Wednesday, January 23, 2013

ငြိမ်းချမ်းရေးလား ဥပဒေစိုးမိုးရေးလား

-->
-->
ငြိမ်းချမ်းရေးလား ဥပဒေစိုးမိုးရေးလား
                အသွင်ပြောင်းအရပ်သားအစိုးရနဲ့ပါလီမန်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ “တရားဥပဒေစိုးမိုးရေး”ဆိုတဲ့အသံပိုစူးရှလာပါတယ်။ဒါကိုက “တရားဥပဒေစိုးမိုးမှု”ရာနှုန်းမပြည့်သေးဖူးဆိုတာကိုဝန်ခံပြီးသားဖြစ်သွားပါတယ်။ “တရားဥပဒေစိုးမိုးရေးကော်မတီ”ဆိုတာကိုဖွဲ့စည်းပြီးတရားဥပဒေကွင်းထဲကို လေ့လာကြည့်လိုက်တဲ့အခါမှာလည်းတရားဥပဒေဆိုင်ရာအဖွဲ့အစည်းတွေရဲ့ချည့်နဲ့နေမှုတွေကို အတုံးလိုက်အတစ်လိုက် တွေ့ကြရတယ်လို့ ကြားရသိရပါ တယ်။
                အဲသလိုဖြစ်နေတဲ့အတွက်"တရားဥပဒေစိုးမိုးရေး”ဟာအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးကို ခါးတောင်းကျိုက် မဖြေစတမ်း၊ ထဘီတိုတိုဝတ်ကို ခြေဖျားသိမ်းအထိ မလျှော့စတမ်း လုပ်ကိုလုပ်ရဦးမယ် ဆိုတာက အငြင်းပွားဖွယ်မမြင်ပါဖူး။ တရားဥပဒေဟာ လူထုတရပ်လုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံနိုင်ရေးဆိုရင် တရားရုံးတွေ၊ ရဲစခန်းတွေ၊ အချုပ်ထောင်တွေမှာသိသာထင်ရှားတဲ့(လိုအပ်ရင်)ဗြောင်းပြန်လှန်ပစ်ရမယ့် အခြေအနေတွေရှိနေတုံးပါပဲ။ တဆက်ထဲမှာ “တရားဥပဒေအထက်မှာ မည်သူမျှရှိမနေစေရ”ဆိုတာဟာ ကြွေးကြော်သံအာလုပ်ပုဒ် တစ်ခုမျှသာ မဟုတ်စေဖို့ “တရားဥပဒေအထက်မှာရှိ မနေပါဟု ငြင်းဆိုသည့်တိုင် တရားဥပဒေနဲ့ တံပိုးထမ်းအနေအထားမှာ လေချွန်နေတဲ့ သွေးပြာ မလိုင် လူတန်းစား(Elites) အေးလိစ်တွေကိုလဲ ဥပဒေရဲ့ ကွပ်ညှပ်မှုနဲ့ ကင်းနေစေလို့ မဖြစ်သေးပါဘူး၊ ကဲ . . . ဒီလိုဆို ဘယ်လိုခြေလှမ်းတွေသွားကြမလဲ။
                ကျနော်ပြေလိုတာက “ဥပဒေစိုးမိုးရေး”ဟာ ရေရှည်ပြဿနာတခုအဖြစ်၊ ကိုင်တွယ်ဖြေရှင်းရမဲ့ ကိစ္စဖြစ်တယ်ဆိုတာပါပဲ။ တရားသူကြီးတချို့ကိုဖြုတ် ရှေ့နေတချို့ကို လိုင်စင်သိမ်း၊ ရဲတချို့ကို နယ်ပြောင်း၊ ဖြုတ်စတဲ့ ခြေလှမ်းတွေလောက်နဲ့ပဲ ဥပဒေစိုးမိုးရေးဟာ ကာလတိုတစ်ခုအတွင်း နာလံထူလာနိုင်လိမ့် ဦးမယ်မဟုတ်ဘူးလို့မြင်ပါ တယ်။
                အဓိက လွှမ်းမိုးမှုကြီးတစ်ခု တိမ်ရိပ်မဲကြီးတစ်ခု လွှမ်းမိုးနေသေးသရွှေ့လည်း ဥပဒေစိုးမိုးရေးဟာ စားပွဲခုံပေါ်က ဖိုင်ထဲမှာပဲ ရှိနေဦးမယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီ တိမ်ရိပ်မဲကြီးက ဘာလဲဆိုတော့ “ပြည်တွင်းစစ်”ပါပဲ “ပြည်တွင်းစစ်” ဆိုတဲ့ အခေါ်အဝေါ်ကို ဦးနုလက်ထက်ကစပြီး အာဏာရခဲ့တဲ့ အသိုင်းအ၀ိုင်း တော်တော်များက လက်မခံ လိုကြပါဖူး။
                “ပြည်တွင်းစစ်”ဆိုတဲ့ စကားထက် “ပြည်တွင်းသောင်းကျန်းမှု”လို့သာ တွင်တွင်ကြီး သုံးစွဲခဲ့ကြတာပါ။ ထား - ဘယ်လိုပဲ အခေါ်အဝေါ်ရှိသည်ဖြစ်စေ ဘယ်လိုပဲ “အပြစ်တင်”နေသည်ဖြစ်စေ၊ စစ်တိုက်နေရတယ်ဆိုတာကတော့ ဘယ်သူမှမငြင်းနိုင်တဲ့အကြောင်းပါပဲ၊ စစ်တိုက်နေတာဟာ ပန်းပွင့်ကလေးတွေနဲ့ ပေါက်တမ်း ကစားနေကြတာမဟုတ်ဘူး ဆိုတာလဲ အသေအချာပါပဲ။ အဲဒီလို သံမနိ ရှည်ကြာလှပြီဖြစ်တဲ့ စစ်ကြောင့်ပဲ မာန၊ အာဃာတ၊ ဂိုဏ်းဂဏဆိုတာတွေ ပိုမိုပြီး တံခွန်ထူလာခဲ့တာလည်း အငြင်းထွက်ဖွယ်မမြင်ပါဘူး။ အဲသလို အခြေအနေအောက်မှာ(တစ်နည်း) ပြည်တွင်း စစ်မီး အောက်မှာ “ဥပဒေစိုးမိုးရေး”ဆိုတာ ဘယ်လိုမှ ဖြစ်ထွန်းနိုင်မယ် ကျနော်မထင်ပါဘူး။
                အဲသလိုဆိုရင် အခုလက်ငင်းလုပ်ဆောင်ရမယ့်အလုပ်က ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ရေးဖြစ်ပါတယ်။ စစ်မီးကို ငြိမ်းသတ်ရာမှ မီးကို မီးနဲ့လှန်ရှို့တဲ့နည်းနဲ့ ရေများများနဲ့ ငြိမ်းတဲ့နည်း ရှိလိမ့်မယ်လို့ ယူဆပါတယ်။
                စစ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ဘက်တိုင်းမှာ “မီးကို မီးနဲ့ လှန်ရှို့တဲ့နည်း” သုံးစွဲခဲ့ကြလို့ ပိုပြီးအလျှံ တညီးညီးတောက်လောင်ခဲ့တယ်ဆိုတာလဲ ဆယ်စုများစွာ သင်ခန်းစာတွေရှိပြီးဖြစ်ပါတယ်။
                ဒီလိုဆိုရင် မီးကိုရေနဲ့ငြိမ်းတဲ့နည်းပဲ ရွေးရပါလိမ့်မယ်။ သေနတ်တွေလက်ထဲကိုင်ထားပြီး “ငြိမ်းချမ်းရေး” ကို နည်းပရိယာယ်တခုအဖြစ်၊ အာဏာ တည်ဆောက်ဖို့အထောက်အကူတခု အဖြစ်ပဲသုံးခဲ့ကြတဲ့ အခြေအနေကို ပြောင်းပစ်ရပါလိမ့်မယ်။
                ဒီကနေ့တိုင်းပြည်မှာ စစ်ကို အမှီသဟဲပြုပြီး ကြီးပွားချမ်းသာနေတဲ့ လူတချို့က လွဲလို့ ကျန်တဲ့အာဏာ ရှိရော၊ အာဏာမရှိတရှိရော၊ အာဏာမဲ့ရော၊ သာမန်လက်လုပ်လက်စားအပါအ၀င် လူထုတွေရော၊ အကုန်လုံးလိုလိုဟာ စစ်မရှိတာ၊ ငြိမ်းချမ်းတာကိုပဲလိုချင်နေကြတယ်လို့ ကျနော်ယုံကြည်ပါတယ်။ သည်တော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆိုရင် နည်းလမ်းကို မြင်ရပြီးပဲ။ အဲဒီနည်းကလည်း ကျနော်တို့နိုင်ငံမှာ မရှိခဲ့တဲ့ နည်းသစ်လမ်းသစ်တော့ မဟုတ်ပါဘူး။
`               “အာဃာတတွေဖျောက်၊ သင်ပုန်းချေကြပြီး၊ သူမနာ၊ ကိုယ်မနာ” ငြိမ်းချမ်းရေး တည်ဆောက်မှု လမ်းစဉ်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း လက်ထက်ကထဲက မိန့်ဆိုပြီးရှိပြီးသားပါ။
                အဲဒါက မီးကို ရေနဲ့ငြှိမ်းတဲ့လမ်းစဉ်လို့ ကျနော်မြင်ပါတယ်။ ဆရာကြီးရဲ့ အဲဒီလမ်းစဉ်က “ဖဆပလ” လက်ထက်မှာတော့ နည်းမျိုးစုံနဲ့ မလိုတမာနာမည်တွေ အတပ်ခံခဲ့ရပြီး ဆရာကြီးကွယ်လွန်ချိန်အထိ ဘယ်လို အကောင်အထည်မှ ဖော်မရခဲ့ပါဖူး။ အဲဒီကာလမှာရှခဲ့တဲ့ လင်္ကျာဂိုဏ်းဂဏတွေ၊ လက်ဝဲဂိုဏ်းဂဏတွေက တိုင်းပြည်ကို ခွစီးထားလိုက်ကြတဲ့အတွက်ပါပဲ။ ဒါကြောင့်လက်ဝဲတွေ၊ လက်ယာတွေ အသာသိမ်းထားပြီး တိုင်းပြည် ထွန်းကား တိုးတက်ဖို့ဆိုတဲ့ စေတနာနဲ့ “ငြိမ်းချမ်းရေး”ဆောင်ရွက်ကြဖို့ လက်နက်ကိုင်တိုက်နေသူအားလုံးမှာ တာဝန်တင်နေပြီလို့ ကျနော်ပြောချင်ပါတယ်။
                ချုပ်ရရင်တော့ လောလောဆယ် ကျနော်တို့ အပေါ် ၀န်တင်နေတဲ့အကြောင်းဟာ “ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ”ဖြစ်ပါတယ် ဆိုတာပါပဲ၊ ငြိမ်းချမ်းရေးသာရှိခဲ့ရင် တရားဥပဒေစိုးမိုးရေးဟာ ကျွဲကူးရေပါဖြစ်လာရမယ့် ဖြစ်ကိုဖြစ်လာမယ့် အကျိုးဆက်တစ်ခုလို့ မြင်ပါတယ်။ ဒီတော့ သက်ဆိုင်သူ၊ တာဝန်ရှိသူ အားလုံးရဲ့ လက်ငင်း ကြွေးကြော်သံဟာ “ပြည်တွင်းငြိမ်းချမ်းရေး”သာ ဖြစ်သင့်ကြောင်း ပြောလိုပါတယ်။
                ငြိမ်းချမ်းရေးရှိတဲ့ နိုင်ငံတွေမှာ တိုးတက်နေတာကိုမြင်ရရင် ကျနော်တို့တိုင်းပြည်မှာ ငြိမ်းချမ်းရေးမဲ့ခြင်းကွင်းဆက်တွေကြောင့်ပဲအခြားအခြားသောပြဿနာတွေဟာ ဆက်တိုက်တည်ရှိနေတယ်ဆိုတာဟာလဲ မြင်သာထင်သာ ကိစ္စပါ။
                အဲဒီတော့ “ငြိမ်းချမ်းရေး” အတွက် အာဃာတဖြေလျော့၊ မာနဖြေလျော့၊ သူမနာကိုယ်မနာသင်ပုန်းချေလမ်းစဉ်တစ်ရပ်ရေးဆွဲအကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
မြင့်ဦးသစ်

No comments:

Post a Comment