မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အဟောသိကံ
မောင်ဒေါ
ခပ်ငယ်ငယ်၊ အတော်ကို အရွယ်စမောစဉ်က အဲဒီ “အဟောသိကံ”ဆိုသော စကားလုံးကို စတင်ကြားဖူးခဲ့ပါ၏။
မောင်ဒေါ၏ ဆရာတစ်ယောက် ရှင်းလင်းပြောဆိုပြသော “ပညာရေး အဟောသိကံ” ဖြစ်မှုဆိုတာကို ကြားဖူးခဲ့ခြင်းဖြစ်ပါ၏။
အဓိပ္ပါယ်အားဖြင့် အကျိုးမဲ့ဖြစ်သွားမှု၊ အလဟဿဖြစ်သွားမှုဟု မောင်ဒေါနားလည်ခဲ့ပါ၏။ (နည်းနည်း
သီသီတော် လွဲနေရင်ဖြင့်လည်း ခွင့်လွှတ်တော်မူစေလို)
စတင်
ကြားဖူးပြီးကတည်းက “အဟောသိကံ” အကြောင်းတွေကို အငြိမ်မနေတတ်သော မောင်ဒေါ၏ စည်ပိုင်းအတွင်း
ထည့်သွင်းမွှေနှောက်ခဲ့ပါ၏။ “အဟောသိကံ” ဖြစ်ခြင်းတွေကို ဘယ်လိုကုစားနိုင်မည်ကိုလည်း
မေဓါဝီဈေးထဲ ရောက်သည့် ဈေးသည် အသစ်ကလေးစဉ်းစားသလို၊ “မရဲတရဲ၊ ဘာဝယ်မလဲရှင့်” ပုံစံဖြင့်
တွေးတောနေမိပါ၏။ ကိုယ်တွေးမိတာတွေကိုလည်း ကိုယ်ဖာသာ ကိုယ်သာသိပြီး မည်သည့်ခွေးတစ်ကောင်
ကြောင်းတစ်မြီးကမျှ ရှူရှူပင်လျှင် လှည့်ပန်းပေးဖော်မရသော “သမိုင်းပေးတာဝန်” ကြီးဖြင့်
“သတိတော်ကြီး”များ ထားမိစေဖို့ အသိပေးဖူး၊ ရေးဖူး ချွတ်ဖူး တို့ဖူးပါ၏။
ပမာဆောင်ပါအံ့။
မောင်ဒေါနေသည့် နေရာအနားတွင် ဌာနကြီးတစ်ခု၏ အမှုထမ်း အရာထမ်းများ အိမ်ယာရှိပါ၏။ ထိုစဉ်အခါ
(လွန်ခဲ့သည့် ၁၁နှစ်ခန့်)က အနှီဝင်းအတွင်းက တိုက်ကလေးတစ်လုံးသည် လူမရှိ၊ အမိုး သုံးပုံတစ်ပုံခန့်
ပြိုနေပါ၏။ ပြင်ပသို့ လမ်းလျှောက်ထွက်တိုင်း ထိုတိုက်ကလေးကိုမြင်ရဘိသော မောင်ဒေါက
“ညောင်ဦးကမ်းပါးပြိုသည်၊ စမ္ပါနဂိုရ်က နွားမက ပေါင်ထိ”သလို ခံစားရသဖြင့် တာဝန်ရှိမည်
ယူဆရသူတွေကို အကြံဉာဏ်ပေးဖူးပါ၏။ “ဒီ အမိုးကလေးပြင်လိုက်ရင် တိုက်ကလေးက ကောင်းသွားမှာဗျ”
ဟု။ ယင်းအခါ၌ ထိုတာဝန်ရှိသည်ဟု ယူဆရသူက “အဲဒါက ပထမ ဓါတ်ပုံရိုက်ရမယ်ဗျ။ ပြီးရင် အက်စတီမိတ်တွက်ရမယ်။
နောက် ဌာနမှူးက လက်မှတ်ထိုးပြီး အလော့တ်မင့် တောင်းဖို့ ၀န်ကြီးဆီ တင်ရမယ်။ ပြန်ကျလာရင်
ပစ္စည်းက ကျနော့ဌာနက ဌာနစိတ်မှူး ဒါမှမဟုတ် ကြီးကြပ်ရေးမှူးကို ခိုင်းရမယ်။ သူကမှ ကန်ထရိုက်
လက်သမားကိုခေါ်ပြီး ဈေးညှိ၊ ကျနော့ဆီပြန်တင်၊ ကျနော် ကဌာနမှူးဆီက လက်မှတ် ထိုးပြီးမှ
လုပ်လို့ရမယ်”ဟူ၍ အရှည် အဝေးကြီးဖြင့် သနားစရာကောင်း လှသောကျနော်မျိုး အကောင်းစား မောင်ဒေါအား
ရှင်းပြပါလေ၏။ “လေးနှစ်သစ်သုံးချောင်းလောက်နဲ့ (၇)ပေသွပ် (၄)ချပ်လောက်ပဲ ကုန်မှာပါဗျာ၊
အဲဒါ လုပ်လိုက်ပြီးမှ သဘောတူညီချက် တောင်းရင်ကော မရနိုင်ဖူးလား”ဟု မောင်ဒေါ စောဒက တက်ကြည့်ပါ၏။
“ဟာ……အဲဒါ မလွယ်ဖူး ဆရာဒေါရ တော်တော်ကြာ မင်းထင်ရာလုပ်ပြီးမှ ငါ့ဆီရောက်လာရ သလား”ဆိုပြီး
ဒီပတ်မဲန်တယ် အင်ကွာရီ လုပ်မယ်ဆိုရင်ဒုက္ခ”
ထိုငနဲ
ခပ်လတ်လတ်ကလေးထက် အတော်အတန်ကြီးသော ငတိ မကြီးတကြီးထံသို့ မနေနိုင်မထိုင်နိုင် မောင်ဒေါက
လမ်းဘေးက ဖုန်းကလေးထိုးကြည့်ပါ၏။ စောစောက မောင်ဒေါ“ရှည်” မိသည့်အတိုင်း ဆက်လက်၍ “တင်ပြ”ပါ၏။
ထိုမကြီးတကြီး ငတိကလဲ ဘော်လီဘောခပ်သေးသေးကို စမက်ရှ်ဆွဲသလို တုံ့ပြန်ပါ၏။ “ကျေးဇူးတင်တယ်ဗျာ
အခုလို အကြောင်းကြားတာကို၊ ဒါပေမဲ့ ကျနော်ကလဲ အစည်းအဝေးတွေနဲ့ အလုပ်ကအများသား၊ ဒီတော့
သူတို့ဝင်းမှူးက တင်ပြလာမှ ဆောင်ရွက်နိုင်မယ်လေ၊ သိတယ် မှုတ်လား”
အဟက်….ဟက်၊ “သိတယ်မှုတ်လား”နှင့်ပင် “သေဖော်ညှိ” လိုက်ပါသေး၏။
သည်တော့ အလွန်ပင်လျှင် အသည်းရော၊ နှလုံးရော၊ ကျောက်ကပ်ရော ယားနေသည့် ဇာတ်လိုက်ကြီး
ကျုပ်မောင်ဒေါက “မေတ္တာစာ” ဆောင်းပါးတစ်စောင်ရေးသားလျက်၊ အဲဒီတုန်းက မောင်ဒေါ ပင်တိုင်ရေးနေသည့်……ဂျာနယ်သို့
ဓါတ်ပုံပါ ပူးတွဲလျက် ပို့ပေးလိုက်၏။ မောင်ဒေါ စေတနာက မြန်မြန် သိကြလေ၊ မြန်မြန်ပြင်ကြလေ၊
မြန်မြန်ကောင်းသွားလေ ဖြစ်စေလိုခြင်းသာ ဖြစ်ပါဘိ၏။
သို့သော်၊
“အကြောက်တော်” တကယ်လွန်နေကြသည့် စာပေစိစစ်ရေးမှူးများက “သည်ဆောင်းပါးသည် ဌာနတစ်ခုအား
ထိပါးသည်”ဟုဆိုကာ ကျားကျားမီယပ် နွားထီးငါးကျပ်၊ နွားမငါးကျပ်မူဖြင့် “ဖြတ်” “ပါယ်”
“ပိတ်” လုပ်လိုက်ရကား မောင်ဒေါ ဆောင်းပါးကလေးကား စေတနာ ချွတ်တားကိုပင်လျှင် ဖော်ပြခွင့်မရရှာတော့ပဲ
“အဟောသိကံ” ဖြစ်သွားလေ၏။
ယခုသော်
ထိုအမိုးပြိုတိုက်ပုကလေးကား “မရဏာနုဿတိ” စီးဖြန်းပြီး တိုက်ပျက်နေလေ၏။ ရံဖန်ရံခါ “ဘုမတို့၏
ဘိ” ဖြစ်နေ၏။ ဒါက ညပိုင်း၊ နေ့ပိုင်းတွင် ဆိတ်တွေ ပျော်ရာကွန်းသာယာဖြစ်နေ၏။ အနီးအနားက
“စည်းဗလပျစ်” တွေ၏ သစ်ထောက်ပံ့ ရေး၊ အုတ်ထောက်ပံ့ရေးဖြစ်နေ၏။ ဟုတ်ကဲ့….အဲဒါပါပဲ မောင်ဒေါပြောချင်တဲ့
“အဟောသိကံ”။
ပြီးတော့
အနားသား၊ အားသား၊ အခြားအခြားသော ဥပမာ ဥပမေယျများလဲ မောင်ဒေါ၏ စည်ပိုင်းအတွင်း အနယ်
အနှစ်ကျလျက်ရှိကြပါသေး၏။ အဲဒီအထဲက တခုသော ဥပမာကလေးဆောင်ပါဦးအံ့။
မောင်ဒေါတို့ရပ်ကွက်
နာဂရ မရမ်းကုန်းဒေသအသေးကလေး၏ ဗဟိုတွင် လွန်ခဲ့သော ၂၈ နှစ် ၃၀ နှစ်ခန့် မောင်ဒေါ ရောက်ခါစ။
ရပ်ကွက်တွင် ရေရှားသည့် နွေကို ဖြတ်နိုင်ဖို့ လေးလက်မ အ၀ီစိတွင်းတစ်တွင်းတူးခဲ့ပြီး၊
လမ်းဓါတ်တိုင်က ၂၂၀ ဗို့အားနှင့် ကွန်ပရက်ဆာကို လည်ပတ်စေကာ သုံးရေသောက်ရေစည်ဝေဖူးပါ၏။
နှစ်ပင် မကူးလိုက်မီတွင် လျှပ်စစ်ဌာနက ကန့်ကွက် သည်ဆိုလား၊ တွင်းရပ်သွားပါ၏။
ရပ်သွားသည်အထိက
ကိစ္စသိပ်မကြီးသေး၊ ထိုထိုသော ကွန်ပရက်ဆာ၊ လေအိုး (၄)လက်မပိုက်များက ငေါင်းစင်းစင်း
ကျန်ရစ်ပါ၏။ နဂိုရ်က ဦးစီးခဲ့သူတွေကလဲ “ကျနော်ကကော ဘာများတတ်နိုင်ဦးမည်နည်း”နှင့်
ရပ်တန့်သွားကြ၏။ ရပ်ကွက်ထဲက ကိုအိတ်ဖောင်းတို့ကို ၀ါးစေတို့သည်လည်း မသိ ကျိုးကျွံပြုနေကြသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်သုံးဆယ်နီးပါး မိုးရွာရွာချင်း နေပူပူချင်း ရှိနေခဲ့သော သံပစ္စည်းတွေကား
ရပ်ကွက်ထဲက ကလေးတွေဆော့ရာ လေယာဉ်ပျံဖြစ်နေခဲ့၏။ မောင်ဒေါကလည်း “အူယား”သဖြင့် ဒါကြီးကို
အသုံးကျလာအောင် လုပ်ရန် ပြောဆိုကြည့်ပါ၏။
ဟိုဗျာ
အခု နိုင်ငံရေးဗေဒပညာရှင်ကြီးများ ပြောကြတဲ့ “ဗျူရိုကလေစီ” ဆိုလား၊ အဲသဟာ ကြီးကြောင့်
ရေကတော့ ထွက်မလာ တော့၊ အစောက ပြောခဲ့တဲ့ ပစ္စည်းတွေက သံချေးတွေစား၊ “အဟောသိကံ”။ ရင်ပတ်ထဲက
ကွိကွိကွကွ သံပတ်ပေးသဖြင့် ဒီအကြောင်းကို အကောင်းစား မောင်ဒေါက ဆောင်းပါးမေတ္တာစာရေးပြီး
ဂျာနယ် တစ်စောင်ကို ဆက်သွင်းပါ၏။
အဲ…..
မိတ်ဆွေ မျှော်လင့်ထားသလိုပါပဲ၊ “ဒါ……ဟိုလူကိုချတာ….. ဒီလူကိုချတာ” ဆိုတာတွေက စိစစ်ရေးက
အသံတွေ ထွက်ပြီး ဆောင်းပါးကလေးလည်း ခြင်းထဲစံပါယ်တော်မူပါ၏။ အဟောသိကံ။
ဒီနှစ်
နှစ်စပိုင်းလောက်မှာတော့ အဲဒီပစ္စည်းတွေကိုဖြုတ်ပြီး ပုံထားတာတွေ့ရပါ၏။ သံဝယ်သည့် ဘော်တယ်သမားနှင့်
ဈေးမညှိ ရသေးဟု ယူသော် ရမည်ထင်ပါ၏။ ရှိစေလေ၊ ဘာပဲပြောပြော၊ အဟောသိကံကတော့ အဟောသိကံ။
အဲဒီ
ဥပမာလေးတွေကို ခြုံငုံ ဆင်ခြင်ကြီးများ ပြုလုပ်ပြီး သကာလ မောင်ရွှေဒေါ၏ ဦးနှောက်ခပ်သန့်သန့်ကလေးအတွင်း
အခြားသော အဟောသိကံများကို တွက်ဆရင်မောလာမိပါ၏။
အဟောသိကံတွေ
မောင်ဒေါတို့၏ မြန်မာပြည်ဝယ် မည်မျှ များပြား နေသနည်း၊ လူမှုရေး အဟောသိကံ၊ စီးပွားရေး
အဟောသိကံ၊ နိုင်ငံရေး အဟောသိကံတွေ…..တွေ……တွေ ကြည့်နေရုံနှင့်တော့ ဘာမှဖြစ်လာမည်မဟုတ်။
မလုပ်၊ မရှုပ်၊ မပြုတ်ဆိုသည့် အမှိုက်ပုံထဲက စုတ်စုတ်ပြတ်ပြတ် အတွေးအခေါ် သီဝရီတွေကို
ကပ္ပလီပင်လယ်ရေနဲ့ ဆေးပြီး သန့်စင်ဖို့လိုမည်ထင်ပါ၏။ ဘေးထိုင်၊ ဘိုင်ကျ၊ ဘုပြောဆိုသည့်
“ဘသုံးလုံး” ငနဲများကို လည်းကောင်း၊ ဗျူလိုကလက် အရသာကို ဂေါက်သီးနဲ့ ချောကလက် ရောမြည်းပြီး
အရှောင်အတိမ်း၊ ဂျက်စီဂျိမ်း လုပ်နေကြသည့် “ပုတ်ဂို”များကိုလည်းကောင်း စေတနာ ကောင်းဗလပွဖြင့်
မေတ္တာစာ အကြိမ်ကြိမ် ပါးအပ် ပါ၏။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment