Saturday, December 8, 2012

ဇီးရွက်လောက်မျက်နှာ


ကိုကိုးကျွန်းဋီကာ
ဇီးရွက်လောက်မျက်နှာ
            ကျနော်တို့တိုင်းပြည်ဟာ နိုင်ငံရေးမာန၊ နိုင်ငံရေးအဃာတ၊ နိုင်ငံရေးဂိုဏ်းဂဏတွေကြောင့် “နာ”ခဲ့တာကြာပါပြီ၊ အမှန်တကယ် ပြောရရင် လွတ်လပ်ရေးဆိုတာရပြီးကထဲက ရိုက်ခတ်ခဲ့တဲ့ လှိုင်းတံပိုးတွေပါ။ ၁၉၈၉ ပါတီတွေ ရာကျော်ဖွဲ့စည်းကြတဲ့ အချိန်မှာ၊ ကျနော်လည်း ဟိုအစည်းဝေးတက်ဖြစ်၊ ဒီအစည်းအဝေးတက်ဖြစ်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ် ကာလတစ်ခုပြန်ရောက်သွားခဲ့ပါတယ်။
            ပါတီစုံ အစည်းအဝေးတခု တက္ကသိုလ်ရိပ်သာလမ်းမှာ လုပ်ကြပါတယ်။ အစည်းအဝေး ခဏနားချိန် လဘက်ရည်ဆိုင်လေးမှာ ၀ိုင်းထိုင်ဖြစ်ကြပါတယ်။ အဲဒီမှာ ဟိုရှေးပဝေသဏီတော်လှန်ရေးကောင်စီခေတ်က အရေးပါသူတစ်ဦး (နံမယ်နဲ့တော့ မရေးလိုတော့ပါ၊ ကာယကံရှင်လဲ လူ့ဘ၀မှာ မရှိရှာတော့ဖူး)က “ဗမာပြည်အခုလို ဆုတ်ယုတ်နေရတာဟာ ကွန်မြူနစ်တွေကြောင့်ပဲ” လို့ဆိုပါတယ်။ အဲဒီစကားဝိုင်းမှာ “ကွန်မြူနစ်”ဆိုတာမူးလို့တောင် မရှူဖူးသေးတဲ့လူငယ်တွေပါပါတယ်။ (မကြာသေးခင်ကမှ သေသွားရှာတဲ့ သခင် တစ်ယောက်ဆိုရင်လဲ “ဒီချုပ်ထဲ”မှာ ကွန်မြူနစ်တွေခြေရှုပ်နေပြီဆိုပြီး ဒီချုပ်ထဲကနေ ထွက်သွားခဲ့ဖူးပါတယ်)
            အစောကစကားပြန်ဆက်ရရင် လက်ဘက်ရည်ဝိုင်းမှာပဲ အဲဒီပုဂ္ဂိုလ်ကြီးကို ကျနော်ကပြောပါတယ်။ “ဦးလေးရာ…….ဒီကနေ့က အဲဒီစကားတွေထက် ပိုသင့်မြတ်တဲ့ညီညွတ်ရေးစကားပြောဖို့ မကောင်းဖူးလား။ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေကို အဲဒီဆိုရှယ်လစ်၊ ကွန်မြူနစ် အကွဲကြောင်းမှာ သူမှား ကိုယ်မှန်တွေပဲ အမွေပေးလိုက်ကြမှာလား” လို့ကျနော်က ဆိုတော့ အဲဒီ “အန်ကယ်” (သူကအန်ကယ်ခေါ်မှ ကြိုက်ပါတယ်) က “ကျုပ်က သဘောပြောတာပါ။ ဒါတွေက ရှင်းကိုရှင်းရမဲ့ ကိစ္စတွေဗျ” လို့ “ရှင်း”ချင် နေတဲ့သဘောထားကို ဆက်လက်တွယ်ကပ်နေပြီးမှ အပြောလျှော့သွာပါတယ်။ ဒါပေမယ့် သူ့ရင်ထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်နေတဲ့ နိုင်ငံရေး၊ မာန၊ နိုင်ငံရေးအာဃာတ၊ နိုင်ငံရေးဂိုဏ်းဂဏကတော့ လျော့ပါးသွားခဲ့ဟန်မတူပါဖူး။ ကဲ…..အဲဒါထားတော့။
            အခုကျနော် ဒီကိုကိုးကျွန်းအမှတ်တရလေးတွေကို ရေးရာမှာ၊ နိုင်ငံရေးမာန၊ နိုင်ငံရေးအာဃာတ၊ နိုင်ငံရေးဂိုဏ်းဂဏ သဘော မပါစေပဲ။ “လူမသိ သူမသိ မီဒီယာ မသိပဲ ဖိနှိပ်ချိုးနှိမ်ခြင်းဟာ တိုင်းပြည်အတွက် အပေါင်းလက္ခဏာသဘောမဆောင်ပဲ၊ အနှုတ် လက္ခဏာ သဘောသာ ဆောင်ကြောင်းကို ပြောလိုရင်းဖြစ်ပါတယ်။ နိုင်ငံရေးမှာ မတူကွဲလွဲတာတွေရှိမှာ သဘာဝပါပဲ။ မတူကွဲလွဲ ချက်တွေကို ဖြေရှင်းနိုင်တဲ့ နည်းနာဟာလဲ အပြန်အလှန် အသိမှတ်ပြုခြင်းပါပဲ။ ကိုကိုးကျွန်းကတော့ မည်သို့သော အပြန်အလှန် အသိအမှတ်ပြုခြင်းသဘောမှ မဆောင်ခဲ့တဲ့ ပြယုဂ်တခုပါ။”
            အဲဒီအချိန်က “ပေါ်လစီချမှတ်သူ”တွေက နိုင်ငံတကာစံနှုန်းတွေဖြစ်တဲ့ ဂျီနီဗာကွန်ဗားရှင်းတို့၊ ပီအိုဒဗလျူအပေါ် သဘောထား တို့ဆိုတာတွေဘေးချိတ်ထားပြီး “ဗမာ့နည်း ဗမာ့ဟန်”နဲ့သဘောထားပေးခဲ့တာပါ။ “အကျဉ်းထဲရောက်လာတဲ့ နိုင်ငံရေးသမားဆိုတဲ့ လူတွေဟာ တိုင်းပြည်ရဲ့ ဆူးညှောင့်ခလုတ်တွေ” လို့ပဲပြောခဲ့ပါတယ်။
            အဲဒါကို မကောင်အထည်ဖေါ်ရတဲ့ ထောင်မှူး၊ ထောင်ကြပ်ဆိုတဲ့ ၀န်ထမ်းတွေထဲမှာ မလုပ်မရှုပ်မပြုတ် ဆိုသူတွေပါသလို၊ တော်တော်များများကတော့ “အာဏာပြရတာ၊ ဟိန်းဟောက်ရတာ”ကို အရသာတွေ့လာသူတွေလဲရှိပါတယ်။ တကယ်ကတော့ အခွင့်ကြုံ ရင်ရာထူးလေးတိုး၊ မြိုးမြိုးမြက်မြက်ကလေးရမလားလို့ မျှော်လင့်ရင်း “လုပ်ပြ”ကြသူတွေလဲရှိပါတယ်။ တချို့ဆိုရင် တော်တော်မိုက်ရိုင်း တဲ့ အပြုအမှုတွေလုပ်ကြတဲ့ ၀န်ထမ်းတွေတောင်တွေ့ဖူးခဲ့ပါတယ်။
            အမှတ်တရကိစ္စကလေးတခုကျနော် ပြောချင်တယ်။ သူ့နာမည်ကို “ဖိုးကြွား” လို့ ဆိုကြပါစို့ရဲ့၊ ပုဂ္ဂလဒိဌာန်သဘော။ လူပုဂ္ဂိုလ် တစ်ဦးကို ထိခိုက်စေလိုတဲ့ ဆန္ဒမရှိတဲ့အတွက် နံမည်ရင်းကိုတော့ မပြောတော့ပါဖူး။ ဖိုးကြွားဟာဝါဒါလေးပါ။ အတော်ငယ်ပါသေးတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူက “ဗူး”သွင်းထားတယ် မဆိုနိုင်ဖူး၊ တိုက်တန်းတလျှောက်ဆဲတာ၊ ဟိန်းဟောက်တာ၊ ရိုင်းပြတာကတော့ တော်တော်ရင့်ပါတယ်။
            ဟိုဘက်ခန်းကို လှမ်းစကားပြောတဲ့အတွက် ကျနော့်ကို တိုက်ပိတ် လုံးတီးကျွေး၊ ဆေးလိပ်မီးဖြတ်လုပ်ခံရတဲ့တခါကပါ။ ထမင်းထိုးတဲ့ ထောင်ကျ အပြာဝတ်က ကျနော်ကို ထမင်းဖြူနဲ့ ပဲဟင်းပေးသွားတဲ့အတွက် ကျနော်ထမင်းစားနေတုံးမှာ ဖိုးကြွားနဲ့ ဘီစီ (ဒါလဲနာမည်ပြောင်ပါ) ရောက်လာပါတယ်။ ကျနော့်လက်ထဲက ထမင်းဖြူ ပန်းကန်ကို အဓမ္မတောင်းယူပြီး သွန်ပစ်လိုက်ပါတယ်။ အတော်ကို ကြီးမားတဲ့ အပြစ်တခုကျူးလွန် ထားတဲ့ အနေအထားနဲ့ ကျနော့ကို အဲဒီဝါဒါ နှစ်ယောက်စလုံးက ဆဲကြပါတယ်။ ဖိုးကြွားကတော့ သုန်မှုန်နေတဲ့ မျက်နှာထားနဲ့အတော်ရိုင်းပျတာပါ။ အသားတွေတဆတ်ဆတ်တုန်လာနေပေမဲ့ ကျနောက သော့ပိတ်ခံ ထားရတဲ့ အတွင်းကဆိုတော့ ဘာမှလုပ်လို့မရပါဘူး။ အကယ်၍သာ လွင်ပြင်တစ်ခုမှာဆိုရင်…..။
            “ကျုပ်က ပုခုံးပေါ်မှာ အပွင့်မရှိသေးလို့၊ ရှိများလာခဲ့ရင်တော့ ခင်ဗျားတို့လိုကောင်တွေ သေသွားတောင် သောက်ဂရုစိုက် စရာရှိဖူး မကြေနပ်ရင် မျက်နှာသေချာကြည့်ထား”
            ကျနော် မှတ်မိနေသေးတဲ့ စကားတွေပါ။ ကိုယ်စိတ်ကိုယ်ငြိမ်သွားအောင် နှစ်ရက်လောက်ပြန်ကြိုးစားရပါတယ်။ ဒါပေမယ့် မေ့လို့တော့မရခဲ့ပါဖူး။ အာဃာတ သဘောမရှိတော့ပေမဲ့ “စွဲ” ကျန်သွားတာတော့ အမှန်ပါ။
            ကိုကိုးကျွန်းကိုရောက်လာတော့ ရှေးရှေးက ကျနော်ပြောပြခဲ့ဖူးသလို၊ ကြပ်နိုင်သမျှကြပ်ထားတာတွေဟာ အခြေအနေ အရကိုလုပ်လို့မရတော့ပါဖူး။ ထောင်ဝန်ထမ်းတွေဟာ (ထောင်ပိုင်ကနေ ၀ါဒါအထိ) ကုန်းမြင့်ကလေးပေါ်က သူတို့ရုံးခန်းနဲ့ “ကင်းဘုတ်”ထဲမှာပဲအနေများပါတယ်။ကိစ္စအထူးမရှိရင်မြင်ရခဲပါတယ်။ကျနော်တို့မှာတော့ အိုခီးယားနိုးပရော့စ်သင်္ဘောပျက်ကြီးက သံတွေနဲ့ လုပ်တဲ့ဒါးတွေ တန်ဆာပလာတွေရှိလာပါတယ်။
            ခရုရှာ၊ ငါးရှာ၊ လိပ်ရှာဖို့အတွက်လဲ ခပ်လှမ်းလှမ်းတမိုင်နှစ်မိုင်အထိသွားကြလာကြပါတယ်။ ၀ါဒါတွေလဲ သူတို့နည်းသူတို့ပုံစံနဲ့ ကျနော်တို့ဘက်ကျွန်းအခြမ်းမှာ မဟုတ်ပဲ ငါးရှာ၊ ဖားရှာလုပ်ကြတယ်လို့သိရပါတယ်။
            တစ်နေ့တော့ကျနော်ရယ်၊ ရဲဘော်အုန်းမောင်(ပုဇွန်တောင်)ရယ်။ ရဲဘော်ထွန်းဝင်း (လေတပ်)ရယ် ကျွန်းအလယ်ဘက်ဆီကနေ စခန်းဘက်ပြန်လာခဲ့ကြပါတယ်။ ကျောက်ခမောက်လို့ခေါ်တဲ့ ခရုသွားခွာပြီး ပြန်လာကြတာပါ။ ကျနော်တို့လက်ထဲမှာ ကျွန်းဖြစ် ဒါးကိုယ်စီနဲ့ပါ။ ကျွန်းဖြစ်ဒါးတွေ အားလုံးဟာ သံလျက်ပုံ အချွန်တွေဖြစ်ပါတယ်။ ဒါးမလို ထိပ်တုံးတုံးတွေမဟုတ်ပါဘူး။ မြင်သာ အောင်ပြောတာပါ။
            ကျနော်တို့နဲ့ မျက်နှာချင်းဆိုင်ကလာနေတဲ့လူနှစ်ယောက်ကိုတွေ့ရပါတယ်။ ကာကီဘောင်းဘီခပ်နွမ်းနွမ်းတွေနဲ့ဆိုတော့ ၀ါဒါတွေမှန်း သိသာပါတယ်။ အနားရောက်လာတော့တစ်ယောက်က လားလား၊ ဖိုးကြွား။
            ကျနော်တို့ထဲက ရဲဘော်အုန်းမောင်က အနောက်သန်ပါတယ်။ သူက ရုတ်တရက်ဒါးကို မြှောက်လိုက်ပြီး။ “ကိုဖိုးကြွား… .နေကောင်းတယ်နော်”လို့ နှုတ်ဆက်လိုက်ပါတယ်။ ကျနော်တို့ နှစ်ယောက်ကတော့ဘာမှ မပြောဖြစ်ပါဖူး။
            အဲဒီနှုတ်ဆက်သံလည်းကြားရော ဖိုးကြွားပုခုံးပေါ်ထမ်းထားတဲ့ ငါးမျှားတံပြုတ်ကျသွားပါတယ်။ သူ့မျက်နှာပေါ်မှာ ပေါ်လာတဲ့ အရိပ်အရောင်က “ဇီးရွက်လောက်ငယ်သွားတဲ့မျက်နှာမျိုး”ပါ။ အခုပဲ သေမင်းနဲ့ တွေ့ရတဲ့မျက်နှာမျိုး”ပါ။ အခုပဲသေမင်းနဲ့ တွေ့ရတဲ့ မျက်နှာမျိုး၊ အုန်းမောင်က လက်ထဲက ဒါးကိုခါးထဲထိုးလိုက်ပါတယ်။ အဲသည်တော့မှ မျက်စိပျက်မျက်နှာပျက်နဲ့ “ငကြွား”ဟာ တစ်လှမ်း၊ နှစ်လှမ်းကျနော်တို့ကိုကျော်သွားပြီး လှည့်မကြည့်တမ်းထွက်ပြေးပါတော့တယ်။ နောင်လဲ ကျနော်တို့ ပြန်လာတဲ့အထိ သူ့ကိုမတွေ့ ရတော့ပါဘူး။
            ကျနော်ကတော့ ရီလဲရီစရာကောင်း၊ တရားရစရာလဲကောင်းတဲ့ အဲဒီအဖြစ်ကလေးကို မမေ့နိုင်တော့ပါဖူး။

မြင့်ဦးသစ်

No comments:

Post a Comment