Wednesday, January 23, 2013

ကွမ်းမရောင်းရ

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ကွမ်းမရောင်းရ
            ဒီဇင်ဘာလ နှစ်ဆယ့်တစ်ရက်နေ့က မောင်ဒေါ ဒူးရင်းသီးတွေ တ၀စား၏။ နောက်နေ့ကျတော့ ချမ်းသဖြင့် မနက်စောစော ရေမချိုးဖြစ်။ ဒီမှာ အပူကန်ပြီး မောင်ဒေါဖျား၏။ အသေအချာ ဖျားသည်တော့မဟုတ်၊ ဖျားတားတားကလေးဖြစ်ခြင်းသာဖြစ်၏။ မောင်ဒေါ၏ အမွှာဖြစ်သော ချစ်ဖူးးက မောင်ဒေါအား စပါယ်ရှယ် ကျန်းမာခြင်းလက်ချားတွေ ဒုတ္ထာတွေပေးတော့၏။ မာချင်လျှင် စွတ်မာပြီး ပျော့ချင်လျှင် စွတ်ပျော့သော မောင်ဒေါခေါင်းက ချစ်ဖူးကို ကရော်ကရော်လုပ်၏။
            သင်းက မောင်ဒေါကို ပေးသည့် လက်ချာထဲတွင် ရေမှန်မှန်ချိုးခြင်းအကြောင်း၊ ဖိုင်ဘာများသည့် အစားအသောက်တွေမြို ရမည့်အကြောင်း၊ ဓါတ်မတည့်သည့်ကိစ္စများကို ဝေရာမဏိရမည့်အကြောင်း၊ ဒါတွေပြောရင်း၊ ဆေးလိပ်မသောက်ရန်အကြောင်း၊ ကွမ်းမစားရန်အကြောင်း ယမကာ မမှီဝဲရန်အကြောင်း၊ ပဉ္စင်္ဂသီလတွေအကြောင်း၊ မောင်ဒေါ နားငြီးလောက်အောင် ချွေပြီးသကာလ လူ့အခွင့်အရေးအကြောင်း၊ တိရိစ္ဆာန်မှာပင် အခွင့်အရေးရှိကြောင်း၊  ဟိုဟာဒီဟာတွေပါဆက်၏။
            သင်းပြောတာငြိမ်သွားတော့မှ မောင်ဒေါ၏ စည်ပိုင်းတွင် ဘာကျန်ခဲ့သနည်း မောင်ဒေါတွေးဖြစ်၏။ အား…….လူ့အခွင့်အရေး၊ ဒီကိစ္စကြီးက မောင်ဒေါ၏ စည်ပိုင်းထဲတွင် ဒေါင်လိုက်၊ အလျားလိုက်၊ ကူးခတ်ကျန်ရစ်နေကမင့်ပဲ။
            ဒီ ပွင့်လင်းမြင်သာရမည် အဆိုရှိသော ခေတ်ကြီး၌ “လူ့အခွင့်အရေး”ကိုလည်း အတော်ကလေးရော အတော်ကြီးရော၊ အတော်လတ်ရော ပြောကြဆိုကြ၏။ လူ့အခွင့်အရေးသည် အရေးကြီးသော ကိစ္စတရပ်ဖြစ်သည်ကို ငြင်းဖွယ် မရှိရေးချ မရှိ၊ ပီဘိကောင်း၏။
            သို့သော် “လူ့အခွင့်အရေး”ဟု ကြွေးကြော်နေရခြင်းကိုယ်နှိုက်က လူ့အခွင့်အရေး မပြီးသေးကြောင်း၊ လူ့အခွင့်အရေးဆိုသည်ကို အသေအချာသိသူနည်းနေသေးကြောင်း၊ လူ့အခွင့်အရေးကြေညာစာတမ်းကို ဖတ်ဖူးသူ။ မြင်ဖူးသူ ရာနှုန်းနည်းသေးကြောင်း ညွှန်ပြနေသည်ဟု ခံစားမိပါ၏။ လွန်တာရှိက၊ ၀န်ဒါမိပါဗျ။
            ပမာဆောင်ပါမည်။ ကွမ်းကိစ္စ။ ကွမ်းတံထွေးမထွေးရ၊ ကွမ်းမစားရ၊ ကွမ်းမရောင်းရဆိုသော အာဏာဆန်ဆန် အမိန့်ဆန်ဆန် စာတမ်းများ၊
            “ကွမ်းတံထွေး” ကြောင့်ဖြစ်နိုင်သည့် ဆိုကျိုးများဧကန်ရှိပါ၏။ ဒီအတွက် “ကွမ်းတံထွေး”သည် သောက်ကျိုးနဲအရေးကြီးသည်ဟု ယူဆကြပြီး၊ နေရာတော်တော်များများ၌ “ကွမ်းတံထွေးမထွေးရ”ဟု အမိန့်ဒီဂရီများ ထုတ်ဆင့်ရေးသားထားကြပါ၏။ သို့သော် ထိုဆိုင်းဘုတ်အောက်၌ပင် ကွမ်းတံထွေးကွက်များနီရဲစွာရှိနေသည်ကို မြင်ဖူးလိမ့်မည်ထင်ပါ၏။
            အကယ်၍သာ “ကွမ်းတံထွေးကို အိတ်နှင့်ထွေးပါ”ဟု ရေးမည်ဆိုပါက ပို၍ သင့်တော်မည်မဟုတ်သလော၊ စဉ်းစား၊ ကွမ်းစားသူကို တံထွေးမြိုချ၊ မထွေးနဲ့ဟု ပြော၍မရနိုင်၊ စည်းကမ်း၊ ပြည်သူ့နီတိကို “စည်းရုံးရေး” သဏ္ဍာန်ဖြင့် လုပ်ရမည်ဟု မောင်ဒေါ သဘောပေါက်ပါ၏။ သောက်မြင်ကပ်ကပ်နှင့် ကွမ်းတံထွေး ပိုထွေးချင်လာအောင် မြူဆွယ်သော “ကွမ်းတံထွေးမထွေးရ”သည် မထိရောက်သည့်အပြင် “လူ့အခွင့်အရေး”ကို ခပ်ပျော့ပျော့ ဆီးတားခြင်းဟု ယူသော် မရကောာင်းသလော။
            ကွမ်းတံထွေးသည် ကွမ်းကလာသည်။ ထို့ကြောင့် “ကွမ်းမစားရ”ဟု ပညတ်တော်တွေကိုလဲ ဖတ်ရပြန်၏။ ကွမ်းစားတဲ့လူက “ကိုယ့်ဖာသာ ကွမ်းစားတာ အ၀ှာပြုလားကွ”ဟုဆိုသော် ပသို့ရှိမည်နည်း၊ ကွမ်းစားခြင်း၊ မစားခြင်းသည် လူတဦးစီ၏ ရွေးချယ်မှု အခွင့်အရေးသာဖြစ်ပါ၏။ “ကွမ်းစားလျှင် ကျန်းမာရေးထိခိုက်သည်”ဟုဆိုပါမူ ပို၍ ညင်သာသော စည်းရုံးနည်းတရပ်ဖြစ်မည် မောင်ဒေါထင်ပါ၏။ နောက်တစ်ချက်က သွားတွေမဲနေအောင် ကွမ်းစွဲနေသော ဆရာဝန်တစ်ယောက်၏ “ကွမ်းစားခြင်းဖြင့် ပါးစောင်ကင်ဆာ ဖြစ်တတ်သည်”ဟူသော ဟောပြောချက်ကို မောင်ဒေါကြားဖူးသဖြင့်  အူ အလိပ်လိပ် တက်လာအောင် ရယ်ချင် ပက်ကျိဖြစ်ဖူးပါ၏။
            နောက် တစ်ဆင့် တက်လာသော ပညတ်တော်ကား “ကွမ်းမရောင်းရ” ဟူသော စည်းကမ်းလိုလို ဘာလိုလိုဟာဖြစ်၏။ “ကွမ်းတံထွေး ထွေးကာ၊ ကွမ်းစားလို့၊ ကွမ်းစားတာ ကွမ်းရောင်းလို့”ဆိုသည့် ယုတ္တိဗေဒဆိုလား၊ အဲဒါကြီးနဲ့စဉ်းစားပြီး အလွယ်ပြောလိုက်တာ ဖြစ်ပုံရ၏။ ကွမ်းရောင်းနေသော လူထုမည်မျှရှိသည်။ ကွမ်းမရောင်းရလျှင် ဘာလုပ်စားရမည်……စသည် စသည်နက်နက်ရှိုင်းရှိုင်း စဉ်းစားလျှင်၊ ကွမ်းရောင်းခြင်းသည် လူ တစ်ကိုယ်စီ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်ဟု စဉ်းစားလျှင် “ကွမ်းမရောင်းရ” ဆိုသော အမိန့်သံ ထွက်ပေါ်လာစရာမရှိဟု မောင်ဒေါတွေးမိပါ၏။။
            “ဒီအ၀ိုင်းက ရှိနေတုံးလားကွ” ဟု တစ်ခွန်းသာ ပြောရုံရှိသေး၊ ဘူဒိုဇာဖြင့် ထိုးညှိခံလိုက်ရသော ကမာရွတ် အ၀ိုင်းကြီးကိစ္စ၊ ကားတွေမှာ စတစ်ကာ မကပ်ရဆိုသောကိစ္စ၊  စက်ဘီး ဆင်းတွန်းပါဆိုသောကိစ္စ၊ ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုသောကိစ္စ၊ ခြံစည်းရိုးမှန် သမျှ ထုံးသုတ်ရမည်ဟူသောကိစ္စ။ ယခုအခါ အရွက်မရှိတော့ပြီဖြစ်သော အရိုးပြိုင်းပြိုင်း ကြက်ဆူပင်တွေကိစ္စ။ ကိစ္စ……ကိစ္စ……ကိစ္စ၊ ပြောရရင်  အများကြီးပ။
            ထိုသို့သော ကိစ္စများမြောင်တွေကို “ကွမ်းမရောင်းရ” ဥပဒေသများနှင့် ယှဉ်ပြီး စဉ်းစားတတ်မည်ဆိုသော် မောင်ဒေါတို့ကျယ်ကျယ်လောင်လောင် ကြားနေရသော “လူ့အခွင့်အရေး”ဆိုတာနှင့် ဆက်စပ်နေသည်ကို တွေ့ရလိမ့်မည်ဟု မောင်ဒေါယုံကြည်မိပါ၏။
            “လူအခွင့်အရေး”ဟုဆိုလျှင် အများစုကို အနည်းစုက နာခံ၊ အနည်းစုကို အများစုက အသိအမှတ်ပြု ဆိုသည့် ကမ္ဘာမှာ ပျောက်ဆုံးနေသော စည်း စံများကိုလည်း ထည့်သွင်းစဉ်းစားတတ်ဖို့လိုကြောင်း မောင်ဒေါဆို လိုရင်းဖြစ်ပါ၏။
            မောင်ဒေါ၏ ဦးနှောက်ကား ချွတ်တားကလေးမျှသာ ဖြစ်သဖြင့် “ချွတ်တား အတွေးပဲကွာ၊ ဘာဂရုစိုက်စရာမှတ်လို့”ဟု မိမိ၏ ဧရာမ လူ့အခွင့်အရေးအား အသုံးချကာ နေသာသလို နေမည်ဆိုလည်း ရှိစေတော့ဟုသာ ဆိုရန်ရှိပါ၏။
            တဆက်တည်းမှာပင် မောင်ဒေါတွေးနေမိပြန်ပါ၏။ မောင်ဒေါအားချာတိတ်တစ်ယောက်က “လစ်ဘရယ်ဒီမိုကရေစီ”ကို ဘယ်လိုမြင်သလဲဟု မေးဖူးတာကိုပါ။ မောင်ဒေါက “လစ်ဘရယ်ဒီမိုကရေစီဆိုတာ လမ်းဆုံးတော့မဟုတ်သေးဘူး”ဟု ပြောခဲ့ဖူး၏။ ချာတိတ်က ဘ၀င်ကျလေသလော၊ မကျလေသလောတော့ မောင်ဒေါမပြောတတ်။  မောင်ဒေါစိတ်ထဲက ပေါ်သည့်အတိုင်း၊ တွေးမိသည့်အတိုင်း ပြောလိုက်ခြင်းသာဖြစ်၏။ မောင်ဒေါ၏ ပြောခွင့်ဟုလည်း ယုံကြည်ယူဆ၏။ သို့သော်……
            အသွင်ပြောင်း ပဏ္ဍိတ်ကြီးများ၊ ပုရွတ်ဆိတ်ထဲမှာ ထွက်လာသော ဂုရုကြီးများ “ငါပစ်တာကွ”ဟု လက်မတထောင်ထောင် ဆူးတောင်ကားကြကုန်သည့် သူရဲကောင်းကြီးများ  စသည်တို့က မျက်မှောက် ကြုတ်ကောင်း ကြုတ်သွားဖွယ်ရာရှိပါ၏။
            မောင်ဒေါကတော့ “ကွမ်းမရောင်းရ” ဆိုခြင်းကို ဘယ်လိုမှ သဘောမတူပါ။ တစ်ခုပြောနိုင်ပါသေး၏။ မောင်ဒေါကွမ်းမစားပါ။ ကွမ်းမကြိုက်ပါ။
မှတ်ချက်။            ။ ဝေဖန်ခြင်းသည် ပြုပြင်ပေးခြင်းဖြစ်သည်ဟု မောင်ဒေါယူဆပါ၏။ ထို့ကြောင့် မောင်ဒေါအား ဝေဖန်မည်ဆိုကာ ကောင်းစွာလက်ခံရန် အဆင်သင့်ရှိပါ၏။။ အပြစ်ပြောရုံသက်သက်၊ ဆဲရုံသက်သက်မျှသော တုံ့ပြန်မှုများကိုမူ ၀မ်းနည်းပါသည်ဟု ပဲပြောပါရစေ။ ဝေဖန်လိုကမူ ဤဂျာနယ်မှ တဆင့် ဝေဖန်နိုင်ကြောင်း ဘိတ်မန္တက ပြုလိုက်ပါကြောင်း။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)ျ

No comments:

Post a Comment