မှ “ရော့......ကိုအောင်ဂျမ်းအတွက် စာအုပ်” ဆိုပြီး မစ္စတာဟောလ်တန်ရေးတဲ့ အင်္ဂလိပ်ဂရမ်မာ စာအုပ်တစ်အုပ် ပေးပါတယ်။ ပြီးတော့ သူကအများကြားလောက်အောင် ခပ်ကျယ်ကျယ်လေး ပြောပါတယ်။
            “အဲဒီဂရမ်မာစာအုပ်က အရမ်းကောင်းတယ်ဗျ၊ မနည်းရှာလာရတာ သူကသင်တန်းလဲဖွင့်ထားတယ်၊ အထဲမှာ သင်တန်း လိပ်စာ လဲပါတယ်......ခင်ဗျား အဲဒီမှာ တက်ရင် အဆင်ပြေမယ်။ အခု ခင်ဗျားဒီမှာ ရှိမယ်ထင်လို့ ၀င်လာတာ။ ကဲ.....သွားလိုက်ဦးမယ်။”
            တက်ထရက်ဘောင်းဘီရှည် မီးခိုးရောင်နဲ့ ရှူးဖိနပ်စီးထားတဲ့ အဲဒီလူကို ကျွန်တော်မသိပါဘူး၊ ဒါပေမဲ့ သူပေးတဲ့ စာအုပ်ကို ကိုင်ပြီး ကျွန်တော် ထွက်လာခဲ့ပါတယ်။ လှည်းတန်းထိပ် ကားမှတ်တိုင်မှာ ရပ်ပြီး စာအုပ်ကို လှန်လိုက်ပါတယ်။ ပထမဆုံး ရေခံစာရွက်မှာ စာတိုလေး ရေးထားတာ တွေ့ရပါတယ်။
            အဲဒီလူ လုပ်သွားပုံကလေးက လွှတ်လှတယ်လို့ ကျွန်တော်ခံစားမိတယ်။ ၀တ်စားထားတာ၊ ပြောတာ၊ သူ့အမူအယာအားလုံး ဟာ “မြို့ခိုအတွေ့အကြုံ”ရှိပြီးသား၊ လေ့ကျင့်ထားပြီးသား လူတစ်ယောက်ဆိုတာ ကျွန်တော် သိလိုက်တယ်။ ကျွန်တော်အတွက်လဲ အဲဒါ ထရိန်နင် တစ်ခုလို ခံစားမိတယ်။

ဂျမ်း
            တောင်ဥက္ကလာ ၁၄ လမ်းဆုံက လက်ဖက်ရည်ဆိုင်၊ တနင်္ဂနွေ မနက် ၉နာရီ ခင်ဗျားဝတ်နေကျ လည်ကတုံးအင်္ကျီဖြူဝတ်လာပါ။ လမ်းဘက်က ဒေါင့်ခုံမှာထိုင်။ ဒီစာကို ဖတ်ပြီးပြီးချင်းဖျောက်။
“သန်း”
            စာကိုဖတ်ပြီး ရေခံစာရွက်ကို အသာအယာဆုတ်လုံးချေပြီး ပါးစပ်ထဲထည့်ဝါးလိုက်ပါတယ်။ စောစောက ပြောဖို့မေ့သွားလို့၊ ကိုထွန်းဆိုတာက သက်ကြီးကျောင်းသားတယောက်ပါပဲ။ သူလည်း သက်ကြီးတက္ကသိုလ် ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေမှာ ရံခါတဆေး ပါဝင်ခဲ့သူဖြစ်ပါတယ်။
            တနင်္ဂနွေမနက်မှာတော့ လှည်းတန်းရဲ့ မလင်းတလင်း ညရိပ်များကို ထားခဲ့ပြီး ကျွန်တော် ထွက်လာခဲ့တယ်။ စိတ်ထဲမှာ အတူသွား၊ အတူနေနေကျ သူငယ်ချင်းတွေကို လွမ်းသလိုလိုပါပဲ။ ဒါပေမဲ့ “နေရစ်တော့ ခေတ်ဟောင်းရေ” ပေါ့လေ။ ထွက်သာလာတာ၊ အိပ်တောင်ထဲမှာ ပိုက်ဆံမရှိဘူး၊ သည်တော့ “၈”ကားက စပါယ်ယာနဲ့ ဆူးလေမှာ ပြောင်းစီးတဲ့ “၁၄”ကားက စပါယ်ယာကို “ဆွေးနွေး” ပြီး စီးလာခဲ့တယ်။ “ဆွေးနွေး” တယ်ဆိုတာက “ကားခမပါဘူး။ ဘယ်ကနေ၊ ဘယ်အထိ သွားမယ်ဆိုတာကို စပါယ်ယာကို တိုးတိုးတိန်းတိန်း ပြောပြတယ်” ဆိုတဲ့ ကျနော်တို့ရဲ့ ဗန်းစကားပါ။ အခါတော်တော်များများ သည်လိုပဲ “ဆွေးနွေး” စီးနေကျမို့ တချို့စပါယ်ယာ တွေနဲ့တောင် မျက်မှန်းတန်းမိနေခဲ့တာပါ။
            ၁၄ လမ်းဆုံကိုရောက်တော့ ရှစ်နာရီ ခွဲပဲရှိပါသေးတယ်။ လက်ဖက်ရည်ဆိုင် ၀င်ထိုင်လိုက်ဖို့ အဆင်မပြေသေးဖူး၊ ဒါနဲ့ကျိုက္ကဆံ ဘုရားဘက် လျှောက်လာခဲ့တယ်။ ရှေ့တူရူကိ လျှောက်လာရင်း မျက်နှာချင်းဆိုင်က လာနေတဲ့လူဟာ “လေးသန်း”ပဲလို့ သိလိုက်တယ်။ ၀မ်းသာအားရနဲ့ ကျွန်တော် လှမ်းခေါ်လိုက်တယ်။ သူက လှည့်တောင်မကြည့်ဘူး၊ သူ့လမ်းသူဆက်သွားတယ်။ ကျွန်တော်လည်း ကျိုက္ကဆံဘုရားဝင်းထဲ ဟိုလျှောက်ဒီလျှောက်လုပ်ပြီး ပြန်လာခဲ့တယ်။ အမေ၀ယ်ပေးထားတဲ့ အိုဂျီဗယ် နာရီလေးက အသုံးဝင်သား။ ၁၄လမ်းဆုံကို ကျွန်တော် ပြန်ရောက်တော့ ကိုးနာရီပါပဲ။ “လေးသန်း”ကို သူပြောတဲ့ ထိုင်ခုံမှာ တွေ့လိုက်ရပါတယ်။ ပဋိသန္ဓာရ စကားတွေ ဘာမှ မပြောတော့ဘဲ ခုံလွတ်မှာ ၀င်ထိုင်လိုက်ပါတယ်။
            “နောက်လမ်းမှာတွေ့ရင် မခေါ်နဲ့ကိုအောင်ဂျမ်း၊ တခါတရံမှာ အဲဒါထောင်ချောက် ဖြစ်နေတတ်တယ်”
            “လေးသန်း”က စကားဆက်ပါတယ်။ သူ့မျက်နှာက လေးနက်နေပုံမို့ ကျွန်တော်လည်း ဘာမှမပြောတော့ဘဲ နားထောင်နေလိုက်ပါတယ်။
            “မောင်ရင်.......စဉ်းစားပြီးသွားပလား။ အဲဒါကို ကိုယ်စောင့်နေတာ”
            လဖက်ရည်ဆိုင်ထဲမှာ လူရှင်းနေတယ်။ မနက်ဖက်မှာ လူကျခဲ့ပြီးပြီးနဲ့တူပါရဲ့၊ ကျနော်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။ ထူးထူးခြားခြားရယ်လို့ ကျနော်ဘာမှ မတွေ့မိဘူး။ လေးသန်းက ဒါကို သတိထားမိပုံရပါတယ်။
            “သတိဆိုတာ လိုတယ်မရှိဘူး......ဖိုးအောင်ဂျမ်းရ၊ ကိုယ်တို့အတွက် နေရာတိုင်းမှာ အန္တရာယ်ရှိနေနိုင်တယ်။ ထောင်ချောက်ထဲ လည်း ကျသွားနိုင်တယ်။ ကိုယ်ကို စောင့်ကြည့် နေတဲ့လူရှိနေနိုင်တယ်။ နောက်ပြီး အဲဒီလူတွေကို လျှော့တွက်လို့မရဘူး။ ကိုယ့်ထက်မလျော့တဲ့ လေ့ကျင့်မှု ရှိပြီးသားတွေဆိုတာ သတိရှိနေရမယ်။ ဒီလိုပြောတာ တုန်လှုပ်သွားဖို့ ပြောတာမဟုတ်ဘူး။ သူ့လိုပဲ ကိုယ်လည်း ကျင့်သားရသွားဖို့ဆိုလိုတာ”
            ခင်ဗျားနဲ့ ကျွန်တော်နဲ့ ပြောနေရာကနေ “မောင်ရင်” “ကိုယ်”ဆိုတဲ့ အသုံးအနှုန်းတွေကို ကျွန်တော် သတိထားလိုက်မိတယ်။
            “ကဲ........လာ၊ မောင်ရင့်ကို ပေးစရာလည်း ရှိတယ်။ ပြောစရာတွေလည်း ရှိသေးတယ်။ ဒီမှာ ပြောလို့မကောင်းဘူး၊ သွားကြစို့”
            ပြောပြောဆိုဆိုပဲ လက်ဖက်ရည် ၂ခွက်ဖိုး ကျပ်တန်ကလေးကို ရေနွေးအိုးအောက်မှာ ညှပ်ထားခဲ့ပြီး ငေါက်ခနဲထွက်သွားပါ တယ်။ ကျွန်တော်က သူ့နောက်က လိုက်လာခဲ့ပါတယ်။ ကျိုက္ကဆံဘုရားလေးကိုဝိုက် လာခဲ့ပြီး ဇရပ် ၂ ဆောင်ကြားကနေ ၀င်လာခဲ့ကြတယ်။ ဘုန်းတော်ကြီးကျောင်း ခပ်သေးသေးတစ်ခုကို ရောက်ခဲ့ပါတယ်။
            “ဦးဇင်းတစ်ပါး ထွက်လာပါတယ်။ သူ့ကိုကြည့်ရတာ “ငယ်ဖြူ” တစ်ပါးနဲ့ မတူပဲ၊ ဒုလ္လဘ ရဟန်းတစ်ပါးရဲ့ဣနြေ္ဒမျိုး တွေ့ရပါတယ်။
            “လာ......လာ.......ကိုလှမောင်........ဘုန်းကြီးကတော့ ဥက္ကလာထဲကို ဆွမ်းစားကြွသွားတယ်။ ကျုပ်အခန်းထဲသွားကြ၊ အဲဒီမှာ ကိုလှမောင်တို့ စကားပြောကြပေါ့။ ကိုလှမောင်ကို ပေးရမဲ့ အထုပ်ကလေးလဲ အဆင်သင့်ပဲ၊ ဦးဇင်းအိပ်ရာဘေးမှာ။ ကျုပ်အပြင်ဘက်မှာ ရှိနေမယ်။ လိုရင် အသံပြုလိုက်နော”
            အခန်းထဲ ကျွန်တော်တို့ ရောက်လာကြတယ်။ အခန်းက ရှင်းရှင်းပါပဲ။ ဘာပရိဘောဂမှ မရှိဘူး၊ သံသေတ္တာတစ်လုံး၊ ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည်၊ ခြင်ထောင် တစ်လုံး....ဒါပါပဲ။ နံရံမှာ ရေးထားတာလေးက ကျွန်တော် မှတ်မိနေသေးတယ်။ “ယေဓမ္မာဟေတု ပဗ္ဗ၀ါ” ဆိုတဲ့ ပါဠိစာတမ်းလေး၊ “အကြင် အကျိုး၌ အကြောင်းတရားရှိ၏”လို့ ကျွန်တော် နားလည်မိတယ်။ အဲဒါကလွဲလို့ နိုင်ငံရေး အငွေ့အသက်ရှိတဲ့ ဓါတ်ပုံ၊ ရုပ်ပုံ စသည်တွေဘာမှ မတွေ့ရပါဘူး၊ ကျွန်တော် သတိထား လိုက်မိပြန်တာက အဲဒီ “ဦးဇင်းဘို”လို့ ဆိုတဲ့ “ပုဂ္ဂိုလ်က “လေးသန်း”ကို “ကိုလှမောင်”လို့ ခေါ်လိုက်တာပါပဲ။ ကျွန်တော့်အတွက်က တော့ “လေးသန်း”ကို “ကိုလှမောင်”ပေါ့။ “လေးသန်း”က ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ရင်း စကားစပါတယ်။
            ကဲ.....ဖိုးအောင်ဂျမ်း......အချိန်ရသခိုက်ကလေး အလုပ်စလိုက်ကြရအောင်၊ ဒီနေ့ကစပြီး မောင်ရင်ဟာ “အောင်မြေ”ရဲ့ အုပ်စုဝင်တစ်ယောက်ဖြစ်သွားပြီ၊ နဂိုက ရှိပြီးသမျှတွေ မောင်ရင့်အဆက်အသွယ်တွေ အကုန်လုံးကို “ဖြတ်”ပါ။ ကျောင်းသားအုပ်စုတွေ နဲ့ မောင်ရင်နဲ့ မပတ်သက်တော့ဘူး၊ တွေ့တဲ့လူတိုင်းကို “ဘာမှမလုပ်ချင်တော့ဖူး” လို့ပြောပါ။ အဲဒီအတွက် မောင်ရင့်ကို “ငြိုငြင်”တာတွေ ရှိလာနိုငတယ်၊ အဲဒါကို “တာဝန်တစ်ရပ်ဆောင်ရွက်နေတာ” လို့ သဘောထားရမယ်။ နောက်ပြီး အခုမဆလက ကေဒါစုဆောင်းရေး လုပ်နေတယ်။ အဲဒီအထဲကို မောင်ရင်ဝင်ရမယ်။ အဲဒါ မောင်ရင့် နယ်ကိုပြန်ပြီး ဆောင်ရွက်ရမယ်။
            “နေဦး....လေးသန်း.....အဲဒီ မဆလထဲ ၀င်ဖို့ကိုတော့ ကျွန်တော် သဘောမကျဘူး၊ မ၀င်ချင်ဖူးဗျာ....”
            “ကိုယ်တို့ဆီမှာ တာဝန်ပေးလာရင် ငြင်းလို့မရဘူး၊ ကိုယ်ဆိုရင် “မာဂျောင်း” ကစားရတယ်။ “မာဂျောင်း”၀ိုင်းကို သွားရတယ်။ အဲဒါ “တာဝန်”ပဲ။ “မာဂျောင်း”ကစားနေ့လို့ ကိုယ့်ကို “ဖဲသမား”လို့ တော်တော်များများက သိကြတယ်။ အဲဒီမာဂျောင်းဝိုင်းကို သူအကြောင်းနဲ့ သူ ရောက်လာတဲ့ “မိုင်း”ကလဲ ကိုယ်ကို “ဖဲသမား”လို့ပဲ သိထားကြတယ်။ “မာဂျောင်း” ကစားနေပေမယ့် “ဖဲသမား” မဟုတ်တာ ကိုယ်ဖာသာကိုယ်အသိဆုံးဖြစ်နေဖို့ပဲ။
            သူပြောသည့်ကိစ္စကို ကျွန်တော် ဘ၀င်မကျလှသဖြင့် အကြောက်အကန် မငြင်းဆန်သော်လည်း မလုပ်ဖြစ်ခဲ့၊ မ၀င်ဖြစ်ခဲ့ (နောင်အတော်ကြာမှာ ကျွန်တော် မှားတယ်ဆိုတာ သိခဲ့ရပါတယ်) လေးသန်းက ဆက်ပြောပါတယ်။
            “မောင်ရင် ရန်ကုန်မှာပဲ အလုပ်တစ်ခု ၀င်လုပ်ရမယ်။ အဲဒါကိုယ်စီစဉ်မယ်။ ဘယ်လောက်ရရ အရေးမကြီးဘူး၊ ရပ်တည်လို့ရရင် တော်ပြီ။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့က မောင်ရင့်ကို လစဉ်ထောက်ပံ့တာဘာမှ မလုပ်နိုင်လို့ပဲ။ နောက်ပြီး ဒေါပုံဘက်မှာ အခန်းတစ်ခန်းငှားပါ။ အဲဒီမှာ သီးခြားနေပါ။ လောလောဆယ် မောင်ရင်သိဟောင်း၊ ကျွမ်းဟောင်းတွေ ဘယ်သူမှ သိစရာ မလိုဘူး၊ တတ် နိုင်သမျှလည်း ကိုယ်ဘယ်မှာနေတယ်ဆိုတာမပြောဖို့ဘဲ။ နောက်ပြီး မောင်ရင်ဒိုင်ယာရီရေးလေ့ရှိတယ်ဆိုရင် လုံးဝ ဆက်မရေးပါနဲ့၊ ရှိပြီး သားတွေဖျက်ဆီးပစ်ပါ။ လိပ်စာတွေကို ခေါင်းထဲမှာပဲ မှတ်ထားပါ။ ဆက်တိုက်ပြောရင်း “လေးသန်း”က နားလိုက်ပြီး ရေတစ်ခွက် ထ သောက်ပါတယ်။ ပြီးတော့မှ ပြန်ထိုင်ရင်း ကျွန်တော့်ကို စေ့စေ့စပ်စပ်ကြည့်ပြီး ထပ်ပြောပါတယ်။
            “မောင်ရင်ဝတ်နေကျ ပင်နီတိုက်ပုံအင်္ကျီ လုံးဝမ၀တ်ပါနဲ့၊ ဆံပင်ကို မသေမသပ်မထားပါနဲ့၊ ဘရိုင်ကရိမ်လိမ်းပါ။ ဒါမှမဟုတ် ဆီလိမ်းပါ။ သေသေသပ်သပ် ညာခွဲ ခွဲပါ။ ဘယ်ခွဲ ခွဲနေတာကို ပြင်ပါ။ ဈေးသိပ်မကြီးတဲ့ မန္တလေးဖိနပ်ကိုစီးပါ။ အခန်းရှိပြီဆိုရင်လည်း အခန်းထဲမှာ ဘာဓါတ်ပုံမှ မကပ်ပါနဲ့၊ ပြက္ခဒိန်ချိတ်ရုံလောက်ပဲ လုံလောက်ပြီ၊ လုံချည်ကို အခုထက်နဲနဲရှည်ရှည် ၀တ်ပါ။ အော်.....ဒါနဲ့ မောင်ရင်အလုပ် လုပ်ရမှာက “ရန်ကုန်” သတင်းစာတိုက်ပဲ။ အဲဒီကို သဘက်ခါ သွားလိုက်ပါ။ “ကိုဝင်းမောင်” ဆိုတာကိုမေး၊ “သူက မောင်ရင့်ကို “အလုပ်”ပေးလိမ့်မယ်၊ အဲဒီမှာလည်း မောင်ရင်လုပ်ရမယ့် အလုပ်ကလွဲလို့ “ကိုဝင်းမောင်”နဲ့ တခြားဘာမှပြောစရာမလိုဘူး၊ နယ်ကလာပြီး ရန်ကုန်မှာ ကျောင်းဆက်တက်နေတဲ့ လူငယ်တယောက် ဒီလောက်သိရင်ရပြီ၊ ဟုတ်ပြီနော်။
