Monday, February 11, 2013

ပန်းကန်ဆိုတာ ထမင်းစားဖို့သာဖြစ်တယ်


ကိုကိုးကျွန်းဋိကာ
ပန်းကန်ဆိုတာ ထမင်းစားဖို့သာဖြစ်တယ်
                ကျနော်တို့ကို တစ်ကျွန်းပို့ချိန်သမယဟာ တရုတ်ပြည်မကြီးမှာ “ချန်ချင်းယောင်ဝေယွမ်၊ ၀မ်ဟုန်ဝင်း”စတဲ့ ရွှေကြာပင်များ “တော်လှန်ရေးပေါက်ပေါက်”တွေ ဖောက်ကောင်းတုန်းအချိန်ပါ။ လျူရှောချီ၊ တိန်ရှောင်ဖိန်စတဲ့ “လက်ဟောင်း”ကြီးများ ၀က်ချေးလူးနေတဲ့ ၀က်တဲထဲကို ဦးနှောက်ဆေးဖို့ အပို့ခံနေရချိန်။ ‘ကြိုအင်းလိုင်’လို လူပင်လျှင် ကံကောင်းလို့ လည်ပင်းစာဆွဲမခံရတဲ့အချိန် ဖြစ်ပါတယ်။ လည်စီးနီတပ်ထားတဲ့ ဆယ်ကျော်သက် ကျောင်းသားနီကလေးတွေက “ဗဟိုကို အမြှောက်နဲ့ ခွင်းနေချိန်”လဲဖြစ်ပါတယ်။ အဲဒီ “ဆရာမနိုင်၊ နှစ်ဆောင်ပြိုင်”ကလေးတွေရဲ့ “လက်ဝဲသူငယ်နာ” ဗိုင်းရပ်စ်ဟာ တရုတ်တပြည်လုံးကို လှုပ်ခါပြီး၊ “အိုက်ကျင့်”တို့လို ကဗျာဆရာကြီးတွေ၊ “၀မ်မုံ”တို့လို လူလတ်ပိုင်း စာရေးဆရာတွေဟာ ကိုယ့်လည်ပင်း ကိုယ်စမ်းနေရတဲ့ကာလမျိုးပါ။
                အဲဒီ “ဗိုင်းရပ်စ်”ဟာ တိုရေရှားရည်နဲ့ မသဒ္ဓါရေစာပေးထားတဲ့ ကျနော်တို့အတွက် တစ်လုံးတည်းသော နေရှင်နယ် ရေဒီယိုကလေးရဲ့ လှိုင်းတိုတွေကနေ “ကျနော်တို့ရဲ့ ကိုကိုးကျွန်းဆီကိုလဲ စီးမျောလာပါတယ်”
                တချိန်ထဲမှာပဲ တောထဲက ပြန်လာသူတွေနာမည်သုံးပြီး မှူးချုပ်တစ်ဦး (မျက်မှန်ကြီး)ရေးတဲ့ ‘သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ’ စာအုပ်အနီနဲ့ အနက်နှစ်တွဲကလဲ စခန်းထဲရောက်လာခဲ့ပါတယ်။
                အဲ . . . တိုင်ထူမှတော့ အရိပ်ဖော်ပြီးပေါ့။ ကျွန်းရောက်ရဲဘော်တွေအကြား လှိုင်းတံပိုးတွေ ရိုက်ခတ်လာတော့တာပါ။ အယူအဆတွေ ကွဲလွဲကြ၊ ငြင်းခုံကြ၊ အဖြေညှိမရတဲ့ တချို့ကိစ္စတွေဖြစ်လာကြနဲ့ အမှန်အတိုင်းပြောပြရရင် “လက်ဝဲသူငယ်နာ လည်းဝင်လာတယ်လို့ပြောရမှာဖြစ်ပါတယ်။ နဂိုက စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ကြည်ကြည်ရှိကြတဲ့ ရဲဘော်တွေအထဲမှာ နာမည်ပြောင်တွေ၊ ငြူစူစောင်းမြောင်းသံ တွေ တချို့ဖြစ်လာပါတယ်။ သိပ်ကိုလက်ဝဲကျတဲ့တချို့ကလဲ “ကျွံချင်း ကျွံရင် လက်ဝဲကျွံတာကောင်းတယ်”ဆို တဲ့အထိ တဖက်စောင်းနင်း ဖြစ်လာတာတွေရှိပါတယ်။ ထားတော့ ဒီမှာ ပြောချင်တာက သဘောတရားရေး ပြဿနာတွေမဟုတ်ပါဖူး။ အဲဒီအကြောင်းတွေပြောရရင် သင်ခန်းစာယူစရာတွေပဲလို့ ကျနော်မြင်ပါတယ်။
                သည်တော့ နေ့စဉ်နေထိုင်မှု ဘ၀ထဲမှာ အတွေးအခေါ်ပြဋ္ဌာန်း ထားရမယ်ဆိုတဲ့ ကောက်ချက်နဲ့ ပြုံးချင်စရာကလေးတွေဖြစ်လာတာကို ပြောပြချင်တယ်။ အပြစ်တွေပြောလိုရင်း မဟုတ်ပဲ အဖြစ်တွေကို ပြောလိုရင်း ဖြစ်ပါတယ်။
                ကျနော်တို့အထဲမှာ ရဲဘော်ညွန့်စိန်ဆိုတဲ့ ပုဂ္ဂိုလ်ရှိတယ်။ သူက မန္တလေးက၊ ပျော်တတ်တယ်။ ရဲဘော်တိုင်းနဲ့ခင်တယ်။ သူလုပ်ပေးနိုင်တာဆိုရင် ဘယ်သူက လုပ်ခိုင်းခိုင်းလုပ်ပေးတယ်။ ငြင်းလေ့မရှိဖူး၊ လူက ညိုညို၊ ၀၀ဖိုင့်ဖိုင့်၊ ပါးစုံ့တွေနဲ့ သူ့ကိုစရင်လည်း စိတ်မဆိုးတတ်ဖူး။
                နောက်ပြီး ပူညံပူညံ မလုပ်တတ်ဖူး၊ ခေါင်းအေးတယ်။ ပန်းတိမ်သမားဆိုတော့ အနုပညာဆန်တယ်။ ဆန်တာမှ လူပုံနဲ့မလိုက်အောင်ကိုဆန်တာ၊ လက်မှု ပစ္စည်းလေးတွေကို သူစိတ်ကူးရ သလို လုပ်နေလေ့ရှိတယ်။
                အခုနင်က ကျနော်ပြောခဲ့တဲ့ အခြေအနေမှာတော့ ရဲဘော်ညွန့်စိန်အလုပ်များ ရတော့တာပါ။ သူက ပန်းတိမ်သမားဆိုတော့ ပန်းထွင်းတာတော်တယ်။ စာလုံးထွင်းတာလှတယ်။
                ကျနော်တို့ ထမင်းထည့်စားတဲ့ ပန်းကန်တွေက ဒန်ပန်းကန်တွေပါ။ အဲဒီဒန်ပန်းကန်တွေမှာ စာတမ်းကလေးတွေ ဖော်ဖို့ ဘယ်သူက စိတ်ကူးစပြီးရတယ်တော့ မပြောတတ်ဖူး။ ရဲဘော်ညွန့်စိန်ကတော့ (ကိုင်စရာရွှေတွေငွေတွေမရှိလေတော့) ဒန်ပန်းကန်တွေမှာ ပန်းဖော်၊ စာလုံးဖော်တဲ့အလုပ်ရပါတော့တယ်။ “ကိုညွန့်စိန်ရေ လုပ်ပါအုံး”ဆိုရင် ပန်းကန်အနားသတ်ပေါ်မှာ စားလုံးတွေထွင်းပေးဖို့ ရဲဘော်ညွန့်စိန်က မတွန့်ဆုတ်ပါဖူး။  အဲဒီတော့ကျနော်တို့ စားကြရတဲ့ ပန်းကန်တချို့ပေါ်မှာ ကြွေးကြော်သံစာတမ်းကလေးတွေ အသီးသီး အသကအသက ပေါ်လာပါတော့တယ်။ ကြွေးကြော်သံတွေကလဲ အချိန်နဲ့တပြေးညီ ရေပန်းစား လောက်တဲ့ (ရုတ်တရက်ကြည့်ရင်ပေါ့လေ) စာတမ်းကလေးတွေပါ။ ဥပမာဆိုကြပါစို့ - ထိုးစစ်ကို ထိုးစစ်နဲ့ ရိုက်ချိုးကြ၊ ပါတီဗဟိုကို အမြောက်နဲ့ခွင်းကြ၊ ပစ္စည်းမဲ့အောင်ပွဲသို့၊ မော်အတွေးအခေါ်အောင်ရမည်၊ နယ်ချဲ့ လက်ဝေခံများကျဆုံးပါစေ။ နယ်ချဲ့သမားစက္ကူကျားပဲ၊ ရဲသုံးရဲမွေးမြူကြ၊ ပြည်သူကို အလုပ်အကြွေးပြုကြ၊ ရဲဘော်လွေဖုန်းရဲ့ နမူနာကိုယူ။ စသည်စသည်ပေါ့လေ။
                ကျနော့်အတွက်ကတော့ သိပ်မထူးခြားလှပါဖူး၊ ပန်းကန်တွေကို မြင်တိုင်း ပြုံးမိပါပဲ။ ဒါပေမယ့် တချို့ရဲဘော်တွေက သိပ်မကြိုက်ကြဖူး၊ ဟန်လုပ်တာလို့ ယူဆကြတယ်။ အဲဒီအထဲမှာ ရဲဘော်စိန်ချင်းပါတယ်။ (သူက ၅၃ ရက်အစာငတ်ခံတိုက်ပွဲမှာ အမေကြည် (ရဲဘော်သိန်းကြည်)နဲ့ မရှေးမနှောင်း ကျဆုံးသွားရှာသူပါ)။
                ရဲဘော်စိန်ချင်းဟာ အလုပ်သမား ရဲဘော်တယောက်ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တယ်။ ရဲဘော်ညွန့်စိန်လိုပဲ။ အလုပ်တအားလုပ်နိုင်တယ်။ မကြေနပ်တာရှိရင် ဗြောင်ပြောတတ်တဲ့လူ၊ လူပုံက ခပ်ကြမ်းကြမ်းပေမဲ့ နှလုံးသားက လွှတ်လှတဲ့လူ၊
                “ဟေး . . . ဗိုလ်ပေ . . . ကိုယ့်ပန်းကန်မှာလဲ စာတမ်းတခုထွင်းပေးစမ်းကွာ”
                “ဗိုလ်ပေ” ဆိုတာက ရဲဘော်ညွန့်စိန်ကို ချစ်စနိုးခေါ်ကြတဲ့ နံမယ်ပါ။
                “ဗိုလ်ချင်းရ . . . ဘာစာတမ်းထွင်းပေးရမှာလဲ . . . ပြောပြလေ”
                “ပန်းကန်ဆိုတာ ထမင်းစားဖို့သာဖြစ်တယ်”လို့ထွင်းပေး။
                ရဲဘော်ညွန့်စိန် အံ့အားသင့်သွားတယ်။ ဒါပေမဲ့ ကိုစိန်ချင်းရဲ့ဆန္ဒကို လိုက်လျောပြီးထွင်းပေးပါ တယ်။ ထွင်းပြီးတော့ ပန်းကန်ပြားပြန်ယူရင်း ကိုစိန်ချင်းက တဟားဟားရယ်ပါတယ်။
                ပန်းကန်တွေက ထမင်းစားပြီးရင် ဖိုကြီးထဲမှာပဲ သိမ်းထပ်ထားခဲ့ကြတာဆိုတော့ တဦးတည်းပိုင် သဘောမဟုတ်ပဲ ဟိုလူယူစားလိုက် ဒီလူယူစားလိုက်နဲ့ လည်နေတာပါ။ ဒီတော့ ရဲဘော်စိန်ချင်းရဲ့၊ ပန်းကန်ဟာလဲလည်နေတာပါပဲ။ ပန်းကန်လက်ထဲရောက်လို့ စာတမ်းကလေးကို ဖတ်မိတဲ့ လူတိုင်းပြုံးကြရပါ တယ်။ “တက်ကြွလွန်းတဲ့ လက်ဝဲသမား” ရဲဘော်များကလဲ ရဲဘော်စိန်ချင်းကို စိတ်ခုကြတယ်မထင်ပါဖူး၊ “ဗိုလ်ချင်းတို့ကတော့ လုပ်ချလိုက်ပြန်ပြီ”လို့ပဲ ပြောကြမယ်ထင်ပါတယ်။
                ကျနော်တို့ပြည်တော်ပြန်ကြရတော့ ရဲဘော်စိန်ချင်းကို ကိုကိုးကျွန်းတစ်နေရာမှာ မြှုပ်နှံထားခဲ့ ရတာ။ အစာငတ်ခံတိုက်ပွဲမှာ ကျဆုံးခဲ့တာကိုး။
                ကျနော် တခါတခါစဉ်းစားမိတယ်။ အကယ်၍ များရဲဘော်စိန်ချင်းသာ ကျနော်တို့လို ပြည်တော် ပြန်ခဲ့ကြရရင်။ မကြာမကြာဆုံခွင့်ရအုံးမယ်ဆိုရင်။ “လျှပ်ပန်းခွေနွဲ့ . . . လေသွဲ့ယူငယ် . . . ကနေ”“၀က်ခေါင်း တော်ထိုးတဲ့အခါ”အထိ မေးကလေးရိုက်ဆိုပြီး တယောထိုးရင်းနဲ့ “ပန်းကန်ဆိုတာ ထမင်းစားဖို့သာဖြစ်တယ်” ဆိုတဲ့အရွှန်းဖောက်စကား ကလေးကို ပြောနေလေဦးမလားပဲ။
                အခုတော့ ပန်းတိမ်ရဲဘော်ကြီးရော၊ ဗိုလ်ချင်းရော ဒီကမ္ဘာကြီးကို စွန့်ခွာသွားခဲ့ကြပြီ။ သူတို့ရဲ့ စကားသံတွေ၊ လှုပ်ရှားမှုပုံရိပ်တွေကတော့ ဒီကမ္ဘာမြေက လေထုထဲမှာ လွှင့်ပျံကျန်ရစ်တုံးပဲလို့ ကျနော်တွေး မိတယ်။
                ၅၃ ရက် အစာငတ်ခံတိုက်ပွဲမှာ ဆံခြည်တစ်ချက် မတွန့်ပဲ ကျဆုံးသွားရှာတဲ့ ရဲဘော်စိန်ချင်း သူ့ပန်းကန်ပေါ်မှာထွင်းသွားတဲ့ “ပန်းကန်ဆိုတာ ထမင်းစားဖို့သာ ဖြစ်တယ်ဆိုတဲ့ စာတမ်းကလေးဟာ” လောကကြီး တစ်ခုလုံးကိုရော၊ သူကျင်လည်ခဲ့ရာပတ်ဝန်းကျင်ကိုရော အလေးအနက် ပညာပေးသွားတာပဲလို့ လည်း ကျနော်သဘောပေါက်လိုက်မိပါတယ်။
                အဲဒီစာတမ်းထိုးထားတဲ့ ပန်းကန်ကလေးသာရှိနေဦးမယ်ဆိုရင် သူ့သခင်လိုပဲ ကျဆုံး မသွားသေးခဲ့ဖူးဆိုရင် ကိုကိုးကျွန်းကသမိုင်း အစတစ်စလို့ ပြောရမှာပဲ ကျနော်ယုံကြည်မိပါတယ်။
မြင့်ဦးသစ်

စတိတ်စင်ဆောက်ခြင်းအကြောင်းစာ


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
စတိတ်စင်ဆောက်ခြင်းအကြောင်းစာ
            ကုန်သွားသည့် တစ်ပတ်အတွင်း မောင်ဒေါ ချူနာ ချာနာ ကလေးတွေ အနည်းငယ်ဖြစ်နေ၏။ မဆိုစလောက် ကလေးဖျားတားတားဖြစ်၏။ တကိုယ်လုံး ရိုက်ထားသလိုနာ၏။ နှစ်ရက်ခန့် “ပန်းခြင်းကိစ္စ”ဖြစ်၏။ အစာများတာလား၊ အစားမှန်တာလားမသိ၊ ဖြစ်နေကျရင်တုန်ပန်းတုန်ကိစ္စလဲ ဖြစ်၏။ မျက်လုံးတွေက ငရုပ်သီး ပူသလိုပူ၏။ ဘယ်ညာ ဘာညာ အတိုအထွာကလေးတွေ အများကြီးပါပဲ။ သည်တော့ အိုဘားမားတို့တတွေ အိုစမာဘင်လာဒင်ကို ထွက်သည့် ဒေါသထက် မလျော့သော စိတ်ဇလုံး ဇခုတွေဖြစ်၏။ အနားက ကြက်တူရွေးမကြီးကို ပေတံနဲ့ ကောက်ရိုက်လိုက်ရရင် ကောင်းမလားစဉ်းစားမိ၏။ ဒါလဲမဖြစ်သေး။ သူက ကိုယ်ထက် လက်မြန်သောခါရတေးခါးပတ် နက် လက်ရည်ရှိထားရကား ဘယ်လိုမှ ငြိမ်နေမည်မဆိုနိုင်။ ဒါမှမ ဟုတ်ရင်လဲ ကိုယ်ခြံဝ ကိုယ်ထွက်ပြီး ဆန္ဒတွေထုတ် ဖော်လိုက်ရရင် ကောင်းမလား၊ မတော် အနုမြူဗုံးသေးတာလေး ရောက်လာမှာလည်း စိုးရသေး၊ သည်လို ကိုယ်ဖာသာ အလိုမကျ၊ စာရေးမရဖြစ်နေချိန်တွင်….။
            မောင်ဒေါ၏ ကပ္ပိယကြီး မစ္စတာ ဘော ရောက်ရှိလာ၏။ နဂိုရ်က ၃ပေခန့်သာဖွင့် ထားသော်လည်း ဤခေတ်ကြီးနှင့် အမီပွင့်လင်း မြင်သာစွာ ဆောက်လုပ်ပြီးစီး သွားသော နှစ်ရွက်ဖွင့် ၁၅ပေ တံခါး တပ်ဆင်ထားသည့် အပြင်ဘက်မှ အော်ကြီး ဟစ်ကျယ် ဆန္ဒဖော်ထုတ်လျက် ရောက်ရှိလာခြင်းလည်း ဖြစ်ပေ၏။
            “ဆရာဒေါ…..လာမယ့် “အီလဲဗင့်အဲန်နီ ဗာဆရီ” အတွက် “အရိန့်ခ်ျမဲန့်”တွေ ဘာတွေ လုပ်ပြီးပြီလဲ၊ “ဆက်တင်း” တွေက အပြီးအသတ် “ပါးဖက်”ဖြစ်မှ ကောင်းမှာနော “အိုင်းယဲန်းစထရပ်ချာ”တွေဆိုရင် ဘယ်လို နေမလဲ၊ အခု “ထင်ဘာ” ဈေးကလဲ ၀ီခေါ်အောင် “ဆကိုင်းရော်စစ်တစ်” ဖြစ်နေတာကော။ ဒါပေမယ့် တစ်နှစ်မှာ တစ်ခါ စီစဉ်တဲ့ ပွဲပဲလေ၊ ဆရာဒေါ သိပ်ပြီး “အီခေါ်နော်မစ်ခဲလ်” ဖြစ်နေလို့တော့မရဖူးနော်၊ အခု “အာထီဖီရှယ် ဘုတ်” ပြားတွေကလဲ ပေါမှပေါ၊ ဆရာဒေါ အမြဲစဉ်းစားသလို ကံရာဇာငယ် မဏ္ဍပ်ကြီးပဲ လုပ်မနေစေချင်ဖူး”
            သူ့စကားတွေနားထောင်ပြီး မောင်ဒေါလဲ ကိုယ့်ရင်ဘတ်လေး ကိုယ်ဖိကာ “မောင်မော”ဖြစ်သွားပါ၏။ ခပ်ချဉ်ချဉ်ရှိသည်နှင့် မောင်ဒေါလဲ သူ့ကို ညစ်ကပ်ကပ်ပြန်ပြောပါ၏။
            “ဟေ့ကပ္ပိယကြီး……“အင်းဂလစ်” နဲ့ “ဘားရ်မီးစ်”ကို “မစ်စစ်” လုပ်ပြီး မ “စပီ”နဲ့ကွာ၊ သိပ်မှုတ်လွန်းရင် မောင်ရင့် “လစ်ပ်စ်”တွေမှာ “ဗိုင်ရယ်အင်ဖက်ရှင်” ဖြစ်ပြီး “ဒဇိဇက်”တွေ ဖြစ်ကုန်ပါမယ်ဟဲ့။
            “ဆရာဒေါတို့ကတော့ လုပ်ပြီ၊ အကျင့်ဖြစ်နေလို့ပါ အာစရိရဲ့၊ “ဂလိုဘယ်လိုက်ဇေးရှင်း” ခေတ်မှာ အင်္ဂလစ်ရှ်ဟာ “ဂလို ဘလစ်ရှ်” ဖြစ်လာပြီလို့ဆရာဒေါပဲ “လက်ချာ” ပေးခဲ့တာလေ “အစ်စစ်သက်ထ်ရိုက်ထ်”
            ကိုယ်က ဆက်ချဉ်နေမည်ဆိုလျှင် ဘယ်လိုမျှ ပြန်ချိုလာနိုင်မည်မဟုတ်ဘဲ တလွဲရောက် သွားနိုင်သည်ကို ရိပ်စားမိသည့် မောင်ဒေါ၊ “လျှော့လိုက်မသီတာ လျှော့လိုက်” လုပ်ရပါ၏။
            ဗမာပြည်ကို သိုးဆောင်းလူမျိုးတွေ ရောက်ရှိပြီးသကာလ သင်းအမျိုးတွေနှင့် အာကွကွ ၀ိကွာကွတွေလုပ်ပြီး မွေးလာသည်ဟု သံသယဖြစ်ဖွယ်ရှိသည် ထိုငတိ ကပ္ပိယ၏ “မှုတ်လေ”များအတွက် နားရောမျက်စေ့ ပါရှုပ်သွားသည်ဆိုမူ အနည်းငယ်ရှင်းပါအံ့၊ တစလုံးချင်းကောက်ပြောနေမည်ဆိုပါက ပေရှည်ဇာတ်မျော - ကော်လံ မလောက်ဖွယ်ရှိသဖြင့် ခပ်တိုတိုရှင်းရလျှင်……
            မောင်ဒေါ၏ “အဖေ့တဲ” ကျောင်းစုတ်ကလေးတွေ ဧကဒသမမြောက်နှစ်ပတ်လည်ပွဲကျင်းပရန် ရှိပါ၏။ ဒါလည်းန၊ ဟိုဟာလည်းန နေသော ပညာဒါန ကျောင်းကလေးသာ ဖြစ်ရကား တချို့တချို့သော ဆရာဆရာကြီးများလို ဆီဒိုနားတို့၊ ထရေဒါးတို့၊ ချက်ထရီယမ်တို့၊ ရွိုယ်ရယ်ရို့စ်တို့တွင် ပွဲမကျင်းပနိုင်၊ မိမိ၏ ကျောင်းဘေး မြေကွက်လပ်ကလေးမှာပင် စင်ထိုးကာ “အနုသုခုမ”တွေရော၊ “ငါ့ခုမ”တွေပါ လုပ်ရပါ၏။ ဒီအခါမျိုးတွင်  ရတတ်သမျှသော ၀ါးများနှင့် မဏ္ဍပ်ကလေးထိုးပြီး ပွဲခင်းစီစဉ်သည်ကို ကပ္ပိယ တယ်ကြီးတော့ ဘ၀င်ကျဟန်မတူ ဒါကြောင့် “ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဖူး” လုပ်နေခြင်းဖြစ်ပါ၏။
            “ကဲ……တောင်တောင်မြောက်မြောက်တွေ ပြောနေတာနဲ့ ရွာရော မြို့ရော လယ်နေဦးမယ်။ လေနောက်မှာ လက်ကောခြေထောက်ကောပါဖို့လိုတယ်။ မောင်ရင်ပြောတဲ့ “အိုင်းယင်းစထရပ်ချာ”တွေထားအုံး၊ အခုတော့ “ဘမ်းဘူးစထရပ်ချာ”လေးပဲ စလိုက်ရအောင်”
            သို့နှင့် မောင်ဒေါကား “ဟင့်အင်း”ကို ကျော်ဖြတ်ခြင်း နည်းဗျူဟာများကို အသုံးပြုလျက် ရွှေကပ္ပိယကြီး မစ္စတာဘော ငြိမ်သက်ခြင်းအမှုကို ပြုလေ၏။ သူ့အရင် မောင်ဒေါ၏ ခြံပိစိကလေးထဲသို့ရောက်နေနှင့်ပြီးသော ပေါက္ကံပြည်သားနာမည်များကို ယူလျက် ညီညွတ်နေကြစွာသော ငကျော်ဘူးတို့၊ ငအောင်သားတို့၊ ငခွေးရှာတို့၊ ငလုံးကြောင်တို့၊ ငချွန်ဂေါင်းတို့နှင့် တိုင်ကျင်း တူးသူတူး၊ ၀ါး ခုတ်သူခုတ်၊ ၀ါးလက်သတ်သူသတ်၊ ပေကြိုး ဆွဲသူဆွဲ၊ အော်ပြဲ အော်ပြဲနှင့် တုံးရွေ့သူ ရွေ့။
            ညနေမစောင်းမီ၌ပင် ကံရာဇာငယ်နည်းကျ စတိတ်စင်၏ ပုံကြမ်းလောင်းပြီး၊ တိုင်တူ၊ တန်းထိုး၊ ဆီဗူးဆွဲချည်၊ တာရပတ်ခပ် စုတ်စုတ်မိုးပြီးဖြစ်သွားလေ၏။ သည်မှာ ကပ္ပိယကြီး၏ သူ့အခေါ် “ပါတီစီပေးရှင်း” ပါဝင်မှုကို ကြည့်ရအောင်ပါ။
            “ချောက်ပြော ဘယ်နှယ်ရေးပါ့မယ်” ဆောင်းပါးတွင် “ကမ္ဘာ့ချောက်ပြော”ကြီးများအကြောင်း မောင်ဒေါအတို့ခေတ်အထိ အဆိတ်ကလေးတွေ လုပ်ဖူး၏။ ဧရာမ၀ါလားကြီးတွေပင် ချောက်ပြောတွေများနေသေး သည်ကိုလည်း မောင်ဒေါတယောက် ခံလည်း ခံ စားလည်းစားနှင့် “ခံစား”ဖူးနေပါ၏။
            ယခုကပ္ပိယကြီး မစ္စတာဘော သို့တည်းမဟုတ် မဒယေဘော သို့တည်းမဟုတ် ဆီညော်ဘော သို့တည်းမဟုတ် ဟဲရ်ဘော သို့တည်းမဟုတ် ဒါတွတ်စရီဘောကား “ချောက်ပြောသက်သက်” တော့မဟုတ်၊ ယင်းကား “ချောက်လုပ်ကို နည်းနိုင်သမျှ အနည်းဆုံး” လုပ်သူဟုဆိုရမည်ဖြစ်ပါ၏။
            အိုပိန်တာရိုးတို့၊ အိုငါးကြီးချောက်တို့၊ အိုတုန်တုန်ကြီးတို့၊ အိုခြောက်ဖုန်တို့၊ အိုရွဲ့ငယ်တို့ စသည့် မိန်းမသူတတွေက စတိတ်ခုံပတ်လည်က မြက်နှုတ်နေကြ၏။ သစ်ရွက်ခြောက်တွေနှင့် ၀ါးစတွေကို တံပျက်လှည်းနေကြ၏။ ထုံးစံအတိုင်းလည်း အလုပ်လုပ်ရင်း “အတင်း”ဟူသော အလွန်ချိုမြိန်သည့် စကားများကိုလည်း ဆိုနေကြကုန်၏။
            “ငကျော်ဘူးကြီးက အိုရွဲ့ငယ်ကို ချိန်သတဲ့ဟယ်။ ကြားသားမိုးကြိုး”
            “ဟဲ့……အိုခြောက်ဖုန်ကလဲ ငနဲသင် ရှေ့မှ ဆီဗူးတယ်ခါတယ်ကွယ်ရို့” စသည်စသည်။
            ဤအချိန်တွင် ကျုပ်တို့ရဲ့ သရဲကောင်းကြီး (သူရဲကောင်းမဟုတ်ပါနော၊ မှားသွားမှာစိုးလို့) ကပ္ပိယဘောသည် ပိန္နဲရွက်ခြောက်တစ်ရွက်ကို အိမ်ရှေ့မှ ကောက်လျက် နောက်ဖေး အမှိုက်ကျင်းသို့ အခေါက်ခေါက် အခါခါ သွားထည့်လျက်ရှိပါ၏။ နှီးစများ ဖြာနေရာမှ ကျလာသော ၀ါးစ တစ်စစီကို မြေပေါ်သို့မကျမီ တစစ်စီ အလေးအနက် ကောက်ယူဖယ်ရှားလျက်ရှိပါ၏။ အလုပ်ပြီးလျှင် သောက်ကြရန် ဖျော်ထားသော အလုံအုပ်ထားသည့် ဖျော်ရည်အိုးကို ယပ်ခတ်ပေးလျက်ရှိပါ၏။
            အနှီပုံစံ ကျုပ်၏ ချစ်လှစွာသော ကပ္ပိယကြီးကို ကြည့်လျက် မောင်ဒေါတရားတွေ စွတ်ကျနေမိပါ၏။ မောင်ဒေါတို့၏ ဒွန္နယာကြီး၌ “ကပ္ပိယ”များလည်း မြောက်များစွာရှိမည်ဟု စည်ပိုင်းထဲရောက်လာပါ၏။
            တွံ….သင်ကားကပ္ပိယ အမျိုးအစားပေလောသြောင်း ဒူရေဒူရေသွားဟုံဟုံ။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)