မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အိမ်သာဘု
မောင်ဒေါ၏
ယောက္ခမကြီးကား ကရင် အမျိုးသမီးကြီးတစ်ဦးဖြစ်၏။ ၁၉၄၈ ကာလမှာ သည် ၁၉၅၅ လောက်ဆီအထိ မောင်ဒေါ
တို့ နယ်ဘက်၌ နာမည်ကြီးလှသော ကေအင်ဒီအိုဗိုလ်များဖြစ်သည့် ဗိုလ်ကျန်၊ ဗိုလ်ရွှေကူး၊
ဗိုလ်မန်းတင်၊ ဗိုလ်ဖုန်းမိုစသူ တို့အထဲမှ ဗိုလ် ရွှေကူးနှင့်၊ ဗိုလ်ဖုန်းမိုးတို့၏
ညီမ၀မ်းကွဲလည်းတော်ပါ၏။ သို့သော်ညား ထိုပုဂ္ဂိုလ်တွေ တဒိုင်းဒိုင်း တဖောင်းဖောင်း ဆော်ပလော်တီး
နေကြချိန်၌ မောင်ဒေါ၏ ယောက္ခမကြီးကား ဆော်တဲ့တီးတဲ့အထဲ မပါ အားရှာ၊ လယ်သူမကြီးအဖြစ်
ဝမ်းကျောင်းနေရဆဲဖြစ်ပါ၏။ အလွန် ရိုးသားလှသော ထို ကရင်အမျိုးသမီးကြီးသည် သူ့မောင်၊
သူ့အစ်ကိုများအား “နင်တို့ပစ်တာတွေကလဲဝေ၊ ငါ့အိမ်ရှေ့က အုန်းသီးတွေ တော့ ကုန်ပြီဟဲ့
ရွှေကူးရဲ့” ဟု ပြောသူလည်းဖြစ်ပါ၏။
“ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေဇာပင်ဖြစ်ရသည်”ဟု
ဝေဆာတင်စား သွယ်ဝိုက်ပါးနပ်စွာ ပြောဆိုလေ့မရှိ။ သေနတ်တွေ ပစ်ရင်း မိုးပေါ်ထောင်ထောင်သွားသဖြင့် အုန်းသီးတွေကို
မှန်ပြီး ကြွေကျလာသည်ကို သူမြင်သည့် အတိုင်းဆိုခဲ့တာသာဖြစ်ပါ၏။
သူ၏ သမီးမောင်ဒေါ၏ မဟေသီ၊ ဒါတင်စရီလေဒီရှောက်ကျင်းတန်ငယ်စဉ်က
ရန်ကုန်ကိုလာလာပြီး အလုပ်တွေလျှောက်၊ အင်တာဗျူး တွေဝင်သည်ကိုလည်း မှတ်မှတ်သားသား စကားတခွန်းချွေဖူးပါ၏။
ဟဲ့…..အပို့လေး နင့်မှာလဲ ခဏခဏ အဲဒီအိမ်သာဘု တွေ သွားသွားနေရတာပဲဟဲ့၊ ဘာအလုပ်မှလဲ သေသေချာချာမရဖူး
ဟူ၍ဖြစ်၏။ မောင်ဒေါကတော့ အနှီ “အိမ်သာဘု” ဆိုသည့် “ဗော်ကယ်ဗျူလာ”ကို အလွန်စိတ်ဝင်စားစွာ
အမှတ်ပြုမိလိုက်ပါ၏။ ဤကား နိဒါန်းပါဗျား၊ မောင်ဒေါတကိုယ်တည်း အနေဖြင့် “အိမ်သာ ဘု”တွေကို
စိတ်မ၀င်စားလှပါ။ သို့သော်လည်းပေါ့လေ……….အည်းပေါ့လေ မကြာမကြာ ချူရန် -တီးရန်
- အချွန်နဲ့ မရန် -မြှောက်သ လိုနှင့်
နင်းရန် “အိမ်သာဘု” သမားများ လာလေ့မေးလေ့ရှိပါ၏။ မောင်ဒေါကား တကယ်တော့ ဘာ “အကောင်”မှ
မဟုတ်၊ သို့ညား ဘာတွေကြား ဘာတွေသိပြီး လာကလိကြသည်ကိုမူ မောင်ဒေါ၏ ဉာဏ်တထွာ တမိုက်မျှဖြင့်
မမီပါ။
ယခုလည်း မောင်ဒေါထံ “လျှောက်လောင်တို”
ဂျာနယ်မှ “သတင်းထောက် ဒီတာ” (သတင်းထောက်+အယ်ဒီတာ) “မောင်ရွှေဖွ” ရောက်ရှိလာပြီး ဟိုကိစ္စ
ဒီကိစ္စ အနှီကိစ္စတွေကို “ဖွ”ဖို့ အဲလေယောင်လို့ “သဘောထားရယူဖို့” ရောက်ရှိလာပါ၏။ ထုံးစံအတိုင်း
ခပ်စုတ်စုတ် ဗီဒီအို ကင်မရာကို “ထောက်”ထောက်ရင်း အိတ်ထဲက “နုတ်တ ဘုတ်” ကိုထုတ်ကာ ဟိုအရက်ကုမ္ပဏီက
အလကားပေးထားသည့် “ဘောပင်”ကိုထုတ်ပြီး “လယ်ဒီ ၀မ်း တူး ရီး ဂလို တက်စတင် ကတ်” တွေလုပ်ပါ၏။
ပြီးမှ မေးခွန်းတွေစပါ၏။
“ဆရာကြီးဒေါခင်ဗျာ” ဆရာဒေါကကုလမေတ္တာရပ်ခံရေးသမဂ္ဂကြီးပင်လျှင်
အသိအမှတ်ပြုထားရတဲ့ သံတမန်ကြီးလို့သိထား ရပါတယ်။ အဲဒါ ဘယ်တုံးက ဘယ်လိုဖြစ်သွားတာပါလဲခင်ဗျာ”
မောင်ဒေါကား အဲဒီ “ကုလကြီး” ဝေးလို့ ရပ်ကွက်ထဲက
ဓမ္မာရုံမှာတောင် ဆယ်ဖို့တဖို့စား အကျိုးဆောင်မလုပ်ဖူး။ ဒီ“ငဖွ” ဘာတွေလာချလောင်နေပါလိမ့်ဟု
တွေးမိ၏။ ဒါပေမယ့်…..မောင်ဒေါလေ……ဟန်ကိုယ်ဖို့ပဲပေါ့။
“အော်…..ဒါလား….အမှန်ကတော့ ဟိုကိုဖီအာမွှေးဆိုလား
ကိုဖီအာနန် ဆိုလား….အဲဒီမောင်ပါကွယ်……ဆရာ့ဆီလာပြီး ဆရာမှ မကယ်ရင်သေဖွယ်ရာသာရှိတယ်…….”
အာဖရိကားသွားပေးပါဦးလို့တောင်းပန်တာပါ…………ဒါပေမဲ့ မလုပ်ဖြစ်ပါဖူး၊ ဟ………ဒါက ရုပ်ရှင်မင်းသားလောက်
အဆိုတော်လောက် လုပ်ကြတာလေ………… ဆရာ့ အရှိန်အ၀ါနဲ့ မဖြစ်ပါဖူးကွယ်လို့ ငြင်းလိုက်ပါတယ်။
“အဲ………..ဂလိုကိုး………….ကျနော်အမှတ်မှားသွားလို့ပါ………ဆရာကြီးဒေါကို
မလေးမစားဖြစ်သွားရင် တိုးလျှိုးပါတယ်ခည”
“ကိစ္စနမရှိဖူးလကွယ်။ အရှေ့ အလယ်ပိုင်းက
- ဖအေ မနိုင်ကောင်တွေတောင် ငါမနိုင်တာပဲလဟဲ့……..ရှိစေ ရှိစေ”
“အစောက မေးခွန်းနဲ့တော့ မဆိုင်ပါဖူး ဆရာကြီးဒေါ
ခင်ဗျား………ဒါပေမယ့် သားတို့က လူငယ်တွေဆိုတော့ စာနယ်ဇင်း ကျင့်ဝတ်ဆိုတာလေးသိချင်ပါတယ်”
“အိမ်း……ဒါလဲလူပြောသူပြောအတော်များသကို့ကွဲ့၊
ဆရာ့အမြင်ကတော့ “ကျင့်” ပြီး “၀တ်” ရတာကို “ကျင့်ဝတ်”လို့ခေါ် သပေါ့ကွာ တနည်းအားဖြင့်တော့
ကိုယ်နဲ့မရင်းနှီးသေးတဲ့ အ၀တ်အစားမျိုးပေါ့”
“မှတ်သားထိုက်ပါပေတယ် ဆရာကြီးဒေါခင်ဗျား။
နောက်မေးခွန်းတခုကတော့ ဥပဒေအကြောင်းပါ။ ဥပဒေကို ဘယ်သူက တီထွင်ခဲ့ပါသလဲခင်ဗျာ။ သားတို့လဲ
ဥပဒေတွေကြားရလွန်းလို့ ကြည်ညိုချင်လို့ပါ”
“အော…….ဥပဒေ………..ဟုတ်စ ဟကောင်လေးရ “ဥပဒေ”ဆိုတာ
လက်အငြိမ်မနေနိုင်တဲ့လူတွေက လက်အငြိမ်မနေနိုင် သူတွေအတွက် ဦးနှောက်အငြိမ်မနေ စဉ်းစားရေးသားခဲ့ချက်တွေပေါ့ကွယ်
“အား………ရင်ထဲသိမ်းဆည်းထားရမယ့် မိန့်ချွေခြင်းပါပဲ
ဆရာကြီးဒေါခင်ဗျး။ ဒါကြောင့်လဲ ဆရာကြီးဟာ မရမ်းကုန်းမှာ ကျော်ကြားပေတာပဲ”
“အေး……..ကျော်ကြားတယ်ဆို တာ “ကျော်” လိုက်ရင်
ညှော်သကိုးမောင်ရ အဲဒီတော့ “ကြား”ရတော့တာပေါ့ ဆဲသံတွေ”
“ဟုတ်ကဲ့ ဘေးရောက်သွားပါဦးမယ် ဆရာကြီးဒေါခင်ညာ။
အခုကျနော်တို့နိုင်ငံမှာ လူဦးရေ သန်း၆၀လောက်ရှိမယ်လို့ တိတ်တိတ်ပုန်းသတင်းတွေကဆိုပါတယ်။
ဒါပေမယ့် ဂျာနယ် မဂ္ဂဇင်းတွေ စောင်ရေသောင်းဂဏန်းအထက် ကြာကြာမနေနိုင်ကြပါဖူး။ အဲဒါကို
ဆြာကြီးရဲ့ အမြင်လေး”
“ဟဲ့ ရွှေဖွ၊ ငွေဖွ၊ ပတ္တမြားဖွရဲ့၊ ရှားပါးခြင်းဟာ
တန်ဖိုးလေကွဲ့၊ စောင်ရေနည်းလေ၊ ကောင်းလေပေါ့၊ ရှာမရလေ - ရှားပါးပစ္စည်း ဖြစ်လေ တန်ဖိုးပိုတက်လေဆိုတာ
မောင်ရင်မသိလေရော့သလားကွယ်”
“ဟုတ် ခင်ည…….တော်တော်စီးပိုင်တဲ့ ဓညင်းသီးက
အဖေခေါ်ရမဲ့အတွေးအခေါ်ပါပဲ ခင်ည၊ တဆက်ထဲပဲမေးပါရစေ ခင်ည၊ အခုကျနော်တို့ဗမာပြည်နဲ့ ပတ်သက်ပြီး
ကျွမ်းကျင်သူဆိုသူတွေက ရေးတဲ့ စာအုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီး ဆရာကြီးဘာများ ပြောလိုပါသလဲ”
“အာဟ……….ဟို အိတ်စပတ်ဆိုတဲ့ ငတိတွေလား၊
သူရို့ စာအုပ်တွေကို တစ်ယောက်ယောက်က အလကားပေးရင်တော့ အားနာပါးနာနဲ့ ဆရာလက်ခံလိုက်ပါတယ်။
မာတိကာစာရွက်ရယ်၊ အလယ်ကောင်စာမျက်နှာရယ်၊ နောက်ဆုံး ပိတ်စာမျက်နှာရယ်ကို မြည်းကြည့်ပြီးတော့
အဲဒီစာအုပ်ကို “အိမ်သာလိုင်စင်” ပေးလိုက်ပါတယ်။ ဗမာပြည်ပေါ်က လေယာဉ်ပျံ ဖြတ်စီးဖူးရင်ပဲ
အိတ်စပတ်ဖြစ် သွားတဲ့ ငတိတွေကလဲများသားကလား……ငှဲ………ငှဲ……..ငှဲ”
“နောက်တခုက …….ပါပါရာဇီတွေနဲ့ ရဲလိုးဂျာနယ်လစ်ဇင်ဆိုတာ
ပြောကြ ဆိုကြတာတွေလဲကြားရပါတယ် ဆြာကြီး၊ အဲဒါတွေ အပေါ် ဆြာကြီးရဲ့ အယူအဆက ဘယ်လိုရှိ…..ဟိ…..ဟိ”
“မင်းတော်တော် မှုတ်ချင်တဲ့ ငတပဲကိုးကွဲ့၊
ပါပါရာဇီဆိုတာ ဆင်မလိုက်က ၀က်သိုးသင်းတဲ့ ၀က်သတ်သမားကိုခေါ်တာ။ ရဲလိုးဂျာနယ်လစ်ဇင်ဆိုတာကတော့
အ၀ှာကို အ၀ှာပြုပြီး အ၀ှာလစ်ဇင်ကိုခေါ်တာပေါ့လဟဲ့”
“ဟုတ်ကဲ့……….ဟုတ်ကဲ့……..ရှင်းသွား ပါပြီခင်ဗျာ။
ဆရာကြီးလို “ဟဗုသုတ” ပြည့်စုံတဲ့ ပုဂ္ဂိုလ်တဦးကို မေးမြန်းခွင့်ရတဲ့ အတွက် မင်္ဂလာ့ မင်္ဂလာ………..မင်္ဂလာတပါးပဲပဲ”
“အေး
အေး………နောက်လဲမေးချင်းမြန်းချင်တာရှိရင်လာပေါ့ကွဲ”
“နောက်ဆုံးမေးခွန်းကလေးမေးခွင့်ပြုပါဆြာကြီး၊
အဲဒါကတော့ ဆရာကြီးအနေနဲ့ ကျနော့အပေါ်ဘယ်လိုမြင်ပါသလဲ။ အားမနာပါနဲ့ခင်ဗျ၊ ပွင့်လင်းမြင်သာစွာပြောနိုင်ပါတယ်ခင်ဗျ”
“အော်ဒါလား - လူတစ်ကောင်လို့ပဲမြင်ပါတယ်။
ကင်မရာ အစုတ်တစ်လုံး ရီကော်ဒါ ဟန်ပြ တစ်လုံးနဲ့ မျက်စိနောက်အောင် လုပ်တတ်တဲ့ အားမနာ၊
လျှာမကျိုး ငတိလေးတစ်ကောင်လို့ပဲမြင်ပါတယ်”
“ငုတ်ကဲ့…….ကျေးဇူးပါပဲခင်ဗျာ………………နောက်ဆုံးစာဖတ်သူများဘယ်လို
မတ်ဆိတ်များပေးချင်ပါသေးသလဲ”
ဘဦးရေကူးနေသည်။ ဆေးကု၍ မရပါ။ ငါ၏ဒူးနာ၏။
အမေဈေးကပြန်လာပြီ” ဆိုတာလေးပါပဲ။
ဤတွင် မောင်ရွှေဖွ ပြန်ကြွချေ၏။ မောင်ဒေါလဲ
ချောက်တလွဲတွေ အတင်းတွေထုတ်လိုက်ရသဖြင့် အရသာရှိသွားပါ၏။ မောင်ဒေါရဲ့ လေဒီဒေါကတော့
ပြောတာပဲ “လောကမှာ သရက်သီးထက်ပိုချိုတာက အတင်းပဲ” ဆိုကိုး
မတော်မဆ တိုက်ဆိုင်သည်ဆိုညားအံ့၊ ဆော်တီးပါ။
ဗညားဂျမ်းဒေါ
(ကွမ်းခြံကုန်း)
No comments:
Post a Comment