            သူပြောသွားတဲ့ စကားအစဉ်မှာ ကိုးကားချက်စကား၊ ပုဂ္ဂိုလ်ကျော်တို့ရဲ့ နာမည်များ၊ ဟန်ရေးပြမှုများ ဘာမျှမပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ “အသစ်အဆန်းပို့ချချက်” တွေချည်းပါပဲ။ သူ့စကားပြောဟန်ကလဲ အတွေ့အကြုံရှိ ဆရာတစ်ယောက်က သူကျွမ်းပြီးသား ဘာသာရပ်တစ်ရပ်ကို အေးဆေးစွာ ဆွေးနွေးပို့ချနေသလိုပဲဖြစ်ပါတယ်။ တချို့နေရာတွေမှာ “အမိန့်”ဆန်သလို ခံစား လိုက်မိပေမယ့် ကျွန်တော်နားလည်လို့ ရပါတယ်။ ကျွန်တော်က “မြို့ခို” ရတော့မယ်ကိုး။ လေးသန်း စကားပြောတာကို နားထောင်ရင်း ကျွန်တော်ဟာ သူနဲ့ပိုပိုပြီး နီးကပ်လာသလို ခံစားရတယ်။ ညီအစ်ကိုပမာနွေးထွေးမှုကို ခံစားရတယ်။ ကျွန်တော့်ဘက်က သူပြောခဲ့တာ တွေကို နားထောင်ရင်း ကိုယ်ပြင်ရမယ့်ဟာတွေ အတွက်လည်း စဉ်းစားနေမိတယ်။ “အောင်မြေ၊ တက်ထရွန်အင်္ကျီ၊ ချည်လုံချည် ခြေမျက်စေ့ဖုံး၊ “ဒိုင်ယာရီစာအုပ်” “ဟိုချီမင်းနဲ့ လီနင်ဓါတ်ပုံ၊ “ရန်ကုန်သတင်းစာ”၊ “မန္တလေးဖိနပ်”၊ အဲဒါတွေကျွန်တော့်ရင်ထဲအထိ ရောက်လာပါတယ်။ အောင်ဂျမ်း.......မင်းလုပ်နိုင်ပါ့မလား၊ ဖြစ်အောင်လုပ်နိုင်မှကို ဖြစ်မယ်လို့ ကျွန်တော်တွေးမိလိုက်ပါတယ်။
            လေးသန်းက ခေါင်းရင်းဘက်မှာရှိနေတဲ့ “အထုပ်ကလေး”ကိုယူပြီး ကျွန်တော့်ကို ကမ်းလိုက်ပါတယ်။ အထုပ်ကလေးက ဆီစိမ်စက္ကူနဲ့ ထုတ်ထားတာ ကျွန်တော် သတိထားမိလိုက်တယ်။
            “အဲဒါ.....မောင်ရင့်အတွက်ပဲ။ အဲဒီအထဲမှာ လမ်းစဉ်နဲ့ပတ်သက်တဲ့ စာတမ်းနှစ်စောင်ရယ်။ “ဗင်နီဇွဲလား ကွန်မြူနစ်ပါတီရဲ့ မြေအောက် အတွေ့အကြုံများဆိုတဲ့ စာအုပ်ရယ်။ “ရိုးမစာတမ်း”ဆိုတဲ့ စာအုပ်ရယ်။ “လျူရှောချီ”ရဲ့ စာအုပ်နှစ်အုပ်ရယ်၊ အဲဒါတွေပါတယ်။ မောင်ရင်အဲဒါတွေကို တလအတွင်း အသေအချာလေ့လာပါ။ ဖတ်ရုံ ဖတ်ဖို့ မဟုတ်ဘူးနော်။

           

                                                                             ဆက်ရန်

ကားသွားတဲ့ ကား

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ကားသွားတဲ့ ကား
          မောင်ဒေါ၏ မိတ်ဆွေ တပတ်ရစ်ကြီးဖြစ်ဘိသည့် အယ်ချုပ်ကြီးက မောင်ဒေါအား “ဒီမိုကရေစီ”အကြောင်း ရေးရန်တိုက်တွန်းဖူး၏။ မောင်ဒေါလည်း စိတ်ဝင်စားပါ၏။။ ဆိတ်တွင်သာမက နွားပါဝင်စားသောကြောင့် “နူတ်ဘုတ်”ထဲတွင် ဒီမိုကရေစီမှတ်စုများဟုပင် ခေါင်းစဉ်တပ်ကာ တောင်ခြစ်တောခြစ် မှတ်ထားတာတွေရှိပါ၏။
            သို့လင့်တစေ “ဒီမိုကရေစီ”တွင် မောင်ဒေါထက်ပိုချန်ပီယံကျသူများ၊ဂုရုကြီးများကလည်းနေရာယူပြီးထားရကား ချွတ်တားမောင်ဒေါ၏ ဒီမိုကရေစီအတွေးအခေါ်များသည် နည်းနည်းများ “အောက်တော့ဒိတ်” ဖြစ်နေမည်လား စိုးရိမ်သဖြင့် လက်ဆကို ကျင့်ဆဲဖြစ်ပါ၏။
            ဤတွင် “ဒီမိုကရေစီ”လိုပဲ လူတွေကြား ခေတ်စား ခေတ်သောက် ခေတ်မြိုဖြစ်နေသော  အကြောင်းတစ်စကို မောင်ဒေါတွေ့ရှိခဲ့လေ၏။ ယင်းသည်ကား “ကား” အကြောင်းဖြစ်ပေ၏။ အနှီသို့ ဆိုလိုက်သည့်အတွက် မောင်ဒေါသည် ကား အကြောင်းကို ကျွမ်းကျင်သူတစ်ဦးဟု ပြောလိုရင်းမဟုတ်ပါ။ ကား အင်ဂျင်အကြောင်း ကားတည်ဆောက်ပုံအကြောင်း၊ ကားစီးပွားရေးအကြောင်းတွေကို “ပိစိညှောက်တောက်”ခန့်သာ မောင်ဒေါနားလည်ပါ၏။ သို့သော် လူမတတ်သော်လည်း လဘက် ထုတ်တတ်ရသည့် သဘာဝအတိုင်း မောင်ဒေါသည် “ကား”တွေနှင့် ပတ်သက်ခဲ့ရဖူး၊ ပတ်သက်ရဆဲဖြစ်ပါ၏။ ဤလည်း တစ်ဒုက္ခ။
            “ကား” ဆိုသည်မှာ ငြိမ်ခံရုံမျှသာသော ပစ္စည်းတခု မဟုတ်မူပဲ၊ တစ်နေရာမှ တစ်နေရာ လူရောတိရစ္ဆာန်တွေပါ လွယ်ကူလျှင်မြန်စွာရောက်ရှိဖို့ အထောက်အကူ တစ်ရပ်ဟု မောင်ဒေါ သဘောပေါက်နားလည်ပါ၏။ တတ်နိုင်သူများအတွက် ဘီးလေးဘီးကို စိန်စီရွှေချကာ တသသစီးနင်း ဟန်ပေးရန် အတွက်သာဆိုပါမူ “မဟုတ်သေးဖူး………မင်းမဟုတ်ဖူး”ဆိုသော သီချင်းပါ စာသားကဲ့သို့သော ဆိုရန်ရှိပါ၏။
            မောင်ဒေါတို့ဗမာပြည်တွင် ကုမ္ပဏီတွေစတင်မှိုလိုပေါက်စဉ်က ကျုပ်မောင်ဒေါသည်လဲ ကုမ္ပဏီညှိပ်စိတစ်ခု၏ အုတ်ကထ (အဲလေ) ဥက္ကဋ္ဌဖြစ်ဖူးပါ၏။ မောင်ဒေါကား ခရိုနီတွေလို “ပြည်နာမှ ငွေရှာကောင်း”လွန်း၍ ဥက္ကဋ္ဌဖြစ်ခြင်းမဟုတ်။ လုပ်မယ့်သူမရှိ၍ ကိုယ့်ဖာသာ “ပြာတာလဲငါ - မန်နေဂျာလဲငါ - ဂျာဒူးဝါလားလဲငါ” တာဝန်ယူရသော အောလ်ရောင်း ဥက္ကဋ္ဌကြီးသာ ဖြစ်ပါ၏။
            ယင်းကာလတွင် ကားတစ်စီးလိုအပ်သည်ဖြစ်ရကား ပတ်ဘလေကာ စုတ်ပေ့တစ်စီးကို သနပ်ခါးလိမ်း၊ ပန်းပန်၊ ပတ္တမြားဆေးထိုးကာ ကုမ္ပဏီ၏ စီးတော်ယာဉ်လုပ်ခဲ့ဖူးပါ၏။ ထိုသို့သော ပတ်ပလေကာ ဖွတ်ကားကို ဣနြေ္နကြီးစွာ စီးနင်းပြီး၊ ဥက္ကဋ္ဌကြီး၏ ကျက်သရေကို အပြတ်ဖမ်းခဲ့ရပါ၏။
            ထိုစဉ်က ဗမာကျပ်ငွေတစ်သိန်းခန့်ကိုရင်းနှီးပြီး စီးတော်ယာဉ်ဖြစ်နေသော မဟာ ပါပလေကားကလေးကို ကြိုက်လှချည်ရဲ့ဟုဆိုကာ တသိန်းခွဲပေးပြီး ပင်စင်စားတဦးက မောင်ဒေါဆီမှ ဘလက်ကာယပြု ၀ယ်သွားချေ၏။ အမြတ်ကြီးမြတ်လေပြီဟု လက်ခမောင်းခတ် ရောင်းတတ် ၀ယ်တတ်သွားသော မောင်ဒေါ။ အစုတ်တွေ ၀ယ်လိုက်၊ သနပ်ခါး ပြစ်ပြစ်သွေးပြီးလိမ်း ပန်းထူထူပန်ပြီး ရောင်းလိုက်နှင့် “စီးပွားရေးအောင်ပွဲ”များ မောင်ဒေါ ခံယူနေချိန်မှာပင်သတိမပြုမိသည်ကား “ဒေါ်လှ” ခေါ် အမေဒိက စက္ကူစိမ်းတွေ ဈေး တက်တက်လာသည့်ကိစ္စပင်ဖြစ်၏။
            ထို “ဒေါ်လှ”က လည်ပင်းညှစ်၊ ညှစ်စရာရှိတာ အကုန်ညှစ်လိုက်သည့်အတွက် မောင်ဒေါ “ဥစီး”နေသော “ကြွေးတော်ဆပ်” ကုမ္ပဏီပိစိသည် ကတ္တီပါ ပြည်ဖုံးကားအစုတ်ကိုချကာ နိဂုံးစတော့ သွားလေ၏။ ကန်စွန်းရွက်ကား “ပြုတ်”လျှင်  စားလိုက်ရပါသေး၏။ ဥက္ကဋ္ဌ “ပြုတ်” သွားသောအခါ မောင်ဒေါတွင် “ဆူဇူကီးဖုတ်ချက်” တစ်စီးသာ ငေါင်စင်းစင်းကျန်ခဲ့ပါတော့၏။
            ထို“ဆူဇူကီးဖုတ်ချက်”နှင့် ဗမာပြည်တနံတလျား “ဈေးရောင်းသွား”ရင်း “ကား”၏ စပ်ဖျဉ်းဖျဉ်း အရသာကို မောင်ဒေါရပါ၏။ မှော်ဘီတွင် ဘရိတ်ပေါက်ခြင်း၊ ရွှေမြေယာတွင် ဘက်ထရီပွင့်ထွက်ခြင်း၊ ပဲခူးးတွင် ဂတ်စကတ်ပြတ်ခြင်း၊ သထုံတွင် တွန်းစတတ်လုပ်ရခြင်း၊ အင်ဂျင်ဟက်နာသွားခြင်း၊ ဇလွန်တွင် တိုင်မင်လွဲသွားခြင်း၊ ဘားအံတွင် လေးကျိုး၍ ရှေ့စပရင်ပြတ်ခြင်း၊ မြောက်ဥက္ကလာတွင် စတီယာရင် ချောင်သွားခြင်း၊ “ပြည်”တွင် ချောဆွဲခံရခြင်း၊ ညောင်တုန်းတွင် စလစ်ဖြစ်ခြင်း၊ ဆားမလောက်တွင် ကလပ်ကြိုးလောင်သွားခြင်း၊ ပုသိမ်တွင် ၀ါယာရင်းပျက်သွားခြင်း၊ ငါးသိုင်းချောင်းတွင် တောမီးလောင်သည့်ကြားဖြတ်မောင်းရခြင်း၊ ကျိုက်မရောတွင် ကားမတက်ရသည့် တောင်ပေါ်တက်မိခြင်း၊ ဒဂုံလယ်ကွင်းထဲတွင် ဘွက်နစ်သဖြင့် လယ်သမားလေးယောက်က ကားကိုမရွှေ့ပေးရခြင်း၊ ကျောက်ရေတွင်းတွင် ကားဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ရခြင်း စသောကား၏ “သုခ” ကစိဖတ်ပေါင်းစုံကို မောင်ဒေါခံစားရပြီးသကာလ ထိုသတ္တ၀ါကို ရရာဈေးဖြင့် ရောင်းလိုက်ပါ၏။ ပါဏုပေတံ ကားနှင့် သံယောဇဉ် ဖြတ်တော့အံ့ဟုသော အဂ္ဂမဟာ သန္နိဋ္ဌာန်ကိုလည်း ချလိုက်ပါ၏။
            မောင်ဒေါ၏ သန္နိဋ္ဌာန်ကွန်ယက်ထဲသို့ အင်တာနက် မသုံးဘဲ ဖြဲရဲဝင်ရောက်လာသူကား သားတော်မောင်မျက်ပြူး - ထညက်ဗူးဖြစ်ပေ၏။ “ကကြီးရေချဝစ္စနှစ်လုံးပေါက်”သည် မောင်ဒေါအား မည်သို့မျှ “အာဝေဏိက သုခ”တွေမပေးနိုင်တော့ပြီဟု ချမ်းမြေ့ငြိမ်းချမ်း နှစ်ပေါင်းများစွာတို့သည် အနည်းငယ်မျှ လှုပ်ခါသွားချေ၏။
            မောင်မျက်ပြူးကား အင်ဂျင်အနီးတွင် ယားနေသော “အင်ဂျင်နီးယား”ဖြစ်ခြင်းက အကြောင်းတစ်ကြောင်း။ ကားကိုကောင်းစွာ ပြင်တတ်သည်ဟု ယုံကြည်နေပေသောကြောင့်တစ်ကြောင်း “ကား”ကို အထူးစိတ်ဝင်စားသူဖြစ်ပေ၏ တမုံ့။
            “ဖေဖေရ……………ကားလေးတစ်စီးတော့ ၀ယ်ထားရအောင်ပါ။ ထသွား လာသွားလည်း လွယ်တာပေါ့၊ ပြီးတော့ ကျနော်တို့ ကုမ္ပဏီက ထောက်ခံရင် ဘဏ်ချေးငွေနဲ့ ၀ယ်လို့ရတယ်။ အဲဒါ…….နည်းနည်းစီပဲ ဖဲ့ဆပ်ရမှာ၊ ၀ယ်ထားတော့လဲအဖတ်တင်တာပေါ့။”
            ယင်း၏ “အဆို”ကို အမြီးမသတ်မီမှာပင် မောင်ဒေါက ဥက္ကဋ္ဌ အာဏာသုံးလျက်ဗီတိုဖြင့်ပယ်ချလိုက်၏။။
            “အဲဒီကားဒုက္ခတွေ ငါမခံချင်ဖူးကွာ၊ မင်းဖာသာ ၀ယ်ချင်တယ်ဆိုရင်လဲ တခြားသွားထား” “မိသားစုကဲဘိနက်”ထဲမှာတော့ ပွစိပွစိ လုပ်ရင်း ခေတ္တခဏ (သုံးလေးနှစ်ခန့်)ငြိမ်သွားပါ၏။ သို့သော် မောင်မျက်ပြူးကား “မိဘစကား နားထောင်တိုင်းသာဆိုရင် သိဒ္ဓတ္ထ မင်းသားဟာ ဘုရားဖြစ်လာဖို့မရှိဘူး” ဟူသော မောင်ဒေါ၏ ပို့ချချက်ကို ကိုးကားလျက်  မောင်ဒေါ၏ အလစ်တွင် ကားဝယ်ခြင်းအမှုကို ပြုပါလေ၏။
            ဟာရီယာကားကြီးနဲ့ ၀တ်မှုံပါလားတို့၊ ကားနှင့်ဖရဲသီးဘာကြော်ငြာမှန်းမသိတဲ့ ကားပြခန်းတို့ အလျှိုအလျှိုပေါ်လာသောကာလ။  မောင်မျက်ပြူးကလဲ ဘဏ်ချေးငွေနဲ့ လေလံဆွဲပြီး တိုယိုတာတစီးကို တိတ်တိတ်ကလေးဝယ်၏။။ ပြီးတော့ သူ၏ သူငယ်ချင်းတစ်ယောက် အကူအညီနှင့် ထုတ်ယူ၊ အဲဒီသူငယ်ချင်းအိမ်မှာ ကားကိုထား၏။
            မောင်ဒေါကား ဘာမျှမသိ၊ နောဖာနာမိ။
            အဝေးတွင် အလုပ်လုပ်နေသော သားတော်မောင်က တစ်နှစ်တွင် တစ်လခွင့်ရသဖြင့် အိမ်ပြန်လာသော ဒီဇင်ဘာ ပြီးခဲ့သောနှစ်က ဆိုပါစို့။
            “ဖေဖေ----ကျနော် ကားသွားယူလိုက်ဦးမယ်” ဤနည်းဆိုပြီး တိုယိုတာတစီးကို အိမ်သို့ မချလာပါ၏။။ မောင်ဒေါ၏ ဗီတိုလည်း မတိုနိုင်တော့ပြီ။ တိုယိုတာသည် မောင်ဒေါအိမ်ရှေ့၌ စံပါယ်တော်မူချေ၏။
            သည်နောက်တော့ ဒူဘိုင်းကမ်းနားနှင့် ကိုဘီးကမ်းနားမှာ သူများစွန့်ပစ်ပြီး သောကားတွေဗမာပြည်တွင်း စီးကြောင်းဆင်းလာလေ၏။ တစ်ခါဖူးမျှ မတစ်ခါဖူးသော စီးခြင်းမျိုးဖြင့် သောင်းနဲ့ချီဝင်လာ၏။ ကျုပ်တို့ခေါင်းပေါင်းအစိုးရကလဲ ပြည်သူတွေပေါပေါစီးစေလိုပုံပေါ်ပါ၏။ တစ်နှစ်အတွင်း စည်းကမ်းတွေ အကြိမ်ကြိမ်ပြင်၍ ကားတွေ အ၀င်ခံပါ၏။ မဲဆောက်မှာပုံနေသော ကားတွေ၊ ပင်လယ်ဝမှာ ပုံနေသောကားတွေ…….။ ဟိုတုံးက သိန်းထောင်ဂဏန်းနှင့် မော့ကန်း မော့ကန်းစီးတတ်ကြတဲ့ကားတွေအစ ၁၀ ဆလောက် ဈေးတွေပြုတ်ကျကုန်ပါ၏။ ပေါသွားတာကို  ကောင်းသည်ဟု (အဟဲဟဲ) ပြောရမည်ဖြစ်ပါ၏။
            မောင်ဒေါအိမ်ရှေ့က မောင်ဒေါ မမောင်းသော တိုယိုတာကားကြီးလဲ ရှုံ့တိရှုံ့မဲ့နှင့် အိုပါဂဏန်း အက ကနေပါ၏ဟုလို။  အများပြည်သူနှင့် လဲဆိုင်သည်ဟုယူဆပါသဖြင့်။

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)