Saturday, December 15, 2012

တသက်မှာတခါကဘူးတဲ့ပြဇာတ်

-->
ကိုကိုးကျွန်းဋီကာ
တစ်သက်မှာ တစ်ခါကဖူးတဲ့ ပြဇာတ်
        လူတိုင်းလူတိုင်းလောက်နီးနီးမှာ အနုပညာ “ဇ”ကလေးတွေရှိတတ်ပါတယ်။ အနိမ့်ဆုံးကတော့ သီချင်းကလေး ညည်းဖူးတတ်ကြတာပါပဲ။ အနုပညာနဲ့ ဝေးလွန်သူရှိတတ်ဆိုရင်တောင်မှ အလွန်ကိုရာနှုန်းနည်းလိမ့်မယ်ထင်ပါတယ်။ ထောင်ထဲအကျည်းထဲ ရောက်လာကြသူတွေအထူးသဖြင့် နိုင်ငံရေး ယုံကြည်မှုတရပ်ကြောင့် ရှိနေဆဲအစိုးရနဲ့ သဘောကွဲလွဲ လို့ရောက်လာကြသူတွေကတော့ ပိုပြီး၊ အနုပညာနဲ့ နီးစပ်ကြတယ်လို့ ကျနော် ယုံကြည်ပါတယ်။
          နောက်ပြီး အချိန်ရဲ့ အစိတ်အပိုင်း အတော်များများဟာလဲ အကျဉ်းသားတယောက်အတွက် “အား”နေတော့၊ ထောင်ထဲမှာ အနုပညာအလုပ်တွေလုပ်ဖြစ်သွားကြပါတယ်။ ကျနော် အခုပြောနေတဲ့ “၇၀”စုများက အင်းစိန်ထောင်မှာ အဓိက အနုပညာ အလုပ်ကတော့ ကဗျာရေးတာပါပဲ။ ကျန်တာက ဘာမှလုပ်လို့မရပါဖူး။ တိုက်တွေက နေကုန်ပိတ်၊ အဆောင်ကြီးတွေမှာ ထောင့်အခန်းတွေ ကန့်ပြီး နေကုန်ပိတ်ထားတာကော။ စာအုပ်စာတမ်း သတင်းစာရေဒီယို ဘာမှမရှိပါဘူး။ ချွင်းချက်အဖြစ် “ဘာသာရေးစာအုပ် တချို့လွဲလို့ပေါ့လေ။ ဒါတောင်သိပ်များများစားစား မဟုတ်ပါဘူး။ တအုပ်စ နှစ်အုပ်စပါပဲ၊ ပထစ၊ ဖဆပလနဲ့ အခြားနှီးနွယ်ရာ လူကြီးတွေကတော့ ဘာသာရေးစာအုပ်ကို အိမ်ကနေမှာရင်မှာ သလောက်နီးနီးရကြပါတယ်။ လူငယ်တွေကတော့ ဘာမှကို မရကြတာများပါတယ်။ ဥပမာ ကျနော်ဆိုရင် အိမ်ကနေ ကျနော်ဖတ်ချင်တဲ့ ဘာသာရေး စာအုပ်ကလေး နှစ်အုပ်မှာဖူးပါတယ်။ အိမ်ကလဲပို့ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် ဗူးဝကနေ လက်မခံလို့ပြန်ယူသွားခဲ့ရပါတယ်။ ဒါက အင်းစိန် ထောင်ရဲ့ “၇၀”စုနှစ်တွေက အခြေအနေပါ။
          သည်တော့ အစောတုံးက ပြောခဲ့သလို ကဗျာရေးကြပါတယ်။ စက္ကူ၊ ခဲတံဘောပင်ဘာမှမရှိပဲ ဘယ်လိုရေးသလဲ ဆိုတာ စဉ်းစားစရာဖြစ်လာပါလိမ့်မယ်။ ထောင်သံမံတလင်းပြင်၊ သို့မဟုတ် ကြမ်းပျဉ်မှာ ရတာနဲ့ ရေးခြစ်ပြီး “အာဂုံဆောင်” ထားတဲ့ နည်းနဲ့ရေးရတာပါ။ တခါတရံ အဲဒီလို သံမံတလင်းမှာ၊ ကြမ်းပြင်မှာ ရေးတာခြစ်တာကို တွေ့ရင်လဲ “ထောင်ရဲ့ ဘ၀ရှင်မင်းတရား”များက လုံးတီးကျွေးတိုက်ပိတ်၊ ရေချိုးပိတ်ဆိုတဲ့ “ထောင်စည်းကမ်းချိုးဖောက်မှုအရေးယူခြင်း”တွေနဲ့ ဆုံရတတ်ပါတယ်။ အဲသလို အခြေအနေနဲ့ပဲ“ကဗျာ”တွေ မွေးဖွားလာတာပါ။ တော်ပါသေးရဲ့ “အာဂုံဆောင်”ထားတဲ့ ကဗျာတွေကို ကလော်ထုတ်ပြီး “အာဂုံဆောင်မှုဥပဒေ” နဲ့ တိုက်မပိတ်ပေသေးလို့။ ကျနော်လဲ ကဗျာတော်တော်များများကို “ကျက်”ပြီး အိမ်ပြန်ရောက်တဲ့အထိ အပါခေါ်ခဲ့နိုင်ပါတယ်။ (အဲဒါကဗျာတွေ စက္ကူပေါ်ရောက်တော့မှ “ထုတ်ဝေခွင့်မရ”တဲ့ စာပေတွေဖြစ်နေခဲ့ပြီး၊ နာဂစ်က နှိပ်စက်တော့မှ ရေစိုပျက်စီးခဲ့ရပါတယ်။ ရန်သူမျိုး (၅)ပါး သာမကတော့ပဲ ရန်သူမျိုး ခြောက်ပါးလို့ဆိုရင် မှန်မလားလေပဲ)။
          အင်းစိန်ထောင်ကနေ ကိုကိုးကျွန်း (တကျွန်း)ကို ပို့လိုက်တော့ (အဲဒီအကြောင်းကို အရှေ့မှာ ရေးခဲ့ဖူးပါပြီ) အဲဒီက အကျဉ်းထောင်ဆိုပေမယ့် အကျယ်ထောင်သဘောပြောင်းသွားခဲ့ပါတယ်။ အကျဉ်းမင်းတြားကြီးများက “ကျယ်စေ”ဆိုလို တော့မဟုတ်ပါဘူး။ ကာလ၊ ဒေသ၊ ပယောဂဆိုတာကြောင့်ပါ။ တကျွန်းမှာကျတော့ အနုပညာအလုပ်၊ စာရေးစာဖတ်အလုပ်၊ တကျွန်းလုံးအတွက် ပေးထားတဲ့ရေဒီယိုတလုံးကို အင်ကြင်းကိုင်း ပဒူအုံစွဲသလို ၀ိုင်းနားထောင်ရတဲ့အလုပ်တွေလုပ် ဖြစ်လာကြပါတယ်။
          အဲဒီအနုပညာအလုပ်တွေထဲမှာ “ပြဇာတ်က” တဲ့ အလုပ်လဲလုပ်ဖြစ်ကြပါတယ်။ ကျနော်မှတ်မိသလောက်တော့ ပြဇာတ်သုံးထုပ်ကဖြစ်ပါတယ်။ ပြဇာတ်တွေကို အခန်းထဲမှာပဲ ဆင့်ထိုးစင်လုပ်ပြီးကကြရတာပါ။
          ပထမဦးဆုံးပြဇာတ်ကတော့ ကျနော့်အတွက် အမှတ်မိဆုံးပြဇာတ်ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော့တသက်မှာ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ကခဲ့ရတာဖြစ်ပြီး၊ တသက်လုံးမှာလဲ အဲဒီတခါပဲကဖူးခဲ့လို့ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားချက်က ယောက်ျားကြီးများပြဇာတ်ဖြစ်နေလို့ပါ။ အမျိုးသမီးဇာတ်ဆောင် (အနိမ့်ဆုံးအမျိုးသမီးအ၀တ်နဲ့ ဇာတ်ဆောင်) တောင်မပါ ၀င်ခဲ့ပါဖူး။
          ပြဇာတ်နံမည်က “ပါမောက္ခကြပ်ခိုး”ဖြစ်ပါတယ်။ (အဲဒါကိုပဲ ကျွန်းပြန်ရဲဘော် တယောက်ကတော့ မော်နီတာ ဂျာနယ်မှာ “ရုပ်၊ စိပ်၊ စေတသိုက်၊ နိဗ္ဗာန်”ဆိုတဲ့ခေါင်းစဉ်၊ နံမယ်နဲ့ မကြာမတင်ကပဲ ရေးခဲ့ဖူးပါတယ်)
          ဇာတ်အသွားကတော့ စကော်လာ ပညာယှိဆိုသူတစ်ဦးရဲ့ တဖက်သတ်ရူးသွပ်မှုကို “အရွန်းဖောက်”ထားတာပါပဲ။ တနည်းပြောရရင်တော့ “ပညာတတ်ဝါဒ”ကို ပျက်ရယ်ပြုထားတာဖြစ်ပါတယ်။ ဇာတ်ကောင်က သုံးယောက်ပဲပါပါတယ်။ ကိုတင်အောင် (ခေါင်းဖြူ)ရယ်၊ မောင်သိန်းလှိုင် (ဂျင်းနားရယ်) ကျနော်မြင့်ဦးသစ်ရယ်။
          မူလက ပါမောက္ခဇာတ်ရုပ်အတွက် လူရှာပါသေးတယ်။ ဒါပေမယ့် မရပါဖူး။ ဒီတော့ ကျနော်က “ပါမောက္ခကြပ်ခိုး” ဇာတ်ရုပ်။ ကိုတင်အောင်က သင်္ဂြီုလ်ဆရာဦးသာယာဇာတ်ရုပ်၊ မောင်သိန်းလှိုင်က ပါမောက္ခသားကလေးဇာတ်ရုပ်မှာ သရုပ်ဆောင်ကြပါတယ်။
          ဇာတ်က အပြောခန်းများပါတယ်။ ဇာတ်လမ်းအားပြုတဲ့ ဇာတ်မျိုးမဟုတ်ပါဖူး။ ပါမောက္ခကြပ်ခိုးနဲ့ သူ့မိတ်ဆွေ သင်္ဂြီုလ်ဆရာ ဦးသာယာတို့က သူတို့သန်ရာသန်ရာ ကမ္ဘာ့အတွေးအခေါ်တွေ၊ အနုပညာတွေ၊ စကြ၀ဠာဆိုင်ရာ သီဝရီ တွေကို ဆွေးနွေးနေကြတဲ့ အချိန်မှာ ပတ်ဝန်းကျင်မှာက ဖြစ်ရိုးဖြစ်စဉ် ကလေးတွေဖြစ်နေကြပြီး၊ အဲဒီပညာယှိကြီး များကတော့ ဒါကို သတိမမူမိကြတာ၊ ကိုယ့်ကိစ္စနဲ့ ကိုယ်မျောနေကြတာကို အပြောနဲ့သရုပ်ဖော်တာပါ။
          ဇာတ်အပိတ်မှာတော့ ပါမောက္ခကြီးကတော်ချော်လဲလို့ ဆေးရုံပို့လိုက်ရကြောင်း သားငယ်ကလာပြောတဲ့အခါ ပါမောက္ခကြီး “ရုပ်၊ စိတ်၊ စေတသိက်၊ နိဗ္ဗာန်”ကို သီချင်းလုပ်ဆို၊ လက်ကားယား ခြေကားယား “က”ရင် “လွတ်”သွားတာနဲ့ နိဂုံးချုပ်ပါတယ်။ သင်္ဂြီုလ်ဆရာကတော့ လက်ခုတ်ကလေးတီးပြီးတေးကလေးညည်းရင်းနဲ့ ကျီးကြည့်ကြောင်ကြည့်ဖြစ် နေတာလေးနဲ့ “ပိတ်”ပါတယ်။
          ဇာတ်နောက်ခံအဆင်အပြင်၊ အပို့ဂီတတွေကို ၀ိုင်းကြ၀န်းကြတဲ့အထဲမှာ ကျနော် မှတ်မှတ်ထင်ထင် စွဲနေသူတွေက အမေကြည်လို့ ကျနော်တို့ချစ်စနိုးခေါ်ကြတဲ့ ရဲဘော်သိန်းကြည် (တိုက်ပွဲကျဆုံး)ရယ်။ ဘိုးတော်လို့ဝိုင်းခေါ်ကြတဲ့ ဘိုတော် ဦးခင်မောင် (ကွယ်လွန်)ရယ်။ ရဲဘော်မြအောင် (အပ္ပနား)ရပါပဲ။ သူတို့ကို ထူးထူးခြားခြားစွဲနေတာကတော့ ရဲဘော် သိန်းကြည်က ပါမောက္ခရဲ့ အင်းကျီကို စပ်တိစပ်ဖာတွေနဲ့ ချုပ်ပေးပြီး၊ ရဲဘော်မြအောင်က ပါမောက္ခအတွက်ဆံပင်တုကို ဂုံနီအိတ်ကအစတွေနဲ့ လုပ်ပေးခဲ့လို့ပါ။ ဘိုးတော်ကတော့ ဇာတ်ခုံပေါ်မှာ ကျနော်ဟန်ပြတယောထိုးပြသမျှကို စင်အောက်က တယော တကယ်ထိုးပေးခဲ့လို့ပါ။ ကျနော်က ပါးစပ်က ထင်ရာပြောတာတွေ ဥပမာ ဒါကစမ်းရေစီးသံ၊ ဒါကပင်လယ် လှိုင်းလုံးတွေတက်လာသံ၊ ဒါကလေပြေတိုက်နေတုံးငှက်ကလေးတွေ မြည်သံစသဖြင့် ဘီသိုဗင်တွေ၊ မိုးဇာတ်တွေ၊ ချိုင်ကော့စကီးစသဖြင့် လျှောက်ပြောသမျှတွေကို အမီလိုက်တီးပေးခဲ့တာပါ။
          အော်………..နောက်တယောက်ရဲဘော်ထင်ရှိန်။ သူက သူ့တယောလေးကို အင်မတန်မြတ်နိုးပါတယ်။ မုန့်ဖုံးအပြား လေးကို ကြိုးတပ်ထားတဲ့ တယောလေးပါ။ အဲဒါလေးကို ကျနော်က ငှားပြီး ဇာတ်ထဲမှာ သုံးတာ။ ဒါပေမယ့် “ဂျင်းနား”က ဇာတ်ခုံမြင်ကွင်းထဲပြေးအ၀င်နင်းမိပြီး ကျိုးသွားရှိပါတယ်။ တယောလေးကျိုးသွားတာကို ပြောပြတဲ့အခါ ကိုထင်ရှိန်ကြီးနှမျောနေပုံကလေးကိုလဲ တကယ့်အမှတ်တရပါပဲ။
          ပြဇာတ်ကလေးကို ကျွန်းရောက်နေသူအားလုံး ကြည့်ကြပြီး အားပေးကြပါတယ်။ မန္တလေးက ရဲနီဟောင်းကြီး သခင်ရန်ချွေဆိုရင် ကျနော့ ပုခုံးကို ပုတ်ပြီး“ဟိုလူကြီးကို တီးလိုက်သလားထင်ရတယ်”လို့ ကောင်းချီးပေးပါတယ်။ သူပြောတဲ့ဟို လူကြီးဆိုတာက တယောထိုးကောင်းဖူးတယ်အဆိုရှိတဲ့ “သခင်စိုး”ကိုပါ။ တကယ်တော့ သူပြောမှ ကျနော် သတိထားမိတာပါ။ ပုဂ္ဂလဒိဌာန်မရည်ရွယ်ခဲ့ပါဖူး။
          အဲဒီပြဇာတ်ကလေးကပြီးကထဲက ကျနော်လဲနံမည်တလုံးတိုးလာပါတော့တယ်။ ရဲဘော်တွေကျနော့ကို “ပါမောက္ခ” လို့ခေါ်ကြသလို၊ သိပ်ရင်းနှီးသူတွေကဆို “ကြပ်ခိုး”လို့ခေါ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကြေနပ်စရာ အမှတ်တရလေးတခုလိုပဲ ကျနော့ရင်ထဲကျန်ရစ်နေဆဲပါ။
မြင့်ဦးသစ်

No comments:

Post a Comment