မောင်ဒေါရဲ့ အတွေးစည်ပိုင်း
မညက်တညက် ရုပ်သံ
ညက အရုပ်ရော
အသံပါထွက်သည့် တီဗီ ခေါ် ရုပ်သံထွက် သေတ္တာကြီးကို ဖွင့်ပြီး မြန်မာနယ်ချဲ့များ ဖြစ်ကုန်ထသော
ဒက်ဂလိပ်နာမည်များဖြင့် လူသိများသည့် အမ်အာတီဗီ ၀မ်း၊ တူး၊ သရီး၊ ဖိုး၊ ချဲနယ်ဆဲဗင်း၊
များဝထီ (အင်္ဂလိပ်လို အသံထွက်လိုက်တာပါ၊ ဗိုလိုရေးထားတာဆိုတော့)ကို တစ်လှည့်စီ ကြည့်နေမိပါ၏။
အားလျှင်
ကြည့်စရာ အလကားရတာကိုသာ အားကိုးရသော မောင်ဒေါတို့လို လူတန်းစား ခပ်နိမ့်နိမ့်များအတွက်
ဘယ်လိုဖွင့်ဖွင့် လာသော ထိုအစီအစဉ်များကို ကြည့်ရှုခွင့်ရခြင်းအတွက်လည်း ကျေးဇူးများ
အတုံးလိုက် အတစ်လိုက်တင်မိပါ၏။ တကယ်တင်တာပါ။ မယုံမရှိပါနဲ့။ မယုံက ကျေးဇူးဆိုတာကြီး
တည်ရှိသည့် နေရာကို လာရောက်စမ်းကြည့်နိုင်ပါ၏။
အလွန်လျှင်
ပဲများကုန်ထသော ပရဲစင်တာ အထီးအမကလေးများကိုလည်း ကျေနပ်သည်ဖြစ်စေ၊ မကျေပဲနပ်သည်ဖြစ်စေ၊
အားပေးနေရပါ၏။ သင်းတို့၏ စတိုင်း ခေါ်မလား၊ ဘာလားမသိရသည့် အဖြတ်အတောက် အလွန်မမှန် စာဖတ်သံကို
လည်းကောင်း၊ ကိုရီးယားလိုလို၊ နီပွန်လိုလို၊ တရုတ်လိုလို မျက်နှာပေးများကိုလည်း ကြည်ချင်လဲကြည်
မကြည်ချင်လည်း ကြည်ပြီး နူးနေပါ၏။
တီဗီကို
ပိတ်ထားလိုက်ပါလားဟု “တွံ သင်သည်၊ ဘာသတိ……ဆိုမည်” ဆိုပါတော့၊ မောင်ဒေါအား ၀ိုင်းဝန်းပြီး
“ဘေ” ကြမည့် ကိုရီးယား ခရေဇီ အိမ်သားတွေကိုလည်း မောင်ဒေါ ဖြုံရပါသေး၏။ ဤကား မောင်ဒေါ၏
ဒုက္ခော…………ဒုက္ခပါပေတည်းဟူ၍ ယူသော်ရ၏ခလို။
။
တောင်တောင်
မြောက်မြောက်၊ ပေါက်ပေါက် ဖောက်နေသည့်အတွက်၊ လိုရင်းမရောက်ဖြစ်နေပါဦးမည်။ ဆိုချင်သည်ကား
ပရိုဂရမ်း အဟမ်း……….အဟမ်း…….အဲ အစီအစဉ်တချို့ အကြောင်းပါ။
ပထမဦးစွာ
ပဟေဠိ နန်းတော်ဆိုတာကြီး၊ ပဟေဠိ လုပ်ချင်လုပ်ပါ၊ ကန့်ကွက်စရာမရှိ။ “ဆက်ကစားပါဦးမယ်ခင်ဗျာ”
ဆိုသည်ကဖြင့် တရားဝင်လောင်းကစားဖြစ်နေပြီဟု မေတ္တာရှေ့ထားပြီး မောင်ဒေါ ပြောကြားလိုပါ၏။
ဖျော်ဖြေပေးရန်
လိုပါ၏။ ဖျော်လည်းဖျော် ဖြေလည်းဖြေရမည်ဟု မောင်ဒေါတွေးမိပါ၏။ ပညာပေးရန်လည်း လိုပါ၏။
ပညာရအောင် ပေးတတ်ဖို့လည်း လိုမည်ဟု မောင်ဒေါတွက်ဆမိပါ၏။
မောင်ဒေါဦးနှောက်ကသေးသေး၊
စည်ပိုင်းက ကျည်းကျည်းဆိုတော့ ဆရာ့ ဆရာကြီးများ၏ စားကွက်ဝါးကွက်များကို ထိပါးသွားသည်ဆိုလျှင်လည်း
လွန်တာရှိက ၀န္ဒာမိပါ ကိုရင်တို့ခင်ဗျား။
နောက်
တစ်ခုကတော့ ကြော်ငြာအကြောင်း၊ ကြော်လည်း ကြော်ကြ၊ ငြာလဲငြာကြပါဟု မောင်ဒေါမုဒိတာတွေ
အထွေးလိုက် ပွားပါ၏။ သို့သော် မောင်ဒေါဉာဏ် မမီသည့် ကိစ္စကလေးတစ်ခုလည်း ရှိပါ၏။ ဂရဲန်းရွိုင်ရယ်ဆိုသော
ကြော်ငြာကား အဘယ်ကုန်ပ္စည်းကို ကြော်ငြာနေပါသနည်း။ အရက် ကြော်ငြာနှင့် စီးကရက်ကြော်ငြာကို
မီဒီယာများတွင် မည်သို့မျှကြော်ငြာခွင့် မရှိစေရဟူသော စည်းကမ်းတစ်ရပ်ကို မောင်ဒေါကြားဖူးနားဝရှိထားပါ၏။
ဂရဲန်းရွိုင်ရယ်က ထုတ်လုပ်သော ရေသန့်ဗူးပေပဲလား၊ သို့တည်း မဟုတ် ဟိုဟာ ဒီဟာ သန့်ဆေးရည်
ပဲလား၊ အလှကုန်ပစ္စည်းပဲလား၊ မောင်ဒေါ ဝေတေ၀ါးတား ဖြစ်နေမိခြင်းပါ။ မောင်ဒေါတို့ကတော့
ခပ်ကျဉ်းကျဉ်းပဲ ဂရဲန်းရွိုင်ရယ်ဆိုတာ ၀ီစကီရယ်လို့ သိထားမင့်ကိုး၊ အကယ်၍ မောင်ဒေါမှားနေလျှင်လည်း
မီဒီယာမှ နေ၍ လူသိရှင်ကြား ပြင်ပေးကြပါရန် ကိုရင်တို့ခင်ဗျား။ အာဏာတွေ ပါဝါတွေ၊ ဘာညာတွေ၊
သြဇာတွေ၊ ရောဂါတွေကြောင့် မလွှင့်မဖြစ် လွှင့်နေရတာဆိုရင်ဖြင့်လည်း “အဲလာတွေ ၀အားကီး
စိတ်ငြိတဲ့ အီထဲမှာပါလယ်” လို့ပဲ မောင်ဒေါပြောချင်မိပါ၏။
အနားသားတစ်ခု
(နောက်တစ်ခုကို ဒက်ဂလတ်လို လေးညှပ်ပြောလိုက်တာပါ။ မညိုညင်နဲ့နော) ကတော့ အဲဒီ အရုပ်အသံ
သေတ္တာတွေထဲက စာတမ်းတွေပဲဖြစ်ပါ၏။ လူထု တစ်ရပ်လုံးအတွက် ထုတ်လွှင့်ပေးနေသည်ဆိုလျှင်ဖြင့်
ဗမာလိုတွေ နာမည်ပေးရင် မကောင်းပေဖူးလား၊ တီဗီအစီအစဉ်တစ်ခုက ကလေးတွေဆော့နည်းများကို
ဆုငွေ ဆယ်သိန်းချီးမြှင့်မယ့်အစီအစဉ်။ “စက္ကန့်ခြောက်ဆယ်၊ ဒို့လုပ်ကြည့်ကြမယ်” (ဥပမာပေါ့လေ)
ဆိုရင်လည်း ရပါတယ်။ “၀မ်းမိနစ် တူးဝင်းအစ်ထ်” ဆိုတာကို ဘိုလိုရေးထားလေတော့၊ မောင်ဒေါတို့ရပ်ကွက်ထဲက
ဘယာကြော်သယ် ဒေါ်ဘုမကမေးပါ၏။ “ဆရာဒေါ…..အဲဒါက ဘာလဲဟင် မျက်စိနောက်အောင်ဆော့တာ ဘိုနည်းတွေလား”
အဲဗျား၊ အဲဒီတော့ ဆရာ့ဆရာဆြာကြီးများ၊ ပြည်သူအတွက်ဆိုရင် ပြည်သူများ ရာစုကြီး နားလည်တဲ့
ဗမာစကားလေးနဲ့ အစီအစဉ်နံမယ်လေးပေးကြဖို့ပါ။ ဂန်ဒူးများနိုင်ငံက အကြံတော်ပေးများရဲ့
အလိုအတိုင်းလုပ်ရ၊ လွှင့်ရတာဆိုရင်ဖြင့်လည်း…….အဲပေါ့လေ မောင်ဒေါ ပြောတာလေးမှတ်တမ်း
ပြုထားကြပါကုန်ဟုသာ ပြောလိုပါ၏။
အဲ…..ရှိပါသေးဗျာ၊
“၅ တန်းနဲ့ပြိုင် ဘယ်သူနိုင်” ဆိုတဲ့ အစီအစဉ်။ ရယ်စရာ ပျော်စရာအတွက် ရည်ရွယ်ပုံရပါ၏။
သို့သော် “မူလတန်းကလေးတွေလောက်တောင်မှ အရွယ်ရောက်ပြီးသားတွေက မသိပါ”ဟု ၀န်ခံခိုင်းနေခြင်းနှင့်
မတူပါလး။ ဆက်လဲ စဉ်းစားတော်မူကြစေချင်ပါ၏။ ရယ်စရာဆိုတိုင်း တရားမဲ့နေသည် မဆိုနိုင်ဟု
မောင်ဒေါယူဆပါ၏။ စောနက အဆိုကို ယေဘုယျပြုလိုက်လျှင် “အရွယ်ရောက်ပြီးသူတွေဟာ ညံ့လာကြသည်”ဟူ၍များ
အဲဒီကလေးတွေ၊ လူငယ်တွေစွဲထင်သွားလျှင် ဧရာမ ဒုက္ခ၊ ဧရမ မဟာနားလည်မှု အလွဲကြီး မဟုတ်ပါလားခင်ဗျာ။
မောင်ဒေါ
အပြစ်ဒေါသတွေကို ထောက်ပြ၊ အချွန်နဲ့ ထိုးပြနေခြင်း မဟုတ်ပါ။ အလျှင်း မဟုတ်ပါ။ အစီအစဉ်တွေက
ကျန်းမာရေးဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ၊ ဖျော်ဖြေရေး ဂီတဆိုင်ရာတွေမှာ ဘ၀င်ကျမိတာတွေ အများကြီးရှိပါ၏။
ဆိုလိုသည်က
ဆွမ်းဆန်ထဲ ရောနေသော ပိုးဟပ်ချေး၊ ကြွက်ချေးများကို ရွေးယူ သန့်စင် ပစ်ရေးသာ ဖြစ်ပါ၏။
ခေတ်ကြီးက
တအိအိပြောင်းနေပါ၏။ တဂျိဂျိရွေ့နေပါ၏။ မီဒီယာတွေသည် လူထုအတွက်၊ လူထုရနံ့သင်းတာတွေ ဖြစ်နေလိုပါ၏။
ဗမာပြည်သည် ယိုးဒယား မဟုတ်ရေးချ မဟုတ်ပါ။ စင်ကာပူ မဟုတ်ရေး လုံးကြီးတင် မဟုတ်ပါ။ ယိုးဒယားနှင့်
စင်ကာပူကို ပုံတူကူးစရာမလိုပါ။
ဒို့နိုင်ငံ
ဒို့အခြေအနေ ဒို့လူထုနှင့် ဟပ်စပ်ကိုက်ညီမည့် မီဒီယာပြောင်းလဲမှုတွေကို မောင်ဒေါ မျှော်နေမိပါ၏။
တစ်ခါလာလည်း ဒါပဲ၊ ဒါပဲကို အရောင်းပြောင်း၊ ဒါပဲ အသစ်ကြီး ဖြစ်လာတာမျိုးကတော့ မရှိသင့်တော့တာအမှန်။
ညနေ
၆ နာရီခွဲလောက်ဆိုလျှင် ကိုရီးယားလုပ်၊ တရုတ်ပြည်လုပ် တီဗီစက်တွေရှေ့၌ ကိုရီးယားသွားရန်
ထိုင်ဝမ်သွားရန် အဆင်သင့် ဖြစ်နေကြကုန်သည့် သပ္ပူရိသ နွယ်ဝင် သာကီမျိုးအားလုံးကလည်း၊
မီဒီယာနှင့် ပတ်သက်၍ “ငဒို့မှာလည်း တာဝန်ရှိသည်ဟူသော” တာဝန်ယူစိတ်၊ လူထုပီသသောစိတ်ဖြင့်
ဝေဖန်အကြံပေးကြဖို့လိုပြီဟု မောင်ဒေါယူဆပါ၏။ ရှစ်နာရီဆိုလျှင် တီဗီပိတ်ပြီး သတင်းအပြီးမှာ
ကိုရီးယား ဂျိုဆွန်နိုင်ငံတော် အလည်သွားရုံလောက်ကဖြင့် မပြည့်စုံသေးဟု မောင်ဒေါထင်ပါ၏။
စည်ပိုင်းထဲမှာ
ထပ်ခနဲ ပေါ်လာတာတွေကိုပဲ ချရေးလိုက်တာမို့ ဤမျှသာတော့ မဟုတ်မှန်း ခင်ဗျားလည်း သိပါလိမ့်အံ့၊
တစ်ခါ ရထားတဲ့ စာမျက်နှာလောက် ငဲ့ရမှာကလည်း တစ်ကြောင်းမို့ လံဘား ကျောက်တံတားတော့ မရှည်ဖြစ်တော့ပါ။
အသစ်ဖြစ်လာသော
“ပြန်ကြားရေးဝန်ကြီး” သည်လည်း၊ “မီဒီယာ” တွေကို “လူထုမီဒီယာ”များဖြစ်အောင် ပျော့ပျောင်းစွာ
ဆွဲခေါ်တွန်း ယူနိုင်မည်ဟု မောင်ဒေါမျှော်လင့်နေမိပါ၏။
ဟိုတုန်းက
ကိုမြတ်လေးကြီး ဆိုဖူးသည့် သီချင်းထဲကလို “နေရစ်တော့ စနစ်ဟောင်းနဲ့ ခေတ်ဟောင်းရေ” ဆိုသည့်
အသံစဉ်ကလေးလွင့်ပျံပြီ
အရုပ်ထွက်
အသံထွက် သေတ္တာထဲက အရုပ်တွေ အသံတွေ ပြောင်းလာကြလျှင်ဖြင့် “တိုင်းထက်အလွန်၊ တံခွန်နဲ့
ကုက္ကား”လို့ ခန့်ညားစွာသော အခြေအနေများဖြစ်ပေါ်လိမ့်အံ့ဟု ဆိုနိုင်ပေးလိမ့်မည်တမုံ။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment