မောင်ဒေါရဲ့ အတွေးစည်ပိုင်း
အကြပ်ပိတ်မှ အကျယ်ဖွင့်သို့
မြို့ထဲ
ဟိုနား ဒီနားသွားဖို့အတွက် ဘတ်စကားနှင့် မောင်ဒေါသိပ်ပြီး ကီးမကိုက်လှပါ။ အဟမ်း။ အချက်တစ်
ကတော့ စပယ်ယာ အများစု၏ မျက်နှာနှင့် ဆက်ဆံရေးကြောင့် ဖြစ်ပါ၏။ အချက်နှစ်ကတော့ မောင်ဒေါတွင်
လူအုပ်နဲ့ဓါတ်မတဲ့သော “အလာဂျီ” တမျိုးဖြစ်သည့် နှာချေရောဂါရှိပါ၏။ ပဲလင်းမြွေသီး အစာသွပ်ထားသလို
ကြပ်နေသော ဘတ်စ်ကားစီးသူများ အကြားတွင် နှာရည်တရွှဲရွှဲနှင့် နှာချီနေရခြင်းကား အတော်ကသိကအောက်ဖြစ်စေပါ၏။
အ၀ှာ
ကျယ်သည့်အတွက် ပရာဒိုတို့ လဲန်ခရူဆာတို့စီးနေသူတို့ ပြောနည်းဖြစ်သည့် “ကိုယ်တို့ကတော့
ဘတ်စ်ကားစီးလို့ မရဖူး” ဆိုသည့် စကားနှင့် ထပ်သွားခြင်းပါ။ သေချာပါ၏။ “လူထုထဲတွင်နေသော
မောင်ဒေါသည် လူထုထဲက မောင်ဒေါမျှသာပါ။
သည်တော့
မောင်ဒေါရထားစီးပါ၏။ မောင်ဒေါအတွက် လူထုအတွေ့အကြုံ များစွာ ရစေသည့် အပြင် အစာသွပ် ပဲလင်းမြွေသီးထက်တော့
ချောင်သေးသဖြင့် ရထားသည် မောင်ဒေါ၏ စီးတော်ယာဉ်ဖြစ်လာပါ၏။ ဒါပေမယ့်ပေါ့ခင်ဗျာ၊ အိမ်ကပါလီမန်က
ကန့်ကွက်ပါ၏။ ကန့်ကွက်တာတွေကလဲ မှားလွန်းသည်မဟုတ်သည်မို့ လိုက်လျောရပြန်ပါ၏။ ရထားအတက်အဆင်းနဲ့
ရထားရပ်ချိန်ကို ထောက်ပြကန့်ကွက်ကြခြင်းဖြစ်ပါ၏။ ပလက်ဖောင်းနှင့် ရထားဝင်ပေါက်၊ ဘူတာတစ်ခုမှာ
ရပ်နားချိန်တွေကလည်း ဒူဘိုင်းတို့ စင်ကာပူတို့က အမ်အာရ်တီတွေလို မဟုတ်သေးပေကိုး။
ကဲ……ဒီတော့
မောင်ဒေါဂျပန်ဘီးကလေးတစ်စီးနှင့် လိမ့်ပါ၏။ ထိုက်သလောက်တော့လဲ အဆင်ပြေသား။ မောင်ဒေါရဲ့အမွှာ
ချစ်ဖူးကြီးကတောင် “ဘီးကလေးကိုစီးပြီး” ဘာညာနဲ့ ရေးသေးတာကိုး။ ဒါပေမယ့် အင့်ပေါ့လေ……တစ်ခါသားတော့
တစ်သက်မှာ မလဲစဖူး၊ မောင်ဒေါစက်ဘီးပေါ်မှ ပစ်ကျပြီးလဲဖူးသွား၏။ နဲနဲမူးသွားတာမို့ဖြစ်၏။
ဒီမှာ သားတော်မောင် အငယ်ဆုံးကောင်က စက်ဘီးကိစ္စကို ကန့်ကွက်လွှာ တင်ပါ၏။ အဆိုတင်၊ ထောက်ခံ၊
ကန့်ကွက်၊ ရုပ်သိမ်း၊ မဲခွဲနှင့် နောက်ဆုံးတော့ “မော်တာ စက်ဘီး” စီးနင်းရန် သဘောတူလိုက်ကြပါ၏။
အားစိုက်နင်းစရာမလိုသော
မော်တာစက်ဘီးနှင့် မောင်ဒေါ သဟဇာတဖြစ်လှပါ၏။ မောင်ဒေါနေသည့် မရမ်းကုန်း၊ ကျောက်ရေတွင်းမှသည်
မောင်ဒေါ၏ သားသမီးတ၀မ်းကွဲများကို စာသင်ပေးနေသည့် ဘုန်းတော်ကြီးကျောင်း တည်ရှိရာ မြောက်ဥက္ကလာ၊
ခြောက်ကွေ့သည် မောင်ဒေါ၏ “မော်တာစက်ဘီး”သုံးသော ခရီးဖြစ်ပါ၏။ မနီးလွန်း၊ မဝေးလွန်း၊
လူမမောလွန်းသော အခြေအနေ သင့်တင့်လျောက်ပတ်မှုလည်းရှိပါ၏။
အိုကေ၊
ဘာလိုသေးသနည်း၊ စိုပြေနေပြီး၊ လန်းနေပြီး ဆိုစရာရှိပါ၏။ သို့သော်၊ သို့ပေမဲ့။ သို့တစေ……ဟေ….ဟေ
ပေါ့လေ။
တစ်နေ့တ၌
မောင်ဒေါ၏ အန္တေ၀ါသိကကြီးတစ်ဦး ရောက်လာ၏။ သူကလည်း “မော်တာစက်ဘီး” စီးနေသူဖြစ်၏။ ယင်းနေ့က
သူတော့ မော်တာစက်ဘီးမပါ။ ထိုအကြောင်းချင်းတကို မောင်ဒေါအား ရှင်းပြပြောဆိုပါ၏။ ချုပ်လိုက်ရင်တော့ဗျာ၊
သူ့“မော်တာစက်ဘီး”ကို ဖမ်းခံရသည့်အကြောင်း၊ ပြန်လည်ရွေးယူရဦးမည့် အကြောင်းတွေကို သွန်ချပြပါ၏။
မောင်ဒေါ
စည်ပိုင်းခါသွား၏။ ဟိုဘက်၊ ဒီဘက်၊ တောင်ဘက်၊ မြောက်ဘက်၊တွေအစုံ မောင်ဒေါတွေးကြည့်ပါ၏။
“မဟာရန်ကုန်
ဧရိယာအတွင်း မော်တော်ဆိုင်ကယ် စီးနင်း ခွင့်မပြု”ဆိုသော ပညတ်တော်ပေါ်လာခဲ့သည့် အချိန်မှစ၍
ကွိစိကွစ ပြဿနာကလေး အတော်များများရှိခဲ့ပြီကို ညင်းနိုင်ဖွယ်မမြင်ပါ။ ဘာကြောင့် မစီးစေရသနည်း။
ကမ္ဘာပေါ်က မည်သည့်ဒေသတွင်စခဲ့သော စည်းကမ်းပါနည်း။ စီးသူတွေကို အန္တရာယ်ကြီးလွန်းသဖြင့်
ပိတ်ပင်ခြင်းဖြစ်ပါသလား၊ မြန်မာပြည်မှာ စွမ်းအင်လောင်စာ ချွေတာရေးအတွက် ဖြစ်ပါသလား၊
ဖြစ်လျှင်ကော အမှန်တကယ် ထိရောက်ရဲ့လား “ဆိုင်ကယ်တွေ စီးခွင့်မရှိသည့်အတွက် လမ်းတွေပေါ်မှာကော
ရှင်းလင်းသွားပါပြီး”၊ “လမ်းပန်းလုံခြုံချောမွေ့မှုဆိုသည် စံကိုရော ထိရောက်ပါရဲ့လား”
မောင်ဒေါရဲ့ စည်ပိုင်းထဲမှာ ဂလုံဂလွမ်းမြည်နေသော အတွေးများပါ။
မောင်ဒေါ
စည်ပိုင်းကို သွက်လက်လာအောင် အတွေးအင်ဂျင်ဝိုင်တွေ၊ အတွေးဘရိတ်ဆီတွေ ဖြည့်နေတုံးမှာပင်
အိမ်ရှေ့က စူပါကပ်ဆိုင်ကယ်တစင်းဖြတ်သွား၏။ မောင်းသူအပါအ၀င် လေးယောက်။ ဆိုင်ကယ်မှာ ဘာနံပါတ်မှမရှိ၊
ဗြောင်စီးနင်းနေသော “၀စ်သောက်”ဆိုင်ကယ်။ အဲဒီနှစ်ဘီးကလေးကို မောင်ဒေါငေးနေမိတုန်းခြံထဲကို
ဆိုင်ကယ်ကလေး တစ်စီးဝင်လာပါ၏။ နံပတ်ပြားမပါ၊ စီးလာသူက မောင်ဒေါဆီမှာ ဘာသာ စကားအတိုအထွာတွေ
လာသင်နေသည့် ရဲကလေး။ အမယ်….သူက ဆိုင်ကယ်စီး ဦးထုပ်တောင်မပါ။
မောင်ဒေါလမ်းထိပ်ကို
ထွက်လာတော့ တရုတ်ဆိုင်ကယ်တွေ တန်းစီရပ်ထားတာတွေ့ပါ၏။ ရှစ်စီးခန့်ရှိမည်ထင်၏။ တစ်စီးမျှနံပတ်မရှိ၊
အကုန်လုံး “၀စ်သောက်“တွေချည်းဖြစ်၏။ သူတို့ကို ဟိုလမ်းဆုံ၊ သည်လမ်းဆုံတွေမှာ တွေ့ရတတ်၏။
ဆိုင်ကယ်ကယ်ရီဟု ခေါ်ကြ၏။ ဟိုနား ဒီနား ငါးရာတစ်ထောင်။ ထိုက်သလောက်လည်း အလုပ်ဖြစ်ကြပုံရ၏။
သူတို့အနားတွင် မော်တော် ပီကယ်လေးတယောက်ကိုလည်း “မျက်နှာ ငွေလ၊ ရွှင်ပပ” နှင့် တွေ့ရ၏။
ဆိုလိုသည်က သူလဲသူ့တာဝန်ချိန်အပလာရောက် လည်ပတ်နေပုံပဲဖြစ်၏။ ကဲ……….သည်လိုဆိုလျှင်…မောင်ဒေါဆက်စဉ်းစားပါ၏။
တဖက်မှာ
သည်နည်းသည်ပုံဖြိုးစည်နေသလို ဘယ်နေရာမှာတော့ ဆိုင်ကယ်တွေ လှည့်ကင်းက ဖမ်းသွား၊ သိမ်းသွားပြီဆိုတာတွေလဲ
ကြားနေရပါ၏။ တခါတလေများ “စီမံချက်” ဆိုတာပင် ကြားလိုက်ရပါသေး။
သည်မှာ
ရှေ့ကပြောခဲ့သည့်ကိစ္စပြန်ကောက်ပါရစေ။ မော်တော်ဆိုင်ကယ်တရားဝင် စီးနင်းခွင့်မရှိတော့ပြီဆိုကထဲက
“ စည်းမျဉ်းကိုက်ညီ၊ ဘေးကင်းသည်”ဆိုပြီး မော်ဒေါတယောက် ဆိုင်ကယ်ကို မခွတာကြာပါပြီ။
ယခုတော့ အကြောင်း အခွင့်ကြုံသဖြင့် ဒေါမောင်မောင် “မော်တာစက်ဘီး” စီးဖြစ်ပါ၏။
ပြဿနာကတော့
“မော်တာစက်ဘီးသည်” “မော်တော်ဆိုင်ကယ်” ဖြစ်မဖြစ် ကိစ္စကြီးဖြစ်လာပါ၏။ “ဥပဒေဘောင်တွင်း၊
နေထိုင်ခြင်း၊ ဘေးကင်းရန်ကွာ၊ အလွန်ချမ်းသာ” ဆိုသကိုးဗျ၊ ဥပဒေမဲ့မဖြစ်လိုသော မောင်ဒေါ၊
အထက်ကလို မော်တာစက်ဘီးကိုပါ သိမ်းနေသည်ဆိုသည့်အတွက် ရဲရဲမစီးရဲ၊ ကျီးကန်းတောင်းမှောက်စီးရပါ၏။
ချောင်ကြိုချောင်ကြားမှာ မှောင်ခိုမောင်ဖျား ဖြစ်နေခဲ့ပါ၏။
ရှေးအတီတေ၊
ပုဂံပြေ (အဲလေ…..ဟုတ်ပေါင်) ကျုပ်တို့ပြည်၌ မှောင်ခိုခေတ်ကြီး တစ်ခေတ်ထွန်းကားခဲ့ပါ၏။
ရှေးအတီတေဆိုတော့ ကြာပေါ့ခင်ဗျာ။ ထိုင်းဘက်က၊ ဘင်္ဂလားဘက်က၊ တမူး မိုရေးဘက်က မှောင်ခိုပစ္စည်းတွေ
ဗြောင်ဝင်၊ ကြီးပွား အီးထွားသူတွေလည်း ထွားကြ၊ သေသူသေ ကြေသူကြေဖြစ်တာလဲဖြစ် တော်ရုံတန်ရုံ
လူသုံးရော ခွေးသုံးပစ္စည်းပါ ဈေးကြီး၊ ခေါက်ထီးကလေး မလုံတလုံမို့ ပြဿနာစုံခဲ့ပါ၏။ ဟော
နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖွင့် ကုန်စည်တွေစီးဆင်းလာတော့၊ “၀ါးတားဂိတ်” ကိစ္စတွေလဲလျော့တန်တာလျော့၊
ပျော့တန်သလောက်ပျော့။ မကျေသေးတဲ့အခဲလေးတွေရှိသေးပေမဲ့ အမှုန့်က ရာနှုန်းများလာပြီဆိုရင်
ရပါ၏။ အဲဒီတော့ ပိတ်ထားမကောင်း၊ ဖွင့်ရင်ကောင်းလို့ပဲ မောင်ဒေါပြောချင်ပါ၏။
အဲဒီတော့
ဆိုင်ကယ်နှစ်ဘီးကိစ္စကိုလည်းဆိုင်သူပိုင်သူများ အကြီးအငယ် အရွယ်အလတ်စုံက “ပိတ်ရင်မကောင်း၊
ဖွင့်ရင်ကောင်း” မူကလေးကို စဉ်းစားမျှော်ခေါ်လုပ်ဆောင်မည်ဆိုပါက။ “တိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကား”
ဆိုသလို အဆင်ပြေသင့်သလောက် ပြေကောင်းရာဟု မောင်ဒေါတွေးလိုက်မိ၏။ သခင်ဖေသန်းစကား ငှားလိုက်ပါအုံးမည်။
“ရွှေမောင်းသံ ဒူဒူဟိးလိုက်မယ်၊ အကြီးကြီးများ ကြားကြစေ”။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment