Friday, December 14, 2012

ဘာလဲရန်ဘာလဲမိတ်

-->
မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ဘာလဲ ရန်၊ ဘာလဲ မိတ်
                   ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ၊ ရန်သူရဲ့ မိတ်ဆွေဟာ ငါ့ရန်သူဆိုတဲ့ အဆိုတရပ်ကို လွန်ခဲ့သော နှစ်လေးဆယ်လောက်ကထဲက မောင်ဒေါကြားဖူးခဲ့ပါ၏။ ‘ရန်သူဆိုတာ ဘာကိုခေါ်တာလဲ’၊ အသေအချာ မကွဲပြားဘဲလျက် မောင်ဒေါ အဲဒီအဆိုကို သဘောကျဖူး၏။
                   ငယ်ငယ်တုန်းက မောင်ဒေါလည်း ဘာမှန်းညာမှန်း သိပ်မသိသေးဘဲ လက်ဝှေ့ထိုးဖူပါ၏။ လက်ဝှေ့ဆရာ က ‘ကိုနဲ့ မျက်နှာချင်းဆိုင်လာတာ ရန်သူပဲ။ စဉ်းစားမနေနဲ့၊ ဦးအောင်ထိုး၊ အဖြောင့်၊ အ၀ိုက်ရတာနဲ့ထိုး’ ဟုသင်ကြားပါ ၏။ ထိုသင်ကြားချက်ကြောင့် မောင်ဒေါသည် ဦးအောင်ထိုး၏။ မြန်နိုင်သမျှ မြန်အောင်ထိုး၏။ ကိုယ့်ထက်ဦးတဲ့လူနဲ့ တွေ့ရင်။ ကိုယ်ထက်မြန်သူတွေ့ရင်ခံ၊ အဲဒီတော့ ကိုယ်ဖလက်ပြတာတွေရော၊ သူဖလက်ပြတာတွေရော ကကြီးရရစ် တစ်ချောင်းငင် သေးသေးတင် ကြုံခဲ့ရလေ၏။
                   ‘နိုင်ငံရေးမှာ ထာဝရ ရန်သူ၊ ထာဝရမိတတွ ဆိုတာမရှိဖူး၊ နိုင်ငံရေးအကျိုး စီးပွားကိစ္စအပေါ်မှာသာ ရန်သူ၊ မိတ်တွ ကွဲပြားသွားတာဖြစ်တယ်’ဆိုသော အဆိုကို တော်တော်နှောင်းသော ကာလက မောင်ဒေါ သဘောမပေါက်၊ အဲဒါကြီးကို ‘သဘောပေါက်’ လာတဲ့အခါ ရောက်လာခဲ့ပါ၏။
                   ၈၈/၈၉ ကာလက ၀န်ကြီးချုပ် ဟောင်းဦးနုက “ဒီငြိမ်း” ဆိုသော ပါတီထောင်ကာ အစည်းအဝေးတွေလုပ် ၏။ မောင်ဒေါ ရောက်ခဲ့ဖူးသော ပါတီပေါင်းစုံ အစည်းအဝေး တစ်ခု။ ဆန် ကိစ္စဟု ထင်ပါ၏။ သည်တွင် ဦးနုက ‘မိတ်ဆွေ များခင်ဗျား’ဟု အစချီကာ ဆန်ပြဿနာ ဖြစ်လာနိုင်ချေနှင့် နိုင်ငံတကာကို သူအကူအညီ တောင်းရန် စီစဉ်နေပုံတွေကို ပြောပြပါ၏။ ထိုပါတီစုံ အစည်းအဝေးတွင် နဂိုရ်က (ဦးနုဝန်ကြီးချုပ်ဘ၀က) ဦးနုကို အတိုက်အခံပြုခဲ့သူတွေ အများကြီး ပါနေပါ၏။ မောင်ဒေါ ကိုယ်တိုင်လည်း၊ ဦးနု အစိုးရလက်ထက်က ‘ပမညတ’၏ အမြင်တွေကို လက်ခံပြီး ဦးနုကို ဆန့်ကျင်ခဲ့သူထဲက တစ်ယောက်ဖြစ်ခဲ့ပါ၏။ ထိုအစည်းအဝေးတွင် ဦးနုကို မောင်ဒေါ ထောက်ခံခဲ့ပါ၏။ ဆိုလိုသည်က ‘နိုင်ငံရေး အကျိုးစီးပွားသည် အဓိက’ ဆိုသည်ကို မောင်ဒေါ ပိုမို သဘောပေါက် လာခဲ့သည်ဟုပင်ဖြစ်ပါ၏။
                   ၈၈ ခုနှစ်နှောင်းပိုင်းတွင် ဟိုတုံးက ဆိုရှယ်လစ်ပါတီ၏ ထိပ်ပိုင်းဖြစ်ခဲ့ဖူးသူ ပုဂ္ဂိုလ်ကြီး တချို့နှင့် မောင်ဒေါ ကြုံရဖူးပါ၏။ မိုးနတ်မင်းကြီး၏ အလိုအရဟုဆိုသော် ဆိုနိုင်မည်ထင်ပါ၏။
                   သူတို့သည် တချိန်က ‘အနှစ် လေးဆယ်အာဏာ တည်မြဲရမယ်’ ဟု ကြွေးကြော်ခဲ့ကြပြီး ဆယ်နှစ် မပြည့်တပြည့်၌ ‘ဘ၀ရှင်မင်းတြားကြီး ဦးနုဘယ်လိုလဲ’ တို့၊ ‘ငါ့ ညီကျော်ငြိမ်း မင်းငယ်ပါသေးတယ်’ တို့၊ ‘ခက်ဖွယ်ရယ် ကြုံပါတယ်။ လက်နက်ကယ်စုံအညီနဲ့’ တို့ စသည် စသည့် ဆော်ပလော်တီးသံတွေ လက်သံပြောင်စွာဖြင့် ‘ဗမာပြည်ကြီး ဂျောက်ထဲကျဖို့ လက်တလုံးကြားအလိုမှာ’ တည်မြဲ သန့်ရှင်း ကွဲ၍ ပြဲခဲ့ကြရသော ‘သနားစဖွယ်’ ပုဂ္ဂိုလ်ကျော်ကြီးများ လည်း ဖြစ်ကြပေ၏။
                   ယခုမိုးနတ်မင်းခေါ်ယူခြင်းခံရ၍ တာဝတိံသာ၌ ရှိနေသလော သို့တည်းမဟုတ် ယမမင်းထံခစားပြီး ရောရုဝ၌ နဘန်ကျင်းခံနေသလော ကံသေကံမ မပြောနိုင်သည့် ပုဂ္ဂိုလ်ကြီးတယောက်ဆိုလျှင် ‘ဒီချုပ်’ စည်းရုံးရေးကာလ ဖြစ်သည့် ထို ၈၉ ခုနှစ် ထိုင်ဝိုင်းတစ်ခု၌ ‘အဲဒီကွန်မြူနစ်တွေကြောင့် ဗမာပြည် မတိုးတက်တာ။ ကျုပ်တို့ ဆိုရှယ်လစ်ပါ တီက အဲဒီတုန်းက တိုင်းပြည်အတွက် လုပ်ခဲ့တာတွေ ချည်းပဲ၊ အမေရိကန်က ပေးတဲ့အကူအညီ၊ စီမံကိန်းတိုင်းကို ကပျက် ယပျက်လုပ်ခဲ့တာ အဲဒီ ကွန်မြူနစ်တွေပဲဟု ၀စနတ်တော် ချွေဖူး၏။
                   ထိုအချိန်တွင် ဒီချုပ်၌ အရောင်းမျိုးစုံ ထွက်ဝင်သွားလာ ပျားပန်းခတ်နေချိန် ဖြစ်ပါ၏။ မောင်ဒေါ စပယ် ရှယ် အံ့သြသွားခဲ့ပါ၏။ အမျိုးသား ညီညွတ်ရေးကို ဆောင်ကြဉ်းရမည့် တာဝန်ရှိသူတစ်ဦး၏ မုတ်ခ ပေါက်တော်ကြီးမှ ထွက်တော်မူခဲ့သော ထိုစကားများကား ညီညွတ်ရေး အစော် နည်းနည်းမှမနံခဲ့။
                   အခုတော့လည်း သေကုန်ကြပါပြီ။ အဲဒီတုန်းက မောင်ဒေါက ထိုပုဂ္ဂိုလ်ကြီးအား ရီရီ မောမော မေးခွန်း တစ်ခုမေးခဲ့ဖူးပါ၏။ ‘ဦးလေး အဲဒီဆိုရှယ်လစ် ကွန်မြူနစ် အကွဲတွေဟာ နောက်မျိုးဆက်တွေကို ဦးလေးပေးချင်တဲ့ နိုင်ငံရေးအမွေလား’ ဟု။ ထိုပုဂ္ဂိုလ်ကြီး အနည်းငယ်တော့ ရှူးရှား ဖြစ်သွားပါ၏။ ‘ဒီလိုတော့လည်း မဟုတ်ဖူးပေါ့လေဗျာ။ ဒါပေမယ့် သင်ခန်းစာ ယူတတ်အောင်လို့ပါ’ဟုတော့ ကွန့်လိုက်ပါသေး၏။
                   ‘ဒီချုပ်’ထဲမှာ ကွန်မြူနစ်တွေရောက်ကုန်ပြီ ဟု၍လည်း ဆိုရှယ်လစ်ဗိုလ်မှူးချုပ်ဟောင်းကြီး တဦးက ‘အော်ကြီးဟစ်ကျယ်’ စာတမ်းတွေ ဘာတွေထုတ်ပြီး ကန့်ကွက်ဖူးတာကို သိမီလိုက်သူ များစွာရှိမည် မောင်ဒေါထင်ပါ၏။
                   သို့ကြောင့် မို့ ‘ရန်သူ’ဆိုခြင်းကို မောင်ဒေါအလေးအနက် စဉ်းစားမိခြင်းဖြစ်ပါ၏။ အထက်က မောင်ဒေါ ပြောခဲ့သူတွေသည် မောင်ဒေါ၏ ပုဂ္ဂလရန်သူတွေမဟုတ်ကြ၊ နိုင်ငံရေးအယူအဆ၊ တူခြင်းမတူခြင်းကို ဘက်တစ်ဘက် တည်းတွင် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်သည့် ‘သူငယ်နာ’ ကင်းစင်မှုမျိုး မည်မျှလိုအပ်သည်ကိုသာ မောင်ဒေါသဘော ပေါက်(အဲ) ပေါက်ခဲ့ပါ၏။
                   ဤနေရာတွင် မောင်ဒေါ၏ စည်ပိုင်းအတွင်း ပလုံစီလာသော အဆိုတချို့ကိုလည်း ဘွားကနဲ တွေ့ရှိလိုက် ပြန်ပါ၏။ ‘ရန်လိုက်၊ ငါရှောင်။ ရန်ရှောင်ငါလိုက်။ ရန် တက်၊ ငါဆုတ်။ ရန်ဆုတ်၊ ငါတက်’ စသည့် နိုင်ငံရေးအရ ရန်သူဟု သတ်မှတ်သူအပေါ် ထားရမည့်သဘောထား၊ နောက်တော့ ‘ရန်၊ ငါစည်းခြား’၊ ရန်ငါ မျဉ်းပြတ်စသည့် ၁၉၆၆ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကြီး၏ နောက်ပိုင်း ‘တောထ’နေခဲ့သော အဆိုအမိန့်များဖြစ်ပါ၏။
                   ထိုသဘောထားများ၏ အောက်တွင် မောင်ဒေါ ချစ်ခင်သူတို့သည်၎င်း၊ မောင်ဒေါနဲ့ မတူသူများသည်၎င်း ထိခိုင်ရှနာ သေကြခဲ့ကြရပါ၏။ သေကွဲရှင်ကွဲ၊ ကွဲကြရသည့်ဘ၀များ၊ မသေမရှင်ဘ၀များ၊ ရှင်နေရက်နှင့် ဘ၀ပျက်ခဲ့ရသူ များကို၎င်း မောင်ဒေါကြုံခဲ့ရပါ၏။ မိမိကိုယ်တိုင်ပင်လျှင် လေးယောက်ပေါင်း အကောင်းတစ်ယောက် မဟုတ်တော့သည့် အခြေအနေ ဖြစ်ခဲ့ပါ၏။
                   စစ်ကြောင့် သေကြရသူအပြစ်မဲ့များ၊ မိဘမဲ့များ၊ အငတ်ဘေးကြုံရသူများကိုလည်း နှလုံး စိတ်ဝမ်း မငြိမ်းချမ်းနိုင်လောက်အောင် ကြုံခဲ့ရပါ၏။
                   အဆိုပါ ‘ရန်၊ ငါ’ ဆိုသည်က မည်မျှ ပြည်စုံသော အမှန်တရား ပါနည်း၊ မောင်ဒေါကလေး စဉ်စားပါ၏။ ဧရာမဦးနှောက်ကြီးများကို မမီသော မောင်ဒေါ၏ ဦးနှောက်ပိစိကွေးထဲမှာတော့ အဖြေတစ်ခု ပီပီသသရလာခဲ့ပါ၏။
                   ‘အပြုသဘောဆောင်သော အလုပ်မှန်သမျှ’ကို မောင်ဒေါ ကျေနပ်လာပါ၏။ ‘အပြု’ သဘောဆောင်သော အတွေးများကို မိမိ၏ စည်ပိုင်းအတွင်း ဂါလံချီ၍လောင်းထည့်ပါ၏။
                   သဗ္ဗေအလုံးစုံကုန်သော နိုင်ငံရေး သတ္တ၀ါအားလုံးကိုလည်း ‘အပြု’ လက္ခဏဆောင်သော အတွေးအကြံ အလုပ်တို့ဖြင့် (ပေါ်ပြူလာဖြစ်ဖို့ လူရှေ့ထွက်ကြွားပြရုံ မဟုတ်ပဲ) လုပ်ကြပါစေကြောင်း ဆန္ဒပြုမိပါ၏။
                   မောင်ဒေါလို ခပ်ထုံထုံတယောက်ပင်လျှင် ဤသို့ တွေးကြံဆန္ဒပြုမိသည်ဆိုညားအံ့၊ အဘယ်မည်သည့် သင်ကကော စဉ်းစားပြီးပြီလောဟူ၍ပင် မေးခွန်းထုတ်ချင်မိပါ၏ဟူလို။
ဗညားဂျမ်းဒေါ(ကွမ်းခြံကုန်း)

No comments:

Post a Comment