မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ရှောပင်မောလ်နဲ့ လမ်းဘေးမောလ်
ထရံရောသ၌
ကျုပ်မောင်ဒေါသည် ဦးတာခေါ်သော ပေါက်ဖော်ကြီးတဦးနှင့် တွေ့ဆုံရင်းနှီးခဲ့ဖူး၏။ ဦးတာ၏
စီးပွားရေး နည်းနာများ၊ ဥပဒေသ၊ နျူပဒေသ၊ ဟိုပဒေသ၊ ဒီပဒေသတွေကိုလည်း နာကြားခဲ့ရပါ၏။
ထိုဗမာပြည်ပေါက် စိနကြီးသည် ငါးရွဲထောင်သူ၊ ငါးသူဋ္ဌေးဟုဆိုရမည်ဖြစ်၏။ ဟံသာဝတီ အရှေ့ပိုင်း
ရွာကလေးတစ်ရွာတွင် တစ်ပွဲစားပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါ၏။
“၀ တီခုပြောမယ်၊ ၀လို့ရွာမှာ၊ တုအတက် မတတ်နဲ့လို့ ပြဲလို့မရဖူး၊
တီရွာလုံးက ငါးဖမ်းတယ်။ ငါးတတ်တယ်။ ဒီလော့ တုအတက် မတတ်နဲ့လို့ပြဲရင် အီဆင်မီပြေဖူး၊
များများတတ်လို့ ပြဲမှ အီဆင်ပြေလယ်၊ ၀မီခိုးဖူး၊ ၀အီရက် မီတောက်ဖူး၊ ၀ လိမ်မပြဲဖူး၊
ဝ မီးမ တီယောက်ပဲရှိလယ်၊ ၀ စီလမြဲလယ်။”
ဒါက ဦးတာရဲ့ နှုတ်ထွက် စကား ပဏာမ။
“၀ ငါးရောင်းလယ်၊ တီခွန်းပဲပြဲလယ်။ စုံးဆယ် ဈေးလို့ပြဲရင် စုံးဆယ်ပဲ၊
မီလျော့ဖူး ၀က ၀ယ်တဲ့လူကို အီကြွေး ပေးလယ်၊ တီခါတော့ ရင်းကြည့်ရတာပဲ။ အီကြွေးပြန်ရရင်
မိဆွေရပြီ၊ အီကြွေးပြန်မရရင် မိဆွေမရှိလော့ဖူး၊ ၀ အီဖေက ပြောဖူးလယ်။ ကုန်စယ်လုပ်ရင်
စွေးနဲ့ မျက်ရည် မစိရဖူးတဲ့ မိဆွေစိရမယ်တဲ့”
ဒါကဦးတာရဲ့ ဒုတိယသဘောထား။
ပင်လယ်ထဲက
ငါးတွေကို လက်ညှိုးထိုးပြီး ပုဂ္ဂလိကပိုင် လုပ်ရင်းချမ်းသာ နေသော ထိုစီနပေါက်ဖောက်ကြီး၏
စကားတွေထဲမှ တတိယ သဘောထားကို မောင်ဒေါ အတော်သဘောတွေ့ သွား၏။
အကြောင်း
မညီညွတ်တာပဲလား၊ အကြောင်း ညီညွတ်တာပဲလား မောင်ဒေါ ကိုယ်တိုင် မသေချာလှ၊ သို့သော် မောင်ဒေါသည်
ကုမ္ပဏီတစ်ခုတွင် အလုံးစုံ အလုပ်တွေ လုပ်ရသူဖြစ်ခဲ့ဖူး၏။ ယင်းသို့ ထရေဒင်ကုမ္ပဏီတခုကို
ဦးရွက်ရစဉ် ဦးတာ၏ ကော်မာရှယ် နည်းနာများကြောင့် ပစ္စည်းများစွာ ရောင်းချခဲ့ရဖူးချေ၏။
သို့ကြောင့် ဦးတာကို ဟားဘတ် ကက်ဆန်တို့ ဆွန်ဇူးတို့ ဖွတ်ကူး ယာမတို့နှင့် တွေ့ပေးလိုက်ရလျှင်ဟုပင်
စဉ်းစားခဲ့ဖူးပါ၏။
မိတ်ဆွေရှာရမည်၊
အမြတ်နည်းနည်းနှင့် ပစ္စည်းများများရောင်းရမည်ဆိုသည်ကို စွဲမိ စွဲရာ စွဲနေခဲ့သော မောင်ဒေါသည်၊ ဆူပါမတ်ကတ်၊ မီနီမတ်ကက်၊
ရှော့ပင်မောလ်ဆို သဟာကြီးတွေနဲ့ တွေ့သောအခါ အီလယ်လယ်ကြီး ဖြစ်သွားပါ၏။
ဒူဘိုင်းဟုခေါ်သော
အာရပ်နိုင်ငံကလေးကို မောင်ဒေါ ရောက်သွားပါ၏။ သိပ်ကြီး အထင်ကြီးဖို့မဟုတ်ပါ။ တိုင်း၍
ယက်တဲ့ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်သွားခြင်းသာဖြစ်ပါ၏။ (အဲမရိတ်စ်မောလ်)ဟုခေါ်သော
အလွန်ခမ်းနားကြီးကျယ်လှသည် ဈေးဆိုင်တိုက်ကြီးသို့ မောင်ဒေါရောက်ပါ၏။ စပ်စပ်စုစု လုပ်ဖို့သာပါ။
ဘာမျှဝယ်ရန်မရည်ရွယ်။ ကပ်တောင်မကပ်နိုင်သည့် “ဈေး”များက မောင်ဒေါလို အကောင်းစားနဲ့
လားလားမျှ မညိပါ။
ခရီးဆောင်
သေတ္တာတစ်လုံးကို ဒါဟန်း ၁၂၂၀ဟု ဈေးနှုန်းကပ်ထားပါ၏။ မြန်မာငွေနဲ့ တွက်သော် နှစ်သိန်းကျော်မျှရှိပါ၏။
အာပါးပါး…..ကမ္ဘာ့ဘုရားစုံကယ်ပါဟု ပြောရမည်သို့ရှိပါ၏။ သိပ်များများစားစား ရောင်းထားသည့်
လက္ခဏာလည်းမရှိ- ထိုခရီးဆောင်သေတ္တာနှင့် တမျိုးတည်းတစားတည်း တစ်ပုံစံတည်း၊ တံဆိပ်ကလဲ
“အက်ကလက်” အတူတူဖြစ်သော ပစ္စည်းကို အခြားနေရာတနေရာ စတိုးဆိုင်တခုတွင် ဒါဟန်း ၁၂၀နှင့်
ဝယ် ယူရရှိပါ၏။ ဒါတောင်မှ သုဝဏ္ဏဘူမိ လေဆိပ်ကဆိုင်ထက်ဈေးများသေး၏။ ဘယ့်နှာ ကြောင့်၁၂၀နှင့်
ရောင်းနိုင်သော ပစ္စည်းကို ၁၂၂၀ဟု ဈေးနှုန်းတပ်ထားရသနည်း။ မောင်ဒေါတော့ မျက်စိခပ်လည်လည်။
တစ်ခါနောက်ထပ်
ကယ်ရီဖောခေါ်သော ဈေးဆိုင်တိုက်ကြီးတွင် ဒါဟန်း ၁၄၅၀ဟု ဈေးကပ်ထားသော ၀တ်စုံတစ်စုံကို
အခြား ဆိုင်ခပ်သေးသေးတွင် ဒါဟန်း ၃၇၅ဖြင့် ရောင်းနေသည်ကိုတွေ့ရ၏။ မောင်ဒေါ ၀ယ်ဖို့မဟုတ်ပါ….ဟီးဟီးဟဲဟဲ…..လေ့လာတာပါဟု
ပြောရင်းထွက်ခဲ့ရ၏။ ဒါဟန်း ၂၇၅ဟု ဈေးကပ်ထားသော စပင်းနေးဈေးဆိုင် တိုက်ကြီးက ဘောင်းဘီတစ်ထည်ကို
မောင်ဒေါ ရင်သတ်ရှုမောမိ၏။ ထိုဆိုင်တွင်းမှာပင် ၇၅% ဒစ်စကောင့်ချထားသော ဘောင်းဘီတစ်ထည်ကို
ဒါဟန်း ၂၀ဟု ဈေးကပ်ထားသည်တွေ့ရ၏။
ကမ္ဘာကြီးက
စီးပွားရေး ဘောဂဗေဒကို ခပ်တုံးတုံးမောင်ဒေါကတော့ သိပ်ပြီး နားမလည်နိုင်၊ ဆိုင်စရိတ်စက၊
ဘာညာကွိကွတွေကို တွက်ပြသူက တွက်ပြသော်လည်း မောင်ဒေါတော့ ဦးတာနည်း စွဲနေလို့လား မဆိုနိုင်…..တယ်ပြီး
ဘ၀င်မကျဖြစ်ရချေ၏။
မောင်ဒေါ
စဉ်းစားမိတာက ဒစ်စကောင့်တွေ၊ ဆေးလ်ပရိုမိုးရှင်းတွေအစား လူသုံးပစ္စည်းတွေ လူတွေလက်ကို
ကျယ်ကျယ်ပြန့်ပြန့်ရောက်နိုင်ရင် ပိုမကောင်းပေဖူးလားဟူ၍ ဖြစ်ပါ၏။
လွန်ခဲ့သော
၂ပတ်ခန့်က မောင်ဒေါ ဗမာရှော့ပင်မော်လ်ခေါ် ဗမာဈေးဆိုင်တိုက်ကြီးတခုကို ရောက်သွားပါ၏။
အပ်ကအစ လေယာဉ်ပျံအထိ ရနိုင်သည်ဆိုသော ခပ်ကြွားကြွား ဈေးဆိုင်တိုက်ကြီးပါပဲ။
ကမ္ဘာ့စီးပွားရေးသေနင်္ဂဗျူဟာများ၊
နည်းဗျူဟာများသည် တုပ်ကွေးဗိုင်းရပ်စ်သဖွယ် မောင်ဒေါတို့ ဗမာပြည်သို့လည်း ကူးစက်နေသည်ဟု
ခံစားမိသွားပါ၏။ မောင်ဒေါနေရာ စံဌာနေနှင့် မဝေးလှသောနေရာတွင် မားခစ် ဒီ မေဓါဝီဟု မောင်ဒေါနာမည်ပေးထားသော
ဈေး အနုံညတလေး တစ်ခုလည်းရှိပါ၏။
မောင်ဒေါအထက်က
ပြောခဲ့ဖူးသော ရှောပင်းမောလ်ကြီးမှ ပစ္စည်းများကို မားခစ်ဒီ မေဓါဝီမှာလဲ ရနိုင်တာတွေရှိပါ၏။
ထိုရနိုင်တာတွေကို နှိုင်းယှဉ်လျှင် ရှောပင်းမောလ်ကြီးက ဈေးကြီးနေသည်ကိုတွေ့ရပါ၏။
ဒါကြောင့်ပင်
ထိုသို့သော ရှောပင်မောလ်ရှင်များ၊ စူပါမတ်ကက်ရှင်းကြီးများကို ဈေးကွက် သုတေသနဆိုသည့် ကိစ္စများလုပ်ကြပါ၏လောဟု မောင်ဒေါသံသယတွေ အထွေးလိုက်ပါးမိပါ၏။။
“မင်းတို့ဆင်းရဲသား
ခြောက်ပြားတပဲတွေ အထွက် ဖွင့်တာမဟုတ်ဖူးကွ” ဟု အငေါ်တူးမည်ဆိုပါအံ့၊ ဆောရီးပါ၊။ ဆော်တီးပါ။
မောင်ဒေါကတော့
လူတွေအများစုကြီး တအုံးအုံး တရုန်းရုန်းနှင့် စောင့်ဝယ်၊ တန်းစီဝယ်ရသည့် မမောရသော မော်လ်ကြီးများဖြစ်စေလိုပါ၏။
သို့သော်လည်း ပေါ့လေ၊ အဲပေါ့လေ။
အမြတ်တွေ
အပြတ်ယူပြီးမှ ဒစ်စကောင့်ချရသည်ထက် လူသုံးကုန်စားသောက်ကုန်တွေ၊ လူတွေထံ ပျံ့နှံ့စေ၊
ရင်းနှီးသူတွေလဲ စီးပွားရေးလူကောင်းတွေ ဖြစ်စေချင်သည့် မောင်ဒေါ၏ ဆန္ဒကားမည်သည့် ကာလတွင်
ဖြစ်မည် မပြောတတ်သေး။
အဲဒီတော့
လောလောဆယ်မှာ လမ်းဘေးမှာ ဈေးချရောင်း၊ ဂိုဒေါင်ရောင်း ကလေးတွေနဲ့ပဲ ကျေနပ်ရမည်ဖြစ်ပါ၏။
ဟိုနေ့ကပဲ
မူလက ၃၅၀၀ဆိုသော ကိုရီးယားဖိနပ်တစ်ရံကို ၆၀၀ဖြင့် သိမ်ကြီးဈေး လမ်းဘေးမှ ၀ယ်ခဲ့ရပါ၏။
သာဓုခေါ်ကြပါကုန်။ မှတ်ချက် (တရုတ်လို ပြောနေကျ စိနကြီး၏ ဗမာစကားသံကို သူ့အသံအတိုင်းရေးထား
သည့်အတွက် ကသိကအောက် ဖြစ်ရပါမူ သည်းခံစေလို)
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment