Saturday, November 24, 2012

နှင်းကျပေမယ့် မလှတဲ့ဆောင်း

-->
ကိုကိုးကျွန်း ဋီကာ
နှင်းကျပေမယ့် မလှတဲ့ဆောင်း
            “အင်မတန်လှတဲ့ “ပါရီ”ဆိုတဲ့ အပျိုမလေးဟာ အခုတော့ ပြည့်တန်ဆာ အစုတ်ပလုတ်ဘ၀ရောက်နေခဲ့ပြီ”လို့ ပြင်သစ်ကဗျာ ဆရာတယောက်ရေးခဲ့ဖူးတယ်။ အဲဒီတင်စားချက်ကလေးကိုပဲ လွှတ်လှလို့ ကျနော်မှတ်မိနေခဲ့ပါတယ်။
            ကိုကိုးကျွန်းဟာလဲ အဲဒီပါရီ အပျိုမမြို့လို တော်တော်လှတဲ့ ကျွန်းကလေးပါ။ အထိ အတို့ အဆော့ အကစား မခံရသေးတဲ့ သောင်ဖွေးဖွေး၊ မုန်တိုင်းတွေကြားထဲမှာ ငုတ်တုတ်ကြီး ထောင်နေတဲ့ ကျောက်ဆောင် နက်နက်တွေ၊ ယိမ်းချက်မမှန်တဲ့ အုန်းပင်တန်းတွေနဲ့ ပင်လယ်ကဗွီးပင်တွေ၊ မြင်းကပင်တွေ၊ အလယ်က ကွေ့ဝိုက်သွားပြီး အရှေ့နဲ့အနောက် မို့ဖေါင်းသွားတဲ့မြေပြင်၊ ရိပ်ရိပ်သဲသဲ သစ်နီပင်ကြီးတွေ၊ လှစ်ကနဲ့ ပြေးတတ်တဲ့ မြင်စိုင်းဂဏန်းဖြူဖြူလေးတွေနဲ့ လူကိုမြင်ရင်မျက်လှည့်ပြတတ်တဲ့ အုန်းမှုတ်ခွက်ထဲက နှစ်ချို့ဝင်ကစွပ်ကြီးတွေ၊ ဆင်မီးတောက်ပင်တွေက အပွင့်ရိုင်းရိုင်းတွေ…….။
            အဲဒီကိုကိုးကျွန်းအပျိုမဟာလဲ “အာဏာ” ရဲ့ဘလက္ကာယဒါဏ်ကြောင့်လှသင့်သလောက်မလှဖူးလို့ ကျနော်တင်စားမိပါတယ်။ ကိုကိုးကျွန်းကို ကျနော်တို့ရောက်ပါပြီ။
            ကမ်းတက်ယာဉ်ပေါ်ကနေ ရေထဲခုန်ချပြီး ကမ်းကို လျှောက်ကြရပါတယ်။ ရေအနက်က ငါးပေသာသာလောက်မှ ခုန်ချကြရတာပါ။ ပထမဦးဆုံးကျနော်တို့ကို စတင်နှုတ်ဆက်ကြတာကတော့ “ဂျင်း” လို့ခေါ်တဲ့ရေအောက်က ကျောက်ခမောက်ချွန်ချွန်တွေပါ။ ထိခါစက မသိလိုက်ပေမယ့် သောင်ခုံပေါ်ရောက်လို့ ခြေထောက်မှာ သွေးတွေ တွေ့နေရတော့မှ နှုတ်ဆက်ကြမ်းတဲ့ “ဂျင်း” အကြောင်းသိရတော့ တာပါ။ ကွဲရာတွေကနေ ရင်းပြီး ပြည်တည်လာတာမို့ သုံးလေးရက်လောက်တော့ ဗီးဇပ်ရွက် သတ္တုရည်နဲ့ ကုကြရပါတယ်။
            ရေထဲအဆင်းမှာလဲ အမှတ်တရကတော့ အရပ်ပုတဲ့လူတွေဆို စွပ်ကနဲ့ ခေါင်းအထိမြုပ်သွားတဲ့အကြောင်းပါ။ ဆရာရာဂျန်ဆိုရင် သူ့အရပ်က ပုတော့ ရေထဲအဆင်းမြုတ်သွားတာမို့ချိုင်းနှစ်ဖက်ကမပြီး ရေထဲက ပြန်ဖေါ်လိုက်ရပါတယ်။
            လူကိုလူလို အဆက်ဆံပဲ ခွေးလိုဝက်လို ဆက်ဆံနေတဲ့ ဆက်ဆံရေးမြင်ကွင်းကို ခပ်လှမ်းလှမ်းမှာ ကျောက်ချထားတဲ့ ပြန်တော်ညွှန့်သင်္ဘောပေါ်က မှန်ပြောင်းနဲ့ ရှုနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ “စိတ်ဓါတ်စစ်ဆင်ရေး” ဟာအံ့သြစရာပဲလို့ ကျနော်ထင် လိုက်မိတယ်။
            သောင်ခုံပေါ်ရောက်တော့ ဘူမိကမ္ဗလာပေါ်မှာ တန်းစီထိုင်ခိုင်းပြီး “အထူးအရာရှိ” ဆိုသူက “ဘရီဖင်” ပေးပါတယ်။ တိုတိုပါပဲ။ “ထွက်ပြေးဖို့ မကြိုးစားနဲ့ ကျွန်းပတ်လည်မှာ ငါးမန်းတွေပဲရှိတယ်။ ကိုကိုးကျွန်းကို ပို့လိုက်တဲ့ လူအမျိုးအစားတွေရဲ့ စိတ္တဗေဒနဲ့ အခြေအနေကို နည်းနည်းကလေးတောင် အကဲခတ်မိပုံ မရတဲ့ အထူးအရာရှိကြီးရဲ့ သနားစရာ ကောင်းလှပုံကလဲ မှတ်သားအံ့သြစဖွယ်ပါပဲ။
            အဲဒီကာလမှာ ရယ်စရာအဖြစ်တစ်ခုက ဘယ်သူ့ကို ဘယ်ပုဒ်မနဲ့ ဘယ်တရားရုံးက ဘယ်ရွေ့ဘယ်မျှကာလထိ အပြစ်ဒဏ်ချမှတ်တယ်ဆိုတာမျိုး မရှိတဲ့ ကိစ္စပါ။ ကျနော် အခု “တစ်ကျွန်း”ကို ရောက်လာခဲ့ပြီ၊ ဒါပေမဲ့ ဘယ်ပုဒ်မနဲ့ ဘယ်လောက်ကြာကြာ ဖမ်းထားမယ်ဆိုတာ မသိပါဘူး။ ဖမ်းဆီးထားတယ်လို့တောင် မပြောပဲ “ထိန်းသိမ်း”ထားတယ်ဆိုတဲ့ အသုံးအနှုန်း ခပ်ပျော့ပျော့နဲ့ “ဆွဲ” ထားတာပါပဲ။
            ကျနော်တို့ အားလုံးပေါင်း ၂၃၃ယောက်ရှိပါတယ်။ ဗမာပြည်တနံတလျားက ထောင့်ပေါင်းစုံကနေ စုခေါ်လာတာပါ။ သေချာတဲ့ နောက်တစ်ချက်က ကျနော်တို့ကို ဖမ်းထားတဲ့လူတွေ၊ တာဝန်ယူထားတဲ့ ထောင်ကြပ်၊ ထောင်မှူး၊ ထောင်ပိုင်ဆိုသူတွေလဲ ကျနော်တို့ကို ဘယ်လောက်ကြာကြာ “ထိန်းသိမ်း”ထားမှာလဲ မသိတဲ့အကြောင်းဖြစ်ပါတယ်။ “ကိစ္စအ၀၀ မပြီးမြောက်မီအထိ” လို့ပြောကြပါတယ်။ ဘယ်လို ကိစ္စအ၀၀တွေ ပြီးမြောက်သည်အထိလဲ ဆိုတာကတော့ “တန်ခိုးတော်ရှင်”များရဲ့ အလုပ်ပဲဆိုရပါလိမ့်မယ်။
            ကမ်းနားသဲသောင်ခုံပေါ်ကနေ တောင်ကုန်းငယ်ကလေးနှစ်ခုကြားကို ဖြတ်ပြီး ကျနော်တို့ကို “မောင်း”လာခဲ့ပါတယ်။ လမ်းမှာ ကလေးတချို့ကို တွေ့ရတယ်။ ခပ်လှမ်းလှမ်းမှာ ကျနော်တို့ဘက် မျှော်ကြည့်နေတဲ့ ယောကျာင်္းမိန်းမတချို့ကိုလည်း တွေ့ရတယ်။ နောက်မှသိရတာက အဲဒီအစုကလေးဟာ “မြေကျေးရှင်း” က ၀န်ထမ်းတွေဆိုတာပါပဲ။ သူတို့ဟာ ကျနော်တို့ကိုတွေ့ရတော့ “တခြားကမ္ဘာက ရောက်လာသူ”တွေကို မြင်နေကြရတဲ့ပုံ ပေါ်နေပါတယ်။ စကားလာပြီး ပြောရဲတဲ့ပုံ မပေါ်ပါဘူး။ ကျနော်တို့ မရောက်ခင်ကထဲက သူ့တို့ကိုလဲ “ပိတ်”ထားခဲ့တယ်နဲ့တူတယ်။
            လမ်းမှာပဲ ၀ါဒါတယောက်ကို တွေ့ပါတယ်။ အဲဒီဝါဒါဟာ အတော်ကို အဟောက်အဟိန်း သန်တဲ့ လူငယ်ပါ။ သူ့ကိုကြည့်ရတာ ထောင်ထဲမှာတုံးက “ဗူး” သွင်းခံထားရတဲ့ စုန်းတယောက်လိုပါပဲ။ အမြဲတမ်း ရှုတည်တည်နဲ့ “စစ်ကဲချုပ်” ကြီးတဦးက ရှေ့တန်း စစ်မျက်နှာကို ဦးစီးတိုက်ခိုက်နေရတဲ့ ပုံလဲဖမ်းထားတတ်ပါတယ်။ ဒါပေမယ့် ပုံကသာ ဖမ်းထားရတာ။ သူ့ဘ၀ကိုလဲ သူမကျေမနပ် ဖြစ်နေပုံလဲ ရပါတယ်။ “ကျုပ်ပခုံးပေါ်မှာ အပွင့်သာတင်လိုက်ရလို့ကတော့ ခင်ဗျားတို့ မလွယ်ဖူး။” ဒါက သူပြောဖူးပြီး ကျနော်အမှတ်ရ နေတဲ့ စကား။ အင်း…….သနားစရာပါ။
            လျှောက်လာရင်းနဲ့ပဲနေရမယ့်  “ကိုကိုးကျွန်းစခန်း” ကိုရောက်ပါပြီ။ စစ်တပ်ရဲ့ ဘားတိုက် ပုံသဏ္ဍာန်အဆောက်အဦး ဆယ့်နှစ်လုံးပါ။ မူလကတော့ စစ်တပ်အတွက် ဆောက်ထားပုံပါပဲ။ အသစ်စက်စက်တွေပါ။ လူမနေသေးပုံရပါတယ်။ သစ်သား အနံ့တောင် မပျောက်သေးပါဖူး။ ၀င်းကို သံဆူးကြိုးနှစ်ထပ်ကာထားပြီး အ၀င်အထွက် အပေါက်တစ်ပေါက်ပဲပါပါတယ်။ အဆောင်တွေမှာ အဆင်ပြေသလိုပဲ နေရာယူကြရပါတယ်။ နာမည်နဲ့ အဆောင်နဲ့ လူခွဲချထားတာမျိုး မဟုတ်တာ သတိထားမိပါတယ်။
            ကျွန်းကိုရောက်ရောက်ချင်းပြဿနာကတော့ အဲဒီတုံးက အခေါ်ဆိုရင် “ကိုယ်ထူကိုယ်ထ စနစ်လုပ်ရမယ်လို့ဆိုပါတယ်။” “အလကားကျွေးမထားနိုင်ဖူး”ဆိုတဲ့ “နိုင်ငံတော်လမ်းညွှန်ချက်” ကြောင့် “အထူး ရဲဘက်” စခန်းအဖြစ် “အုန်းဆံထု” ရမယ်။ ကိုယ့်ထင်း ကိုယ်ခွေ၊ ကိုယ့်ရေ ကိုယ်ခတ်၊ ကိုယ့်ထမင်း ကိုယ်ချက်ကြရမယ်လို့ဆိုပါတယ်။ ရာဇ၀တ် အကျဉ်းသားတွေလို “ဘုတ်”တွေဖွဲ့ပါတယ်။ ရေဘုတ်၊ ထင်းဘုတ်၊ တောင်ယာဘုတ်၊ ဖိုကြီးဘုတ် စသည်ဖြင့်ပါ။
            ဆန်ရယ်၊ ငါးပိ ခပ်ညံ့ညံ့ရယ်၊ အမဲသားဗူး၊ ဟင်းသီး ဟင်းရွက် ဗူးတွေရယ်ကို ရိက္ခာအဖြစ် ထုတ်ပေးပါတယ်။
            “ရေ”က တော်တော်လှမ်းလှမ်းက နေသွားခတ်ကြရတယ်။ ပထမတော့ “ရေ” ခတ်ရေထမ်းတဲ့အလုပ်ကို လုပ်ကြပါသေးတယ်။ နောက်တော့ စခန်းထဲမှာပဲ ကိုယ်ဖာသာ ရေတွင်းတူးလိုက်ကြပါတယ်။ အများစုက မြို့နေ လူလတ်တန်းစားက လာကြသူတွေဆိုပေမဲ့ တသားတည်းလောက်နီးနီးခံခဲ့ရတာပြင်းလို့လားမဆိုနိုင်ဘူး။ အောင်အောင်မြင်မြင်ပဲ “ရေတွင်း” တူးလိုက်ကြပါတယ်။ ဒါပေမဲ့ ရေက ထုံးဓါတ် ပါဝင်မှု များတယ်နဲ့ တူပါတယ်။ ရေကို ဒယ်ကြီးထဲမှာထည့်ပြီး ကျိုလိုက်ရင် ထုံးဂျိုးတွေ အိုးအခြေမှာကျတော့ တွေ့ရပါတယ်။ ဒါပေမယ့် ရွေးချယ်စရာမှ မရှိတာပဲ။ ဒီတော့ ဒီရေကိုပဲ သုံးလည်းသုံး သောက်လဲသောက် လုပ်ခဲ့ကြရပါတယ်။
            “ပေးတာယူ၊ ကျွေးတာစား၊ စကား အပိုမပြောနဲ့၊ အာမချောင်နဲ့၊ မှောင်သွားမယ်”ဆိုတာတွေက ထောင်အာဏာရှိနေသူတွေရဲ့ လက်သုံး စကားပါ။ ပြောတာ မာတာနဲ့ ပြောတာပျော့ပြောင်းတာ ကွာခြားကွာမယ်။ သဘောထားကတော့ တထပ်တည်းလိုပါပဲ။
            ချိုးနှိမ်ခြင်းရဲ့ ရလဒ်ဟာ နှစ်မျိုးဖြစ်နိုင်ပါတယ်။ ကျိုးသွားခြင်းနဲ့ ပြန်လည်ရုန်း ကြွခြင်းပါပဲ။
            ဒါဟာ သဘာဝပါပဲ။ အဲဒီတော့ “ကျိုး” သွားစေဖို့ ထောင်တွေထဲမှာ၊ အထူးသဖြင့် အင်းစိန်နဲ့ မန္တလေးထောင်မှာ ချိုးနှိမ်ခဲ့တာ တွေဟာ “ရာနှုန်းနည်းနည်းပဲအောင်မြင်ပြီး အများစုက “ပြန်လည်ရုန်းကြွ”ခဲ့ကြတာကို အဲဒီကာလက “စိတ်ဓါတ်စစ်ဆင်ရေး တာဝန်ယူ ခဲ့ကြသူတွေ တွေ့ခဲ့ကြရတာပါပဲ။”
            ပထမဦးဆုံး ကိုကိုးကျွန်းရဲ့ အတွေ့အကြုံကတော့ “ငါးပိတိုက်ပွဲ” လိုခေါ်တဲ့ ဆန္ဒပြပွဲတစ်ခု ဖြစ်လာပြီး အကျဉ်းသားတွေရဲ့ တောင်းဆိုမှုကို လိုက်လျောခဲ့ရပါတယ်။ စခန်းကို ကာရံထားတဲ့ သံဆူးကြိုးတွေ ပြတ်တောက်ကုန်ပါတယ်။
            “ဘုတ်” မှန်သမျှ ဖျက်သိမ်းရပါတယ်။ “နေ၀င်မီးငြိမ်း လူစစ်တံခါးပိတ်” လုပ်လို့ မရတော့ပါဖူး။ အချိန်မရွေး စခန်းထဲက ထွက်နိုင် ၀င်နိုင်လာပါတယ်။
            ရယ်စရာလေးညှပ်ပြောရရင် လသာတဲ့ ညတွေမှာ သောင်ပြင်ပေါ် ထွက်၊ ပက်လက်လှန်ပြီး ပင်လယ်လေရှူ ခွင့်ရလာပါတယ်။မမေ့နိုင်စရာ အမှတ်တရအဖြစ် ကျနော့ရင်ထဲမှာ စွဲထင်ကျန်ရစ်နေတဲ့ ကိစ္စတခုပဲလို့ဆိုပါရစေ။ အဲဒီတုန်းက ဆောင်းတွင်းပါ။ ဆောင်းတွင်း မိုးနှင်းကျပေမယ့် မလှတဲ့ ဆောင်းပါ။                                                              မြင့်ဦးသစ်
အမှတ်တရများ၂။

No comments:

Post a Comment