Monday, December 10, 2012

ဖိုးညွန့်ကြက် .

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ဖိုးညွန့်ကြက်
                   စတုဘုမ္မိက ဘုန်းတော်ကြီးကျောင်းသား အကောင်းစား မြင့်ဦးသစ်က မောင်ဒေါကို “ဟဲ့ကောင်    ငဒေါ . .  .  . မင်းဒါတွေ ရေးစမ်းကွာ” ဟု အားမနာ လျှာမကျိုး ခိုင်းလေ့ရှိ၏။ သူရေးခိုင်းသည့် အကြောင်းတွေက ဟဲဗီးတွေ ဖြစ်၏။ တစ်ခါတရံတော့လည်း အဲဒီဟဲဗီးတွေကို စည်ပိုင်းထဲ ထည့်ခလောက်ပြီး မောင်ဒေါရေးဖို့ ဖြစ်သွားပါ ၏။ သို့သော် ကမ္ဘာ့ ဒီမိုကရေစီ ချန်ပီယံကြီးများ၊ ဒီမိုကရေစီ ပဏ္ဏိတ်ကြီးများက မောင်ဒေါရှေ့က များစွာများစွာ ရေးကြ၊ ပြောကြ၊ ဟောကြ တွန်ကြ (ကြားကြမှာပ ခင်ဗျာ)။ ဆိုတော့ . . . လက်မငြိမ်၊ ပါးစပ်မငြိမ်နှင့် မောင်ဒေါက ၀င်ချလောင် သလို ဖြစ်မှာစိုးပါ၏။
                   တချို့ လက်သံပြောင်လိုက်တာတွေကလည်း တစ်ခါတစ်ခါ ဖူးကူးရှိမ ငလျင်ထက်တောင် ပြင်းသေး သကိုးဗျ။ “ပြောင်” ခြင်းနှင့် တွဲလျှက် “တလင်းခါ” ခြင်းဆိုတာလည်း ဗမာစကားက ရှိသားမှုတ်လား။ လက်သံပြောင်ပြီး လက်သံ တလင်းခါသွားတာတွေ မောင်ဒေါ တစ်သက် မြင်ခဲ့ရတာ ရိုးဟိုးဟိုးနေပြီ ဖြစ်ပါ၏။
                   လက်သံပြောင်ဖို့ နေနေသာသာ၊ မပြောင့်တပြောင်ကလေး ဆိုလျှင်သော်မှ “မမွေးခင်က သင်းပစ် လိုက်မယ် ဆိုသော” ဟုဆိုသော ကာလတွေတုန်းကဖြင့် ဆီလိမ်းသလို ပြောင်နေကြသူတွေ ကိုရီးယားရိုးမန့်ကား ရိုက်နေကြသည်မှာလည်း ရိုး . . . ဟိုး . . . ဟိုး နေပြီးဖြစ်ပါ၏။
                   ကဲလေ . . . ရှည်နေပါဦးမယ်။ မောင်ဒေါက ဒက်ဂလိတ်လို ဆက်တိုင်ယ - ဗမာလို “အရွှန်းဖောက်စာ” ရေးတဲ့လူဆိုတော့ အဲဒါတွေကို ဟဋ္ဌပဟဋ္ဌ ဟာသ၊ လောမဟံသန ဟာသတွေ အဖြစ်ပဲ ရှုမြင်ပါ၏။ ကဲ သက်သာ . . . အေးစေပေါ့နော . . . ။
                   (မှတ်ချက် . . . မောင်ဒေါက ပါဠိလိုတွေ တစ်လုံးစ နှစ်လုံးစ ဟိုကတို၊ ဒီကတိုပြီး ရေးထားလို့လည်း စာတော်ပြန် ပြင်ညာယှိမှတ်ပြီး ဧရာမ စာအုပ်ထူကြီးတွေကို ယူလာ . . . မောင်ဒေါကို စမ်းကြည့်ရန် အားမထုတ်စေလို ပါ။ ဒိုးဆလံ - တင်းဆလံ)
                   အမှန်ကတော့ အလုံးစုံကုန်သော လူကြီးလူကောင်းတွေ၊ လူကြီးလူမကောင်းတွေ၊ လူမကြီး လူကောင်း တွေ၊ လူမကြီး လူမကောင်းတွေအတွက် မေတ္တာစာ ဒဏ္ဏာရီ တစ်ပုဒ်ကို ဝေမျှလိုရင်း ဖြစ်ပါ၏။
                   ဤခရစ်နှစ် ၂၀၁၂ ခုနှစ်မှ ပြန်၍ ရေသည်ရှိသော် (ခမ်းနား မလားလို့ စကြည့်တာလေ . . . ဟုတ်သေးပါဘူး. . . ) ဟို မင်းတိုင်ပင်အမတ်များ လက်ထက်တော် ကာရီမှသည် ယခုလက်ထက်တော်ရှိ အမတ်တော် မင်းများအထိ  မဲမရခင်သာလာကြပြီး မဲရပြီးသောအခါ ကောင်းစွာလူရာသွင်း ရှင်းလင်း တွေ့ဆုံဆွေးနွေးခြင်းကို မခံရရှာ သည့် မဲဆန္ဒရှင်တို့၏နေရာ၊ မောင်ဒေါ၏ ဇာတိမြေနှင့် မဝေးသော . . . ယခုအခါ အတော်ကလေး နာမည်ကျော်နေ သည် မြို့နယ်အတွင်းမှ ရွာကလေး တစ်ရွာ ရှိပါ၏။
                   အဲဒီရွာကလေး၌ ကိုဖိုးညွန့်ဟု နာမသညာ ခေါ်စရာ ရှိပေသော ပုဂ္ဂိုလ် မကြီးမသေး တစ်ဦးလည်း ရှိသတတ်။ ထို ကိုဖိုးညွန့်၏ ၀ိသေသ လက္ခဏာကား ကြက်တိုက်ဝါသနာ အထူးပါခြင်း ဖြစ်ပေ၏။ ကိုဖိုးညွန့်နှင့် အထိအတွေ့ အတွဲတွေ ထဲတွင် မောင်ဒေါအသိ အနုပညာသမား နှစ်ယောက်တောင် ပါပါသေးဗျား။ တကယ်တော့ ကိုဖိုးညွန့်သည် ကြက်တိုက် ၀ါသနာ ထူလှသူ ဖြစ်သော်ငြား ၀ိုင်းကြီး ၀ိုင်းကျယ်တွေမှာတော့ မတိုက်ဖူးရှာသေး။ ၀ိုင်းကြီးများ သတင်းကို နားစွင့်ရင်း ဘ၀င်ကျရင်းနှင့် သွားရေကျနေသူသာ ဖြစ်ပါ၏။ သူကိုယ်၌က ချမ်းတောင့်ချမ်းသာ မဟုတ်၊ ရွာကလေးထဲမှ အဆင်းရဲ အကြပ်တည်းဆုံး လူစာရင်းတို့တွင် ၀မ်းတူတင်းထဲ ၀င်သူ။ ဒါပေမယ့် သင်းက “၀ါသနာကို မတာနဲ့တော့ခင်ရေ့ . . .” အမျိုးအစား။
                   ဖိုးညွန့် ကြက်တွေ မွေး၏။ ဘာဗီဇမှန်း မသေချာပေသည့် “အတက်ထွက်” လှမည်ထင်လျှင် ဖိုးညွန့် မွေး၏။ ပိစောက် . . ပိစောက်တည်းက  မွေး၍ ခွပ်လက်ချချိန် ရောက်သည်နှင့် သူ့ကြက်တွေ ဟင်းအိုးထဲမှာ ရော့အင်ရိုး က သွားသည်ချည်းဖြစ်၏။
                   ဖိုးညွန့်သည် သွားလေရာကို ကြက်တပိုက်ပိုက်နှင့် “ကိုကြီးကျော် ငယ်ကမွေးပါတဲ့ . . ကြက်ဖောင်း ကလေး” ဆိုသော နတ်ချင်းထဲက ပုခန်းဦးမင်းကျော် ဂိုက်ကိုလည်း လုံချည် စလွယ်သိုင်းရင်း ဖမ်းပါသေး၏။
                   အခါတစ်ပါးမတော့ . . . . မဂိုမဂဲဆိုလား မပြိုမပြဲဆိုလား စစ်တကောင်းဆိုလား ချက်ဖောင်ဆိုလား . . . မောင်ဒေါလည်း ကောင်းကောင်းမသိသော လည်ပင်းမှာ အမွှေးမရှိသည့် လဒပုံ ကြက်ကလေး တစ်ကောင်ကို ဖိုးညွန့် ချိုချိုချောင်ချောင် အလကားလောက် နီးနီးနှင့် ရပါ၏။ တကယ်တော့ ဖိုးညွန့်ကို ကြက်ခရေဇီမှန်းသိတာနဲ့ “ထည့်” သွားခြင်းသာ ဖြစ်ပါ၏။ တိုက်ကြက်ကောင်း မျိုးရိုး များစွာကို မစားရ ၀ခမန်း လေပန်းပြသွားသည့် အရောင်းသမားက ဖိုးညွန့်အား သနားလေဟန်ဖြင့် နိုင်ငံတကာ စီအိုင်အေလုပ်ပေါက် ချိုးသွားခြင်းသာ ဖြစ်ပါ၏။
                   ဖိုးညွန့်ပျော်ပြီ . . . ။ ရပင့်ရော . . ရရစ်ရော ပျော်ပါပြီ။ ဟံသာဝတီနယ် တစ်လွှားမှာတော့ “ မဂိုမဂဲ ရယ်မို့၊ အကိုတွေ စွဲပါတဲ့၊ အတက်ရဲဆုံး ကြက်ဇာနည်ကို ပြိုင်စေတော့မဟဲ့ . . . ”။ ဘာ ညာ ပေါ့ဗျာ . . ။ စာချိုးတွေ၊ ဘာတွေနဲ့ ဖိုးညွန့်အပြတ်လန်းနေ၏။ ကြက်မောင်လဒ၊ ခွပ်လက်ကျကိုလည်း “သ”လိုက်ရသည် မ၀နိုင်၊ တဖန်းဖန်း တောင်ပံသံပေး အတက်သွေးပုံကိုကြည့်၊ ပီတိတွေက တစ်ဝေေ၀. . . ။
                   ရွာထဲက ဖိုးညွန့် အ၀န်းအ၀ိုင်း လူနုံနဲ့များကလည်း “ကဖိုးညွန့်နဲ့ ကဖိုးညွန့်ကတော့ဖြင့် စင်ပေါ်က ဖင်ချော်လို့တောင် ဆင်းဖို့ မလိုသယောင် ပင့်ကြ၊ ချွန်ကြ၊ ဘေးတီးကြ၊ “ငါ့သားကြီးကွ . . . ”အော်ရလွန်းတဲ့ မောင်ဖိုးညွန့်ခမျာလည်း အသံတွေဝင်လို့ သံပုရာချည်ကလေးကို လျှာပွတ်ဆေးရောပြီး ယက်ကာ ယက်ကာနှင့်ပေါ့ ခင်ဗျာ . . ။
                   (ဤစာကို ရေးနေစဉ်မှာပဲ ကျောကနာ၊ လက်ကနာ၊ ရင်ဘတ်က အနည်းငယ်လောက် အောင့်၊ လှပ်လှပ် . . . လှပ်လှပ်၊ ဒပ်ဒပ် . . . ဒပ်ဒပ်တွေ ဖြစ်၊  လှိုင်းစီးသလို အရသာ မကောင်း တကောင်းလေးလည်း ခံစားရတာနဲ့ ခဲတံနဲ့လက် မတွေ့ဖြစ်တာ ထင်ပါ၏။  အဲဒီ တစ်ပတ်အတွင်း ဖိုးညွန့်ကြက်ကလည်း အတက် တပြပြ၊ ဖိုးညွန့်ကလည်း မျက်ထောင့်နီ ဖြစ်နေ၏။ မောင်ဒေါ . . သင်းတို့ကို စားပွဲပေါ် ခဏတင်ထားပြီးမှ၊ အခုဆက်လိုက်ပါ၏။ ဤကား စကားချပ်)
                   အဲ . . . ဘာတဲ့၊ ဖိုးညွန့်နဲ့ ဖိုးညွန့်ကြက် သြဇာတွေ တက်နေချိန်မှာပဲ ကျိုက်ဖူးကျိုက်ပါ ဘုရားချောင် မှာ ပွဲကြီးပွဲကောင်းသတင်း ဖြစ်လာ၏။ ရန်ကုန်က အဓိပတိ ကြက်ငတိကြီးပါ ပါမည်။ လောင်းကြေးက အဲဒီခေတ်ငွေပင် သိန်းချီ၏။
                   ဖိုးညွန့် အဲဒီဝိုင်းမှာ ပါပြီ။ အိမ်ကို (တကယ်တော့ တဲပါ) သူကြီး ကိုဗိုလ်ကျန်ထံမှာ ပေါင်သည်။ ဗိုလ်ကျန်ကလည်း ဦးနှောက်ထဲမှာ မျှော့ပဲ ရှိတဲ့လူဆိုတော့ ပွဲပြီးရင် သိန်းချီရမယ်ဆိုပြီး အပေါင်ခံ၊ အပန်ခေါင် လုပ်လေ၏။
                   ကဲ . . . ၀ိုင်းစပြီ။ တစ်ဖက်ကြက်ကလည်း တကယ်တော့ တစ်ဖက်ကန်း . . . ပေါင်ချိန် ဂဏန်းလျှောက် သလို လျှောက်တဲ့ကြက်မျိုး။ မည်းမည်းမြင်ရင် ထိုးခွပ်မယ်ဆိုသည့်ကြက်။ နာမည်တစ်လုံးနဲ့ ကြက် . . ။ တိုတိုပြောရရင် ဖြင့် ၀ိုင်းထဲ ကြက်နှစ်ကောင် ဆိုင်လိုက်ချိန်မှာ ဖိုးညွန့်ကြက် တစ်ချက်စူးသွား၏။ ဖိုးညွန့်ကြက်က ပြန်ပြစ်ဖို့ တာစူဆဲတွင် တစ်ဖက်ကြက်က အကန်းဖက်မို့ မမြင်။ သည်မှာတင် “ အောက်အီးအီးအွတ် . . . ”တွန်ပါ၏။ တွန်သံ အကြားတွင် ဖိုးညွန့်ကြက် တုတ်ကွေးမိသွားလေသလော . . ။ အစာ မှားခဲ့လေသလော . . ထင်ရလောက်အောင် ချီးပန်းပါလေ၏။ (ကန်တော့နော်)။ ချီးတွေ ပန်းပြီးသည်နှင့် ဖင်ထိုင်ကျသွားပါတော့၏။ အော် . . . ဖိုးညွန့်ကြက်      ရယ် . . .။ (ဒီမှာ . . ကြော်ငြာ ၀င်လိုက်ပါတော့နော် . . . ) ဇာတ်လမ်းက ပြီးပါပြီ . . . ။
                   ဟုတ်ကဲ့ . . ၊ ဖိုးညွန့်ကြက်အကြောင်း သံခေ၀ကို စာဖတ်သူသိပါပြီ။ မိတ်ဆွေရော . . . ဖိုးညွန့်ကြက်မျိုးတွေ တွေ့ဖူးပါသလား . . .။ မောင်ဒေါကတော့ ချစ်ဖူးရေးတဲ့ ကဗျာလေး လက်ဆောင်ပေးချင်ပါ၏။ “တိုက်ကြက်”တဲ့။ ၈၀ ခုနှစ်လောက်က ရေးတယ်ပြောတာပါပဲ။
                   တချက်ကောင်း၊
                   ကြက်ဖောင်းက တခုန်ခုန်
                   ကြက်ပုံက ထယ်သဗျား . . . ။ 
                   ပွဲတိုင်းကျော် ညောင်ကန်ကြီးပေ
                   ပွဲစီးသော် တော်ရာခွေလို့ . . ၊
                   ကြောက်ချေးတွေ မြင်ရာဗြွတ်ပါတဲ့
                   (ကိုဖိုးညွန့်ရေ့) ကျွတ်တဲ့ငကြွား။

ဗညားဂျမ်းဒေါ(ကွမ်းခြံကုန်း)


No comments:

Post a Comment