Wednesday, January 23, 2013

မြင့်ဦးသစ် ဖိုခေါင်း၊ စားမကောင်း


ကိုကိုးကျွန်းဋီကာ
မြင့်ဦးသစ် ဖိုခေါင်း၊ စားမကောင်း
            ထောင်ထဲမှာ ကျဆုံးသွားရှာတဲ့ ကျနော့် ရဲဘော် ကျနော့်ရဲ့အကိုကြီး ရဲဘော်ခင်မောင်မြင့်က တစ်ခါကပြောဖူးတယ်။ “ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုတာက၊ ကျနော်တို့ စာအုပ်ထဲမှာပဲ ဖတ်ဖူးတာ၊ ကျနော်တို့ လက်တွေ့တည်ဆောက်ဖူးတာမဟုတ်ဖူးဗျ၊ ဒီတော့ ဆိုဗီယက်ကိုပဲ ကြည့်ကြည်၊ တရုတ်ပြည်ကိုပဲ ကြည့်ကြည့်၊ ပြဿနာတွေ အများကြီးကို တွေ့နေရတာ”
            အဲဒီအချိန်မှာ “ဆိုဗီယက်”ကနေ “ရုရှား ဖယ်ဒရေးရှင်း” ဖြစ်ပြီး ဘာလင်တံတိုင်းကြီးပြိုကျပြီးချိန်၊ တရုတ်မှာလဲ လူပုလေးတိန်ရှောက်ဖိန်က “ပြည်သူ့အရင်းရှင်စနစ်”ကြီးကို တွန်းတင်နေချိန်ပါ။ ကျနော်တို့လဲ “ရှေးအတီတေ ဘုံမြေခေတ်”ကို မျှော်လင့်ပေမယ့် ကမ္ဘာ့ အပြောင်းအလဲတွေက မျက်စေ့တွေပြာဝေ သွားအောင် ပန်းစကြာ မှန်ပြောင်းလှည့်သလို ပြောင်းလဲနေတာမို့ ပါးစပ် အဟောင်းသား ဖြစ်နေရချိန်။ ၉၀စုတွေပေါ့။
            အဲဒီကာလကနေ နောက်ဘက်ပြန်ကြည့်လိုက်တော့ ၇၀ရာစု အစောပိုင်းကာလတွေက ကမ္ဘာမှာ လှိုင်းတံပိုးထန်နေခဲ့တဲ့ လက်ဝဲဂိုဏ်းသဘောတရားတွေဟာ တရုတ်မှာ၊ ရုရှားမှာ၊ ဥရောပတချို့နိုင်ငံတွေမှာ ရိုက်ခတ်မှု အတော်ပြင်းခဲ့တယ်ဆိုရမှာပါ။
            အဲဒီ ရိုက်ခတ်မှုတွေဟာ ရေပတ်လည်ဝိုင်းရံလျက်ရှိသော၊ ငါးမန်းများ ခြံရံလျက်ရှိသော၊  ဘယ်ရုံးက၊ ဘယ်တရားသူကြီးက၊ ဘယ်ပုဒ်မနဲ့ ဘယ်မျှသော နှစ်ခံရမည် ပြဋ္ဌာန်းထားခြင်းမရှိပဲ “ထိန်းသိမ်းခံ” ဥပဒေပလူသားများအား ပို့ဆောင်ထားရာ ကိုကိုးကျွန်းကလေးကိုလည်း ကြံဖန်ဖြဲရဲပြီး ရောက်ရှိလာခဲ့တာပါပဲ။
            တိုရေ ရှားရေ ရထားတဲ့ တစ်လုံးထဲသော နေရှင်နယ် ရေဒီယိုကလေးကို အလံနီတစ်လှည့်၊ ဗကပ တစ်လှည့် နားထောင်ကြရတဲ့ အခြေအနေမှာ တော်တော်ကြိုးစား ပန်းစား လိုင်း” ဖမ်းကောင်းမှုကြောင့် ပီကင်းရေဒီယိုရဲ့ လက်ချာတွေ ရခဲ့တာပါ။ ဒီမှာပဲ တချို့သော ရဲဘော်တွေကြားထဲမှာ၊ “ချွန်ဖို့မလိုဘူး နီဖို့ပဲလိုတယ်” ဆိုတဲ့ သဘောထားတွေနဲ့အတူ “ပညာတတ်ဆန့်ကျင်ရေး”တွေ အရှိန်အဟုန်နဲ့ မြင့်လာပါတယ်။ ရီစရာလေးပြောရဦးမယ်။ ကျနော်က “လွီစ်အွန်တာမယဲ”ရေးတဲ့ “ကဗျာဆရာများရဲ့ဘ၀တွေ” စာအုပ်ကို ဖတ်တဲ့အတွက် “ပြန်လည်ပြင်ဆင်ရေး အတွေးအခေါ်” ရှိတယ်လို့ အခုတော့ ဆုံးသွားရှာပြီဖြစ်တဲ့ ရဲဘော်လေး တစ်ယောက်က ဝေဖန်ပါတယ်။ ဖြစ်နိုင်ရင် “မော်စီတုန်းအတွေးအခေါ်” စာအုပ်နီကလေးကိုပဲ အလေးအနက်ဖတ်ပါ။ အခြားဘာမှ ဖတ်စရာ မလိုဘူးဆိုတဲ့ အဲဒီရဲဘော်လေးရဲ့ စကားပြောဟန်ကိုလဲ မျက်စေ့ထဲ မြင်ယောင်နေဆဲပါပဲ။
            မန္တလေးထောင်က ရဲဘော်တွေနဲ့ပါလာတဲ့ စာအုပ်တွေ အတော်များများမှာ ရဲဘော်ဖိုးသံချောင်း အိမ်ကပို့ပေးခဲ့တဲ့ စာအုပ်ကောင်းတွေ အတော်များများပါပါတယ်။ အဲဒါတွေကို စာကြည့်တိုက်ကလေးလုပ်ထားပြီး ပထမပိုင်းတော့ ယူယူဖတ်ကြပါတယ်။
            ချန်ချင်းတို့ ယောင်ဝေယွမ်တို့ ၄ယောက်ဂိုဏ်း ကိုကိုးကျွန်းကို လေလှိုင်းက စီးမျောလာပြီးတဲ့ နောက်ပိုင်းမှာတော့ “အနောက်က အဆိပ်အတောက်”တွေ စုစည်းထားတာလို့ လက်ညှိုးငေါက်ငေါက် အထိုးခံရတဲ့ စာကြည့်တိုက်ကလေးဟာ အတော်မျက်နှာ ငယ်သွားရှာပါတယ်။ “ဘာသာစကားမှာ လူတန်းစားလက္ခဏာမရှိဖူး” လို့ စတာလင်က “မတ်ဆစ်ဇင်အဲန်လင်ဂွစ်စတစ်” စာတမ်းမှာ ဆိုခဲ့ဖူးကြောင်း ပြောတဲ့ကျနော်ကို ကျနော်တော်တော်ခင်တဲ့ ရဲဘော်တစ်ယောက်က သတိပေးပါတယ်။ “သတိထားပြော ရဲဘော်….ကမ္ဘာပေါ်က ဘယ်အရာမှာမှ လူတန်းစား တံဆိပ် ခပ်နှိပ် မထားတာ မရှိဘူး” လို့ စာအုပ်နီကလေးက ဆိုတယ်” လို့ပြောရှာပါတယ်။ ဒါကအခြေအနေ နောက်ခံကား။  
            ဒီမှာကျနော်ပြောပြချင်တာက ဖိုကြီးနဲ့ ကျနော်ရေစက်ဆုံခဲ့တဲ့ပုံကလေးပါ။ နဂိုကထဲက အလုပ်ကြမ်းတွေနဲ့ မနီးစပ်ခဲ့တဲ့ကျနော်ဟာ ထင်းခွေတဲ့အလုပ်၊ ရေခပ်တဲ့အလုပ်ဆိုတဲ့ နည်းနည်း   အလေးစား အလုပ်တွေနဲ့ ကြုံတဲ့အခါ ဒုက္ခရောက်ပုံပါ။ သစ်နီပင်ကြီးတွေ ခုတ်ရ လှဲရ စိတ်ရတဲ့ အလုပ်ဟာ ကိုယ်အပါအ၀င် အားလုံးမှာ တာဝန်ရှိတယ်၊ ကိုယ့်ကိုယ်ကိုလဲ မညှာသင့်ဖူးလို့ခံယူပြီး ထင်းဝင်ထမ်းရင်း ဆန်အိတ်ဝင်ထမ်းရင်း ခြေထောက်ကို သံစူးပါတယ်။ သံစူးတာကို ဗီးဇပ်ရွက် သိပ်ထည့်ပြီး နဲနဲကောင်းလာတော့ ကမ်းခြေဆင်း ခရုရှာကြတဲ့ ရဲဘော်တွေနဲ့ လိုက်သွားရာက အဲဒီသံစူးရာကိုပဲ ကျောက်ပုစွန်ထပ်စူးပြန်ပါတယ်။ အဲဒီဒဏ်ရာ လုံးဝအကင်းသေသွားဖို့ တစ်လလောက်ကြာပါတယ်။ ဒါက တစ်ခု။
            ငယ်ငယ်တုံးက ရေထမ်းဖူးတာပဲဆိုပြီး စခန်းပြင် ရေထွက်ထမ်းတဲ့ အဖွဲ့နဲ့လိုက်၊ ရေထမ်းဖို့ကြိုးစားပါတယ်။ “ဘော်ဒရီ ထောက်၆”မှာတုံးက ကျောဘက်က သေနတ်ဒင်နဲ့ အဆောင့်ခံထားရတဲ့ ဒဏ်က ပေါ်လာပါတယ်။ ပထမ တစ်ခါထမ်းတုံးကတော့ မသိသာသေးဖူး။ ဒုတိယတစ်ခါထမ်းတော့ ခါးစောင်းသွားအောင် ခါးနာတာ ဖြစ်တော့တာပဲ။ ရဲဘော်မြတ်စံဦးတို့၊ ရဲဘော်ထွန်းဝင်းတို့၊ ရဲဘော်တေဇတို့ သွက်သွက်လက်လက် ထမ်းသွားကြတာကြည့်ပြီး ကိုယ့်ကို မကျေမနပ်ဖြစ်ရပါတယ်။
            အဲသလို ကျနော့်ရဲ့ ပျော့တော့တော့ အခြေခံတွေကြောင့် ရဲဘော်တွေက အလုပ်ခွဲကြတဲ့အခါ၊ ကျနော်ဟာ “ဖိုကြီးတာဝန်” ဖြစ်လာပါတယ်။ ခပ်နောက်နောက်ကလေး ခေါ်ကြတာကတော့ “ဖိုခေါင်း”ပေါ့။
            နောက်ကျနော်လုပ်ဖြစ်တာတစ်ခုကတော့ ဆံပင်ညှပ်လာတဲ့ ၀ါဒါဆီကနေ ဆံပင်ညှပ်နည်းသင်ပြီး ရဲဘော်တွေကို ဆံပင်ညှပ်ပေးတာပါ။ ကျနော့်ဖောက်သယ်တွေက ရဲဘော်ခင်မောင်မြင့်၊ ရဲဘော်တင်ညွှန့်၊ ရဲဘော်လေးမွန်၊ ရဲဘော်တင်အေးစတဲ့ ပုံဘယ်လောက်ပျက်ပျက် မညည်းမညူ ခံတဲ့ ရဲဘော်တွေပါ။ တချို့ရဲဘော်တွေ ကတော့ ကျနော် ညှပ်ပေးတဲ့ပုံကို သိပ်မကြိုက်တာနဲ့ကို “မော်ဒန်ပုံတွေ”လို့ ချစ်စနိုးနောက်ရင်း အညှပ် မခံကြပါဖူး။
            ဘဲဥကျော်ဖူးတာနဲ့ တို့စရာပြုတ်ဖူးတာပဲ အတွေ့အကြုံရှိတဲ့ကျနော်။   အဲဒီကျနော်က ဖိုတာဝန် (ခပ်နောက်နောက်ကလေး ခေါ်ကြတာက ဖိုခေါင်း)ယူလာရတဲ့အခါ။ ဒီဖိုမှာ စားရတဲ့လူတွေအားလုံး ကံကောင်းတာပဲလား၊ ကံဆိုးတာပဲပြောဖို့ခက်တဲ့ အခြေအနေပါပဲ။
            အမေကြည် (ကိုသိန်းကြည် ကျဆုံး)တို့ ရဲဘော်တင်ရီ (၀ါးခယ်မ)တို့ ဖိုတာဝန်ကျရင် အတော်စားလို့ ကောင်းအောင်ချက်နိုင်ကြပါတယ်။ အခြားရဲဘော်တွေလဲ အတူတူပါပဲ။။ ကျနော့်လက်ရေထက်တော့သာတာချည်းပဲ။ တော်တော်ညဉ်းငွေ့စရာကောင်းတဲ့ ရာရှင်အမဲသားဗူးနဲ့ သစ်သီးဗူးကိုတောင်မှ စားချင့်စဖွယ်ချက် တတ်ကြပါတယ်။ စခန်းပြင် ကရလာတဲ့လိပ်တို့၊ ငါးတို့ဆိုရင်တော့ ပိုတောင်ကောင်းပါသေးတယ်။ ကိုတင်ရီရဲ့ လိပ်ဆီနဲ့ ထမင်းကြော်၊ ကိုလှိုင်တင်ရဲ့ ထားဝယ်ဟင်း။ အမေကြည်ရဲ့ လိပ်ဥ ဆနွင်းမကင်း၊ ဒါတွေဆို ခုထိ မမေ့နိုင်စရာတွေပါ။
            ကျနော် ဖိုတာဝန်ကျတဲ့နေ့တစ်နေ့မှာ ငါးလိပ်ကျောက်လို့ကျနော်ထင်ပါတယ်။ ချက်ဖို့ကြုံပါရော။ ကျနော့်ကို ကူညီတဲ့အဖွဲ့ကလဲ အသေအချာ ကူညီကြပါတယ်။ ဟင်းနံ့ကတော့ မွှေးပျံ့လို့ပါပဲ။ တစ်ခါ အတို့အဖြစ်ဟင်းချိုရွက်တွေကို ဟင်းချိုမချက်တော့ဘဲ အပြုတ် သက်သက်ပဲ ထားပေးလိုက်ပါတယ်။ ကျနော့် စိတ်ကူးကတော့ နဲနဲထူးခြားသွားအောင်ပါ။
            ထမင်းစား သံချောင်းခေါက်ချိန်မှာ လာစားကြတဲ့ လူကြီးတွေရော လူငယ်တွေရော ကြုံသလိုတော့ တွယ်ကြတာပါပဲ။ ဒါပေမယ့် ဟင်းက ဆားအတော်ငန်သွားတာ နောက်မှပဲ သိရပါတယ်။ အဲဒါကို အရွှတ်အနောက်သန် တဲ့ ရဲဘော်လှတင်အောင် (ကွယ်လွန်)က စာချိုးပြီး ဖောက်ပါတော့တယ်။ ထောက်ခံတာက  ရဲဘော်အောင်ငြိမ်း (အတိုလေး)ပါ။ သူတို့က ထမင်းစားပွဲပေါ်မှာ “မြင့်ဦးသစ်ဖိုခေါင်း၊ စားမကောင်း”လို့ စာချိုးကို မီးသွေးခဲနဲ့ ခြစ်သွားတာကိုး။ အဲဒီတုံးက ငန်တူးနေတဲ့ဟင်းနဲ့ အရသာမဲ့တဲ့ ဟင်းရွက်ပြုတ်ကို ဖြစ်သလို စားကြရပေမဲ့ အပြုံးမပျက်၊ အနောက်မပျက်ခဲ့ကြတဲ့ ရဲဘော်တွေအကြောင်း စဉ်းစားမိတဲ့ အခါတိုင်းလိုလိုမှာတော့ မတူခဲ့တာ၊ ကွဲလွဲခဲ့တာ၊ တံဆိပ်တပ်ခံခဲ့ရတာတွေလဲ မေ့သွားတော့တာပါ။ သေချာစစ်ကြည့်လိုက်တော့ “ပစ္စည်းမဲ့” ဖြစ်ချင်နေကြသူတွေထဲမှာ “တကယ့် ပစ္စည်းမဲ့တဲ့   အလုပ်သမား” ဆိုလိုမူးရင် ရှူစရာလောက်ပဲ ပါခဲ့တာကိုး။
မြင့်ဦးသစ်

ရှောပင်မောလ်နဲ့ လမ်းဘေးမောလ်


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ရှောပင်မောလ်နဲ့ လမ်းဘေးမောလ်
          ထရံရောသ၌ ကျုပ်မောင်ဒေါသည် ဦးတာခေါ်သော ပေါက်ဖော်ကြီးတဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ဖူး၏။ ဦးတာ၏ စီးပွားရေး နည်းနာများ၊ ဥပဒေသ၊ နျူပဒေသ၊ ဟိုပဒေသ၊ ဒီပဒေသတွေကိုလည်း နာကြားခဲ့ရပါ၏။ ထိုဗမာပြည်ပေါက် စိနကြီးသည် ငါးရွဲထောင်သူ၊ ငါးသူဋ္ဌေးဟုဆိုရမည်ဖြစ်၏။ ဟံသာဝတီ အရှေ့ပိုင်း ရွာကလေးတစ်ရွာတွင် တစ်ပွဲစားပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါ၏။
            “၀ တီခုပြောမယ်၊ ၀လို့ရွာမှာ၊ တုအတက် မတတ်နဲ့လို့ ပြဲလို့မရဖူး၊ တီရွာလုံးက ငါးဖမ်းတယ်။ ငါးတတ်တယ်။ ဒီလော့ တုအတက် မတတ်နဲ့လို့ပြဲရင် အီဆင်မီပြေဖူး၊ များများတတ်လို့ ပြဲမှ အီဆင်ပြေလယ်၊ ၀မီခိုးဖူး၊ ၀အီရက် မီတောက်ဖူး၊ ၀ လိမ်မပြဲဖူး၊ ၀ မီးမ တီယောက်ပဲရှိလယ်၊ ၀ စီလမြဲလယ်။”
            ဒါက ဦးတာရဲ့ နှုတ်ထွက် စကား ပဏာမ။
            “၀ ငါးရောင်းလယ်၊ တီခွန်းပဲပြဲလယ်။ စုံးဆယ် ဈေးလို့ပြဲရင် စုံးဆယ်ပဲ၊ မီလျော့ဖူး ၀က ၀ယ်တဲ့လူကို အီကြွေး ပေးလယ်၊ တီခါတော့ ရင်းကြည့်ရတာပဲ။ အီကြွေးပြန်ရရင် မိဆွေရပြီ၊ အီကြွေးပြန်မရရင် မိဆွေမရှိလော့ဖူး၊ ၀ အီဖေက ပြောဖူးလယ်။ ကုန်စယ်လုပ်ရင် စွေးနဲ့ မျက်ရည် မစိရဖူးတဲ့ မိဆွေစိရမယ်တဲ့”
            ဒါကဦးတာရဲ့ ဒုတိယသဘောထား။
            ပင်လယ်ထဲက ငါးတွေကို လက်ညှိုးထိုးပြီး ပုဂ္ဂလိကပိုင် လုပ်ရင်းချမ်းသာ နေသော ထိုစီနပေါက်ဖောက်ကြီး၏ စကားတွေထဲမှ တတိယ သဘောထားကို မောင်ဒေါ အတော်သဘောတွေ့ သွား၏။
            အကြောင်း မညီညွတ်တာပဲလား၊ အကြောင်း ညီညွတ်တာပဲလား မောင်ဒေါ ကိုယ်တိုင် မသေချာလှ၊ သို့သော် မောင်ဒေါသည် ကုမ္ပဏီတစ်ခုတွင် အလုံးစုံ အလုပ်တွေ လုပ်ရသူဖြစ်ခဲ့ဖူး၏။ ယင်းသို့ ထရေဒင်ကုမ္ပဏီတခုကို ဦးရွက်ရစဉ် ဦးတာ၏ ကော်မာရှယ် နည်းနာများကြောင့် ပစ္စည်းများစွာ ရောင်းချခဲ့ရဖူးချေ၏။ သို့ကြောင့် ဦးတာကို ဟားဘတ် ကက်ဆန်တို့ ဆွန်ဇူးတို့ ဖွတ်ကူး ယာမတို့နှင့် တွေ့ပေးလိုက်ရလျှင်ဟုပင် စဉ်းစားခဲ့ဖူးပါ၏။
            မိတ်ဆွေရှာရမည်၊ အမြတ်နည်းနည်းနှင့် ပစ္စည်းများများရောင်းရမည်ဆိုသည်ကို စွဲမိ စွဲရာ  စွဲနေခဲ့သော မောင်ဒေါသည်၊ ဆူပါမတ်ကတ်၊ မီနီမတ်ကက်၊ ရှော့ပင်မောလ်ဆို သဟာကြီးတွေနဲ့ တွေ့သောအခါ အီလယ်လယ်ကြီး ဖြစ်သွားပါ၏။
            ဒူဘိုင်းဟုခေါ်သော အာရပ်နိုင်ငံကလေးကို မောင်ဒေါ ရောက်သွားပါ၏။ သိပ်ကြီး အထင်ကြီးဖို့မဟုတ်ပါ။ တိုင်း၍ ယက်တဲ့ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်သွားခြင်းသာဖြစ်ပါ၏။ (အဲမရိတ်စ်မောလ်)ဟုခေါ်သော အလွန်ခမ်းနားကြီးကျယ်လှသည် ဈေးဆိုင်တိုက်ကြီးသို့ မောင်ဒေါရောက်ပါ၏။ စပ်စပ်စုစု လုပ်ဖို့သာပါ။ ဘာမျှဝယ်ရန်မရည်ရွယ်။ ကပ်တောင်မကပ်နိုင်သည့် “ဈေး”များက မောင်ဒေါလို အကောင်းစားနဲ့ လားလားမျှ မညိပါ။
            ခရီးဆောင် သေတ္တာတစ်လုံးကို ဒါဟန်း ၁၂၂၀ဟု ဈေးနှုန်းကပ်ထားပါ၏။ မြန်မာငွေနဲ့ တွက်သော် နှစ်သိန်းကျော်မျှရှိပါ၏။ အာပါးပါး…..ကမ္ဘာ့ဘုရားစုံကယ်ပါဟု ပြောရမည်သို့ရှိပါ၏။ သိပ်များများစားစား ရောင်းထားသည့် လက္ခဏာလည်းမရှိ- ထိုခရီးဆောင်သေတ္တာနှင့် တမျိုးတည်းတစားတည်း တစ်ပုံစံတည်း၊ တံဆိပ်ကလဲ “အက်ကလက်” အတူတူဖြစ်သော ပစ္စည်းကို အခြားနေရာတနေရာ စတိုးဆိုင်တခုတွင် ဒါဟန်း ၁၂၀နှင့် ၀ယ် ယူရရှိပါ၏။ ဒါတောင်မှ သုဝဏ္ဏဘူမိ လေဆိပ်ကဆိုင်ထက်ဈေးများသေး၏။ ဘယ့်နှာ ကြောင့်၁၂၀နှင့် ရောင်းနိုင်သော ပစ္စည်းကို ၁၂၂၀ဟု ဈေးနှုန်းတပ်ထားရသနည်း။ မောင်ဒေါတော့ မျက်စိခပ်လည်လည်။
            တစ်ခါနောက်ထပ် ကယ်ရီဖောခေါ်သော ဈေးဆိုင်တိုက်ကြီးတွင် ဒါဟန်း ၁၄၅၀ဟု ဈေးကပ်ထားသော ၀တ်စုံတစ်စုံကို အခြား ဆိုင်ခပ်သေးသေးတွင် ဒါဟန်း ၃၇၅ဖြင့် ရောင်းနေသည်ကိုတွေ့ရ၏။ မောင်ဒေါ ၀ယ်ဖို့မဟုတ်ပါ….ဟီးဟီးဟဲဟဲ…..လေ့လာတာပါဟု ပြောရင်းထွက်ခဲ့ရ၏။ ဒါဟန်း ၂၇၅ဟု ဈေးကပ်ထားသော စပင်းနေးဈေးဆိုင် တိုက်ကြီးက ဘောင်းဘီတစ်ထည်ကို မောင်ဒေါ ရင်သတ်ရှုမောမိ၏။ ထိုဆိုင်တွင်းမှာပင် ၇၅% ဒစ်စကောင့်ချထားသော ဘောင်းဘီတစ်ထည်ကို ဒါဟန်း ၂၀ဟု ဈေးကပ်ထားသည်တွေ့ရ၏။
            ကမ္ဘာကြီးက စီးပွားရေး ဘောဂဗေဒကို ခပ်တုံးတုံးမောင်ဒေါကတော့ သိပ်ပြီး နားမလည်နိုင်၊ ဆိုင်စရိတ်စက၊ ဘာညာကွိကွတွေကို တွက်ပြသူက တွက်ပြသော်လည်း မောင်ဒေါတော့ ဦးတာနည်း စွဲနေလို့လား မဆိုနိုင်…..တယ်ပြီး ဘ၀င်မကျဖြစ်ရချေ၏။
            မောင်ဒေါ စဉ်းစားမိတာက ဒစ်စကောင့်တွေ၊ ဆေးလ်ပရိုမိုးရှင်းတွေအစား လူသုံးပစ္စည်းတွေ လူတွေလက်ကို ကျယ်ကျယ်ပြန့်ပြန့်ရောက်နိုင်ရင် ပိုမကောင်းပေဖူးလားဟူ၍ ဖြစ်ပါ၏။
            လွန်ခဲ့သော ၂ပတ်ခန့်က မောင်ဒေါ ဗမာရှော့ပင်မော်လ်ခေါ် ဗမာဈေးဆိုင်တိုက်ကြီးတခုကို ရောက်သွားပါ၏။ အပ်ကအစ လေယာဉ်ပျံအထိ ရနိုင်သည်ဆိုသော ခပ်ကြွားကြွား ဈေးဆိုင်တိုက်ကြီးပါပဲ။
            ကမ္ဘာ့စီးပွားရေးသေနင်္ဂဗျူဟာများ၊ နည်းဗျူဟာများသည် တုပ်ကွေးဗိုင်းရပ်စ်သဖွယ် မောင်ဒေါတို့ ဗမာပြည်သို့လည်း ကူးစက်နေသည်ဟု ခံစားမိသွားပါ၏။ မောင်ဒေါနေရာ စံဌာနေနှင့် မဝေးလှသောနေရာတွင် မားခစ် ဒီ မေဓါဝီဟု မောင်ဒေါနာမည်ပေးထားသော ဈေး အနုံညတလေး တစ်ခုလည်းရှိပါ၏။
            မောင်ဒေါအထက်က ပြောခဲ့ဖူးသော ရှောပင်းမောလ်ကြီးမှ ပစ္စည်းများကို မားခစ်ဒီ မေဓါဝီမှာလဲ ရနိုင်တာတွေရှိပါ၏။ ထိုရနိုင်တာတွေကို နှိုင်းယှဉ်လျှင် ရှောပင်းမောလ်ကြီးက ဈေးကြီးနေသည်ကိုတွေ့ရပါ၏။
            ဒါကြောင့်ပင် ထိုသို့သော ရှောပင်မောလ်ရှင်များ၊ စူပါမတ်ကက်ရှင်းကြီးများကို ဈေးကွက် သုတေသနဆိုသည့်  ကိစ္စများလုပ်ကြပါ၏လောဟု မောင်ဒေါသံသယတွေ အထွေးလိုက်ပါးမိပါ၏။။
            “မင်းတို့ဆင်းရဲသား ခြောက်ပြားတပဲတွေ အထွက် ဖွင့်တာမဟုတ်ဖူးကွ” ဟု အငေါ်တူးမည်ဆိုပါအံ့၊ ဆောရီးပါ၊။ ဆော်တီးပါ။
            မောင်ဒေါကတော့ လူတွေအများစုကြီး တအုံးအုံး တရုန်းရုန်းနှင့် စောင့်ဝယ်၊ တန်းစီဝယ်ရသည့် မမောရသော မော်လ်ကြီးများဖြစ်စေလိုပါ၏။ သို့သော်လည်း ပေါ့လေ၊ အဲပေါ့လေ။
            အမြတ်တွေ အပြတ်ယူပြီးမှ ဒစ်စကောင့်ချရသည်ထက် လူသုံးကုန်စားသောက်ကုန်တွေ၊ လူတွေထံ ပျံ့နှံ့စေ၊ ရင်းနှီးသူတွေလဲ စီးပွားရေးလူကောင်းတွေ ဖြစ်စေချင်သည့် မောင်ဒေါ၏ ဆန္ဒကားမည်သည့် ကာလတွင် ဖြစ်မည် မပြောတတ်သေး။
            အဲဒီတော့ လောလောဆယ်မှာ လမ်းဘေးမှာ ဈေးချရောင်း၊ ဂိုဒေါင်ရောင်း ကလေးတွေနဲ့ပဲ ကျေနပ်ရမည်ဖြစ်ပါ၏။
            ဟိုနေ့ကပဲ မူလက ၃၅၀၀ဆိုသော ကိုရီးယားဖိနပ်တစ်ရံကို ၆၀၀ဖြင့် သိမ်ကြီးဈေး လမ်းဘေးမှ ၀ယ်ခဲ့ရပါ၏။ သာဓုခေါ်ကြပါကုန်။ မှတ်ချက် (တရုတ်လို ပြောနေကျ စိနကြီး၏ ဗမာစကားသံကို သူ့အသံအတိုင်းရေးထား သည့်အတွက် ကသိကအောက် ဖြစ်ရပါမူ  သည်းခံစေလို)
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

ငြိမ်းချမ်းရေးလား ဥပဒေစိုးမိုးရေးလား

-->
-->
ငြိမ်းချမ်းရေးလား ဥပဒေစိုးမိုးရေးလား
                အသွင်ပြောင်းအရပ်သားအစိုးရနဲ့ပါလီမန်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ “တရားဥပဒေစိုးမိုးရေး”ဆိုတဲ့အသံပိုစူးရှလာပါတယ်။ဒါကိုက “တရားဥပဒေစိုးမိုးမှု”ရာနှုန်းမပြည့်သေးဖူးဆိုတာကိုဝန်ခံပြီးသားဖြစ်သွားပါတယ်။ “တရားဥပဒေစိုးမိုးရေးကော်မတီ”ဆိုတာကိုဖွဲ့စည်းပြီးတရားဥပဒေကွင်းထဲကို လေ့လာကြည့်လိုက်တဲ့အခါမှာလည်းတရားဥပဒေဆိုင်ရာအဖွဲ့အစည်းတွေရဲ့ချည့်နဲ့နေမှုတွေကို အတုံးလိုက်အတစ်လိုက် တွေ့ကြရတယ်လို့ ကြားရသိရပါ တယ်။
                အဲသလိုဖြစ်နေတဲ့အတွက်"တရားဥပဒေစိုးမိုးရေး”ဟာအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးကို ခါးတောင်းကျိုက် မဖြေစတမ်း၊ ထဘီတိုတိုဝတ်ကို ခြေဖျားသိမ်းအထိ မလျှော့စတမ်း လုပ်ကိုလုပ်ရဦးမယ် ဆိုတာက အငြင်းပွားဖွယ်မမြင်ပါဖူး။ တရားဥပဒေဟာ လူထုတရပ်လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံနိုင်ရေးဆိုရင် တရားရုံးတွေ၊ ရဲစခန်းတွေ၊ အချုပ်ထောင်တွေမှာသိသာထင်ရှားတဲ့(လိုအပ်ရင်)ဗြောင်းပြန်လှန်ပစ်ရမယ့် အခြေအနေတွေရှိနေတုံးပါပဲ။ တဆက်ထဲမှာ “တရားဥပဒေအထက်မှာ မည်သူမျှရှိမနေစေရ”ဆိုတာဟာ ကြွေးကြော်သံအာလုပ်ပုဒ် တစ်ခုမျှသာ မဟုတ်စေဖို့ “တရားဥပဒေအထက်မှာရှိ မနေပါဟု ငြင်းဆိုသည့်တိုင် တရားဥပဒေနဲ့ တံပိုးထမ်းအနေအထားမှာ လေချွန်နေတဲ့ သွေးပြာ မလိုင် လူတန်းစား(Elites) အေးလိစ်တွေကိုလဲ ဥပဒေရဲ့ ကွပ်ညှပ်မှုနဲ့ ကင်းနေစေလို့ မဖြစ်သေးပါဘူး၊ ကဲ . . . ဒီလိုဆို ဘယ်လိုခြေလှမ်းတွေသွားကြမလဲ။
                ကျနော်ပြေလိုတာက “ဥပဒေစိုးမိုးရေး”ဟာ ရေရှည်ပြဿနာတခုအဖြစ်၊ ကိုင်တွယ်ဖြေရှင်းရမဲ့ ကိစ္စဖြစ်တယ်ဆိုတာပါပဲ။ တရားသူကြီးတချို့ကိုဖြုတ် ရှေ့နေတချို့ကို လိုင်စင်သိမ်း၊ ရဲတချို့ကို နယ်ပြောင်း၊ ဖြုတ်စတဲ့ ခြေလှမ်းတွေလောက်နဲ့ပဲ ဥပဒေစိုးမိုးရေးဟာ ကာလတိုတစ်ခုအတွင်း နာလံထူလာနိုင်လိမ့် ဦးမယ်မဟုတ်ဘူးလို့မြင်ပါ တယ်။
                အဓိက လွှမ်းမိုးမှုကြီးတစ်ခု တိမ်ရိပ်မဲကြီးတစ်ခု လွှမ်းမိုးနေသေးသရွှေ့လည်း ဥပဒေစိုးမိုးရေးဟာ စားပွဲခုံပေါ်က ဖိုင်ထဲမှာပဲ ရှိနေဦးမယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီ တိမ်ရိပ်မဲကြီးက ဘာလဲဆိုတော့ “ပြည်တွင်းစစ်”ပါပဲ “ပြည်တွင်းစစ်” ဆိုတဲ့ အခေါ်အဝေါ်ကို ဦးနုလက်ထက်ကစပြီး အာဏာရခဲ့တဲ့ အသိုင်းအ၀ိုင်း တော်တော်များက လက်မခံ လိုကြပါဖူး။
                “ပြည်တွင်းစစ်”ဆိုတဲ့ စကားထက် “ပြည်တွင်းသောင်းကျန်းမှု”လို့သာ တွင်တွင်ကြီး သုံးစွဲခဲ့ကြတာပါ။ ထား - ဘယ်လိုပဲ အခေါ်အဝေါ်ရှိသည်ဖြစ်စေ ဘယ်လိုပဲ “အပြစ်တင်”နေသည်ဖြစ်စေ၊ စစ်တိုက်နေရတယ်ဆိုတာကတော့ ဘယ်သူမှမငြင်းနိုင်တဲ့အကြောင်းပါပဲ၊ စစ်တိုက်နေတာဟာ ပန်းပွင့်ကလေးတွေနဲ့ ပေါက်တမ်း ကစားနေကြတာမဟုတ်ဘူး ဆိုတာလဲ အသေအချာပါပဲ။ အဲဒီလို သံမနိ ရှည်ကြာလှပြီဖြစ်တဲ့ စစ်ကြောင့်ပဲ မာန၊ အာဃာတ၊ ဂိုဏ်းဂဏဆိုတာတွေ ပိုမိုပြီး တံခွန်ထူလာခဲ့တာလည်း အငြင်းထွက်ဖွယ်မမြင်ပါဘူး။ အဲသလို အခြေအနေအောက်မှာ(တစ်နည်း) ပြည်တွင်း စစ်မီး အောက်မှာ “ဥပဒေစိုးမိုးရေး”ဆိုတာ ဘယ်လိုမှ ဖြစ်ထွန်းနိုင်မယ် ကျနော်မထင်ပါဘူး။
                အဲသလိုဆိုရင် အခုလက်ငင်းလုပ်ဆောင်ရမယ့်အလုပ်က ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ရေးဖြစ်ပါတယ်။ စစ်မီးကို ငြိမ်းသတ်ရာမှ မီးကို မီးနဲ့လှန်ရှို့တဲ့နည်းနဲ့ ရေများများနဲ့ ငြိမ်းတဲ့နည်း ရှိလိမ့်မယ်လို့ ယူဆပါတယ်။
                စစ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ဘက်တိုင်းမှာ “မီးကို မီးနဲ့ လှန်ရှို့တဲ့နည်း” သုံးစွဲခဲ့ကြလို့ ပိုပြီးအလျှံ တညီးညီးတောက်လောင်ခဲ့တယ်ဆိုတာလဲ ဆယ်စုများစွာ သင်ခန်းစာတွေရှိပြီးဖြစ်ပါတယ်။
                ဒီလိုဆိုရင် မီးကိုရေနဲ့ငြိမ်းတဲ့နည်းပဲ ရွေးရပါလိမ့်မယ်။ သေနတ်တွေလက်ထဲကိုင်ထားပြီး “ငြိမ်းချမ်းရေး” ကို နည်းပရိယာယ်တခုအဖြစ်၊ အာဏာ တည်ဆောက်ဖို့အထောက်အကူတခု အဖြစ်ပဲသုံးခဲ့ကြတဲ့ အခြေအနေကို ပြောင်းပစ်ရပါလိမ့်မယ်။
                ဒီကနေ့တိုင်းပြည်မှာ စစ်ကို အမှီသဟဲပြုပြီး ကြီးပွားချမ်းသာနေတဲ့ လူတချို့က လွဲလို့ ကျန်တဲ့အာဏာ ရှိရော၊ အာဏာမရှိတရှိရော၊ အာဏာမဲ့ရော၊ သာမန်လက်လုပ်လက်စားအပါအ၀င် လူထုတွေရော၊ အကုန်လုံးလိုလိုဟာ စစ်မရှိတာ၊ ငြိမ်းချမ်းတာကိုပဲလိုချင်နေကြတယ်လို့ ကျနော်ယုံကြည်ပါတယ်။ သည်တော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုရင် နည်းလမ်းကို မြင်ရပြီးပဲ။ အဲဒီနည်းကလည်း ကျနော်တို့နိုင်ငံမှာ မရှိခဲ့တဲ့ နည်းသစ်လမ်းသစ်တော့ မဟုတ်ပါဘူး။
`               “အာဃာတတွေဖျောက်၊ သင်ပုန်းချေကြပြီး၊ သူမနာ၊ ကိုယ်မနာ” ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းစဉ်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ထက်ကထဲက မိန့်ဆိုပြီးရှိပြီးသားပါ။
                အဲဒါက မီးကို ရေနဲ့ငြှိမ်းတဲ့လမ်းစဉ်လို့ ကျနော်မြင်ပါတယ်။ ဆရာကြီးရဲ့ အဲဒီလမ်းစဉ်က “ဖဆပလ” လက်ထက်မှာတော့ နည်းမျိုးစုံနဲ့ မလိုတမာနာမည်တွေ အတပ်ခံခဲ့ရပြီး ဆရာကြီးကွယ်လွန်ချိန်အထိ ဘယ်လို အကောင်အထည်မှ ဖော်မရခဲ့ပါဖူး။ အဲဒီကာလမှာရှခဲ့တဲ့ လင်္ကျာဂိုဏ်းဂဏတွေ၊ လက်ဝဲဂိုဏ်းဂဏတွေက တိုင်းပြည်ကို ခွစီးထားလိုက်ကြတဲ့အတွက်ပါပဲ။ ဒါကြောင့်လက်ဝဲတွေ၊ လက်ယာတွေ အသာသိမ်းထားပြီး တိုင်းပြည် ထွန်းကား တိုးတက်ဖို့ဆိုတဲ့ စေတနာနဲ့ “ငြိမ်းချမ်းရေး”ဆောင်ရွက်ကြဖို့ လက်နက်ကိုင်တိုက်နေသူအားလုံးမှာ တာဝန်တင်နေပြီလို့ ကျနော်ပြောချင်ပါတယ်။
                ချုပ်ရရင်တော့ လောလောဆယ် ကျနော်တို့ အပေါ် ၀န်တင်နေတဲ့အကြောင်းဟာ “ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ”ဖြစ်ပါတယ် ဆိုတာပါပဲ၊ ငြိမ်းချမ်းရေးသာရှိခဲ့ရင် တရားဥပဒေစိုးမိုးရေးဟာ ကျွဲကူးရေပါဖြစ်လာရမယ့် ဖြစ်ကိုဖြစ်လာမယ့် အကျိုးဆက်တစ်ခုလို့ မြင်ပါတယ်။ ဒီတော့ သက်ဆိုင်သူ၊ တာဝန်ရှိသူ အားလုံးရဲ့ လက်ငင်း ကြွေးကြော်သံဟာ “ပြည်တွင်းငြိမ်းချမ်းရေး”သာ ဖြစ်သင့်ကြောင်း ပြောလိုပါတယ်။
                ငြိမ်းချမ်းရေးရှိတဲ့ နိုင်ငံတွေမှာ တိုးတက်နေတာကိုမြင်ရရင် ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးမဲ့ခြင်းကွင်းဆက်တွေကြောင့်ပဲအခြားအခြားသောပြဿနာတွေဟာ ဆက်တိုက်တည်ရှိနေတယ်ဆိုတာဟာလဲ မြင်သာထင်သာ ကိစ္စပါ။
                အဲဒီတော့ “ငြိမ်းချမ်းရေး” အတွက် အာဃာတဖြေလျော့၊ မာနဖြေလျော့၊ သူမနာကိုယ်မနာသင်ပုန်းချေလမ်းစဉ်တစ်ရပ်ရေးဆွဲအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မြင့်ဦးသစ်