Monday, December 24, 2012

မုန်တိုင်းနဲ့ ၁၃၀၀ပြည့်တပ်သားအိုကြီး


ကိုကိုးကျွန်းဋီကာ
မုန်တိုင်းနဲ့ ၁၃၀၀ပြည့်တပ်သားအိုကြီး
                   ၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲစ။ ၆၄ ခုနှစ် ဆွေးနွေးပွဲပျက်ပြီးသွားတဲ့နောက် အာဏာရှိနေတဲ့ “ဒီဖက်တို အစိုးရ ”ရဲ့ နိုင်ငံရေးအယူအဆ မတူသူတွေအပေါ်ထားတဲ့ ပေါ်လစီက ‘ချိုး၊ နှိမ်၊ ချေမှုန်း’ ပေါ်လစီအကောင် အထည် ဖော်သူ”တွေကလဲ ‘ရွှေဖော့ရိုးသုံးရမယ်ဆိုရင်တောင်မှ ‘၀ါးရင်းတုတ်’ သုံးခဲ့ကြတယ်လို့ ဆိုပါလိမ့်မယ်။ ထောင်ထဲကို လူမသိ သူမသိ မီဒီယာမသိပဲ “ခေါ်ထည့်ထိန်းသိမ်း” ထားတဲ့နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ “ကျင့်သုံးခဲ့တဲ့ စိတ်ဓာတ်စစ်ဆင်ရိုက်ချိုးရေး” နည်းပရိယာယ်ဟာ အသည်းထန်ဆုံး အခြေအနေပါ။
                   ၆၇ နှစ်ဦး “အေပရယ်ထိုးစစ်၊ ထောင်တွင်း အော်ပရာရိုက်ပွဲ” ကြီးဟာ အပြင်းထန်ဆုံးလို့ ဆိုရင်မှား မယ်မထင်ပါဘူး။ ခေါင်းကိုစောင်နဲ့ ပတ်ပြီး ဆွဲထုတ်၊ ရှေ့ကနေ ခြေထိုးခံပြီး လဲသွားတဲ့အခါ သဲပိုက်နဲ့ တကိုယ်လုံးမွနေ အောင် ရိုက်တာဖြစ်တဲ့ အတွက် အချို့ရဲဘော်တွေဆိုရင် “ကျိုး” သွားကြတာ။ “ကြေ”သွားကြတာတွေရှိပါတယ်။ “ကျိုး” အောင်ရိုက်တာပေမယ့် “မကြေ” သွားတဲ့ ရဲဘော်တွေလဲ အများကြီးပါပဲ။ ထောင်အုပ်ချုပ်ရေးအပိုင်း (အကောင်အထည် ဖော်သူတွေ) ကတော့ “ဒီကောင်တွေ လှလှကြီး ကျိုးသွားပြီ”လို့ အထင်ရောက်မှာ မလွဲပါဘူး။
                   “ဖိနှိပ်မှု” သည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း “အရိုးစွဲ”နေခဲ့ကြတဲ့ “ပေါ်လစီချမှတ်သူ” များရဲ့ အတွေးအခေါ်ဟာလဲ အံ့သြစရာပါပဲ။ “ရာဇပလ္လင်” မြဲရေးအတွက် ဘိုးဘိုးအောင်လို ပုဂ္ဂိုလ်မျိုးကို ကြိုးချည် ဖမ်းဆီးဖို့ပဲ စဉ်းစားခဲ့တဲ့ ‘ဘိုးတော်ဦးဝိုင်းရဲ့ ပဒေသရာဇ်အတွေးထက် ဘာမှ ပိုပြီးမထူးခြားပါဘူး။ ၀တစ်လုံးက နှစ်လုံး ပေါ်လာမယ် ဆိုတာကို ဘိုးတော်ဦးဝိုင်း မစဉ်းစားခဲ့သလို ကျနော်တို့ရဲ့ “သွားလေသူ”ပေါ်လစီဖန်တီးရှင် များလဲ စဉ်းစားခဲ့ကြပုံမပေါ်ပါဘူး။ စဉ်းစားမိသူ တချို့ဆိုရင်တောင်မှ သိပ်ပြီး ခေါင်းဆောင်ကြီးအကြိုက်ဖြစ်ခဲ့ပုံမရပါဘူး။
                   ဒီလိုကြောင့်ပဲ “ကိုကိုးကျွန်း”ဆိုတာ အကောင်အထည်ပေါ်လာခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ အဲသည် ကျွန်းကို ပို့ပြီး“တကျွန်းပြစ်ဒဏ်” ချလိုက်တဲ့အခါမှ “မန်းလိုက်လို့ပြဲ” သွားခဲ့တာပါ။ တိုင်းပြည်အတွက် စွန့်နိုင်သမျှ စွန့်မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတဲ့ တန်ဘိုးရှိ လူသားတွေ၊ မလိုလားအပ်ပဲ အဟောသိကံ ဖြစ်ကုန်ရတာဟာ ကျနော်တို့ တိုင်းပြည်အတွက် အင်မတန်ကြီးတဲ့ နစ်နာ ဆုံးရှုံးမှုပဲလို့ ကျနော်မြင်ပါ တယ်။ အကယ်၍ ဒီလူတွေဟာ “တိုင်းပြည် တည်ဆောက်ရေး”မှာ ပါဝင်ခွင့်ရခဲ့ရင် . . . (သင်ခန်းစာယူစရာပါ)။
                   တဆက်ထဲလိုလိုပဲ “အငြင်းပယ်ခံ” နိုင်ငံရေးသမားကြီး တစ်ယောက်နဲ့ ကျွန်းမှာ နေခဲ့ရတာလေးတွေ ကျနော်ရင်ထဲရောက်လာခဲ့ပါတယ်။ သူက ကျနော်တို့နဲ့ တသားတည်းအနေကြာခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကျနော်တို့က သူ့ကို “အန်ကယ်ကြီး”လို့ ချစ်စနိုးခေါ်ကြတယ်။ သူ့ကိုစကြနောက်ကြတယ်။ သူ့မျက်နှာမှာ ဘယ်တော့မှ ဒေါသရဲ့ အရိပ်အရောင် မတွေ့ရဖူး။ သူကလဲကျနော်တို့ကို  ခပ်တည်တည်ပြန်နောက်တတ်ပါတယ်။ အဲသလို လူငယ်တွေနဲ့ တရောတနှောရှိနေခဲ့ပေမဲ့ တခါတရံ အစအနောက်ကြမ်းခဲ့ပေမဲ့ သူရဲ့ လေးစားစရာတွေကို ကျနော်တို့ အသိအမှတ်မပြု ဘဲ မနေခဲ့နိုင်ကြပါဖူး။
                   သူဟာ ၁၃၀၀ ရာပြည့် အရေးတော်ပုံတပ်ဦးမှာပါခဲ့တဲ့ သခင်တစ်ယောက်ဖြစ်ပါတယ်။ ဒို့ဗမာ အစည်းအရုံးရဲ့ သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ အစုအဝေးမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ သခင်အောင်ဆန်းကို ဗိုလ်ချုပ် အောင်ဆန်း ဖြစ်အောင် ၀ိုင်းခဲ့ဝန်းခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သခင်အောင်ဆန်းက ဗိုလ်တေဇအဖြစ် တရုပ်သင်္ဘော တစ်စီးနဲ့ ဗမာပြည်ပြန်အလာမှာ ဆီးကြို စီစဉ်မှုတွေလုပ်ပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ဒို့ဗမာ အစည်းအရုံးရဲ့ လက်ဝဲအစုမှာ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဦးနုက သခင်နုဆိုတဲ့ နာမည်မယူတော့ပဲ ‘သခင်’ကို ဖြုတ်လိုက် တဲ့အခါ “သခင်နုက သခင်ဖြုတ်လိုက်ရင် ဖြုတ်လိုက်တဲ့ သခင်ကို ကျုပ်ယူတယ်”ဆိုပြီး သခင် သခင်ခင်အောင်လို့ သူနာမည် ကို ယူခဲ့သူဖြစ်ပါတယ်။ အိန္ဒိယမှာ ကျင်းပတဲ့ “ရမ်ဂါးကွန်ဂရက်”ကို ဗမာပြည်ကိုယ်စားပြု တက်ရောက်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ သူဟာအလွန် ပျော့ပျောင်းတဲ့ လက်ဝဲသမားတစ်ယောက်အဖြစ် သူ့ပတ်ဝန်းကျင်မှာ နေထိုင်ပြုမှုပြသွားသူ လဲဖြစ်ပါတယ်။
                   သူ့ကို အင်းစိန်ထောင် ၆ဆောင်က ထုတ်ပြီး ကျနော်တို့နဲ့အတူ ကိုကိုးကျွန်းကို ပို့လိုက်တော့ သူ့ကျန်းမာရေးဟာ အတော်နဲ့နေပါပြီ၊ အသက်ကလဲ ခြောက်ဆယ်ကျော် ဖြစ်နေပါပြီ၊ အသက်ကြီးပိုင်း ရဲဘော်တဦး ဖြစ်တဲ့အတွက် ကိုကိုးကျွန်းမှာ ကြုံရမဲ့အလုပ်ကြမ်းတွေနဲ့ မထိတွေ့အောင် ထားပါတယ်။ သူကတော့ လူငယ်တွေနဲ့ အတူ တသီးတခြားမဟုတ်ဘဲ အမြဲလိုလိုနေပါတယ်။ ဘာကိုမှ ညည်းငြူလေ့မရှိပါဘူး၊ သူ့ကို ကျနော်သဘော အတွေ့ဆုံးကတော့ “အာဃာတ”နည်းခြင်းပါပဲ။ ကျနော်တို့အတွင်း နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေရှိလာတဲ့အခါ တချို့က အရမ်းသည်းထန် ရန်လိုလာတတ်ပါတယ်။ ဒီအခါမျိုးတွေမှာ အန်ကယ်ကြီးဆီက သူနဲ့မတူတဲ့ အယူအဆရှိသူ အပေါ် “အာဃာတ”ရှိတာ မတွေ့ရပါဘူး၊ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အရည်အချင်းတစ်ရပ်ပါ။ ကျနော်သူဆီက ‘ရ’လိုက်တဲ့ အဲဒီအချက်ကတော့ အမြဲတမ်းကို အမှတ်ရမိတဲ့ကိစ္စပါပဲ။
                   နောက်ထပ် အမှတ်ရစရာကိစ္စလေးကတော့ ကျွန်းပေါ်မှာ ဖြတ်ခနဲ့ကြုံခဲ့ရတဲ့ အကြောင်းလေးတစ်ခုပါ။ အန်ကယ်ကြီး သခင်ခင်အောင်နဲ့ ပတ်သက်လို့ပေါ့လေ။
                   ကိုကိုးကျွန်းဟာ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းတစ်ကျွန်းပါ။ အဲဒီကာလက ရန်ကုန်နဲ့နှိုင်းယှဉ်ရင် ရာသီဥတု ဆိုးပါတယ်။ အထူးသဖြင့် ကျနော်မှတ်မိ သလောက် နိုဝင်ဘာလဟာ အဆိုးဝါးဆုံး ဖြစ်ပါတယ်။ မုန်တိုင်းဖြစ် တတ်တဲ့ ရာသီပါ။ ဧရာမ ဆိုင်ကလုံးကြီးတွေ မဟုတ်သေးပေမဲ့ မုန်တိုင်းဆိုတာနဲ့ လေက အတော်ပြင်းပါတယ်။ အုန်းပင် အဖျားတွေ လောင်မီးကျသလို ညိုမဲကုန်တယ်။ တချို့ ပြတ်ထွက်ကုန်ပါတယ်။ ဆင်မီးတောက် ခြုံတွေကလွဲလို့ အခြား သစ်ပင်မှန်သမျှ မုန်တိုင်း မထိတာမရှိပါဖူး။ ကျွန်းပေါ်က ကြည့်နေရင် ဧရာမ လှိုင်းလုံးကြီးတွေ ကမ်းခြေကို ပြေးပြေးပြီး ဒေါသတကြီးဝင်လာတာဟာလဲ ခြောက်ခြားစရာပါပဲ။ အဲသည်လို မုန်တိုင်းအောက်မှာ ဘယ်လိုမှ မလှုပ်သာ မယှက်သာ အကာအကွယ် နည်းနည်းကလေးနဲ့ခံရတာပါ။ မုန်တိုင်းစဲသွားပြီဆိုရင်တော့ ပင်လယ်ပြင်ဟာ မနေ့က အဖြစ်ကို သူဘာမှမသိတော့သလိုဟန်လုပ်ငြိမ်သက်နေတတ်ပါတယ်။ စိုက်ထားတဲ့ ဒန့်ဒလွန်ပင်လို အပင်တွေမှာ အပင် မမြင်ရအောင် အပွင့်တွေပွင့် အသီးတွေသီးလာတတ်ပါတယ်။ ကဲ . . . ထားတော့။
                   ကျနော်တို့မှာ မုန်တိုင်းအတွေ့အကြုံက ဘာမှရှိကြတာ မဟုတ်ပါဖူး(ရခိုင်ရဲဘော်တချို့က လွဲရင်ပေါ့ လေ) အဲသည်နေ့က မုန်တိုင်းလာတော့မယ်။ ရှေ့ပြေးတွေကို ကျနော်တို့ မရိပ်မိခဲ့ကြပါဖူး။ သည်တော့ ကမ်းနားအရှေ့ ဘက် အုန်းပင်တွေ တန်းစီပေါက်နေတဲ့ဆီကို ကျနော်ရယ်၊ ကိုတင်အောင်(ခေါင်းဖြူ)ရယ်။ အန်ကယ်ကြီး သခင် ခင်အောင်ရယ် လမ်းလျှောက်လာခဲ့ကြပါတယ်။ လှိုင်းကြက်ခွပ် ကလေးတွေနဲနဲပိုကြီးလာ၊ ပိုကြမ်းလာတယ်လို့ ခံစားမိ ပေမဲ့ လမ်းလျှောက်မြဲလျှောက်လာခဲ့ကြပါတယ်။
                   မကြာပါဖူး၊ လေကြမ်းက တဝေါဝေါ ဆက်လာပါတယ်။ နဂိုက ခပ်နဲ့နဲ့ အန်ကယ်ကြီးကို ကျနော်တို့ နှစ်ယောက်က အုန်းပင်တန်း အစပ်မှာပဲ ထားပါတယ်။ အန်ကယ်ကြီးယိုင်သွားပြီး လဲတော့မလို ဒယီးဒယိုင်ဖြစ်သွားပါ တယ်။ လူငယ်တွေဖြစ်တဲ့ ကျနော်တို့တောင်မှ လေကြမ်းရဲ့ အတင်းတိုးနေတဲ့ ဒဏ်ကို ခံရတာကိုး၊ ဒါနဲ့ အန်ကယ်ကြီး လုံးဝလဲကျ မသွားအောင် ကျနော်တို့နှစ်ယောက်က ချိုင်းက မပြီး လေကွယ်ရာရောက်တဲ့အထိ ပြေးခဲ့ရပါတယ်။ ကျနော့ ဘ၀မှာ ပထမဦးဆုံး မုန်တိုင်းနဲ့ကြုံဖူးခြင်း ပါပဲ။ မုန်တိုင်းက သိပ်အကြီးကြီး မဟုတ်လို့ တော်ပါသေးရဲ့။
                   ၁၃၀၀ပြည့်အရေးတော်ပုံ တပ်သားအိုကြီးတယောက်ကို ချိုင်းကနေမပြီး ဆွဲပြေးခဲ့ရတဲ့ ကိုကိုးကျွန်း မုန်းတိုင်းနဲ့ကြုံပွဲကို ရင်ထဲက အမှတ်တရတခုအဖြစ် သိမ်းဆည်းထားခဲ့တာ အခုအထိပါပဲ။
မြင့်ဦးသစ်

No comments:

Post a Comment