မောင်ဒေါရဲ့ အတွေးစည်ပိုင်း
မာလိုင်းယင်း စင်ကာပူရ
“တည်တည်ခန့်ခန့်တွေ
ရေးစမ်းပါ အတီယဲရဲ့၊ ခု တီယဲရေးတာတွေက နောက်တောက်တောက် ချော်တော်တော်နဲ့။ နည်းနည်း
မဟုတ်ဖူး၊ အတော်ကို ပေါ့ရွှတ်ရွှတ်ဖြစ်နေတယ်”ဟု မောင်ဒေါ၏ အငယ်ဆုံးအဖေ (အဲလေယောင်လို့)
အငယ်ဆုံး သားတော်မောင်က မောင်ဒေါအား ကလပ်စတာဗုံး ကြဲသွား၏။
“ဆရာ့ဟာတွေ
ဖတ်ရတာကလဲဗျာ၊ ခက်ဆစ်အဘိဓါန်ပါ ရှာထားရမလို ဖြစ်နေပြီ”ဟု တပည့်အကြီးစားတစ်ကောင်က မောင်ဒေါစည်ပိုင်းကို
ရပ်ကွက်တီးဝိုင်းက ဒရမ်အပေါက်ကို ခေါက်သလိုခေါက်၏။
“ရှင်ကတော့
ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပြောသလို ဒူးနာတဲ့စာတွေ ရေးနေပြီနဲ့တူတယ်။ ငှင်း ငှင်း ငှင်း”ဟု
ဝန်ကြီးကတော် မဖြစ်လိုက်ရသော မောင်ဒေါ၏ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်၏။
သူကလည်း ငယ်စဉ်က သူ့ကို ပလိုပို့စ် (ဒက်ဂလိပ်လိုညှပ်ပြောမှ ခေတ်မီတယ်ဆိုလို့) လုပ်ဖူးသူအား
ငြင်းခဲ့မိပြီးမှ မျှော်လင့်သလို ဖြစ်မလာခဲ့ဘဲ ထိုငနဲကလေးက ဧရာမကြီးဖြစ်သွား သောအခါ
ကိုယ့်ဖါသာ ရင်ထုမနာ ဖြစ်နေရှာသည့်အတွက် အကောင်းမြင် ခေါင်းပေါင်း ပေါင်းနေသူ ဖြစ်ပါ၏။
မောင်ဒေါ၏အမွှာ
မြင့်ဦးသစ်(ခ)ချစ်ဖူးကလည်း မောင်ဒေါအား မကြာခဏဆော်ပလော်တီး၏။ “ငဒေါရာ…..ရေးမဲ့ရေးရင်လဲ
သမိုင်းအကြောင်းတွေ ရေးစမ်းပါဟ……အနိမ့်ဆုံးမောင်ဒေါ၏ မောင်ဒေါတို့ မောင်ဒေါဖြတ်သန်းခဲ့ရသော
ကန္တာရများတို့ စသည်ဖြင့်ပေါ့။”
မောင်ဒေါ
အဓိပ္ပါယ်တစ်မျိုး တည်းဆောင်သော- အဖြေကိုသာ ဖြေဖြစ်ခဲ့ပါ၏။ တစ်/မောင်ဒေါကား သေးသေးလေး
ဖြစ်ပါ၏။ နှစ်/မောင်ဒေါသည် စင်ပေါ်မှာမနေတတ်ပါ….စသည်ဖြင့် ပေါ့လေ။
သို့ညားစေ……ဆော်ကြ
ဆူကြစသည် “ဆ”ကိစ္စတွေနဲ့ကြုံရသည့်အခါ မောင်ဒေါလဲ “ဖြုံ” ပါ၏။ သည်အတွက် အခုဒီအပတ်တော့
နိုင်ခြံဂါး အကြောင်းကလေး အနည်းအကျဉ်း တို့ခတ်လိုက်ပါအံ့။ (စကားချီးကလည်း ရှည်လိုက်တာနော်……ဟိုဗဟု
ငနဲရဲ့ အင်တာဗု ကျနေတာပဲ။) ကဲ တိုတော့မည်။
မောင်ဒေါ
စင်ကာပူရမြို့ကြီးသို့ ရောက်သွား၏။ ခရီးသွားကံကလေးကလည်းပါ- ဒကာတော်သား မောင်ဝလုံးကလည်း
ရှိလို့ဆိုပါတော့၊ ကိုယ့်ဖါသာဆိုရင်ဖြင့် ဝေးပါသေးတယ်။ မောင်ဒေါ မရောက်ဖူးသေးခင်က ထို
စိန ကျွန်းခွဲကလေး အကြောင်းကို ၀ိတ္တာရချဲ့ စကားများများစွာကြားခဲ့ရသည်တို့ကို အမှတ်ရလာပါ၏။
စင်ကာပူရတွင်
အကြာကြီးနေခဲ့ဖူးသည့် မောင်ဒေါ၏ အသိသံအရာရှိဟောင်းကြီးတစ်ဦး၏ အဆို၊ “စင်ကာပူမြို့တစ်မြို့လုံးကို
မွှေးနေတာပဲ ကိုဒေါရေ့” ပါတဲ့……။
နောက်တစ်ခု။
“စင်ကာပူမှာ တရားဥပဒေက အတော်စိုးမိုးတာဗျ၊ လမ်းလျှောက် ဆေးလိပ်သောက်ရင် ဒဏ်ရိုက်တယ်။
အမှိုက်ပစ်ရင် ဒဏ်ရိုက်တယ်။ တက္ကစီဌားရင်တောင် ဖြတ်ငှားလို့မရဖူး၊ တက္ကစီစတင်းမှာ တန်းစီပြီးစောင့်ငှားရတယ်။
စနစ်ကျတယ်ဦးရဲ့။” ဒါက စင်ကာပူရမှာ အလုပ်လုပ်ပြီး ပြန်လာသည့် ချွတ်တား တစ်ယောက်၏ စကား။
နောက်တစ်ခု။
“စင်ကာပူတိုးတက်လာတာဟာ မဲန်တာမင်နစ်စင်တာကြီးဖြစ်တဲ့ လီကွမ်းယူ” ကြောင့်ပါပဲ။ “ဒို့ဟာ
မြန်မာပြည်ကိုမီဖို့ ၁၀နှစ်လောက်လုပ်ကြရမယ်လို့ ၁၉၅၃ ခုနှစ်လောက်က သူပြောခဲ့တယ်။ အခုတော့
ကျွန်တော်တို့ ဗမာပြည်က စင်ကာပူ အနောက်က နှစ်သုံးလေးဆယ်စာလောက် ပြုတ်ကျန်နေခဲ့ပြီ”
ဒါက စင်ကာပူရပြန် ကျွန်ုပ်တို့ စာရေး ဆရာတယောက်၏စကား။
စင်ကာပူမှာ
အကုန်လုံးလောက်နီးနီး စမတ်ကတ်စနစ်ကြီးပဲ ဆရာရဲ့၊ အမ်အာတီ (မြို့ပတ်ရထား)စီးစီး၊ ဘတ်စ်ကားစီးစီး
ကတ်နဲ့ပဲစီးရတယ်။ ပိုက်ဆံထုတ်ချင်ရင်လည်း အေတီအမ်က နေရာအနှံ့ ရှိတယ်၊ ကတ်နဲ့ပဲ၊ အခန်းတံခါးသော့တွေ၊
ဓါတ်လှေကားတွေမှာလဲ ကတ်သုံးရတာပဲ၊ အဲဒီတော့ တော်တော်အဆင်ပြေတာပေါ့ဆရာရယ်။ ဥယျာဉ်တွေ၊
ပန်းခြံတွေ၊ ကမ်းနားတွေကလဲ လှမှ လှဆရာရဲ့၊ တကဲ့ တာဝတိန်သာပါပဲ။ ဒါက မောင်ဒေါ တပည့်တစ်ယောက်၏
ရင်ဖွင့်သံ။
ကမ္ဘာကြီးက
မောင်ဒေါတို့ အမိမြေဖြစ်၏။ သည်အတွက် ကမ္ဘာ၏ မည်သည့်အစိတ်အပိုင်းကကောင်းပြီး မည်သည့်
အပိုင်းက မကောင်း ဆိုသည်မှာ မောင်ဒေါတို့ ကိစ္စဖြစ်၏။ မကောင်းသည့်နေရာတွေအတွက် နှလုံးစိတ်ဝမ်း
မငြိမ်းချမ်းဖြစ်ရ သကဲ့သို့ ကောင်းနေသော နေရာတွေ အတွက်လည်း မုဒိတာပွားရပါ၏။
သို့မို့ကြောင့်
စင်ကာပူရကြီးကောင်းသည်၊ လှသည်ဆိုသည့်ကိစ္စအတွက် မောင်ဒေါ မုဒိတာတွေ အဖတ်လိုက် အထပ်လိုက်ပွားပါ၏။
သို့သော်- ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲနေကြသည့် မောင်ဒေါတို့ သာကီဝင် ဘားမင်းကြီးငယ်
ရွယ်လတ်တွေကိုတော့ မောင်ဒေါ မဆိုစလောက် ချဉ်မိပါ၏။ “သင်းတို့ပြောသလောက်လည်းမဟုတ်သေး”ဟု
စဉ်းစားမိ၏။ မောင်ဒေါအတွေးစည်ပိုင်းကလဲ မှောက်လို့မှောက်၊ လှန်လို့လှန်၊ စောင်းလို့စောင်း၊
တည့်လို့တည့်၍ ရပေသကိုး။
ဒါနဲ့ပဲ
သူရို့တွေပြောတာကို အသေအချာစေ့ငုကြည့်ဖို့ မောင်ဒေါစီစဉ်လိုက်ပါ၏။ တစ်မြို့လုံးက ရေမွှေး
ဆွတ်ထားသည် ဟူသော အဆိုကိုစိစစ်ရန် ပြည်သူ့ကိုယ်စားလည်များထံချပြ (အဲလေယောင်လို့) တသီးပုဂ္ဂလပဲ
မောင်ဒေါ အနံ့ခံကြည့်ပါ၏။ မောင်ဒေါရသော်အနံ့ကား ဂျွားရေမွှေးနံ့မဟုတ်ပါ။ စိနခေါက်ဆွဲဆိုင်
အနံ့သာဖြစ်ပါ၏။
အောချပ်လမ်း၊
ကလပ်ကီးလမ်း၊ ဆီရန်ဂွန်းလမ်း၊ ဘာညာကွိကွလမ်းတွေတိုင်းလိုလိုမှာ ခေါက်ဆွဲဆိုင်နံ့သာ
ရပါ၏။ မွှေးလှချည့်ဆိုသော အမ်အာရ်တီရထားနှင့် ဘတ်စ်ကားတွေကလည်း သူလိုငါလို ကျုပ်တို့
အနံ့မျိုးပဲဖြစ်ပါ၏။ ကျုပ်တို့ မြို့ပတ်ရထားနှင့် မဟာ မထသ ကားတွေလို့တော့ သိပ်မကြပ်လှဘူးပေါ့
ခင်ဗျား။ တက္ကစီတွေ ကောင်းပါ၏။ မာစီးဒီး တက္ကစီ၊ ခရိုက်စလာ တက္ကစီတွေပင် ရှိပါ၏။ ငှဲ ငှဲ၊ အနံ့ကတော့ ကျုပ်ခြံထဲလောက် မသင်းတာ အမှန်၊
ဒါကတစ်ချက်။
နောက်တစ်ခုကို
လေ့လာဖို့ တည်းခိုနေသည့် “ထရဲဗယ်လ်အမ်” ဟော်တယ်ချွတ်တားကလေးမှ စင်ကာပူ စံတော်ချိန်
နံနက် ငါးနာရီခွဲတွင် “စင်ကာပူရချောင်း” ဘေးတကြော လမ်းလျှောက်ထွက်ခဲ့ပါ၏။ ပျော်ပွဲစားရုံတစ်ခုက
ပေပဲလား၊ ဒိုမီနိုကလပ်တစ်ခုကပေ ပဲလား မဆိုနိုင် ယိုင်တီးယိုင်ထိုးမူးပြီး ထွက်လာကြသော
ခပ်ငယ်ငယ်အတွဲ သုံးတွဲကို တွေ့ပါ၏။ ကိုရီးယားစတိုင် ကုန်းပိုးပြီး ပေါင်ရင်း အထိတိုသော
ဘောင်းဘီဝတ်ချာတိတ်မကလေး သုံးဦးသည် လမ်းဘေး ပလက်ဖောင်းပေါ်၌ “လွတ်လပ်စွာ” အော်ဟစ်မြူးတူး
နေသည်ကို တွေ့ရပါ၏။ စင်ကာပူရပါလီမန်မှ အထက်စီးရပါတီ အဲလ်ဒီပီ၏ အမတ်တော်ကြီးများနှင့်
မည်သို့ပတ်သက်နေသည်လည်း မောင်ဒေါ မသိ၊ တစ်ခုခုတော့ ဟာနေသလိုပင်။
မောင်ဒေါတည်း
နေသည်က ဟော်တယ်ဇုံ ဖြစ်လေရာ မနက်လင်းစတွင် အမှိုက်ပုံးထဲ မထည့်သော အမှိုက်များ၊ ပုလင်းခွံများ၊
ဘီယာဗူးခွံများ (မြန်မာဘီယာကလေး နှစ်ဗူးတောင်ပါသေး) စက္ကူစုတ်များ၊ မောင်ဒေါမျက်စေ့နှင့်
တပ်လည်းတပ်၊ အပ်လည်း အပ်မြင်ခဲ့ပါ၏။ (ဗီဒီယိုတောင် ရိုက်ယူခဲ့ပါသေး၏။)
(ဤနေရာ၌
လက်ကောက်ဝတ်အဆစ်မှ အရိုးအတက်ကြောင့်နာသဖြင့် ရေးနေတာကို ခဏနားရပါ၏။ အာရုံဆက်တိုက်မဖြစ်
သည့်အတွက် စာဖတ်သူ နားလည်ပေးဖို့ မောင်ဒေါ “ချိုးချိုးညီ” တောင်းပန်ပါ၏။)
မောင်ဒေါတို့နိုင်ငံနှင့်
ယှဉ်လျှင် ဂျင်ကလပ်ကလေးမျှသာ ဖြစ်သောစင်ကာပူရ။ သောက်ရေ ကိုယ်ပိုင်မရှိ၍ မလေးရှားက ၀ယ်ရသော
စင်ကာပူ၊ ရေဆိုးကိုပြန်ချက်ပြီး ရေကောင်း ဖန်တီး၊ ဂိုချောက်တောင် ကိုယ်တိုင် “သောက်ပြ”
နေရသော စင်ကာပူရ။ မိမိတို့၏ စိနအစဉ်အလာနှင့် အိန္ဒိယ အစဉ်အလာတို့အား ဘောင်းဘီတိုဝတ်ပြီး
“အမေရိကံနိုက်စ်” လုပ်လိုက်ခြင်းဖြင့် စွန့်လွှတ် လိုက်ရသော စင်ကာပူရ။ “စင်ကာပူရီယံ
အမျိုးသားများ” ဖြစ်ရန် အင်္ဂလိပ် စကားကို “လား”ထည့်ပြောပြီး ငှက်ပျောသီးလို အပြင်ဝါ၊
အတွင်းဖြူ ဖြစ်နေသော စင်ကာပူရ။
ချုပ်ရလျှင်
“စင်ကာပူရ” ကားမောင်ဒေါတို့ မုဒိတာပွားပေးနိုင်ပေမင့် အတုခိုးနည်းယူစဖွယ် မဟုတ်သေးသည်ကတော့
မောင်ဒေါမျက်တွေ့။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment