ကိုကိုးကျွန်းဋိကာ
လွင်ချိုတဲ့ ဒုံဒယားသံ
မြေဧရိယာတစ်ရပ်ကို တိုင်းပြည်တစ်ပြည်ကို
နိုင်ငံတော်တစ်ရပ်အဖြစ် အလှပဆုံး တည်ဆောက်သွားမယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေနဲ့ကျနော်အပါအ၀င်
လူငယ်တွေထောင်ထဲရောက်ခဲ့ကြတယ်။ လူမသိ၊ သူမသိ၊ မီဒီယာ မသိ၊ အင်တာနက်မသိပဲ “လက်ခုတ်ထဲကရေ”တွေအဖြစ်
အကျဉ်းထဲမှာနေခဲ့ကြရတယ်။ အေဒီလမ်း အိမ်တော်ကလဲ ဗမာထီးနန်းကို ကနက္ကဒဏ်မိုး အုပ်စိုးမှု
ကြာရှည်ခံရေးဟာ သိပ်ကိုအရေးကြီးတဲ့ တာဝန်အဖြစ် ယူဆတာမို့ မျက်မွှေးတော်၊ မော်မကြည့်ရဲ့အောင်
ကွပ်ညှပ်ရေးလုပ်ဆောင် ခဲ့တာပါ။ ဒါကြောင့် ဥက္ကဋ္ဌကြီးသခင်ရှုမောင် လက်ထက်မှာ ငါးရံ့နဖားထိုးနတ်တွေနဲ့
ကိုးန၀င်းကြေယတြာဆရာတွေရဲ့ အစီအရင် တွေကြောင့်ပေပဲလား မဆိုနိုင်ဖူး၊ “အကျဉ်း”ဟာ တကဲ့ကို
အမှောင်ထဲက အကျဉ်းဖြစ်ခဲ့တာပါ။ ဂွမ်တာနာမိုနဲ့ ချီကာဂို ထောင်လောက်ကတော့ ပျင်းတောင်ပျင်းသေးလို့ဆိုရင်
မမှားတန်ရာပါဖူး။
ဒါပေမယ့် “အင်းစိန်”ကနေ “တကျွန်း”ကိုပို့လိုက်တဲ့
အခါမတော့ “နှမ်းထွက်မကိုက်”တော့ပါဖူး၊ ဗိုလ်တင်ဦး (မျက်မှန်ကြီး)ရဲ့ စီအိုင်အေက သင်ခန်းစာတွေကလဲ
သူထင်သလောက်မထက်မြက်ခဲ့ပါဖူး၊ တိုတိုပြောရရင်တော့ “ကိုကိုးကျွန်း တောင်ဟာ ပထမနှစ်ဝက်မှာပဲ
သော့ပျက်သွားပြီလို့ပြောရမှာပါ။ ထောင်တံခါးမကြီးကို ပိတ်ထားပေမယ့် ပတ်လည်ပွင့်နေတဲ့
သံဆူးကြိုးဘေးပေါက်တွေကို သော့မခတ်နိုင်ခဲ့တော့ပါဖူး။ နောက်နောက်တုံးက ကျနော်ပြောခဲ့ဖူးသလိုပဲ
ကျွန်းရဲ့ ထောက်ပံ့ရေး စခန်း၊ ကုန်မာပံ့ပိုးရေးစခန်းကြီးဖြစ်တဲ့ “အိုင်ခီးယားနောပရော့စ်”
ဂရိသင်္ဘောပျက်ကြီးက သံကြိုးမျှင်ကလေးကနေ သံပြားကြီးတွေ အထိ အချိန်မရွေးရယူနိုင်ခဲ့ကြပါတယ်။
သင်္ဘောပျက်ပေါ်မတက်ရဲတဲ့ တချို့ဝါဒါတွေသည်ပင် ကျနော်တို့ရဲ့ “မေတ္တာလက်ဆောင်” သံထည်တွေကို
ရယူခဲ့ကြတာပါ။
သံထည်တွေလို့ပြောရာမှာ သံမဏိကြိုးမျှင်ကလေးတွေ
ပါပါတယ်။ မီးကြိုးဝါယာတွေကို ယက်လိုက်တဲ့အခါ သံမဏိကြိုးမျှင်ကလေးတွေရပါတယ်။ ပထမဆုံး
တက်ထရွန်အင်္ကျီစုတ်တွေကို ဖြဲပြီး တယောကြိုး၊ မယ်ဒလင်ကြိုး၊ ဒုံမင်းကြိုးလုပ်ခဲ့ကြရာကနေ
“စက်မှုတော်လှန်ရေး” ကြီးဖြစ်လာသလိုပါပဲ။ သံမဏိကြိုးတွေကို ဂီတပစ္စည်းတွေမှာ သုံးတဲ့ကြိုးတွေ
အဖြစ် ပြောင်းလဲသုံးစွဲလို့ရလာပါတယ်။
အဲဒီစက်မှုတော်လှန်ရေးကို တပ်ဦးက ဦးဆောင်သူကတော့
ထားဝယ်သားကိုလှိုင်တင်(လေတပ်) ဖြစ်ပါတယ်။ ကျွန်းမှာ တယောထိုးမဲ့သူတွေ၊ မယ်ဒလင်တီးမဲ့သူတွေ၊
ဒုံမင်းတီးမဲ့သူတွေဟာ ကိုလှိုင်တင်နဲ့အပေါင်းပါတစ်စု (လေတပ်က ကိုထွန်းဝင်း၊ ကိုတေဇ၊
ကိုအုန်းမောင်)တို့ရဲ့ လုံ့လဥဿယကြောင့်ပိုပြီး အဆင်ပြေလာပါတယ်။
ဒုံမင်းတီးကြသူတွေထဲက ကိုဝင်း၊ ကိုမြင့်သောင်းလေးနဲ့
ကိုလှိုင်တင်တို့ဟာ အတော်ကလေးလဲ တီးတတ်ကြ သလို
စွဲစွဲမြဲမြဲတီးသူတွေလဲဖြစ်ပါတယ်။ လေတပ်မှာ စက်မှုလက်မှုနဲ့ ထိတွေ့ခဲ့ရလို့လား
မပြောတတ်ဖူး၊ ကိုလှိုင်တင်က ဂီတပစ္စည်းတွေ တီထွင်ရာမှာလဲ အတော်လက်မြောက်ပါတယ်။
ကိုလှိုင်တင်ဟာ လူကောင်က ခပ်ညှက်ညှက်ပါ။
ဒါပေမယ့် သူဦးနှောက်က မညှက်ပါဖူး။ ကျနော်နောက်တုန်းက ရေးဖူးတဲ့အမေကြည်(ကိုသိန်းကြည်)
ကိုစိန်ချင်း(အစာငတ်ခံတိုက်ပွဲမှာ ခြေထောက်တွေချိသွား)တို့က တယောထုတ်လုပ်ရေးလုပ် ကြသလို ကိုလှိုင်တင်က ဒုံးမင်းထုတ်လုပ်ရေးလုပ်ပါတယ်။
ပင်လယ်ထဲမျောလာပြီး ကမ်းမှာတင်နေတဲ့
ကျွန်းသား အတုံးကြီးကို တယောထွင်းကြတဲ့အခါ ကိုစိန်ချင်းဟာ “လျှပ်ပန်းလေခွေနွဲ့ . .
. လေသွဲ့ယူငင်ဆိုတဲ့ သီချင်းကို ညည်းလေ့ရှိပါတယ်။ အဲဒီသီချင်းထဲက “၀က်ခေါင်းအော်ထိုးတဲ့အခါ”
ဆိုတဲ့နေရာရောက်ရင် ကျနော်တို့က နောက်လေ့ရှိပါတယ်။ အဲဒါကြောင့်ပဲ “လျှပ်ပန်း”သီချင်းကိုကြားမိတိုင်း
ကိုစိန်ချင်းကို ကျနော် အမှတ်ရနေမိပါတယ်။ အဲသလိုပဲ ၀င်းဦး နှုတ်ခမ်းမွှေးမျိုးထားတဲ့
ကိုလှိုင်တင်ရဲ့ ကုန်းကုန်းကုန်းကုန်းနဲ့ ဒုံမင်းအိမ်ဖွဲ့နေဟန်၊ ဒုံမင်းကြိုးကျစ်နေဟန်တွေဟာလဲ
မျက်စေ့ထဲရင်ထဲ ဓါတ်ပုံရိုက်ထားသလို စွဲထင်အမှတ်ရနေခဲ့ပါတယ်။ အထူးသဖြင့် ထားဝယ်ဒိန်းသံ
သီချင်းဆိုတာကို ကြားရင် ကိုလှိုင်တင်ကို ပိုလို့အမှတ်ရမိပါတယ်။
ပိုပြီးသတိရမိတာကတော့ တစ်နေ့မှာ ကိုလှိုင်တင်နဲ့
ကိုထွန်းဝင်း(အစာငတ်ခံတိုက်ပွဲများကျဆုံး)နှစ်ယောက် သား ကြိတ်ကြိတ်ကြိတ်ကြိတ်နဲ့ ပုံးတစ်လုံးရိုက်နေကြတာတွေ့ရပါတယ်။
“ဗျို့လူတွေ ခင်ဗျားတို့ ဘာလုပ်ကြမလို့တုံး”လို့ စပ်စု ပေမဲ့ သူတို့ဖါသာပဲပြုံးစေ့စေ့လုပ်ပြီး
နေကြပါတယ်။ ပြီးတော့ ထမင်းစားတဲ့ ဒန်ပန်းကန်ပြားနှစ်ချပ်ကိုလည်း တုတ်တချောင်း(၂ပေ ခွဲလောက်
၃ပေလောက်ရှိမယ်ထင်ပါရဲ့)နဲ့ထောက်ပြီးခေါက်ကြည့်နေတာလဲ တွေ့ရပါတယ်။
နောက်ပြီးတော့ သင်္ဘောပျက်ပေါ်ကပဲရလာတဲ့
သံချောင်းအတိုကလေးတွေကိုညှိပြီး ထုနေကြတာလဲတွေ့ရပါ တယ်။ ကျနော်က ကိုထွန်းဝင်းကို နောက်မိသေးတယ်။
“ဟေ့လူ . . . ခင်ဗျား အနုမြူဗုံးလုပ်မလို့လား”လို့။ ကိုထွန်းဝင်းရော ကိုလှိုင်တင်ရော
နှစ်ယောက်စလုံး ရယ်ကြဲကြဲနဲ့။
မကြာခင်မှာပဲ အဲဒီပုံးကြီးအထဲကို ဒန်ပုဂံပြားနှစ်ချပ်အပေါ်
တပြားအောက် တပြားကပ်ပြီး တုတ်နဲ့ထောက်တာ တွေ့ရတယ်။ ထုထားတဲ့ သံချောင်းအတိုကလေးတွေကို
အပေါက်တွေဖောက်တာတွေ့ရတယ်။
ပြီးတော့ အဲဒီသံချောင်းတိုကလေးတွေကို
ပုံးပေါ်မှာ ခပ်ရွှေရွှေစီပြီး လိုက်တပ်တာတွေ့ရပါတယ်။ အဲဒီအထိ သူတို့ဘာလုပ်နေမှန်းကို
ကျနော်တော့မသိပါဖူး။ ခုနကပြောခဲ့တဲ့ သံချောင်းတိုကလေးတွေအပြင် အောက်ဘက်မှာ သစ်သားချောင်းကလေးက
ခုတပ်ပြီးအပေါ်မှာ ဂီတာကြိုးလက်ဖြစ်တွေကို တပ်လိုက်တော့မှ တူရိယာပစ္စည်းတခုဆိုတာ သိရတော့
တယ်။
ကျနော်တို့မြင်နေကျ ဒုံမင်းဆိုတာက
အောက်ခံအသံအိုးခပ်ပြားပြားပေါ်မှာ ကြိုးနှစ်ဆယ်လေးချောင်းတပ်ထားတဲ့ ပစ္စည်းပါ။ အခုဟာက
အပေါ်ကနေကြည့်ရင်တော့ ဒုံမင်းပုံပါပဲ။ ဒါပေမယ့် အသံအိုးက ၃ပေလောက်မြင့်တဲ့ သစ်သားသေတ္တာကြီး၊
ဒီတော့တူရိယာအသစ်တမျိုးပေါ့။ အသံကိုစမ်းသပ်တီးခတ်တော့လဲ သာမန်ဒုံမင်းတဲ့ပိုပြီး ကျယ်လောင်မြိုင်ဆိုင်တာတွေ့ရပါတယ်။
ကြိုးတပ်ထားတာကလဲ ကျနော်အမှတ်မမှားဖူးဆိုရင် သုံးဆယ်ခြောက်ချောင်းလို့ ထင်ပါတယ်။
ဂီတအင်ဂျင်နီယာတွေဖြစ်တဲ့ ကိုလှိုင်တင်နဲ့
ကိုထွန်းဝင်းတို့ကတော့ သူတို့ရဲ့ “အနုပညာပစ္စည်း”ကြီးအောင်မြင် မှုအတွက် တပြုံးပြုံးနဲ့။
ကျနော်ကတော့ အဲဒီတူရိယာကြီးကို ဒုံမင်းနဲ့
စန္ဒယားပုံစံပေါင်းစပ်ဖြစ်လာတာမို့ နံမည်အသစ်ပေးရမယ်ဆိုပြီး “ဒုံဒယား”လို့ နံမည်ပေးလိုက်ပါတယ်။
အခုထက်ထိ အပြင်ဘက်မှာတွေ့ရတဲ့ ဂီတတူရိယာတွေထဲမှာ အဲဒီ “ဒုံဒယား”လိုမျိုး မတွေ့ ဖူးပါဖူး၊
ဒီအတွက် ကမ္ဘာပေါ်မှာ အခြားမရှိတဲ့ တူရိယာပစ္စည်းအဖြစ် ကောင်းကောင်းမှတ်သားထားမိသလို ဖန်ဆင်းသူရဲဘော်
နှစ်ယောက်ကိုလဲ အခွင့်ဆုံတိုင်း အမှတ်ရနေမိပါတယ်။
အဲဒီ ဒုံဒယားနဲ့ပဲ အငြိမ့်ကခဲ့ကြ၊
ပြဇာတ်တွေ ကခဲ့ကြတာဟာလည်း သဘာဝဆစ်တကွေ့မှာ တွေ့ခဲ့ရခဲတဲ့ အတွေ့အကြုံတွေပါ။ ဒုံဒယားကို
နေကုန်နေခမ်းတီးနေလေ့ရှိတဲ့ နှုတ်ခမ်းမွှေးမြင့်သောင်း(ဒူးချက်)နဲ့ ထံတျာတေရှင်က မစပဲ
“ပန်းမြိုင်လယ်”ကို ဟုတ်ဟုတ်မဟုတ်ဟုတ် မကြာမကြာတီးလေ့ရှိခဲ့တဲ့ ကျနော်ကိုယ်တိုင်ရဲ့အဖြစ်တွေကိုလဲ
တွေးမိတိုင်းပြုံးခဲ့ ရပါတယ်။
ကိုလှိုင်တင်ရော ကိုထွန်းဝင်းရော အခုတော့မရှိရှာကြတော့ပါဖူး၊
သူတို့ရဲ့ဒုံဒယားကြီးလည်း ထောင်စောင့်နတ် တွေက ဘယ်လိုလုပ်ပစ်လိုက်ကြပြီလဲ မဆိုနိုင်ပါဖူး။
ဒါပေမယ့် ကျနော့ရင်ထဲမှာတော့ နံနက်နေခြည်ဦးအောက်တွင်၊ ကျေးတောရွာကလေး အလှဆင်ဆိုတဲ့
အပိုဒ်ကလေးကို တီးခတ်လိုက်တဲ့ ကိုလှိုင်တင်ရဲ့ ဒုံဒယားသံလွင်လွင်ချိုချိုက ပဲ့တင်ခတ်နေ
ဆဲပါ။
မြင့်ဦးသစ်
No comments:
Post a Comment