ကိုကိုးကျွန်းဋီကာ
မြွေစိမ်းသား၊ ကြိမ်ရေနဲ့
မတော့သီး
ပုခုံးကျော်ပြီး
ငဲ့ကြည့်လိုက်တော့ နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီ၊ “သန်းကောင်လကွယ် တောအုပ်လည်၌၊ ရှစ်နယ်ပတ်ကုံး၊
အပြည့်ဖုံးသား၊ မိုးလုံး တိမ်တိုက်၊ အမှောင်မိုက်၏” ဆိုတဲ့ ကဗျာတစ်စထဲ က အမှောင်မျိုး၊
ဖြတ်သန်းခဲ့ရတာ ရှည်လျားလွန်းပါဘိ၊ ဒါပေမယ့် မမေ့နိုင်တဲ့အဖြစ်အပျက်တွေ ရင်ထဲနွေးဆဲ၊
ဦးနှောက်ထဲနွေးဆဲပါပဲ။
ဦးနှောက်ထဲ
“ ထယ်ရေးနက်နက်”နဲ့ အဖြစ်အပျက် နာနာကျင်ကျင်တွေ ကျန်ရစ်သလို အမှတ်မထင်ဖြတ်ခနဲ ကြုံခဲ့ရတာပေမဲ့
ပြန်ပြန်ပေါ်လာတာတဲ့ အဖြစ်အပျက် ကလေးတွေလည်း ရှိတတ်ပါ တယ်။ အဖြစ်အပျက်ကြီးတွေက လူတော်တော်များများ
မှတ်သားမိနေကြပါတယ်။ အဖြစ်အပျက်ကလေး တွေကတော့ တော်တော်များများ၊ အချိန်စားလို့၊ မေ့သွားတတ်တာမျိုးတွေပါ။
ကျနော်က အဲဒီအဖြစ် သေးသေးတွေကိုပဲ မှတ်မိ ပြန်တွေးမိနေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
“အဖြစ်ကလေး”တွေဟာ လူသားဆန်လို့ပါပဲ။ ။
ကိုကိုးကျွန်းအကျဉ်းစခန်းကို
အုတ်ရိုးကာထားတာ မဟုတ်ပဲ သံဆူးကြိုးနှစ်ထပ်သာ ကာထား တာလို့ ကျနော်ပြောပြခဲ့ဖူးပါပြီ၊
သံဆူးကြိုးဆိုတာ ဓါးနဲ့ခုတ်ဖြတ်ရင် လွယ်လွယ် ပြတ်တာမျိုးလေ၊ အုတ်ရိုး လောက်ခက်တာမှ
မဟုတ်တာ။ ဒီတော့ သံဆူးကြိုးတွေ အပိုင်းပိုင်းအပေါက်တွေ ဖြစ်သွားပြီးတဲ့နောက်၊ ကျနော်တို့ကို
ထောင်တာဝန်ရှိသူတွေက တားထားလို့မရတော့ဘူး၊ မနက်မိုးလင်းတာနဲ့ ဓါးကလေးကိုယ်စီ နဲ့ တောတိုးကြပါတယ်။
ကိုးမိုင် နှစ်မိုင်ရှိတဲ့ ကိုကိုးကျွန်းတောကလည်း အကျယ်သား၊
ရောက်တဲ့နေရာမှာ
သွားသာရုံလမ်း ကလေးတွေရှင်းပစ်ပြီး အတွေ့များလှတဲ့ သစ်နီပင်ကြီး တွေမှာ အမှတ်အသားတွေလုပ်ပစ်ခဲ့ကြတယ်။
နောက်တစ်ခါဝင်ရင် လမ်းမှတ်မိအောင်ပေါ့။ တစ်ခါသားမှာ တော့ ကျနော်ရယ်၊ ရဲဘော်ရွှေကျော်အောင်ရယ်၊
ရဲဘော်အောင်ဝေရယ် လက်လုပ်ကျောပိုးအိတ်ကိုယ်စီနဲ့ ကျွန်းအလယ်ဘက်ဆီထွက်ခဲ့ကြတယ်။ ဦးဆောင်စည်းရုံးသူက
ရဲဘော်အောင်ဝေပါ။ တကယ်တောတိုး ကျွမ်းတာက ရဲဘော်ရွှေကျော်အောင်ဖြစ်ပါတယ်။ သူက ရှေ့ဆုံးကသွားတာပါ။
ကျနော်က တောတိုးတာ လည်း အတော်ညံ့တဲ့အပြင် “ထင်းဘုတ်”လို့ခေါ်တဲ့ ထင်းရှာတဲ့အဖွဲ့မှာလည်း
မပါဘူးဘဲ များသောအားဖြင့် “ဖိုကြီး”ထဲမှာ ထမင်းချက်
တာဝန် ကျတတ်တာကိုး၊ သူတို့နှစ်ယောက်လုံးက ကျနော့ကို “ဆေးသားတင်” ပေးချင်ကြပုံရပါတယ်။
အတော်ကလေးတောထဲဝင်မိလာတော့
မြွေစိမ်းတစ်ကောင် ကျနော်တို့ ရှေ့မှာရှိတဲ့ ကြိမ်ချုံ မှာတွေ့ရပါတယ်။ ကြိမ်ချုံဆိုလို့
ကြက်ဥကြိမ် သေးသေးလေးတွေမဟုတ်ပါဖူး၊ ခြေမလုံးလောက်ရှိတဲ့ကြိမ် တွေ ယှက်နေတဲ့ချုံ၊ ကျနော်တို့နိုင်သလောက်
ခုတ်ပြီး လမ်းထွင်ကြပေမယ့် လမ်းမပေါက်ဖူး၊ ဒီတော့ ကြိမ်ချုံ အောက်ဖက်က ၀ပ်ပြီး တိုးရပါတယ်။
အဲသလိုဝပ်ပြီး
တိုးလာတုံးမှာ မြွေစိမ်းနဲ့တိုးတာ။ ကလေးလက်ကောက်ဝတ်လောက် အလုံးရှိ မယ်။ အဆိပ်ရှိတဲ့
မြွေမျိုးပဲ၊ သူက ပါးပြင်းတော့ မထောင်ဖူး၊ ကိုက်ရင်ကိုက်တဲ့နေရာက တအားဖူးယောင်လာ ပြီး
ပွင့်ထွက်တယ်။ အနာဖြစ်တယ်။ အတော်ခံရတယ်လို့ ကိုရွှေကျော်အောင်က ပြောပြတယ်။
မြွေစိမ်းရဲ့
ကံကြမ္မာပဲဆိုရမလားမသိဘူး။ ကျနော်တို့ကို သူဘာမှမလုပ်နိုင်ခင်မှာဘဲ ရဲဘော်ရွှေကျော်အောင်
လက်ချက်နဲ့ ဇာတ်သိမ်းသွားတယ်။ ရဲဘော်အောင်ဝေက အဲဒီမြွေကို ခွေပြီး သူ့အိတ် ထဲ ထည့်လိုက်တယ်။
စခန်းပြင်ရောက်တော့ ဖိုကြီးထဲက မီးကျီးခဲပေါ်မှာကင်ပြီး စားချင်သူ ရဲဘော်တွေက စားပစ်လိုက်ကြတယ်။
တချို့ကလဲ စားကျင့်မရှိတော့ မစားကြဘူး။ ဟောင်ကောင်မှာဆိုရင် ဈေးကြီး ပေးစားရတာဆိုပြီး
နောက်တီးနောက်တောက်နဲ့ မြည်းတဲ့လူကလည်း မြည်းကြတယ်။
အစောက
စကားပြန်ကောက်ရရင် ကြိမ်ချုံကို ၀ပ်ပြီး တိုးလာတာ ပေသုံးဆယ်လောက်တော့ ရှိမယ်ထင်တယ်။
ကျယ်လိုက်ကျဉ်းလိုက်နဲ့ တိုးလာတာဆိုတော့ တချို့နေရာတွေမှာ ကြိမ်ဆူးတွေခြစ်မိတယ်။ သွေးစို့လာတဲ့အထိပဲ။
ရောက်ခါစကတော့ အဲသလိုအနာဖြစ်ရင် ‘ရင်း’တယ်။ အခုတော့မရင်းတော့ဖူး၊ ယဉ်သွားတာနဲ့တူပါတယ်။
ကြိမ်ဆူးခြစ်မိရင် တံထွေးနဲ့ဆွတ်လိုက်၊ တခါတခါ(ကန်တော့ပါရဲ့) ရှူးနဲ့ ပန်းလိုက်၊ အဆင်ပြေသွားတာပါပဲ။
ကြိမ်ချုံကနေလည်း ထွက်လို့ရရော ကွက်လပ်ကလေးတစ်ခု အုပ်အုပ် ဆိုင်းဆိုင်းကလေး တွေ့ရတယ်။
လုံးပတ်နှစ်ပေလောက် ပင်စည်နဲ့ သစ်ပင်တပင်ကိုလဲတွေ့ရတယ် အောက်မှာက အသီးတွေကြွေနေတာတွေ့ရတယ်။
ဝါ၀ါကလေးတွေ၊ ပုံသဏ္ဍန်က မင်းဂွတ်သီးနဲ့တူတယ်။ ကြည့်ရတာ စားချင်စရာ။ ဒါပေမယ့် ရုတ်တရက်တော့
ဘာသီးမှန်းမှမသိတာ၊ မစားရဲဖူး၊ ဒါပေမယ့် တောတိုးလာခဲ့တာဆိုတော့ နည်းနည်းလည်း ဆာနေကြပြီ။
ဖျံကြီး
(ကိုရွှေကျော်အောင်)က ကြိမ်တစ်ချောင်း တွဲလောင်းကျနေတာကို သူ့ဓါးနဲ့စွေ ခုတ်ပြီး ဖြတ်လိုက်တယ်။
ကြိမ်ချောင်းအပြတ်ကနေ ရေတွေကျလာတယ်။ တစက်တစက်နဲ့ပါ။ “သောက်လို့ ရတယ်”လို့ကို ရွှေကျော်အောင်က
ပြောတယ်။ ကျနော်တို့တယောက်တလှည့် “ကြိမ်ရေ”ကို ပါးစပ်နဲ့ခံပြီး သောက်ကြရတယ်။ နည်းနည်း
ဖန်တန်တန် ချိုတိုတိုအရသာပဲ၊ ဒါပေမယ့် ရေငတ်တော့ အတော်ပြေသွားပါ တယ်။
လူနည်းနည်းသာ
နေဖူးသေးတာဖြစ်လို့ ကျွန်းရိုင်းတစ်ပိုင်းဖြစ်နေတဲ့ ကိုကိုးကျွန်းပေါ်က မြေကြီးတစ်နေရာမှာ
ပေါက်နေတဲ့ ဘာပင်မှန်းမသေချာသေးတဲ့ အပင်ကအသီးကို စားကြဖို့ကျတော့ ကျနော်တို့ သုံးယောက်သား
ဆယ်မိနစ်လောက် စကားပြောကြရပါတယ်။ နောက်ဆုံးတော့ ကိုအောင်ဝေရဲ့ ပြောစကားကို လက်ခံလိုက်ကြတယ်။
“ငှက်စားထားသလားရှာကြည့်မယ်ဗျာ၊ ငှက်စားလို့မသေရင် လူစားလို့ လည်းမသေပါဖူး”
တဲ့။ သစ်ပင်အောက်ကို လိုက်ရှာကြည့်ကြတော့ ငှက်ကိုက်ထားတဲ့ လက္ခဏာတွေ့ရတဲ့ အသီးတချို့ကိုတွေ့ရတယ်။
ဒါနဲ့ကျနော်က ကြွေကျနေတဲ့အထဲက ပုံမပျက်သေးတဲ့ အသီးတလုံးကို ကောက် ယူပြီး လက်နဲ့ညှစ်ခွဲလိုက်ပါတယ်။
အထဲက အမွှာလေးတွေပေါ်လာတယ်။ မင်းဂွတ်သီးပုံမျိုးပါပဲ။ အခွံထူတာ လဲ မင်းဂွတ်သီးလိုပါပဲ။
မာတာနဲ့ပျော့တာပဲ ကွာပါတယ်။ အခွံကွဲသြွးတဲ့ နေရာတွေက အစေးဝါ၀ါလေးတွေ စို့လာတယ်။ ဒါနဲ့အတွင်းသားကို
လျက်ကြည့်လိုက်တော့ ချဉ်တင်တင် ချိုတိုတို အရသာရှိပါတယ်။ ဒါနဲ့ပဲ “စားမယ်ဗျာ”
လို့ပြောရင်း သုံးယောက်သား အပင်အောက်မှာ တ၀ စားကြတယ်။ ကိုရွှေကျော်အောင်က “အဆိပ်ရှိလို့သေရင်လဲ
အတူတူပေါ့ဗျာ” လို့ပြောပါတယ်။ ကြိမ်ရေကို သွားပြီးသောက်လိုက်၊ အသီးစားလိုက် နဲ့
အတော်ကလေးကြာပါတယ်။ မိနစ်သုံးဆယ်လောက်တော့ရှိမယ် ထင်ပါရဲ့၊ အဲဒီတော့မှ ကိုအောင်ဝေက
“ပြန်ကြစို့ဗျို့ ကျန်တဲ့အသီးတွေလဲ ကောက်သွားရအောင်၊ ရဲဘော်တွေစားရတာပေါ့” လို့ဆိုပြီး
အသီးကောင်း ကလေးတွေ လိုက်ကောက်ကြတယ်။ အိတ်ကလေးသုံးလုံးနဲ့ အပြည့်ရတော့မှ “ဘာပင်မှန်းမသိနယ်မြေ”က
ကျနော်တို့ ဆုတ်ခွာခဲ့ကြပါတယ်။
စခန်းကိုပြန်ရောက်တော့
ဖိုကြီးထဲကို အဲဒီအသီးတွေ သွားထားပြီး သတင်းကပြန့်သွားပြီမို့ ရဲဘော်တွေလာကြည့်ကြတယ်။
ရခိုင်ရဲဘော်တယောက် (ရဲဘော်သိန်းဖြူလို့ထင်တယ်)က အဲဒါ “မတော့သီး” လို့ ခေါ်ကြောင်း ပြောပြတယ်။
ရခိုင်မှာတုန်းက သူစားဖူးကြောင်းရှင်းပြတယ်။ ငါးပိချက် ချက်ရင် ကောင်းတဲ့ အကြောင်းလဲပြောပြတယ်။
အဲဒီနေ့ ဖိုတာဝန်ခံက ရဲဘော်တင်ရီ(၀ါးခယ်မ)။ သူကအပျိုကြီးတွေလို ဟင်းချက် သိပ်ကောင်းတဲ့လူကြီး၊
(ကျနော်နဲ့တော့တခြားစီ)။ အဲဒီ“မတော့သီး” တချို့နဲ့ စိမ်းစားငါးပိနဲ့ ချက်တဲ့ “မတော့ငါးပိချက်”
ရဲဘော်တင်ရီရဲ့ လက်ရာကို စားကြရတယ်။ အဲဒီတခါပါပဲ။ နောက်တော့ မတော့ပင်ဆီ ရောက်တာတောင်မှ
အသီး မမြင်ရတော့ပါဖူး။ ဦးသူက ဆွတ်သွားကြတော့တာကိုး။
ပြန်စဉ်းစားမီတာ့
အဲဒီဖြစ်ရပ်ကလေးထဲက စိတ်ထားတွေဟာ သာမန်အချိန်မှာသာဆိုရင် ရှိနိုင် ပါမလားလို့တွေးမိတယ်။
ရှင်လဲင်္အတူ၊ သေလဲအတူဆိုတဲ့စိတ်၊ ရဲဘော်တွေလဲ စားရတာပေါ့ဗျာဆိုတဲ့ မျှဝေလို စိတ်တွေဟာ
တကယ်ရှင်သန်ခဲ့တာပါလားလို့ တွေးမိအမှတ်ရရရှိနေမိပါတယ်။ မြွေစိမ်းသား၊ ကြိမ်ရေနဲ့ မတော့သီးစားခဲ့ရဖူးတာတွေလေ။
မြင့်ဦးသစ်
No comments:
Post a Comment