Friday, November 30, 2012

ရေကူးကြရတော့

-->
ကိုကိုးကျွန်း ဋီကာ
ရေကူးကြရတော့
                   အမေရိကားရောက်နေတဲ့ “ကလေးမလေး” တယောက်က “ကိုကိုးကျွန်းမှာဖြစ်ခဲ့တဲ့ ဆန္ဒပြတိုက်ပွဲ တွေ၊  အလောင်းလုပွဲတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လွတ်မြောက်မှုကြိုးပမ်းတာတွေ၊ ဖောင်ကလေးတစ်ဖောင်နဲ့ ပင်လယ် ဖြတ်ပြီး ဌာန ပြန်ဖို့လုပ်ခဲ့ကြတာတွေ” စသဖြင့်ကို အင်တာနက်ထဲမှာ ဖတ်ရပြီး၊ “ ဒါတွေဟာဒဏ္ဍာရီတွေ၊ ယုံတမ်း ပုံပြင်”တွေပါလို့ လူသိရှင်ကြားပြန်ရေးတာ သိလိုက်ရပါတယ်။ သနားစရာကောင်းလိုက်ပါဘိတော့ ကလေးရယ်လို့ပဲ ကျနော် ရေရွတ်လိုက် မိပါတယ်။ ကိုယ်မသိသေးတာကို ‘သိ’အောင် ကြိုးစားပြီးမှ ပြောရင် မင်္ဂလာရှိလိုက်မဲ့ဖြစ်ခြင်း၊ မက်ဒေါ်နယ်ဟမ်ဘာဂါ ကလေးစား၊ မုန့်ဖိုးရတဲ့ ဒေါ်လာလေးနဲ့ “ပါပီလွန်” ရုပ်ရှင်လောက်ကို မျက်လုံးအ၀ိုင်းသား နဲ့ကြည့်၊ ဗမာပြည် အိတ်စပတ် ဆိုသူတွေရေးတဲ့ ဗမာ့နိုင်ငံရေးအကြောင်းတွေကို “သမ္မာ့ကျမ်းစာ”လို့ဖတ်၊ ယေးလ်တက္ကသိုလ်မှာ တက်ပြီး စီအိုင်အေ ထောက်ခံချက်နဲ့ရတဲ့ ပီအိပ်ခ်ျဒီကို ဧရာမပညာ ရှိဘွဲ့ကြီးလို့ ထင်။ `ကိုယ့်နိုင်ငံမှာ တကယ်ဖြစ်တကယ်ရှိခဲ့တာတွေကို အထင်သေးအမြင်သေးနဲ့ ရေးနေတာဆိုရင်တော့ . . . ကျွတ် . . . ကျွတ် . . . ကျွတ်လို့ စုတ်သပ်ရုံမှတပါး . . . . ထားတော့’
                   အကျဉ်းထောင်ဆိုတာ နိဗ္ဗာန်ဘုံ မဟုတ်တာသေချာတယ်။ အ၀ီစိဘုံအထိ ဖြစ်တယ်မဖြစ်ဖူးကတော့ ကာလတစ်ရပ်မှာတည်ရှိနေတဲ့အစိုးရတစ်ရပ်ရဲ့ သတ်မှတ်ပြဌာန်းမှုပေါ် မူတည်နေတယ်လို့ ကျနော်ယူဆပါတယ်။ နံရံလေးဘက်ပိတ်အတွင်းမှာ ခပ်ပျော့ပျော့သော်၎င်း ခပ်ပြင်းပြင်းသော်၎င်း ဖိနှိပ်ခြင်းဟာ ထောင်ရဲ့ သဘာဝပါပဲ။ ဒီတော့ အကျဉ်းထောင်မှာ “ဖိနှိပ်သူ”ရှိတယ် “ဖိနှိပ်ခံ”ရှိတယ်။ ပဋိပက္ခနဲ့ တိုက်ပွဲအပျော့အပြင်းတွေလဲ ရှိနေတာနိယာ မပါပဲ။ ဖိနှိပ်သူဘက်ကလည်း ဘယ်လို ဖိနှိပ်ရပါ့မလဲ ဆိုတဲ့ နည်းပရိယာယ်တွေ ကြံဆနေရသလို ဖိနှိပ်ခံ ဘက်က လည်း ဘယ်လိုတွန်းလှန်ရပါ့မလဲဆိုတဲ့နည်း ပရိယာယ်တွေကို ရှာဖွေနေရတာဟာ ‘အကျဉ်း’ ရဲ့ သဘောပါပဲ။ တစ်ခါ တစ်ခါမှာ ဖိနှိပ်မှုအား ပြင်းပြင်းတွေပေးသလို တစ်ခါတစ်ရံမှာတော့လည်း ‘ချော့’ တတ်တာတွေရှိပါတယ်။ “လျှော့” တတ်တာတွေရှိပါတယ်။
                   အင်းစိန်ထောင်နဲ့ မန္တလေးထောင်မှာ ရိုက်ပွဲနှက်ပွဲတွေနဲ့ “ချိုး” ပြီး ဖိနှိပ်အား ပြင်းပြင်းပေးလိုက်ပြီး တဲ့နောက် ကိုကိုးကျွန်းမှာကျတော့ ‘ပါးစပ်ထဲကဖြစ်နေတဲ့ ထောင်စည်းကမ်း’ တွေဟာ အခြေအနေပေးအရကို လျော့ ကျလာပါတယ်။
                   အုတ်နံရံအမြင့်ကြီးကာ ထားတဲ့ထောင်ထဲမှာ၊ တစ်ဖက်ခန်းနဲ့ တစ်ဖက်ခန်း စကား မပြောရ၊ သီချင်း မဆိုရ၊ လေမချွန်ရ ‘လေတောင်ကျယ်ကျယ်မလည်ရ’ လို့ ပြောရမလောက်အထိ “ကြပ်”ပါတယ်။ အဲ့ဒီ “စည်းကမ်း” ဆိုတာတွေ မလိုက်နာရင်၊ ချိုးဖောက်ရင် “တိုက်” ထဲမှာ တိုက်ထပ်ပိတ်ပါတယ်။ ဘယ်လိုမှ စားမရတဲ့ ဂုံနီအိတ်အမွှေး တွေရောနေတဲ့ လုံးတီး ထမင်းနဲ့ ငါးပိ အစိမ်းတကော်ပေးပြီး ထမင်းဖြူဖြတ်ပါတယ်။
                   “ကော်စားတိုက်ပိတ်” ခေါ်တဲ့ ခွေးစာလို ထမင်းအစေ့ပျောက်ကော်ကို မသေရုံကြွေးပြီး တိုက်ပိတ်ပါ တယ်။ တချို့ဆိုရင် ရက်ပိုင်းနဲ့ ရေဖြတ်ပါတယ်။ ရေဖြတ်ခံရလို့ ကိုယ် “ဆီး”ကိုယ် ပြန်သောက်ခဲ့ရဖူးတဲ့ လူတွေရှိခဲ့ပါ တယ်။ မယုံနိုင်စဖွယ် အံ့သြစရာ “စိတ်ဓာတ်စစ်ဆင်ရိုက်ချိုးရေး”တွေပါ။
                   အဲဒါတွေကို တပ်ထဲက ရိုးရိုးအရာရှိကြီးတွေတောင် မသိကြပါဘူး။ ဒါက အဲဒီအချိန်မှာ အာဏာ အထွဋ်အထိပ် ရယူပိုင်ဆိုင်ထားသူက အထူးလေ့ကျင့်ပေးထားသူ ပုဂ္ဂိုလ်တချို့သာ သိရှိ ကိုင်တွယ်ခဲ့ကြပါတယ်။ သင်ခန်းစာယူဖို့ ကောင်းတာကတော့ အဲဒီ “တချို့တွေဟာလဲ အချိန်တစ်ချိန် အသုံးခံပြီးရင် ဖယ်ရှားခံလိုက်ရတာပါ။ ဥပမာ မျူးချုပ်တင်ဦး (မျက်မှန်ကြီးလို့ လူသိများပါတယ်)ဆိုရင် အထင်ရှားဆုံး သာဓကပါပဲ။ တော်တော်များများသော ထိုပုဂ္ဂိုလ်များလဲ ကွယ်လွန်ကုန်ကျပါပြီ။ ကျနော် ဒီမှာ ပြောချင်တာက အတိတ်ကာလရဲ့ သင်ခန်းစာတွေကို အသေအချာ သုတေသနပြု ရှာဖွေ၊ အသေအချာ သိရှိပြီး အသေအချာကို ပြုပြင်နိုင်ကြဖို့ပါပဲ။
                   အစောတုံးက ပြောခဲ့သလို ထောင်တွင်းက စည်းကမ်းတွေဟာ “ကျွန်း” မှာကျတော့ နေရာထိုင်းခင်း သဘောအရရော၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေအရရော၊ အချိန်သဘောအရရော “ရွေ့” ကုန်ပါတယ်။ အထူးရဲဘက် တွေအဖြစ်ပို့လိုက်တဲ့ “လူလတ်တန်းစားအများစု” နိုင်ငံရေးအကျဉ်းသားတွေကို ထိမ်းချုပ်လို့ မရတာတွေ ရှိလာပါ တယ်။ အဲဒီ အခြေအနေကို ထောင်မှူးတစ်ယောက်က နရသိန် မဂ္ဂဇင်းမှာ “သူ့အမြင်နဲ့သူ” သစ္စာတရားတွေအဖြစ် ယူဆပြီး အချက်အလက်အမှားတချို့နဲ့ ရေးဖူးလို့ ကျနော် ဖတ်ဖြစ်လိုက်ပြီး ပြုံးမိရပါသေးတယ်။
                   မူလက အပြင်မထွက်ရဖူးဆိုပေမယ့် သံဆူးကြိုး ၂ ထပ်ဟာ သိပ်ကြာကြာ မခံပါဘူး၊ အဲဒီပွင့်သွားတဲ့ အပေါက်ကနေ ကမ်းခြေဆင်းပြီး ရေကူးကြတာတွေရှိလာပါတယ်။ ခရုရှာ၊ ငါးရှာ၊ ဂဏန်းရှာလုပ်ကြပါတယ်။ အသားဗူး၊ ဟင်းရွက်ဗူးတွေကတော့ ကြာလာတော့ အလုပ်မဖြစ်ပါဖူး။ ထူးခြားတာက “သေကောင်ပေါင်းလဲ အသားဝါရောဂါ”နဲ့ ဆက်စပ်မှုရှိတယ်လို့ ဆရာဝန်ကိုယ်တိုင်က ပြောလာပြီး၊ ရဲနီတယောက်လဲ အဲဒီရောဂါနဲ့ ဆုံးပါးသွားတာပါပဲ။ အဲဒီ ရဲနီရဲ့ “ခန္ဓာကိုယ်ကြွင်း”ကို ပြည်မ ပြန်ပို့ ပေးဖို့ တောင်းဆိုကြပါတယ်။ မပို့ပေးပါဖူး။ အဲဒီကျွန်းပေါ်မှာပဲမြှုပ်ဖို့ဆိုပြီး ထောင်ဝါဒါအုပ်ကို အရက်တိုက်၊ အလုပ်ခိုင်းပါတယ်။ “အဲဒီတလားကြီးကို ဟိုဘက်ဒီဘက် လက်ချည်းပဲလုကြတာ နေ့ဝက်လောက်ကြာခဲ့ပါတယ်။ နောက်ဆုံးတော့ ၀ါဒါတွေရသွားပြီး တော်ရာမှာ မြှုပ်လိုက်ကြပါတယ်။ ကဲဒီလို အဖြစ်မျိုး ကမ္ဘာပေါ်က မည်သည့် အကျဉ်းစခန်းမှာ ရှိခဲ့ဖူးပါသလဲ။ ရှိခဲ့ဖူးတယ်ဆိုရင်တောင် ထပ်တူထပ်မျှ မတူတာ ကတော့ သေချာပါတယ်။ အဲဒီတိုက်ပွဲကို “ အလောင်းလု တိုက်ပွဲ”လို့ အကျဉ်းစံအားလုံး သိကြသလို၊ တာဝန်ရှိသူ တွေအားလုံးလည်း သိခဲ့တာပါ။
                   စခန်းအပြင်ထွက်၊ ကမ်းနားကျောက်ဆောင်တွေတ၀ိုက်နဲ့ သောင်ပြန့်ခုံတွေမှာ ငါးရှာ၊ ခရုရှာကြ၊ ရေကူးကြ လုပ်ရင်း မန္တလေးက ကိုထွန်းရှိန် ရေနစ် သေဆုံးခဲ့ရပါတယ်။ ရဲဘော်အောင်ငြိမ်း (အတိုလေး)နဲ့ ရဲဘော်မောင်မောင်တင် (သာကေတ)တို့ဟာ လျှပ်စစ်ဓာတ်အားရှိတယ်လို့အဆိုရှိတဲ့ ငါးကလေးတွေထိပြီး သတိမေ့ သွားတာမို့ နှာနှပ်ယူခဲ့ရပါတယ်။ ခရုဆင်းကောက်ရင်း သောင်ပြန့်ပေါ် ရေကူးမိတဲ့ကျနော်လဲ ချောက်ထဲကျပြီး ရေနစ်ဖူးပါတယ်။ ရဲဘော်ရွှေကျော်အောင်ဆိုတဲ့ ရေကူးဖျံကြီး ကယ်ပေလို့ မသေတာပါ။ ရေးနေရင်းက သတိရလိုက် မိပါသေးတော့ ဖျံကြီးရေ။ ဒါကလည်း ကျနော့်ဘ၀မှာ အမှတ်တရ တစ်ခုပါ။ ပင်လယ်ရေကို မြင်တိုင်း ကိုယ်ရေနစ်ဖူးတဲ့ ကိစ္စနဲ့ ဖျံကြီးကိုအမှတ်ရ နေမိတာပါ။
                   ကျွန်းကိုရောက်မှပဲ ကျနော် အပါအ၀င်ရဲဘော် တော်တော်များများ ရေကူးတတ် သွားကြပါတယ်။ ကျနော်က အားလုံးထဲမှာ အညံ့ဆုံးပါ။ လေးပေခွဲထက် အနက်မှာ မကူးရဲခဲ့ပါဘူး။ ရေနက်တာကို ကြောက်တာပါ။ တချို့ရဲဘော်တွေကတော့ အတော်ကို ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်သွား ကြပါတယ်။ ရဲဘော်တင်အောင် (ခေါင်းဖြူ) ဆိုရင် တနာရီလောက်ကို မနားတမ်း ကူးနိုင်သွားပါတယ်။ ကူးတဲ့ပုံစံက “ အော်စတေလျံခရောလ်”ဆိုတဲ့ မျက်နှာကို မှောက်ချည် ဖော်ချည်ကူးနည်းပါ။ ဒီပုံစံကို ရန်ကုန်မှာတုန်းက ရေကူးသင်တန်း စနစ်တကျ တက်ထားဖူးတဲ့ ရဲဘော်ဌေးအောင် (ကယ်ဘီ)က သင်ပေးတာဖြစ်ပါတယ်။ ကျနော်ကတော့ သင်တန်းဆရာရဲ ‘ခရောလ်’ကို ဘယ်လိုမှ ကူးမရခဲ့ပါဖူး အသက်မရှူတတ်လို့ပါပဲ။ ဒီတော့လည်း ခွေးကူးပဲပေါ့။
                   ရဲဘော် ရွှေကျော်အောင်က ရခိုင်အမျိုးသားပါ။ သူကူးတာလဲ ‘ခွေးကူး’ပါပဲ၊ ဒါပေမယ့် အတော်မြန် ပါတယ်။ အခွင့်သင့်တိုင်း ကျနော်ကို အုန်းပင်တက်ပြီး အုန်းသီးခူးကျွေးလေ့ရှိသလို ရေကူးလည်း ကြုံတိုင်း သင်ပေးပါ တယ်။ ဒါပေမယ့် ကျနော်ကတော့ သူလိုချင်တဲ့ ပုံစံမရခဲ့ပါဘူး။
                   နောက်ပင်လယ်ရေဟာ ပေါ့တာမို့ ပက်လက်မျှောလို့ ကိုယ်ဖာ့ လို့ရပါတယ်။ ကျနော့ရဲ့ “နည်းပြ ဆရာ”တွေက အဲဒီပုံသဏ္ဍာန်ကိုလည်း လုပ်ပြပြီး လေ့ကျင့်ခိုင်းပါတယ်။ ကျနော် လိုက်လုပ်ကြည့်တဲ့အခါ သူတို့ လိုအ ကြာကြီး ‘ဖော့’နေလို့မရခဲ့ဖူး။ သည်တော့ ရေလေးပေခွဲအနက် သောင်ပြင်သည်သာ ကျနော့်အတွက် ရေချိုးရာ ဖြစ်ခဲ့ ပါတယ်။ ကျနော်က ကိုယ်ဖော့ပြီး ကို့ယိုးကားယား ဖြစ်နေတာ၊ ခွေးကူး ကူးရင် လက်နဲ့ခြေ­­ထောက် တပြိုင်နက်ထဲ မလှုပ်တတ်တာ ကိုကြည့်ပြီး တဟဲဟဲရယ်နေတတ်တဲ့ ရဲဘော်ရွှေကျော်အောင်ရဲ့ ပုံသဏ္ဍာန်ကို အခွင့်ကြုံတိုင်း သတိရနေမိပါတယ်။
                   ပြောရရင်တော့ဒါလဲ ကိုကိုးကျွန်းက အမှတ်တရတွေထဲမှာ တစ်ခုပါပဲ။
မြင့်ဦးသစ်

မျက်ခွက်ဘုတ်အုပ်

-->

 

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
မျက်ခွက်ဘုတ်အုပ်
          “ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြသည်” ဟူသော ကြော်ငြာကို စာရေးဆရာကြီး သိန်းဖေမြင့်က ဗိုလ်လကျာ်၏ ငါးဖမ်းကုမ္ပဏီအတွက် ရေးပေးဖူး၏။ ထိုကြော်ငြာကြောင့် ပင်လယ်ငါးနှင့် ငါးထွက်ပစ္စည်းများ အတော်ရောင်းကောင်းခဲ့ဖူးကြောင်း မောင်ဒေါ မှတ်သားခဲ့ရဖူးပါ၏။ မြစ်ဝကျွန်းပေါ်သား မောင်ဒေါကား ခေတ်မမီဖူးလို့ဘဲဆိုချင်ဆို။ အဲဒီတုံးက ပင်လယ်ငါးမစားဖူးခဲ့။ သို့သော် “ကံကြမ္မာဂြိုလ်စီး၍ ကိုယ်အ၀ှာကိုယ်မြွေထင်”ရသော ခေတ်ကြပ်ကြီးထဲရောက်သောအခါ ရေချိုတွေ ရေငံတွေ ရွေးမနေအားတော့ပဲ၊ ချက်ကြွေးတာ အုပ်ရပါတော့၏။ ဟုတ်ကဲ့……ဈေးချိုသော ပင်လယ်ငါးကို စားရသည်ပဲဟု ဂျီးမထူးအားသောအခါ မြိုတိုင်းဝင်ပါ၏။ အင်း….. ရှည်သွားပါဦးမည်။ ပြောလိုတာက ”ခေတ်မီသူတိုင်း ပင်လယ်ငါးစားကြရသလို” ယခုလည်း မောင်ဒေါကြုံနေရပြန်ပါ၏။
            အိုင်တီခေတ်၊ အင်တာနက်၊ ၀က်ဘ်ဆိုက်၊ ဒဗလျူ ၃ ကြိမ်၊ အိပ်တီတီပီဘာညာကွိကွတွေ အတော်ညံစီလာသော ဤဒွန္နယာကြီးတွင် အဲဒါတွေ မသိလျှင် ခေတ်မမီ။ ကွန်ပုတာ(အဲလေ) ကွန်ပြူတာကလေးမှ နားမလည်လျှင် လက်ပဒေါဆိုလား လက်ပတော့ဆိုလား အဲဒါကလေးကိုမှ မထိဖူးလျှင် ခေတ်မမီဟု ပြောကြဆိုကြ ရွတ်ကြဖတ်ကြသဖြင့် အမြဲတမ်း အိပ်ရာထ နောက်ကျလေ့ရှိသော ဤဖေကိုယ် မောင်ဒေါသည်လဲ ပြောခဲ့တာကြီးတွေနဲ့ မစိမ်းအောင်ကြိုးစားရပါ၏။
            ဂူးဂဲဆိုသော ကလေးချွဲကြပ်သံနှင့် ယာကူးဆိုသော လေပူမှုတ်သံ၊ ယူကျူဆိုသော ကျောက်ဒိုးကစားဝိုင်းကအသံ၊ စကိုက်တို့ ဗွီဇက်အိုတို့စသော ရှုတ်ရှုတ်ထွေးထွေး လုပ်ရသည့်ဟာတွေ၊ စသည်စသည်တို့ကို မောင်ဒေါ၏ မျိုးဆက်များ အကူအညီနှင့် နားရည်ဝအောင်အတော်ကြိုးစားရပါ၏။ “အပုကျိနံမယ်နဲ့ ဖေ့စဘုတ်မှာ အကောင့်တခုဖွင့်လိုက်မယ်” ဟု ချွေးမတော်မျက်ပြဲ၊ ထညက်ခဲကဆိုလေသော်၊ အလွန်ခေတ်မီချင်လှသော ခပ်ပျင်းတင်းတင်း မောင်ဒေါကလဲ “ရက်စ်” လုပ်လိုက်ပါ၏။
            မောင်ဒေါတစ်ယောက်ဖေ့စ်ဘုတ်တွင်ရှိနေပြီ၊ စကြာဝဠာအနှံသိစေသတည်းဟု ကျေညာပြီးသည်၏နောက်၊ မောင်ဒေါ၏ စည်ပိုင်းအတွေး ရှေ့နောက်မှောက်လှန် အတွေးများ ပေါ်လာပါ၏။ ဘာသာပြန်ကြည့်လိုစိတ်များ တဖတ်ဖတ်ပေါ်လာပါ၏။ လွယ်ပါ၏ ခင်ဗျား၊ ထင်ရာမြင်ရာကို ဘာသာပြန်ရာတွင် ပါရဂူမြောက်လှပြီးသော ဤဖေကိုယ် မောင်ဒေါ ဘာသာပြန်လိုက်ပါ၏။ ၀က်ဘ်ဆိုက်ကို “ပင့်ကူအိမ်နေရာ” ဟူ၍၎င်း အင်တာနက်ကို “အပြန်အလှန်ပိုက်” ဟူ၍၎င်း ဖေ့စ်ဘုတ်ကို “မျက်ခွက်ဘုတ်အုပ်” ဟူ၍၎င်း ဗမာမှုပြုလိုက်ပါ၏။ သင် မကြေနပ်ပါသလော။ “ပင့်ကူအိမ်နေရာ” တည်ရှိသည့် “အပြန်အလှန်ပိုက်”ထဲက “မျက်ခွက်ဘုတ်အုပ်”မှနေ၍ “ဆူ၊ဆဲ၊ဆော်” ဟူသော “ဆဲ” ကိစ္စလုပ်ကြကုန်။
            ဦးလေး ကျုံမငေးကြီး (သခင် တင်မောင်) ပြောဖူးတာ သတိရမိပါ၏။
            “ရေကျော်ဝတ်ကျောင်းကြီးဆိုတာ သူတော်စင်တွေ တွေ့ဆုံရာ၊ ၀တ်ပြုရာနေရာဘဲဗျ၊ ဒါပေမဲ့ သူတော်စင်တွေ မရှိတဲ့၊ မလာတဲ့အခါမျိုးမှာ ခွေးလေခွေးလွင့်တွေတက်အိပ်တဲ့နေရာလည်း ဖြစ်နေတတ်တယ်” ဟု ပင်ဖြစ်ပါ၏။
            အခုလည်းဤ “မျက်ခွက်ဘုတ်အုပ်” ကြီးကို မောင်ဒေါဤသို့ပင်မြင်လာမိ၏။ မီဒီယာဆိုလား မီတီယားတယ်ဆိုလား အဲသည်ကြားခံပစ္စည်းသည် လူတွေဆက်ဆံရေးပိုမိုကောင်းမွန်လာအောင်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့်ကိစ္စဟု မောင်ဒေါ သဘောပေါက်ပါ၏။ လူလိုသိတတ်သော ကျင့်ဝတ်များကိုလည်း စောင့်စည်းထိန်းကျောင်းရမည်ဟု ယူဆပါ၏။
            သို့သော် သို့သော် သို့သော် ပေါ့လေ၊ အနှီ “မျက်ခွက်ဘုတ်အုပ်” မီဒီယာကြီးကတော့ ရေကျော်ဝတ်ကျောင်းကြီးသဖွယ်ဖြစ် နေတာတွေ့ရပါ၏။ ခွေးလေ ခွေးလွင့်များ လွတ်လပ်စွာ အညစ်အကြေးစွန့်ရာ၊ လွတ်လပ်စွာ မိတ်လိုက်ရာ၊ လွတ်လပ်စွာ ဟောင်ကြ အူကြရာ ဖြစ်နေသည်ကို စိတ်ညစ်ညူးစဖွယ်တွေ့ရပါ၏။
            အိမ်သာနံရံတွင် ဂရာဖစ်တီစာများ၊ အရုပ်များ၊ ကန့်ကွက်ရှုံချအလိုမရှိသံများကို ရေးသားလေ့ရှိသော ဖါခေါင်းလူထွက်များက လည်း လက်ကမြင်းကြသည်ကို တွေ့ရှိနေရပါ၏။
            “မကောင်းဖူးဆိုတာတွေ မကြည့်နဲ့ပေါ့၊ ပိတ်ထားလိုက်ရင်ပြီးတာပဲ” ဟု ငေါ်တူးသံ လျှာဇောင်းခုတ်သံပေးမည်ဆိုလဲ ပေးနိုင်ပါ၏။ ခက်သည်က ကိုယ်က မကြည့်ချင်ဘဲလျက် ကိုယ်ခြံထဲရောက်ရောက်လာသည့် တောက်တိုမယ်ရ မှတ်ချက်တွေ၊ စပဲန်တွေ (ဘယ်လို ဘာသာပြန်ရမယ်ဆိုတာ မောင်ဒေါစဉ်းစားနေဆဲပါ) ပြဿနာဖြစ်ပါ၏။
            “မရှိမကောင်း၊ ရှိမကောင်းနှင့်၊ မပေါင်းလည်းခက်၊ ပေါင်းလည်းခက်၏” ဟု ဖွဲ့ညွှန့်ဆိုခဲ့ရဖူးသည့်စာပိုဒ်လိုပါပဲ။ မျက်ခွက်ဘုတ်အုပ်ကြောင့်သိရ၊ မှတ်ရ၊ မြင်ရ၊ တွေ့ရတာတွေအတွက်၎င်း၊ သိဖို့မလို၊ မှတ်ဖို့မလို၊ မြင်ဖို့မလို၊ တွေ့ဖို့မလိုတာတွေ အားလုံးအတွက် ရွှေလက်တော် ဆော့ကြကုန်သည့် ဘွတ်ထီး ဘွတ်မ အားလုံးကို တဖက်ကလည်း “ငှဲ…ငှဲ…..ကျေနပ်ပါတယ်”လို့ပင် ပြောလိုပါ၏။ (အဲသလို မပြောရင်လဲ မောင်ဒေါတို့ လေကျည်ဆန်ရာ ဗလပွနဲ့ ဖြစ်နေမှာကို အထူးပင်စိုးရိမ်မိသကိုးဗျ)
            ကဲ….ကဲ….အခုတော့ ဟိုငနဲတွေလိုပဲ ကွဲလိုက်၊ စေ့လိုက်၊ ဟန်ကလေးပေးလိုက်လုပ်ရအောင်ပါ။ ဘွာတေးနော၊ အခုစေ့သွားပြီ၊ မောင်ဒေါရဲ့ မျက်ခွက်ဘုတ်အုပ် ဒေါ့ကွန်းထဲကိုလာခဲ့ပါ။ လာအပ်ပါ။ လက်ခံပါမည်ဟုပဲ ပြောလိုပါ၏။ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းပြောရသည်မှ အလွန်အရဿရှိသည်ဟု မောင်ဒေါကြားဖူး၏။ ဒီအတွက် မောင်ဒေါလည်းအရဿရှိသော အလုပ်တွေကို လုပ်ပါအံ့၊ အရဿရှိစွာ ခံစားပေးကြကုန်ဟုလည်း လူပြန်တော် ပတ္တမြားအသံနှင့် ဟစ်ကြွေးလိုက်ပါ၏။
            သည်နေရာမှာ မောင်ဒေါစည်ပိုင်းထဲ ဖြဲကနဲဝင်ရောက်လာသည်ကာ “အက်သစ်က်ဆ်” အကြောင်းဖြစ်ပါ၏။ လူ့ကျင့်ဝတ်ဟု ဆိုသော် ရကောင်းပါ၏။ တိုက်ဆိုင်လာသည်ကသည်လိုပါ။
            အခုတလော မီဒီယာဖရီးဒမ်းကိုအော့ဘ်ဆတ်ဗ် လုပ်ခွင့်ရပြီးပိုပို စပီးဒီး ဖြစ်လာဟန်ရှိရကား ဖေ့ဘုတ် (မျက်ခွက်ဘုတ်အုပ်) တွင် ရှဲ လုပ်လာကြသည့် ပါဆင်နယ်ဖီးလင်း တွေနဲ့ ပီယားဆင်း ဖြစ်လွန်းတဲ့ ဆတိတ်မင့် တွေအကြောင်းကို အိုင် မောင်ဒေါ “ဖီး” ဖြစ်ပြီး “ဘလတ်က် အောက်” လုပ်ချင်လာပါ၏။ အမလေးလေး မောလိုက်တာ ဒက်ဂလိတ်နဲ့ ဘားမီးစ်နဲ့ မစ်က်စ် လုပ်ပြီးပြောရတာ။ ဟင်းအင်း၊ အဲသလိုကလေးပြောမှ……ဘာတဲ့…..“အင် ထဲလ်လက်ခ်ချူယယ်” ဖြစ်တယ်ဆိုလား၊ မောင်ဒေါလည်း နည်းနည်းတော့ပေါ့လေ…..အော့ ပေါ့လေ…..  အင်ထဲလ်လက်ခ် ချူယယ်လို့ အထင်ခံရ မနည်ဖူးဆိုပြီး စဉ်းစားလိုက်မိလို့ပါနော…..ဘွာ….။
            ပြန်ကောက်ရရင် အဲဒီမျက်ခွက် စာအုတ်ထဲရောက်လာတဲ့ အချို့ဟာတွေက မီဒီယာကျင့်ဝတ်ပျောက်နေတာ မောင်ဒေါခံစားမိ လို့ပါ။
            တစ်ပါးသူရဲ့ အိမ်ခေါင်မိုးပေါ်က နှင်းတွေဖုံးနေတာပဲမြင်ပြီး ကိုယ့်အိမ် ဖိနပ်ချွတ်မှာ ဖိနှပ်စုတ်တွေ ရှုပ်နေတာမမြင်တဲ့ လူမျိုးတွေ၊ သူများ မျက်ချေးပဲမြင်ပြီး ကိုယ့်လုံးကွင်း လျှောနေတာ မမြင်တဲ့ လူမျိုးတွေဆိုပြီး မောင်ဒေါတို့ တကောင်း အဘိရာဇသာကီ ယနွယ်ဝင်တွေကို အထင်သေး အမြင်သေးတာခံရမှာ မောင်ဒေါ မခံချင်လွန်းလို့ပါ။
            အဲဒီတော့ “အပြန်အလှန်ပိုက်” ထဲဝင်ပြီး “ပင့်ကူအိမ်နေရာ” ရယူထားပြီးကြကုန်သော “မျက်ခွက်ဘုတ်အုပ်” ပိုင်ရှင် သူကောင်းသားများ လူ့ကျင့်ဝတ်ရော၊ ခွေးကျင့်ဝတ်ရော နားလည်ကြပြီး “မြည်းစရာ၊ စမ်းစရာ” နိုင်ငံတကာ ဗဟုသုတများ၊ နိုင်ငံတွင်း ဗဟုသုတများ ပေးကြလျှင်ဖြင့် အဟောသုခံ ကောင်းလေစွဟု တောင့်တမိကြောင်းပါပဲ။
            အဲ……ပြောမယ့်သာ ပြောနေရတာပါ။ ပြတင်းပေါက်ဖွင့်လိုက်ရင် လေညှင်းလေပြည် ၀င်လာမယ်ဖြစ်သလို၊ ယင်တွေ ခြင်တွေ ပိုးလောက်ကောင်တွေလည်း ၀င်လာမှာက သဘာဝပဲလို့တော့ မောင်ဒေါ တွေးမိသား။
            ကဲ………………အဲဒီတော့။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
*ပြီးခဲ့သည့် အပတ် Open News Weeklyဂျာနယ် အတွဲ ၅ အမှတ် ၇ တွင် ဗညား ဂျမ်းဒေါ၏ ဆောင်းပါ ခေါင်းစဉ်အား “အိမ်သာဘု” ဟု ပြင်ဆင် ဖတ်ရှုပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။*

Saturday, November 24, 2012

ဆေးတံတရှိုက်၊ မီးခိုးဝိုက်ဝေ

-->
ကိုကိုးကျွန်းဋီကာ ဆေးတံတရှိုက်၊ မီးခိုးဝိုက်ဝေ
           လူ့ဘ၀မှာ - ရင်ထဲကို ထိုးစိုက်ထိမှန်ခဲ့ပြီး၊ ‘အမှတ်တရ’ ဖြစ်ရပ်တွေ၊ ရှိတတ်ကြပါတယ်။ အများ နည်းတူပဲ ကျနော့မှာလဲ “အမှတ်တရ” တွေများစွာရှိခဲ့တာပါပဲ။ တချို့အမှတ်တရတွေဆိုရင် “မှုံဝါးပျောက်ပြက် သွားရင်ကောင်းမှာ” လို့ စဉ်းစားခဲ့မိတာတွေလဲ အများကြီးပါပဲ။ သို့သော် မြှားချက်ပြင်းလွန်းတဲ့အတွက် “စိုက်ချက်” စူးလွန်တာမို့ ကိုယ်မှုံဝါးသွားစေချင်ပေမဲ့ မှုံဝါးမသွားခဲ့ပဲ ပြက်ပြက်ထင်ထင်ကို စွဲနေတဲ့ အမှတ်တရ တွေက အနန္တပါ။ ဒီတော့ ရေးဖို့ ကြုံလာတိုင်း အဲဒီအမှတ်တရတွေ့ ဦးနှောက်ထဲမှာ ထယ်ကြောင်းနက်နက်ပေါ် ပြီးရင်း ပေါ်လာနေကြတာပါပဲ။ တချို့ကလဲ ကြေကွဲစရာတွေပါ။
                ခြောက်အိပ်မက်ထဲမှာသားကောင်ဖြစ်လိုက်၊မုဆိုးဖြစ်လိုက်အတွေ့အကြုံတွေကို ပြန်ပြောဖို့၊ပြန်ရေးဖို့နေနေသာသာ၊ စောစောက ပြောခဲ့သလို “မှုံဝါးပျောက်ပြက်သွားရင်ကောင်းမှာပဲ” လို့သာ ကျနော်တွေးမိပါတယ်။ အဲဒီအတွေ့အကြုံတွေရဲ့ ရိုက်ချက်တွေကြောင့်ပဲ နှစ်ပေါင်း လေးဆယ်ကျော်ကြာတဲ့ အထိ ကြားကာလမှာ ဆုတ်ပစ်လိုက်တဲ့ စက္ကူတွေ၊ နည်းနည်းတို့ပြီး မပစ်ရက်လို့ သိမ်းထားလိုက်တဲ့ စက္ကူတွေ မနည်းလှတော့ပါဖူး။ သိမ်းထားတဲ့စက္ကူတွေကိုလဲ မညှာမတာ ‘နာဂစ်’ က ဖျက်ပစ်လိုက်လို့ ပျော့ဖတ် ဘ၀ ရောက်သွားခဲ့တာတွေလဲ နှမျောရုံသာ နှမျောဖို့ တတ်နိုင်ခဲ့တာမို့။   ။
                ထောင်မှာ၊ကျွန်းမှာ“ဆေးလိပ်”ဟာရွှေပါ။ဆေးငွေ္ဂ့ရှူတတ်သူတွေအဖို့ ဆေးလိပ်ဟ်ာစိတ်ဓာတ်စစ်ဆင်ရေး’ထိုးစစ်ငယ်တခုဆိုလဲမမှားပါဖူး။ ကိုယ်လိုချင်တာကို “ဆေးလိပ်” နဲ့ဝယ်ရတာကလဲ ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ “ထောင်ယဉ်ကျေးမှု” တစ်ရပ်လို့ ပြောရင်ရပါတယ်။
                ကျနော်က ငယ်ငယ်ကထဲက “ဘိုးဘွားအမွေ”အဖြစ် ဆေးပြင်လိပ်သောက်ခဲ့သူဖြစ်ပါတယ်။ အကျဉ်းထဲမှာ ‘ဘီကလပ်’ ပြုတ်ပြီး ‘စပါယ်ရှယ်စီ’လို့ အတန်းအစား သတ်မှတ်ခံရတဲ့ အကျဉ်းသားဘ၀မှ တစ်လကို ဆေးပြင်လိပ် အလိပ်သုံးဆယ်ရပါတယ်။ ဆိုလိုတာက တစ်နေ့ကို တစ်လိပ်နှုန်းပေါ့။ အလိပ်လိုက်သောက်ဖို့ဘယ်လိုမှမလောက်ပါဖူး။အဲဒီလို“မလောက်”အောင်ပေးတာကိုက
“စိတ်ဓာတ်စစ်ဆင်ရေး”ပါပဲ။
                အလိပ်လိုက်သောက်ဖို့မလောက်လို့ ကိုယ်ဖာသာလဲ ၀ယ်ခွင့်မရပါဖူး။အထူးသဖြင့် ‘လက်ဝဲသမား’ တွေကို ၀ယ်ခွင့်မပေးပါဖူး။ ဒီတော့ “လိုလျှင်ကြံဆ၊ နည်းလမ်းရ” လုပ်ရပါတယ်။ အဲဒီ ဆေးပြင် လိပ်တွေကို လှီးချွေပြီး “ပွတ်ချွန်း”လို့ခေါ်တဲ့ ဆေးလိပ်သေးသေးလေးတွေအဖြစ် လိပ်သောက်ကြရပါတယ်။ ဒါမှမဟုတ်ရင်လဲ “ဟိုက၊ ဒီက” ရတဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့ပါလာတဲ့ ဆေးတံအိုးသေးသေးထဲမှာ ထည့်ပြီးသောက် ကြရပါတယ်။
                ကျွန်မှာ ဆေးလိပ်သောက်ဖို့က မီးခြစ်လိုပါတယ်။ အကျဉ်းထဲမှာ မီးခြစ်၊ ဓာတ်ဆီ ပေးမကိုင်ပါ ဖူး။ ဒါပေမယ့် ကျွန်းမှာက ကျနော်တို့ရဲ့ “ဆိုင်” တွေရှိပါတယ်။ သူတို့ကတော့ ၀ါဒါတွေပါပဲ။ လွှားချင်းစောင် တထည်ကို ကြေးမီးခြစ်တလုံးနဲ့ ရေနံဆီ ဗူးကလေးတစ်ဗူးရပါတယ်။ ဘာတာစနစ်ပေါ့။ စာနာတတ်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျိုးရှာဖို့ပဲဖြစ်ဖြစ် စောင်နဲ့ မီးခြစ်လဲနေကြတဲ့ ‘၀ါဒ’တွေကို ထောင်မှူး ထောင်ပိုင်တွေကလဲ ဘာမှ ပြောပုံမရပါဘူး။
                မသိတာဖြစ်ချင်လဲဖြစ်မယ်။ သိရက်နဲ့ လွှတ်ထားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဏာပါဝါ အပြဆုံး ထောင်မှူးဆိုသူတွေတောင်မှ ဒီကိစ္စမှာတော့ သိပ်ပြီးပါဝင်ပုံမရပါဘူး။ ဒီလိုနဲ့ပဲ စခန်းထဲမှာ မီးခြစ်တွေ ကျနော်တို့ လက်ထဲရောက်လာခဲ့ပါတယ်။
                လူ့ဂုဏ်သိက္ခာနဲ့ လူ့အခြေခံပိုင်ခွင့်တွေကို ဘယ်လိုမှ အသိအမှတ်ပြုရကောင်းမှန်း မသိတဲ့ နေရာမျိုး “ဆေးလိပ်သောက်ခွင့်” ကလေးဟာလဲ ဗြဟ္မာပြည်က အပ်တစ်စင်း ကျလာတာထက်တောင် ရှားပါးတဲ့ အခြေအနေပါ။
                ဒါကို ကိုယ့်ဖာသာ တွင်းဖော်တူးယူခဲ့ကြရပြီးတဲ့နောက်၊ ကျနော်တို့ “ဆေးတံ”လုပ်ကြပါတယ်။ ပင်လယ်ထဲမျောပါပြီး ကမ်းလာတင်တဲ့ သစ်တုံးကြီးတစ်တုံးကို၊ ခက်ခက်ခဲခဲ လှီးကြဖြတ်ကြပြီး လုပ်ကြရပါ တယ်။
                အချိန်အတော်များများလည်းရနေတာဆိုတော့“ဆေးတံ”လုပ်ဖို့ ၀ါသနာပါသူတွေလုပ်ကြတာ ပါ။ အဲဒီအထဲမှာ ကျနော်လဲ ပါပါတယ်။
                မူလက ရတဲ့ သစ်တုံးကြီးက အသားတော်တော်နီပါတယ်။ သစ်အကြောင်း တော်တော်သိတဲ့ ကိုဘိုနီ(ရဲဘော်မျိုးညွန့်)က ဒါ“ရိုစ့်ဝုဒ်”လို့ခေါ်ကြောင်း ပြေပြပါတယ်။ အဲဒီ ခပ်ပျော့ပျော့ သစ်သားနဲ့ လုပ်လိုက် တဲ့ဆေးတံတွေ မနည်းလှပါဖူး။ ပြည်မအပြန်မှာတော့ အကုန်လုံးကို သိမ်းပစ်တာပါ။
                ကျနော်တို့အထဲမှာ ပန်းပဲ ကောင်းကောင်းလုပ်တတ်တဲ့ “ရဲဘော်အောင်ကျော်လှ” က ဒါးကလေးတွေ၊ ဆောက်ကလေးတွေ၊ စူးကလေးတွေဖြစ်အောင် “ဖိုကြီး”ထဲမှာ ပန်းပဲဖို ဖွင့်ပြီး ထုတ်လုပ်ပါ တယ်။
                သံတွေကတော့ ကမ်းစပ်မှာ ပျက်နေတဲ့ ဂရိသင်္ဘော “အိုခီ ယားနို ပရော့စ်”ဆီက ရပါတယ်။ ရေကူးကျွမ်းလှတဲ့ ထားဝယ်သား ရဲဘော်လှိုင်တင်နဲ့ ရခိုင်သား ရဲဘော်ရွှေကျော်အောင်တို့က ပစ္စည်းထောက်ပံ့ သူတွေပါပဲ။
                တစ်နေ့တော့ ကမ်းနားဘက်ကိုလျှောက်ရင်း ကျနော်စိတ်ကူး တစ်ခုရလာပါတယ်။ ကမ်းနားမှာ အစီအရီ ပေါက်နေတဲ့ “မြင်းကပင်ပု” ကလေးတွေကို ကြည့်ရင်း “ဆေးတံ” လုပ်ကြည့်ဖို့ စိတ်ကူးပါတယ်။ အတက်ကောင်းကောင်း မြင်းကကိုင်း တစ်ကိုင်းကို ချိုင်ပြီး ကျနော်ယူခဲ့ပါတယ်။ ကျနော်နဲ့ လမ်းအတူ လျှောက် လာတဲ့ “ကိုနု” (ရဲဘော် တင်မောင်)က ဘာလုပ်ဖို့လဲလို့မေးတယ်။ ကျနော်က “နောက်တော့ကြည့်ပေါ့ဗျာ”လို့ ပဲ ပြောလိုက်ပါတယ်။ ခပ်ပေါပေါ မြင်းကကိုင်း တစ်ကိုင်းကို ဆွဲပြီး ပြန်လာတဲ့ကျနော့ကို တချို့က “၀ိုင်းရိ”ကြတယ်။ စောစောက ရဲဘော်တင်မောင် ပြောသလိုမျိုးပဲ “ဘာလုပ်ဖို့လဲ”ပေါ့။ ကျနော်ကတော့ ကျနော့ စိတ်ကူးနဲ့ ကျနော်၊ ‘ဆေးတံ’လေးကို ပုံဖော်ကြည့်နေမိပါတယ်။
                စခန်းထဲလဲပြန်ရောက်ရော ကျနော့ရဲ့အလုပ်စပါတယ်။ မကြာသေးခင်ကမှ ရဲဘော်ရွှေကျော် အောင် ပေးထားတဲ့ စည်ပတ်သံကို အပေါက်ဖောက်ထားတဲ့ ကျားလျှာကို ပစ္စည်းနဲ့ မြင်းကကိုင်းအဆုံကို ဆေး တံအရွယ် ရအောင် ဖြတ်ပါတယ်။ လွှမဟုတ်တော့ အတော်ခက်ခက်ခဲခဲ ဖြတ်ရပါတယ်။ ဖြတ်တာချည်းဘဲ တရက်ကုန်ပါတယ်။ ပြီးတော့ ဖြတ်သားမညီမညာကို မျက်နှာဝ ညီသွားအောင် သံမံတလင်းမှာ သွေးရပါတယ်။ ပုံကြမ်းလေးပေါ်သွားတော့မှ ဆေးတံအိုဖော်ဖို့၊ အပေါက်ဖော်ဖို့လုပ်ရပါတယ်။ ဆောက်လိုလို၊ ဒါးလိုလို ပစ္စည်း တခုကို ရဲဘော်တယောက်ဆီက ငှားပြီး တဖြည်းဖြည်းအိုးဖော်ပါတယ်။ တော်တော်လေး စိတ်ရှည်ရှည်နဲ့ အချိန်ယူရပါတယ်။ ပြီးတော့မှ လေပေါက်ကို ဆူးသေးသေးနဲ့ တဖြည်းဖြည်းဖွတ်ပြီး ဖောက်ရပါတယ်။ နောက်တခုကတော့ ပါးစပ်နဲ့ ခဲတဲ့အပိုင်းပါ။ ကျွဲကော်အချောင်းက လေးတစ်ချောင်းကို သင်္ဘောပေါ်က ရထားတာနဲ့ တော်ပါပဲ။ အဲဒါလေးကို လေးစူးနဲ့ ပွတ်ပြီးဖောက်ရပါတယ်။ အဲဒီအပိုင်းမှာတော့ ရဲဘောရဲမြင့် (မုဆိုး)က ကျနော့ရဲ့ အကြံပေး အရာရှိ အဖြစ်ရော၊ ကိုယ်ထိ လက်ရောက်ကူတာရော၊ စိတ်ရှည်ရှည်နဲ့ ၀ိုင်းကူ ပါတယ်။ အတော်ကို အေးအေးဆေးဆေး နေတတ်တဲ့ ကိုရဲမြင့်ကို ဆေးတံလေးမြင့်တိုင်း အမှတ်ရနေမိပါတယ်။
                ဆေးတံလေးကို ချောဖို့၊ အရောင်တင်ဖို့ကျတော့ ကျနော့မှာ ကော်ပတ်မရှိပါဖူး။ ကော်ပတ် မရှိပေမယ့် စခန်းဘေးက အုန်းနှဲပင်ပေါ်မှာ ကော်ပတ်တွေ အများကြီးပါပဲ။ အုန်းနှဲရွက်က ကြမ်းတာမို့ ကော်ပတ် လိုသုံးရပါတယ်။ ရက်သတ္တပတ် နှစ်ပတ်လောက်အား ထုတ်ပြီးတဲ့အခါမှာ ‘မြင်းကသာ’ ပုံစံသစ် ဆေးတံကလေး ကိုရပါတယ်။ ချစ်တဲ့ရဲဘော်အားလုံးက ‘မော်ဒန်ဆေးတံ’လို့ ၀ိုင်းခေါ်ပြီး ကျနော့ကို ‘စ’ ကြပါတယ်။
                အဲဒီဆေးတံလေးထဲကို ဆေးပြင်လိပ် အကြေထဲ့ပြီး သောက်ရှူနေတဲ့အခါတိုင်းလိုလိုမှာ ဆေးတံလေးဖြတ်ခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ရဲဘော်တွေကို သတိရနေမိတယ်။ ကျနော့အတွက် ဒီဆေးတံလေးဟာ အတိတ်ဖြစ်စဉ်များ သိမ်းဆည်းထားရာ ပြတိုက်ငယ်လေးပါပဲ။ သမိုင်းစာအုပ်ကလေးတစ်အုပ်ပါပဲ။ ကျွန်းဖျက်သိမ်းတော့ ကျနော်နဲ့အတူ ဆေးတံကလေးလဲပါလာပါတယ်။ “အမေကြည်”လို့ ချစ်စနိုးခေါ်ရတဲ့ ရဲဘော်သိန်းကြည်လုပ်ပေးလိုက်တဲ့ ကျွန်းသား တယောလေးလဲ ပါလာပါတယ်။ သင်္ဘောပေါ်အတက်မှာ အဲဒါတွေအားလုံး “ပြည်သူပိုင်သိမ်း” ခံလိုက်ရပါတယ်။
                ဒါပေမဲ့ ရေစက်မကုန်လို့ ထင်ပါရဲ။ ရဲဘော်တော်တော်များ လွတ်လာကြတော့ အဲဒီ ဆေးတံ ကလေးကို ရဲဘော်ဖိုးသံက ယူလာခဲ့ပါတယ်။ ကျနော်ဆီကိုလဲ မရောက်အရောက်ပို့ပေးခဲ့ပါတယ်။ အဲဒီအဖြစ် ကလေးကလဲ ကျနော့ရင်ထဲမှာ ချိတ်ညိနေတဲ့ “ အမှတ်တရ”ကလေးပါပဲ။ “လေးယောက်ပေါင်းလို့မှ အကောင်း တစ်ယောက်” မဖြစ်နိုင်ကြရှာတော့တဲ့၊ သေသူသေ၊ အိုသူအို၊ နာသူနာ၊ ချိသူချိ ရဲဘော်တွေကို “ဆေးတံ” ကလေး ပွတ်သတ်ကိုင်တွယ်မိတိုင်း၊ သောက်ရှူမိတိုင်း သတိရနေမိပါတယ်။
မြင့်ဦးသစ်
အမှတ်တရ၃။