Saturday, November 24, 2012

ဆေးတံတရှိုက်၊ မီးခိုးဝိုက်ဝေ

-->
ကိုကိုးကျွန်းဋီကာ ဆေးတံတရှိုက်၊ မီးခိုးဝိုက်ဝေ
           လူ့ဘ၀မှာ - ရင်ထဲကို ထိုးစိုက်ထိမှန်ခဲ့ပြီး၊ ‘အမှတ်တရ’ ဖြစ်ရပ်တွေ၊ ရှိတတ်ကြပါတယ်။ အများ နည်းတူပဲ ကျနော့မှာလဲ “အမှတ်တရ” တွေများစွာရှိခဲ့တာပါပဲ။ တချို့အမှတ်တရတွေဆိုရင် “မှုံဝါးပျောက်ပြက် သွားရင်ကောင်းမှာ” လို့ စဉ်းစားခဲ့မိတာတွေလဲ အများကြီးပါပဲ။ သို့သော် မြှားချက်ပြင်းလွန်းတဲ့အတွက် “စိုက်ချက်” စူးလွန်တာမို့ ကိုယ်မှုံဝါးသွားစေချင်ပေမဲ့ မှုံဝါးမသွားခဲ့ပဲ ပြက်ပြက်ထင်ထင်ကို စွဲနေတဲ့ အမှတ်တရ တွေက အနန္တပါ။ ဒီတော့ ရေးဖို့ ကြုံလာတိုင်း အဲဒီအမှတ်တရတွေ့ ဦးနှောက်ထဲမှာ ထယ်ကြောင်းနက်နက်ပေါ် ပြီးရင်း ပေါ်လာနေကြတာပါပဲ။ တချို့ကလဲ ကြေကွဲစရာတွေပါ။
                ခြောက်အိပ်မက်ထဲမှာသားကောင်ဖြစ်လိုက်၊မုဆိုးဖြစ်လိုက်အတွေ့အကြုံတွေကို ပြန်ပြောဖို့၊ပြန်ရေးဖို့နေနေသာသာ၊ စောစောက ပြောခဲ့သလို “မှုံဝါးပျောက်ပြက်သွားရင်ကောင်းမှာပဲ” လို့သာ ကျနော်တွေးမိပါတယ်။ အဲဒီအတွေ့အကြုံတွေရဲ့ ရိုက်ချက်တွေကြောင့်ပဲ နှစ်ပေါင်း လေးဆယ်ကျော်ကြာတဲ့ အထိ ကြားကာလမှာ ဆုတ်ပစ်လိုက်တဲ့ စက္ကူတွေ၊ နည်းနည်းတို့ပြီး မပစ်ရက်လို့ သိမ်းထားလိုက်တဲ့ စက္ကူတွေ မနည်းလှတော့ပါဖူး။ သိမ်းထားတဲ့စက္ကူတွေကိုလဲ မညှာမတာ ‘နာဂစ်’ က ဖျက်ပစ်လိုက်လို့ ပျော့ဖတ် ဘ၀ ရောက်သွားခဲ့တာတွေလဲ နှမျောရုံသာ နှမျောဖို့ တတ်နိုင်ခဲ့တာမို့။   ။
                ထောင်မှာ၊ကျွန်းမှာ“ဆေးလိပ်”ဟာရွှေပါ။ဆေးငွေ္ဂ့ရှူတတ်သူတွေအဖို့ ဆေးလိပ်ဟ်ာစိတ်ဓာတ်စစ်ဆင်ရေး’ထိုးစစ်ငယ်တခုဆိုလဲမမှားပါဖူး။ ကိုယ်လိုချင်တာကို “ဆေးလိပ်” နဲ့ဝယ်ရတာကလဲ ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ “ထောင်ယဉ်ကျေးမှု” တစ်ရပ်လို့ ပြောရင်ရပါတယ်။
                ကျနော်က ငယ်ငယ်ကထဲက “ဘိုးဘွားအမွေ”အဖြစ် ဆေးပြင်လိပ်သောက်ခဲ့သူဖြစ်ပါတယ်။ အကျဉ်းထဲမှာ ‘ဘီကလပ်’ ပြုတ်ပြီး ‘စပါယ်ရှယ်စီ’လို့ အတန်းအစား သတ်မှတ်ခံရတဲ့ အကျဉ်းသားဘ၀မှ တစ်လကို ဆေးပြင်လိပ် အလိပ်သုံးဆယ်ရပါတယ်။ ဆိုလိုတာက တစ်နေ့ကို တစ်လိပ်နှုန်းပေါ့။ အလိပ်လိုက်သောက်ဖို့ဘယ်လိုမှမလောက်ပါဖူး။အဲဒီလို“မလောက်”အောင်ပေးတာကိုက
“စိတ်ဓာတ်စစ်ဆင်ရေး”ပါပဲ။
                အလိပ်လိုက်သောက်ဖို့မလောက်လို့ ကိုယ်ဖာသာလဲ ၀ယ်ခွင့်မရပါဖူး။အထူးသဖြင့် ‘လက်ဝဲသမား’ တွေကို ၀ယ်ခွင့်မပေးပါဖူး။ ဒီတော့ “လိုလျှင်ကြံဆ၊ နည်းလမ်းရ” လုပ်ရပါတယ်။ အဲဒီ ဆေးပြင် လိပ်တွေကို လှီးချွေပြီး “ပွတ်ချွန်း”လို့ခေါ်တဲ့ ဆေးလိပ်သေးသေးလေးတွေအဖြစ် လိပ်သောက်ကြရပါတယ်။ ဒါမှမဟုတ်ရင်လဲ “ဟိုက၊ ဒီက” ရတဲ့၊ ဒါမှမဟုတ် ကိုယ်နဲ့ပါလာတဲ့ ဆေးတံအိုးသေးသေးထဲမှာ ထည့်ပြီးသောက် ကြရပါတယ်။
                ကျွန်မှာ ဆေးလိပ်သောက်ဖို့က မီးခြစ်လိုပါတယ်။ အကျဉ်းထဲမှာ မီးခြစ်၊ ဓာတ်ဆီ ပေးမကိုင်ပါ ဖူး။ ဒါပေမယ့် ကျွန်းမှာက ကျနော်တို့ရဲ့ “ဆိုင်” တွေရှိပါတယ်။ သူတို့ကတော့ ၀ါဒါတွေပါပဲ။ လွှားချင်းစောင် တထည်ကို ကြေးမီးခြစ်တလုံးနဲ့ ရေနံဆီ ဗူးကလေးတစ်ဗူးရပါတယ်။ ဘာတာစနစ်ပေါ့။ စာနာတတ်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျိုးရှာဖို့ပဲဖြစ်ဖြစ် စောင်နဲ့ မီးခြစ်လဲနေကြတဲ့ ‘၀ါဒ’တွေကို ထောင်မှူး ထောင်ပိုင်တွေကလဲ ဘာမှ ပြောပုံမရပါဘူး။
                မသိတာဖြစ်ချင်လဲဖြစ်မယ်။ သိရက်နဲ့ လွှတ်ထားတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဏာပါဝါ အပြဆုံး ထောင်မှူးဆိုသူတွေတောင်မှ ဒီကိစ္စမှာတော့ သိပ်ပြီးပါဝင်ပုံမရပါဘူး။ ဒီလိုနဲ့ပဲ စခန်းထဲမှာ မီးခြစ်တွေ ကျနော်တို့ လက်ထဲရောက်လာခဲ့ပါတယ်။
                လူ့ဂုဏ်သိက္ခာနဲ့ လူ့အခြေခံပိုင်ခွင့်တွေကို ဘယ်လိုမှ အသိအမှတ်ပြုရကောင်းမှန်း မသိတဲ့ နေရာမျိုး “ဆေးလိပ်သောက်ခွင့်” ကလေးဟာလဲ ဗြဟ္မာပြည်က အပ်တစ်စင်း ကျလာတာထက်တောင် ရှားပါးတဲ့ အခြေအနေပါ။
                ဒါကို ကိုယ့်ဖာသာ တွင်းဖော်တူးယူခဲ့ကြရပြီးတဲ့နောက်၊ ကျနော်တို့ “ဆေးတံ”လုပ်ကြပါတယ်။ ပင်လယ်ထဲမျောပါပြီး ကမ်းလာတင်တဲ့ သစ်တုံးကြီးတစ်တုံးကို၊ ခက်ခက်ခဲခဲ လှီးကြဖြတ်ကြပြီး လုပ်ကြရပါ တယ်။
                အချိန်အတော်များများလည်းရနေတာဆိုတော့“ဆေးတံ”လုပ်ဖို့ ၀ါသနာပါသူတွေလုပ်ကြတာ ပါ။ အဲဒီအထဲမှာ ကျနော်လဲ ပါပါတယ်။
                မူလက ရတဲ့ သစ်တုံးကြီးက အသားတော်တော်နီပါတယ်။ သစ်အကြောင်း တော်တော်သိတဲ့ ကိုဘိုနီ(ရဲဘော်မျိုးညွန့်)က ဒါ“ရိုစ့်ဝုဒ်”လို့ခေါ်ကြောင်း ပြေပြပါတယ်။ အဲဒီ ခပ်ပျော့ပျော့ သစ်သားနဲ့ လုပ်လိုက် တဲ့ဆေးတံတွေ မနည်းလှပါဖူး။ ပြည်မအပြန်မှာတော့ အကုန်လုံးကို သိမ်းပစ်တာပါ။
                ကျနော်တို့အထဲမှာ ပန်းပဲ ကောင်းကောင်းလုပ်တတ်တဲ့ “ရဲဘော်အောင်ကျော်လှ” က ဒါးကလေးတွေ၊ ဆောက်ကလေးတွေ၊ စူးကလေးတွေဖြစ်အောင် “ဖိုကြီး”ထဲမှာ ပန်းပဲဖို ဖွင့်ပြီး ထုတ်လုပ်ပါ တယ်။
                သံတွေကတော့ ကမ်းစပ်မှာ ပျက်နေတဲ့ ဂရိသင်္ဘော “အိုခီ ယားနို ပရော့စ်”ဆီက ရပါတယ်။ ရေကူးကျွမ်းလှတဲ့ ထားဝယ်သား ရဲဘော်လှိုင်တင်နဲ့ ရခိုင်သား ရဲဘော်ရွှေကျော်အောင်တို့က ပစ္စည်းထောက်ပံ့ သူတွေပါပဲ။
                တစ်နေ့တော့ ကမ်းနားဘက်ကိုလျှောက်ရင်း ကျနော်စိတ်ကူး တစ်ခုရလာပါတယ်။ ကမ်းနားမှာ အစီအရီ ပေါက်နေတဲ့ “မြင်းကပင်ပု” ကလေးတွေကို ကြည့်ရင်း “ဆေးတံ” လုပ်ကြည့်ဖို့ စိတ်ကူးပါတယ်။ အတက်ကောင်းကောင်း မြင်းကကိုင်း တစ်ကိုင်းကို ချိုင်ပြီး ကျနော်ယူခဲ့ပါတယ်။ ကျနော်နဲ့ လမ်းအတူ လျှောက် လာတဲ့ “ကိုနု” (ရဲဘော် တင်မောင်)က ဘာလုပ်ဖို့လဲလို့မေးတယ်။ ကျနော်က “နောက်တော့ကြည့်ပေါ့ဗျာ”လို့ ပဲ ပြောလိုက်ပါတယ်။ ခပ်ပေါပေါ မြင်းကကိုင်း တစ်ကိုင်းကို ဆွဲပြီး ပြန်လာတဲ့ကျနော့ကို တချို့က “၀ိုင်းရိ”ကြတယ်။ စောစောက ရဲဘော်တင်မောင် ပြောသလိုမျိုးပဲ “ဘာလုပ်ဖို့လဲ”ပေါ့။ ကျနော်ကတော့ ကျနော့ စိတ်ကူးနဲ့ ကျနော်၊ ‘ဆေးတံ’လေးကို ပုံဖော်ကြည့်နေမိပါတယ်။
                စခန်းထဲလဲပြန်ရောက်ရော ကျနော့ရဲ့အလုပ်စပါတယ်။ မကြာသေးခင်ကမှ ရဲဘော်ရွှေကျော် အောင် ပေးထားတဲ့ စည်ပတ်သံကို အပေါက်ဖောက်ထားတဲ့ ကျားလျှာကို ပစ္စည်းနဲ့ မြင်းကကိုင်းအဆုံကို ဆေး တံအရွယ် ရအောင် ဖြတ်ပါတယ်။ လွှမဟုတ်တော့ အတော်ခက်ခက်ခဲခဲ ဖြတ်ရပါတယ်။ ဖြတ်တာချည်းဘဲ တရက်ကုန်ပါတယ်။ ပြီးတော့ ဖြတ်သားမညီမညာကို မျက်နှာဝ ညီသွားအောင် သံမံတလင်းမှာ သွေးရပါတယ်။ ပုံကြမ်းလေးပေါ်သွားတော့မှ ဆေးတံအိုဖော်ဖို့၊ အပေါက်ဖော်ဖို့လုပ်ရပါတယ်။ ဆောက်လိုလို၊ ဒါးလိုလို ပစ္စည်း တခုကို ရဲဘော်တယောက်ဆီက ငှားပြီး တဖြည်းဖြည်းအိုးဖော်ပါတယ်။ တော်တော်လေး စိတ်ရှည်ရှည်နဲ့ အချိန်ယူရပါတယ်။ ပြီးတော့မှ လေပေါက်ကို ဆူးသေးသေးနဲ့ တဖြည်းဖြည်းဖွတ်ပြီး ဖောက်ရပါတယ်။ နောက်တခုကတော့ ပါးစပ်နဲ့ ခဲတဲ့အပိုင်းပါ။ ကျွဲကော်အချောင်းက လေးတစ်ချောင်းကို သင်္ဘောပေါ်က ရထားတာနဲ့ တော်ပါပဲ။ အဲဒါလေးကို လေးစူးနဲ့ ပွတ်ပြီးဖောက်ရပါတယ်။ အဲဒီအပိုင်းမှာတော့ ရဲဘောရဲမြင့် (မုဆိုး)က ကျနော့ရဲ့ အကြံပေး အရာရှိ အဖြစ်ရော၊ ကိုယ်ထိ လက်ရောက်ကူတာရော၊ စိတ်ရှည်ရှည်နဲ့ ၀ိုင်းကူ ပါတယ်။ အတော်ကို အေးအေးဆေးဆေး နေတတ်တဲ့ ကိုရဲမြင့်ကို ဆေးတံလေးမြင့်တိုင်း အမှတ်ရနေမိပါတယ်။
                ဆေးတံလေးကို ချောဖို့၊ အရောင်တင်ဖို့ကျတော့ ကျနော့မှာ ကော်ပတ်မရှိပါဖူး။ ကော်ပတ် မရှိပေမယ့် စခန်းဘေးက အုန်းနှဲပင်ပေါ်မှာ ကော်ပတ်တွေ အများကြီးပါပဲ။ အုန်းနှဲရွက်က ကြမ်းတာမို့ ကော်ပတ် လိုသုံးရပါတယ်။ ရက်သတ္တပတ် နှစ်ပတ်လောက်အား ထုတ်ပြီးတဲ့အခါမှာ ‘မြင်းကသာ’ ပုံစံသစ် ဆေးတံကလေး ကိုရပါတယ်။ ချစ်တဲ့ရဲဘော်အားလုံးက ‘မော်ဒန်ဆေးတံ’လို့ ၀ိုင်းခေါ်ပြီး ကျနော့ကို ‘စ’ ကြပါတယ်။
                အဲဒီဆေးတံလေးထဲကို ဆေးပြင်လိပ် အကြေထဲ့ပြီး သောက်ရှူနေတဲ့အခါတိုင်းလိုလိုမှာ ဆေးတံလေးဖြတ်ခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ရဲဘော်တွေကို သတိရနေမိတယ်။ ကျနော့အတွက် ဒီဆေးတံလေးဟာ အတိတ်ဖြစ်စဉ်များ သိမ်းဆည်းထားရာ ပြတိုက်ငယ်လေးပါပဲ။ သမိုင်းစာအုပ်ကလေးတစ်အုပ်ပါပဲ။ ကျွန်းဖျက်သိမ်းတော့ ကျနော်နဲ့အတူ ဆေးတံကလေးလဲပါလာပါတယ်။ “အမေကြည်”လို့ ချစ်စနိုးခေါ်ရတဲ့ ရဲဘော်သိန်းကြည်လုပ်ပေးလိုက်တဲ့ ကျွန်းသား တယောလေးလဲ ပါလာပါတယ်။ သင်္ဘောပေါ်အတက်မှာ အဲဒါတွေအားလုံး “ပြည်သူပိုင်သိမ်း” ခံလိုက်ရပါတယ်။
                ဒါပေမဲ့ ရေစက်မကုန်လို့ ထင်ပါရဲ။ ရဲဘော်တော်တော်များ လွတ်လာကြတော့ အဲဒီ ဆေးတံ ကလေးကို ရဲဘော်ဖိုးသံက ယူလာခဲ့ပါတယ်။ ကျနော်ဆီကိုလဲ မရောက်အရောက်ပို့ပေးခဲ့ပါတယ်။ အဲဒီအဖြစ် ကလေးကလဲ ကျနော့ရင်ထဲမှာ ချိတ်ညိနေတဲ့ “ အမှတ်တရ”ကလေးပါပဲ။ “လေးယောက်ပေါင်းလို့မှ အကောင်း တစ်ယောက်” မဖြစ်နိုင်ကြရှာတော့တဲ့၊ သေသူသေ၊ အိုသူအို၊ နာသူနာ၊ ချိသူချိ ရဲဘော်တွေကို “ဆေးတံ” ကလေး ပွတ်သတ်ကိုင်တွယ်မိတိုင်း၊ သောက်ရှူမိတိုင်း သတိရနေမိပါတယ်။
မြင့်ဦးသစ်
အမှတ်တရ၃။

No comments:

Post a Comment