Saturday, December 15, 2012

နိုင်ငံရေးကင်းရှင်းကြောင်း

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
နိုင်ငံရေး ကင်းရှင်းကြောင်း
                   တရံရောသ၌ (တရံရောအခါ+တနေ့သ၌) ကျုပ်မောင်ဒေါသည် ကျုပ်၏လေဒီကြီး ထင်ရာမြင်ရာတွေ စပ်ထည့်ပြီး ကျောင်းထားသော “ထမင်းကြော်” ဆိုသည့် ညိုတိုတို မဲတဲတဲ ထမင်းကို မောနင်းဘလိတ်ဖတ်အဖြစ် သုံးဆောင်ပြီး သကာလ ဟားဗတ်တက္ကသိုလ်ထက် မအောက်ဟု ကိုယ့်ဖာသာ ကင်ပွန်းတပ်ထားသော ကျောင်းစုတ် ကျောင်းပြတ်ကလေး၏ ကော်ရီဒါတွင် ချခင်းထားပေသည့် ကုလားထိုင်လက်တဖက်ကျိုးပေါ်၌ ထိုင်နေလေ၏။ ထိုင်နေ ရင်းက မောင်ဒေါ၏ အော်ရီဂျင်နယ်စတိုင်ဖြစ်သော မြင်းကသားဆေးတံကို ရှူဖွာလျက် အတွေးစည်ပိုင်းအား လှုပ်ခါဆန့် ကြုံ့လျက်ရှိ၏။ “တွေးနေခြင်းသည် အလွန်လျှင် အကုသိုလ်ကင်းပေ၏တမုံ့” ဟု နားလည်ခံယူ ရင်မှာ တွေးလိုက်ထား သဖြင့် ကုလားထိုင်ပေါ်တွင် ဆေးတံတရှိုက်၊ မီးခိုးဝိုက်ဝေ့နေရခြင်းကို မောင်ဒေါ နှစ်ခြိုက်ရုံမက သုံးခြိုက် လေးခြိုက်ပါ ဖြစ်ပါ၏။
                   ယင်း အခိုက်အတန့်ကလေး၌ပင် ကျုပ်၏သက်တော်စောင့်ခွေးကြီး “မောင်ဘား”သည် အလွန်လျှင် ကျယ်လောင်လှစွာ ဟောင်ခြင်းအမှုကို ပြုလေ၏။ သည်ကောင်မောင်ဘား တော်သလင်းသံပေးခြင်းတော့ မဟုတ်တန်ရာ၊ ဧကန္တလူစိမ်းတဦးကို ကြိုဆိုသည်သာဖြစ်အံ့ဟု တွေးမိသဖြင့် ကိုယ်ဘယ်လိုမှ မလုပ်ချင်သော်လဲ ကိုယ်နောက်ဖေးပေါက် ကို ပိတ်ဆို့ကာရံခံလိုက်ရသဖြင့် ကဗျာကယာပြင်ဆင်လိုက်ရသော အိမ်ရှေ့ခြံပေါက် နိုင်ငံတကာအဆင့် မမီတမီတံခါး ကို ကြည့်လိုက်ရ၏။ . . . မောင်ဒေါ၏ တပည့်လည်းဖြစ် တခါတရံ ဆရာလည်းဖြစ်သော ငတိတစ်ပွေကိုတွေ့လိုက်၏။ ယင်းသူကား “လောက သစ္စာ”ဟု မောင်ဒေါ အမည်ပေးထားသော ပုဂ္ဂိုလ်ကလေး။
                   “ထိုင်ဟေ့” ဟု အဘိယာစကပြုပြီးသည်နှင့် “လောကသစ္စာ”၏ ထုံးစံအတိုင်း “အာလွှတ်”သည့် အမှု ပြုခြင်းကို မောင်ဒေါ နားထောင်ရပါလေ၏။ တခါတရံမူ နားသည် “ထောင်”မနေပဲ “လဲ”နေသော် ကောင်းစွာဟုလည်း တွေးမိပါ၏။ မောင်ဒေါ၏ “ဘာသာစကား”မဟုတ်သော ရှရာပိုဗာ၏ ရိုက်ချက်များအကြောင်း၊ စပိန်ကလူလွန်မသား ကလေး၏ နွားတိုက်ပွဲနှင့် ကားမောင်းပြိုင်ပွဲ အကြောင်း၊ ဆိုင်ကယ်စီးပြိုင်ပွဲတွင် အနိုင်ရသူကဖွင့်သည့် ရှန်ပိန်ပုလင်း အကြောင်း၊ ဥရောပတိရစ္ဆာန်ရုံတရုံက ပင်ဒါဝက်ဝံမ မျိုးစပ်ခြင်းအကြောင်း၊ ရိုဘော့တစ်နည်းပညာဖြင့် ဟော်တယ်မှာ စားပွဲထိုးတော့မည့်အကြောင်း တောတောင်ရေမြေ . . . ဒီပါဗွေတွေကို နားထောင်ရပါ၏။
                   “ဟဲ့ကောင်ရဲ့ . . . နေပါဦးဟာ . . . နင်အခုလာရင်းအကြောင်းက”
                   “ပြောပါ့မယ် ဆရာဒေါရဲ့ . . . ဟိုဟာလေ . . .ကျနော် အခုအလုပ်လျှောက်တော့ အလုပ်က “နိုင်ငံ ရေးကင်းရှင်းကြောင်း” ထောက်ခံစာတောင်းလို့ အဲဒါ . . . ဆရာ့ဆီက . . . ”
                   “ ဟေ . . . နင်က ငါ့ကို ထောက်ခံစာ ထုတ်လုပ်ရေးစက်ရုံကြီး အောက်မေ့နေလို့လား နင့်ကို နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံစာတောင်းတဲ့ ငနဲက ဘယ်ဒေ၀ါဘယ်အမျိုးက ဘယ်သူခိုးပေတုံးလဟဲ့. . . လင်းစမ်း”
                   “အတင်ရခက်ပါသနော် . . . သံလျက်တော်ယူသည့် သူခိုးကိုလ . . . ဘယ်အမျိုးဘယ်အနွယ် တကယ် ရင်ဖွင့်ရင်ဖြင့် . . . အံမယ်မင်း . . . ဆရာဒေါရဲ့”
                   “တော်စမ်းကွာ . . . မင်းမလင်းရင် ငါပဲလင်းတော့မယ်။ ဒို့နိုင်ငံမှာ “နိုင်ငံရေး” ဆိုတဲ့စကားလုံးကို ကြောက်ခြင်းကြီး အပါးတစ်ရာနဲ့ ကြောက်နေအောင် ဖြစ်ခဲ့ရတာ ကြာပါပေကာဟဲ့၊ တကယ်တော့ နိုင်ငံရေးဆိုတာ လူသားရဲ့ဖွားဘက်တော်ပဲ ပေလဟ။ လူတွေရဲ့ တွတ်တီးကိစ္စ၊ အဖုံးအကာကိစ္စ၊ နေပူကြဲကြဲဝက်သိုက်တဲကိစ္စတွေဟာ နိုင်ငံရေးပဲကွ၊ သိကြားမင်းရဲ့ မယားခေါင်ကြီး ထမိန်တော်မပြည့်စုံတာ၊ မားကိုစ်ရဲ့ မိန်းမ အီမဲလ်ဒါ- ဖိနပ်အရံပေါင်း သိန်း နဲ့ချီရှိတာ၊ မာတလိရဲ့ သမီးမင်္ဂလာဆောင်မှာ ကားသော့များစွာ လက်ဖွဲ့တာ၊ လက်ပံတောင်းတောင်က မြေကြီးတွေ ပွေးစုံ့သွားလို့ ချက်ကြီးတို့တတွေ အိမ်မရှိတော့တာ၊ ၀ိသုကြုံရဲ့ နှစ်ဝမ်းကွဲယောက်ဖ၊ ကျွန်းပင်တွေကို မီးဆိုက်မယ်ဆို ပြီး တာဝတိန်သာကို တိတ်တိတ်ကလေး တီအီးကားနဲ့ပို့တာ၊ ခရိုနီရေမြင်းကြီး ပါးစပ်ပိုပိုပြဲလာလို့ ပလတ်စတာ ကပ်ထားရတာ . . . ဒါတွေကအစ နင့်အိမ်နောက်ဖေးက ဆန်အိုးထဲမှာ ဆန်ပြတ်ပြတ်သွားတာ၊ အာလူးတစ်လုံးကို ဖွတ်ကလိ ဒင်္ဂါးများစွာနဲ့ ၀ယ်ယူနေရတာ၊ တယ်လီဖုန်းတစ်လုံး သိန်းသုံးဆယ်ကနေ နှစ်သိန်းဖြစ်သွားတာ၊ မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့ဆိုပြီး ဖျင်ပေးရတဲ့ မင်းကြီးဒေါ်နဲ့ မင်းပထွေး ရန်ပွဲမှာ လက်ဦးအောင် ပြန်ပြန်ဆော်နေကြတာ၊ မင်းနောက် ဖေးအိမ်သာထဲက . အဖိုးတန်လူ့စွန့်ပစ်ပစ္စည်းတွေက ဇီဝဓါတ်ငွေ့ထွက်တယ်ဆိုလို့ ကိုယ်ချေးကိုယ်ပြန်ပိုက်ထွေးနေရ တာ- ဒါတွေအဆုံး နိုင်ငံရေးချည်းပဲပေါ့ကွ၊ နိုင်ငံရေးနဲ့မင်း၊ ကင်းနေပြီဆိုရင်တော့ တစ်ခုခုမှားနေပြီ။ သေချာတာကတော့ မင်းရဲ့မနုဿတ္တ ဘာဝဟာ လုံးချာလည်နေပြီဆိုတာပဲ ကောင်လေးရ’
                   “ဆရာဒေါကလဲ . . . ဟိုခါတော်မီ နိုင်ငံရေးသမားကြီးလေစီးကြောင်း လွှတ်နေတာကျနေတာပဲ . . . တပည့်ကြီး “မောင်လေးသစ်”လဲ ဒီလောက်တော့သိပါတယ်။” သိတာမှ သိ . . . သိ . . . သိ . . .သိနဲ့ တောင်နေသေး” “ဟဲ့ . . . သောက်ကဇကောင်. .  နင်သိတယ်ဆိုရင် နင့်မေဂလိန်းမို့ အဲဒီနိုင်ငံရေးကင်းရှင်းကြောင်းကြီး ငါ့ဆီယူလာရတာ တုံးဟ။ အဲဒီ အသုံးအနှုန်းဟာ အရူးထောင်ထွက်တွေရဲ့ လေပုန်းမြူးသံပဲဟဲ့”
‘ဂလိုဆိုတော့ ဆရာဒေါက တပည့်ကြီးကို နိုင်ငံရေးကင်းရှင်းကြောင်း မထောက်ခံနိုင်ဖူးပေါ့’
“ဟကောင်ရ . . . မန်းလေပြဲလေပါ့လား၊ နင်အခုလို “နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံခိုင်း”နေတာကိုက နိုင်ငံရေးပဲ ဟ . . . ငနာလေးရဲ့”
“ဟဲ့ကောင် . . . နင့်ဥစ္စာကလဲ . . . လှုပ်လေ . . ၀င်လေ ဖြစ်နေမင့်ကပဲ . . . အိမ်း နိုင်ငံရေး သတ္တ၀ါဖြစ်တယ်ဆိုတာနဲ့ နိုင်ငံရေးပါတီဝင်လို့တော့ ပြောလို့မရဖူးဟဲ့။ နိုင်ငံရေးပါတီ အဖြူ၊ အနီ၊ အ၀ါ၊ အစိမ်း တစ်ခုခုထဲကို ၀င်ပြီး နိုင်ငံရေးကို တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်သူကိုမှသာ နိုင်ငံရေးပါတီဝင်လို့ ဆိုရမှာလဟဲ့။ နိုင်ငံရေးပါတီဝင်တိုင်းကို နိုင်ငံရေး သမားလို့ခေါ်နိုင်တယ်။ ဒါပေမယ့် နိုင်ငံရေးသတ္တ၀ါတိုင်းဟာတော့ နိုင်ငံရေးပါတီဝင် ဖြစ်ချင်မှဖြစ်မှာပေါ့”
                   “ရှုင်းပါပြီဆရာဒေါ . . . ရကောက်ဟထိုးငသတ်ဝစ္စနှစ်လုံးပေါက် ရှင်းပါပြီ၊ အဲဂလိုဆိုရင် “အမျိုးသားနိုင် ငံရေး”ဆိုပြီး ခဏခဏပြောသံကြားရတာကကော ဘယ်လိုတွေးယူပါ့မလဲ ဆရာဒေါ”
“အဲဒါကတော့ ကိုယ်လုပ်နေတာ ကိုယ်ဖာသာ ဘာမှန်းမသေချာလို့သော်၎င်း ဒါမှမဟုတ်။ ကိုယ်လုပ်နေတာကို တစ်စုံတရာဖုံးကွယ်ထားလို၍သသော်၎င်း ကမ္ဗည်းတပ်ကြတဲ့ “၀ဲစားလောက်ကိုက်” စကားလုံးတစ်လုံးပဲဟ။ အမျိုးသား တရပ်အတွက် နိုင်ငံရေးလုပ်တော့မယ်ဆိုရင် နိုင်ငံရေးပါတီအမည်ခံချင်ခံ မခံချင်နေ၊ အစုအဝေးတစ်ရပ်ရှိလာရတယ်။ အစုအဝေးဆိုတာ ပါတီပဲ။ နိုင်ငံရေးကို တစ်ယောက်ထဲ ဆောင်ရွက်လို့မှ မရတာပဲ။ နိုင်ငံရေးဆိုတာက အဖြူထည်သက် သက်ပဲ ငါ့ကောင်ရ၊ နိုင်ငံရေးကို “ညစ်ပတ်”သလိုလို၊ လူရှုပ်လူပွေတွေရဲ့ ခိုလှုံရာလိုလို အပြောခံရတာက နိုင်ငံရေးဗန်းပြ ပြီး အရောင်းဆိုးကြတဲ့ ငို့ဘတွေ(ငါ့ဘို့တွေ)၊ အချိန်တစ်ခုတိုင်း အရောင်ပြောင်းတတ်တဲ့ ပုတ်သင်ညိုတွေ၊ ဟိုပေါင်ပြေး ကပ်၊ ဒီပေါင်ပြေးကပ်တတ်တဲ့ ဆိတ်လစေ့တွေ၊ ဆီအိုးထဲကျလို့ အရောင်ပြောင်းနေတဲ့ မြေခွေးတွေကြောင့် ‘နိုင်ငံရေး’ဟာ ရုပ်ဖျက်ခံနေရတာပဲ။”
“ဆရာဒေါက ဒါတော့ တပည့်ကြီးကိုပါ နှိပ်ကွပ်လိုက်တာပေါ့လေ”
“မရည်ရွယ်ပါဖူးမောင်ရာ . . ငါက ဒါးမကို ဓိဋ္ဌာန်ပြီးပြောတာပါ။ အဲလေဓမ္မဒိဋ္ဌာန်ပဲဆိုလိုတာပါ။”
                   “မောင်ဒေါက ခပ်ချဉ်ချဉ်ရှိသည်နှင့် သွန်လိုက်သော အနှာစကားတွေကြောင့် လောကသစ္စာ၊ မောင် တောက်တာလဲ စိတ်ညစ်ညူးသွားဟန်တူပါ၏။ မောင်ဒေါ၌ ပြောစရာတွေ ကျန်သေးသော်လဲ ထိုမျှချွေလိုက်လျှင်ပင် သင်းကလေးလည်း အတော်အတန် ရှင်းလင်းသွားလောက်ပေ၏တကားဟု ယူဆမိ၏။ သည့်နောက် ဆေးတံကိုချထားပြီး သူများ အလကား လက်ဆောင်ပေးသဖြင့် ရထားသည့် ကျူးဘား ဆေးပြင်းလိပ် ကိုဟီးဘားကို မီးညှိရှူဖွာပြီး သကာလ မောင်ဒေါ၏ စည်ပိုင်းငြိမ်သွားအောင် ကော်ကုလားထိုင် လက်တစ်ဘက်ကျိုးအပေါ်၌ ကျောမှီလျက်နေလိုက်လေ၏။”
(မှတ်ချက်) အကယ်၍ သင်စာဖတ်သူက ကျုပ်မောင်ဒေါ၏ အဆိုစကားမျာကို တစုံတရာပြန်လည်ပြောဆိုဝေဘန်ဖွယ် ရှိလာပါက မောင်ဒေါထံသို့ ဤဂျာနယ်မှတဆင့် စာရေးနိုင်ပါကြောင်းကိုလည်း တစ်ဆက်ထဲမှာပင် ကျေလည်းကျေ နပ်လည်းနပ်စွာ ပြောဆိုလိုပါ၏။ မောင်ဒေါနားလည်သလို ‘ဖွင့်’ လိုက်ခြင်းသာဖြစ်ရာ၊ နိုင်ငံရေးသုထမိန်များ၊ ငါ့ထမိန်များ (အဲလေ) သုခမိန်များက မှားသည်ထင်လျှင်လည်း ပြင်ပေးစေဟူလို။  
                                                                                                               ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

No comments:

Post a Comment