Friday, November 30, 2012

ရေကူးကြရတော့

-->
ကိုကိုးကျွန်း ဋီကာ
ရေကူးကြရတော့
                   အမေရိကားရောက်နေတဲ့ “ကလေးမလေး” တယောက်က “ကိုကိုးကျွန်းမှာဖြစ်ခဲ့တဲ့ ဆန္ဒပြတိုက်ပွဲ တွေ၊  အလောင်းလုပွဲတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ လွတ်မြောက်မှုကြိုးပမ်းတာတွေ၊ ဖောင်ကလေးတစ်ဖောင်နဲ့ ပင်လယ် ဖြတ်ပြီး ဌာန ပြန်ဖို့လုပ်ခဲ့ကြတာတွေ” စသဖြင့်ကို အင်တာနက်ထဲမှာ ဖတ်ရပြီး၊ “ ဒါတွေဟာဒဏ္ဍာရီတွေ၊ ယုံတမ်း ပုံပြင်”တွေပါလို့ လူသိရှင်ကြားပြန်ရေးတာ သိလိုက်ရပါတယ်။ သနားစရာကောင်းလိုက်ပါဘိတော့ ကလေးရယ်လို့ပဲ ကျနော် ရေရွတ်လိုက် မိပါတယ်။ ကိုယ်မသိသေးတာကို ‘သိ’အောင် ကြိုးစားပြီးမှ ပြောရင် မင်္ဂလာရှိလိုက်မဲ့ဖြစ်ခြင်း၊ မက်ဒေါ်နယ်ဟမ်ဘာဂါ ကလေးစား၊ မုန့်ဖိုးရတဲ့ ဒေါ်လာလေးနဲ့ “ပါပီလွန်” ရုပ်ရှင်လောက်ကို မျက်လုံးအ၀ိုင်းသား နဲ့ကြည့်၊ ဗမာပြည် အိတ်စပတ် ဆိုသူတွေရေးတဲ့ ဗမာ့နိုင်ငံရေးအကြောင်းတွေကို “သမ္မာ့ကျမ်းစာ”လို့ဖတ်၊ ယေးလ်တက္ကသိုလ်မှာ တက်ပြီး စီအိုင်အေ ထောက်ခံချက်နဲ့ရတဲ့ ပီအိပ်ခ်ျဒီကို ဧရာမပညာ ရှိဘွဲ့ကြီးလို့ ထင်။ `ကိုယ့်နိုင်ငံမှာ တကယ်ဖြစ်တကယ်ရှိခဲ့တာတွေကို အထင်သေးအမြင်သေးနဲ့ ရေးနေတာဆိုရင်တော့ . . . ကျွတ် . . . ကျွတ် . . . ကျွတ်လို့ စုတ်သပ်ရုံမှတပါး . . . . ထားတော့’
                   အကျဉ်းထောင်ဆိုတာ နိဗ္ဗာန်ဘုံ မဟုတ်တာသေချာတယ်။ အ၀ီစိဘုံအထိ ဖြစ်တယ်မဖြစ်ဖူးကတော့ ကာလတစ်ရပ်မှာတည်ရှိနေတဲ့အစိုးရတစ်ရပ်ရဲ့ သတ်မှတ်ပြဌာန်းမှုပေါ် မူတည်နေတယ်လို့ ကျနော်ယူဆပါတယ်။ နံရံလေးဘက်ပိတ်အတွင်းမှာ ခပ်ပျော့ပျော့သော်၎င်း ခပ်ပြင်းပြင်းသော်၎င်း ဖိနှိပ်ခြင်းဟာ ထောင်ရဲ့ သဘာဝပါပဲ။ ဒီတော့ အကျဉ်းထောင်မှာ “ဖိနှိပ်သူ”ရှိတယ် “ဖိနှိပ်ခံ”ရှိတယ်။ ပဋိပက္ခနဲ့ တိုက်ပွဲအပျော့အပြင်းတွေလဲ ရှိနေတာနိယာ မပါပဲ။ ဖိနှိပ်သူဘက်ကလည်း ဘယ်လို ဖိနှိပ်ရပါ့မလဲ ဆိုတဲ့ နည်းပရိယာယ်တွေ ကြံဆနေရသလို ဖိနှိပ်ခံ ဘက်က လည်း ဘယ်လိုတွန်းလှန်ရပါ့မလဲဆိုတဲ့နည်း ပရိယာယ်တွေကို ရှာဖွေနေရတာဟာ ‘အကျဉ်း’ ရဲ့ သဘောပါပဲ။ တစ်ခါ တစ်ခါမှာ ဖိနှိပ်မှုအား ပြင်းပြင်းတွေပေးသလို တစ်ခါတစ်ရံမှာတော့လည်း ‘ချော့’ တတ်တာတွေရှိပါတယ်။ “လျှော့” တတ်တာတွေရှိပါတယ်။
                   အင်းစိန်ထောင်နဲ့ မန္တလေးထောင်မှာ ရိုက်ပွဲနှက်ပွဲတွေနဲ့ “ချိုး” ပြီး ဖိနှိပ်အား ပြင်းပြင်းပေးလိုက်ပြီး တဲ့နောက် ကိုကိုးကျွန်းမှာကျတော့ ‘ပါးစပ်ထဲကဖြစ်နေတဲ့ ထောင်စည်းကမ်း’ တွေဟာ အခြေအနေပေးအရကို လျော့ ကျလာပါတယ်။
                   အုတ်နံရံအမြင့်ကြီးကာ ထားတဲ့ထောင်ထဲမှာ၊ တစ်ဖက်ခန်းနဲ့ တစ်ဖက်ခန်း စကား မပြောရ၊ သီချင်း မဆိုရ၊ လေမချွန်ရ ‘လေတောင်ကျယ်ကျယ်မလည်ရ’ လို့ ပြောရမလောက်အထိ “ကြပ်”ပါတယ်။ အဲ့ဒီ “စည်းကမ်း” ဆိုတာတွေ မလိုက်နာရင်၊ ချိုးဖောက်ရင် “တိုက်” ထဲမှာ တိုက်ထပ်ပိတ်ပါတယ်။ ဘယ်လိုမှ စားမရတဲ့ ဂုံနီအိတ်အမွှေး တွေရောနေတဲ့ လုံးတီး ထမင်းနဲ့ ငါးပိ အစိမ်းတကော်ပေးပြီး ထမင်းဖြူဖြတ်ပါတယ်။
                   “ကော်စားတိုက်ပိတ်” ခေါ်တဲ့ ခွေးစာလို ထမင်းအစေ့ပျောက်ကော်ကို မသေရုံကြွေးပြီး တိုက်ပိတ်ပါ တယ်။ တချို့ဆိုရင် ရက်ပိုင်းနဲ့ ရေဖြတ်ပါတယ်။ ရေဖြတ်ခံရလို့ ကိုယ် “ဆီး”ကိုယ် ပြန်သောက်ခဲ့ရဖူးတဲ့ လူတွေရှိခဲ့ပါ တယ်။ မယုံနိုင်စဖွယ် အံ့သြစရာ “စိတ်ဓာတ်စစ်ဆင်ရိုက်ချိုးရေး”တွေပါ။
                   အဲဒါတွေကို တပ်ထဲက ရိုးရိုးအရာရှိကြီးတွေတောင် မသိကြပါဘူး။ ဒါက အဲဒီအချိန်မှာ အာဏာ အထွဋ်အထိပ် ရယူပိုင်ဆိုင်ထားသူက အထူးလေ့ကျင့်ပေးထားသူ ပုဂ္ဂိုလ်တချို့သာ သိရှိ ကိုင်တွယ်ခဲ့ကြပါတယ်။ သင်ခန်းစာယူဖို့ ကောင်းတာကတော့ အဲဒီ “တချို့တွေဟာလဲ အချိန်တစ်ချိန် အသုံးခံပြီးရင် ဖယ်ရှားခံလိုက်ရတာပါ။ ဥပမာ မျူးချုပ်တင်ဦး (မျက်မှန်ကြီးလို့ လူသိများပါတယ်)ဆိုရင် အထင်ရှားဆုံး သာဓကပါပဲ။ တော်တော်များများသော ထိုပုဂ္ဂိုလ်များလဲ ကွယ်လွန်ကုန်ကျပါပြီ။ ကျနော် ဒီမှာ ပြောချင်တာက အတိတ်ကာလရဲ့ သင်ခန်းစာတွေကို အသေအချာ သုတေသနပြု ရှာဖွေ၊ အသေအချာ သိရှိပြီး အသေအချာကို ပြုပြင်နိုင်ကြဖို့ပါပဲ။
                   အစောတုံးက ပြောခဲ့သလို ထောင်တွင်းက စည်းကမ်းတွေဟာ “ကျွန်း” မှာကျတော့ နေရာထိုင်းခင်း သဘောအရရော၊ လုပ်ကိုင်နိုင်တဲ့ အခြေအနေအရရော၊ အချိန်သဘောအရရော “ရွေ့” ကုန်ပါတယ်။ အထူးရဲဘက် တွေအဖြစ်ပို့လိုက်တဲ့ “လူလတ်တန်းစားအများစု” နိုင်ငံရေးအကျဉ်းသားတွေကို ထိမ်းချုပ်လို့ မရတာတွေ ရှိလာပါ တယ်။ အဲဒီ အခြေအနေကို ထောင်မှူးတစ်ယောက်က နရသိန် မဂ္ဂဇင်းမှာ “သူ့အမြင်နဲ့သူ” သစ္စာတရားတွေအဖြစ် ယူဆပြီး အချက်အလက်အမှားတချို့နဲ့ ရေးဖူးလို့ ကျနော် ဖတ်ဖြစ်လိုက်ပြီး ပြုံးမိရပါသေးတယ်။
                   မူလက အပြင်မထွက်ရဖူးဆိုပေမယ့် သံဆူးကြိုး ၂ ထပ်ဟာ သိပ်ကြာကြာ မခံပါဘူး၊ အဲဒီပွင့်သွားတဲ့ အပေါက်ကနေ ကမ်းခြေဆင်းပြီး ရေကူးကြတာတွေရှိလာပါတယ်။ ခရုရှာ၊ ငါးရှာ၊ ဂဏန်းရှာလုပ်ကြပါတယ်။ အသားဗူး၊ ဟင်းရွက်ဗူးတွေကတော့ ကြာလာတော့ အလုပ်မဖြစ်ပါဖူး။ ထူးခြားတာက “သေကောင်ပေါင်းလဲ အသားဝါရောဂါ”နဲ့ ဆက်စပ်မှုရှိတယ်လို့ ဆရာဝန်ကိုယ်တိုင်က ပြောလာပြီး၊ ရဲနီတယောက်လဲ အဲဒီရောဂါနဲ့ ဆုံးပါးသွားတာပါပဲ။ အဲဒီ ရဲနီရဲ့ “ခန္ဓာကိုယ်ကြွင်း”ကို ပြည်မ ပြန်ပို့ ပေးဖို့ တောင်းဆိုကြပါတယ်။ မပို့ပေးပါဖူး။ အဲဒီကျွန်းပေါ်မှာပဲမြှုပ်ဖို့ဆိုပြီး ထောင်ဝါဒါအုပ်ကို အရက်တိုက်၊ အလုပ်ခိုင်းပါတယ်။ “အဲဒီတလားကြီးကို ဟိုဘက်ဒီဘက် လက်ချည်းပဲလုကြတာ နေ့ဝက်လောက်ကြာခဲ့ပါတယ်။ နောက်ဆုံးတော့ ၀ါဒါတွေရသွားပြီး တော်ရာမှာ မြှုပ်လိုက်ကြပါတယ်။ ကဲဒီလို အဖြစ်မျိုး ကမ္ဘာပေါ်က မည်သည့် အကျဉ်းစခန်းမှာ ရှိခဲ့ဖူးပါသလဲ။ ရှိခဲ့ဖူးတယ်ဆိုရင်တောင် ထပ်တူထပ်မျှ မတူတာ ကတော့ သေချာပါတယ်။ အဲဒီတိုက်ပွဲကို “ အလောင်းလု တိုက်ပွဲ”လို့ အကျဉ်းစံအားလုံး သိကြသလို၊ တာဝန်ရှိသူ တွေအားလုံးလည်း သိခဲ့တာပါ။
                   စခန်းအပြင်ထွက်၊ ကမ်းနားကျောက်ဆောင်တွေတ၀ိုက်နဲ့ သောင်ပြန့်ခုံတွေမှာ ငါးရှာ၊ ခရုရှာကြ၊ ရေကူးကြ လုပ်ရင်း မန္တလေးက ကိုထွန်းရှိန် ရေနစ် သေဆုံးခဲ့ရပါတယ်။ ရဲဘော်အောင်ငြိမ်း (အတိုလေး)နဲ့ ရဲဘော်မောင်မောင်တင် (သာကေတ)တို့ဟာ လျှပ်စစ်ဓာတ်အားရှိတယ်လို့အဆိုရှိတဲ့ ငါးကလေးတွေထိပြီး သတိမေ့ သွားတာမို့ နှာနှပ်ယူခဲ့ရပါတယ်။ ခရုဆင်းကောက်ရင်း သောင်ပြန့်ပေါ် ရေကူးမိတဲ့ကျနော်လဲ ချောက်ထဲကျပြီး ရေနစ်ဖူးပါတယ်။ ရဲဘော်ရွှေကျော်အောင်ဆိုတဲ့ ရေကူးဖျံကြီး ကယ်ပေလို့ မသေတာပါ။ ရေးနေရင်းက သတိရလိုက် မိပါသေးတော့ ဖျံကြီးရေ။ ဒါကလည်း ကျနော့်ဘ၀မှာ အမှတ်တရ တစ်ခုပါ။ ပင်လယ်ရေကို မြင်တိုင်း ကိုယ်ရေနစ်ဖူးတဲ့ ကိစ္စနဲ့ ဖျံကြီးကိုအမှတ်ရ နေမိတာပါ။
                   ကျွန်းကိုရောက်မှပဲ ကျနော် အပါအ၀င်ရဲဘော် တော်တော်များများ ရေကူးတတ် သွားကြပါတယ်။ ကျနော်က အားလုံးထဲမှာ အညံ့ဆုံးပါ။ လေးပေခွဲထက် အနက်မှာ မကူးရဲခဲ့ပါဘူး။ ရေနက်တာကို ကြောက်တာပါ။ တချို့ရဲဘော်တွေကတော့ အတော်ကို ကျွမ်းကျွမ်းကျင်ကျင် ကူးတတ်သွား ကြပါတယ်။ ရဲဘော်တင်အောင် (ခေါင်းဖြူ) ဆိုရင် တနာရီလောက်ကို မနားတမ်း ကူးနိုင်သွားပါတယ်။ ကူးတဲ့ပုံစံက “ အော်စတေလျံခရောလ်”ဆိုတဲ့ မျက်နှာကို မှောက်ချည် ဖော်ချည်ကူးနည်းပါ။ ဒီပုံစံကို ရန်ကုန်မှာတုန်းက ရေကူးသင်တန်း စနစ်တကျ တက်ထားဖူးတဲ့ ရဲဘော်ဌေးအောင် (ကယ်ဘီ)က သင်ပေးတာဖြစ်ပါတယ်။ ကျနော်ကတော့ သင်တန်းဆရာရဲ ‘ခရောလ်’ကို ဘယ်လိုမှ ကူးမရခဲ့ပါဖူး အသက်မရှူတတ်လို့ပါပဲ။ ဒီတော့လည်း ခွေးကူးပဲပေါ့။
                   ရဲဘော် ရွှေကျော်အောင်က ရခိုင်အမျိုးသားပါ။ သူကူးတာလဲ ‘ခွေးကူး’ပါပဲ၊ ဒါပေမယ့် အတော်မြန် ပါတယ်။ အခွင့်သင့်တိုင်း ကျနော်ကို အုန်းပင်တက်ပြီး အုန်းသီးခူးကျွေးလေ့ရှိသလို ရေကူးလည်း ကြုံတိုင်း သင်ပေးပါ တယ်။ ဒါပေမယ့် ကျနော်ကတော့ သူလိုချင်တဲ့ ပုံစံမရခဲ့ပါဘူး။
                   နောက်ပင်လယ်ရေဟာ ပေါ့တာမို့ ပက်လက်မျှောလို့ ကိုယ်ဖာ့ လို့ရပါတယ်။ ကျနော့ရဲ့ “နည်းပြ ဆရာ”တွေက အဲဒီပုံသဏ္ဍာန်ကိုလည်း လုပ်ပြပြီး လေ့ကျင့်ခိုင်းပါတယ်။ ကျနော် လိုက်လုပ်ကြည့်တဲ့အခါ သူတို့ လိုအ ကြာကြီး ‘ဖော့’နေလို့မရခဲ့ဖူး။ သည်တော့ ရေလေးပေခွဲအနက် သောင်ပြင်သည်သာ ကျနော့်အတွက် ရေချိုးရာ ဖြစ်ခဲ့ ပါတယ်။ ကျနော်က ကိုယ်ဖော့ပြီး ကို့ယိုးကားယား ဖြစ်နေတာ၊ ခွေးကူး ကူးရင် လက်နဲ့ခြေ­­ထောက် တပြိုင်နက်ထဲ မလှုပ်တတ်တာ ကိုကြည့်ပြီး တဟဲဟဲရယ်နေတတ်တဲ့ ရဲဘော်ရွှေကျော်အောင်ရဲ့ ပုံသဏ္ဍာန်ကို အခွင့်ကြုံတိုင်း သတိရနေမိပါတယ်။
                   ပြောရရင်တော့ဒါလဲ ကိုကိုးကျွန်းက အမှတ်တရတွေထဲမှာ တစ်ခုပါပဲ။
မြင့်ဦးသစ်

No comments:

Post a Comment