မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ယူအေအီိးကို တွေ့မိတော့
“လူမတတ်ပေမင့်
လဘက်ထုတ်တတ်”သည် ဟူသောဗမာဆိုရိုးစကားရှိ၏။ မောင်ဒေါကား ချမ်းတောင့်ချမ်းသာ သုံးနိုင်စွဲနိုင်သည့်
အမျိုးအစားမဟုတ်ပါ။ သို့သော် မောင်ဒေါအား ချစ်သောပတ်ဝန်းကျင် လဘက်ထုတ်များကြောင့် နိုင်ခြံဂါးလေး
ဘာလေးရောက်ဖူးခဲ့ပါ၏။ ဟိုတစ်ခေတ်ကလို ဘာပြန်ညာပြန်တွေ နာမည်ရှေ့မှာ တတ်မည်ဆိုလျှင်လည်း
မောင်ဒေါတွင် တတ်လို့ရစရာလေးတွေ ရှိနေခဲ့ပါ၏။
တစ်နေရာရာကို
ရောက်တိုင်း ကောင်းတာတွေလည်း တွေ့သလို မကောင်းတာတွေလည်းတွေ့ပါ၏။ မကောင်း တကောင်းတွေလည်း
တွေ့ပါ၏။ ကောင်းတာတွေ့ရင် မုဒိတာတွေအခိုင်လိုက် ထားနိုင်အောင်၊ မကောင်းတာတွေ့ရင် သင်ခန်းစာတွေ
အပြွတ်လိုက်ယူနိုင်အောင်၊ မကောင်းတကောင်းတွေ့လျှင်လည်း သည်လိုဆိုရင်တော့ ပိုကောင်းမှာပဲဟု
မေတ္တာစိတ်တွေ အတွဲ လိုက်ပေါ်နိုင်အောင် မောင်ဒေါ နာနာလေး လေ့ကျင့်ထားပါ၏။
ကဲလေ…..ရှည်နေပါဦးမယ်။
အရှေ့အလယ်ပိုင်းဟူသော ရွှေမဲထွက်ရာ စော်ဘွားများနိုင်ငံသို့ မောင်ဒေါ ရောက်သွားပါ၏။
ပဒေသရာဇ်စနစ်ကို မောင်ဒေါ မကြိုက်ရေးချ မကြိုက်။ သို့သော် ပဒေသရာဇ်စော်ဘွားတွေ၏ “လုပ်ပေါက်”
ကလေးတွေကိုတော့ မောင်ဒေါ “ညိ”လာခဲ့တာတွေရှိပါ၏။ တစ်ခုအရင်ပြောပါအံ့။
တစ်နေ့။
မောင်ဒေါသည် အကြွေးစံနစ်နှင့် ၀ယ်ထားရသော သားတော်မောင်၏ ကိုယ့်ကားမဖြစ်တဖြစ်ပေါ်၌ ဣနြေ္နကြီးစွာ
စီးနင်းလိုက်ပါလာပါ၏။ လမ်းမှား မီးပွိုင့်တွေမှာ ဘဲဥမရှိ၊ ခေါင်းပေါင်းမရှိ၊ သံခမောက်
ပက်လက် မရှိတာ သတိထားမိ၏။ ပွိုင့်များတွင် ကင်မရာများသာရှိပါ၏။ မီးနီလျှင် ကားတိုင်းရပ်ပါ၏။
မီးဝါကို ဖြတ်သွားသောကားမရှိ၊ ဖြတ်သွားသော အပြစ်ကျူးလွန်လျှင်တော့ ဒဏ်ဆောင်ဖို့ ဘဏ်ကတဆင့်
စာလာပါလိမ့်မည်တဲ့။
မီးနီတစ်ချက်တွင်
မောင်ဒေါတို့ကား ရပ်လိုက်၏၊ မောင်ဒေါတို့ဘေးတွင် “ဂျိ”အကောင်းစားကားတစီးရပ်တာတွေ့၏၊
နံပါတ်ပြားကား သူများထက်ထူးခြားနေ၏။ မောင်ဒေါစပ်စုကြည့်တော့ အဲဒါစော်ဘွားသားရဲ့ကားတဲ့ဗျား
လူပိုမပါ၊ သူကိုယ်တိုင်မောင်းလာတာဖြစ်၏။ မီးနီတွင် သူများရပ်သလိုပဲရပ်၏။ အဟက်…နိပ်လှချီလား၊
မောင်စော်ဘွားရေ့ဟုပင် မောင်ဒေါရင်ထဲက ရေရွတ်မိ၏။ စော်ဘွားကိုယ်တိုင်လဲ တစ်ခါတစ်ခါ
ရုံးတက်ရင် သူ့ကားသူမောင်းပြီး တက်သည်ဟု သားတော်မောင်မျက်ပြူး၊ ထညက်ဗူးက ရှင်းပြ၏။
ဒါကြောင့် သူရို့စော်ဘွားကို သူရို့အတော်လေးစားပြီး ငါးရော်ကြသည်ဟု သိလိုက်ရပေရာ။ ကောင်းလှချည်လား၊
ဒေါင်းမြကြည်သားရေ့ဟု ထပ်ဆင့်ပြီး မောင်ဒေါ မုဒိတာအတွေးလိုက်ပွားမိပါ၏။
ဒူးဘိုင်းမြို့ပြနိုင်ငံကလေးတွင်
လူဦးရေကိုးသန်းရှိသည်ဆို၏။ ထိုအထဲမှ နှစ်သန်းသာ အာရပ်များဖြစ်ပြီး ကျန်ခုနှစ်သန်းမှာ
“ဖား”ဟုခေါ်သော ဖီလီပီနိုများ၊ အင်ဒီးယန်းများ၊ နီပေါလိများ၊ ပါကစ္စတာနီများ၊ ဘင်္ဂလားဒက်ရှီများဖြစ်သည်ဟုလဲ
ဥပလက္ခိတံ ရပါ၏။ (ဗမာတွေသည်ပင် အုပ်စုတစ်ခုအဖြစ် တဖြည်းဖြည်းကြီးထွားနေ၏)
ထိုက်ထိုက်တန်တန်
အလုပ်တစ်ခုကို လုပ်နေလျှင် အလုပ်နှင့်ဘဏ်၏ ထောက်ခံမှုဖြင့် အရစ်ကျပေးချေအကြွေးစံနစ်ဖြင့်
“ကားအသစ်” ၀ယ်လို့ရ၏။ ဒီကွန်ဒီးရှင်းတို့၊ စီကေဒီတို့၊ လိုင်စင်ကျတို့ဆိုသည့်ကားများမဟုတ်၊
ကားအဟောင်းကို ပြန်ရောင်းဖို့ ရွှေတူးရသည်ထက် ခက်သည်ဟုဆိုပါ၏။ သည်တော့ကား ခပ်သစ်သစ်တွေချည်းလိုလိုသာ
လမ်းပေါ်မှာ တွေ့ရ၏။ ချုံးချုံးကျ အုတ်ကား၊ သဲကားလိုမျိုးတွေ လမ်းပေါ်မှာ “ရှားပါးပစ္စည်း”
အဖြစ်သာ တစ်စီးစ နှစ်စီးစ တွေ့ရ၏။ လူအတော်များများ ဘတ်စ်ကားမစီးကြသဖြင့် “ဘတ်စကားယဉ်ကျေးမှု”
ထွန်းကားအောင် စော်ဘွားအစိုးရက “တွန်းအား”ပေး“ဆု”ပေးပြီး စီးခိုင်းနေရသည်ဆိုပါ၏။ ဘတ်စကား
၂ စီးတွဲကြီးတွေ လမ်းဘေးမှာတွေ့လျှင် လူ ၉ ယောက် ၁၀ ယောက်ထက် ပိုမပါတာတွေ့ရ၏။ “ဒါလေးလည်းတစ်မျိုးပဲနော်”
ဟုပင် မောင်ဒေါတွေးမိရပါ၏။
ရုံးချိန်ဆိုလျှင်
အမ်အာရ်တီခေါ်မြို့တွင်း ပြေးအအေးခန်းရထားကိုတော့ အလုပ်သမား အားလုံးလိုလို စီးကြတာတွေ့ရ၏။
လက်မှတ် တစ်ခါဝယ်ထားလျှင် ထိုစမတ်ကတ်လက်မှတ်ကလေးက တော်တော်အလုပ်ဖြစ်သည်ဟု ဆိုကြပါ၏။
ဒူဘိုင်းကား
ရာသီဥတု အတော်ပူပြင်းလှ၏။ သို့သော် လူနှင့်ဆက်စပ်နေသမျှ၊ ကား၊ ရထား၊ အိမ်၊ ဈေး၊ စူပါမတ်ကတ်
စသည် စသည်တွေမှာ အအေးပေးစနစ်ရှိကြသည်ချည်းတွေ့ရပါ၏။ သတ်မှတ်ထားသည့် နေပူချိန်အမြင့်ဆုံးကာလများ၌
လမ်းမပေါ်တွင် လူလုံးချည်းလျှောက်နေလျှင် ဖမ်းသည်ဆိုပါ၏။ ရှောက်ကျိုးနဲ ကိုယ်လူကိုယ်ဂရုစိုက်တဲ့
စော်ဘွားအစိုးရ။
ဒူဘိုင်းသည်
ပဒေသရာဇ်နိုင်ငံဖြစ်သည်ဟု မောင်ဒေါ ဆိုခဲ့ပြီးပြီ၊ စော်ဘွားသည် သူတို့ အခေါ်(ရူးလား)
အာဏာရှင်ဖြစ်၏။ ဥပဒေသည် သူ၏ မုက္ခပတ်တော်ဖြစ်၏။ စော်ဘွား၏ ၀န်ကြီးများကို သူ့စိတ်ကြိုက်
လခပေး၍ ခန့်ထား၏။ ဘာပါလီမန် ဘာလွှတ်တော်မျှ မရှိ၊ သို့သော် အာရပ်နွေဦးခေါ်သည့် မူဘာရက်တို့
ဂဒတ်ဖီးတို့တတွေ သရောကြီး ခိုင်းချိန်၌၎င်း၊ ဆီးရီးယားက အာဆတ်ကလေး အရူးမီးဝိုင်းဖြစ်နေချိန်တွင်၎င်း၊
ယူအေအီးက စော်ဘွားတွေ ဒူးနှံ့မပျက်ကြ၊ စဉ်းစားစရာ သင်ခန်းစာပေတကား ဟုမောင်ဒေါ၏ စည်ပိုင်း
တစ်နေရာတွင် ထုံးတို့ထားလိုက်ပါ၏။ အာဏာရှင်စနစ် အတွင်းမှာ ရှိသော ဒီမိုကရေစီ သန္ဓေ၊
ဒီမိုကရေစီစံနစ်အတွင်းမှာရှိသော အာဏာရှင်စနစ်၏ လက္ခဏ သန္ဓေများ အကြောင်းကိုလည်း မောင်ဒေါ
လျှောက်စဉ်းစားမိပါ၏။
နောက်တစ်ချက်ကတော့
တိုင်းပြည်ထဲက လူတွေ အစား၊ အ၀တ်၊ အနေပြည့်စုံလျှင် တိုင်းပြည်တွင် ဘာစံနစ်ရှိနေ၊ ဘယ်သူအုပ်ချုပ်
နေသည်ကား တယ်ပြီး ဗဲရီး အင်ပေါတဲန့် မဖြစ်ဟု မမီတမီ ဥာဏ်တစ်မတ်သားဖြင့် စမတ်ထွားစွာ
မောင်ဒေါ စဉ်းစားမိပါ၏။ ဒါကို ဒီမိုကရေစီ ဂုရုကြီးများ၊ ဆိုရှယ်လစ် ပဏ္ဍိတ်ကြီးများကဖြင့်
အနည်းငယ် မျက်မှောင် ကြုတ်သွားစရာရှိမည်ဟု မောင်ဒေါ အတွေးရပါ၏။
အဲ………နောက်တစ်ခုဆန်းတာပြော
ရဦးမည်ဗျ၊ ဒူဘိုင်းမှာ “ရှိတ်ဇာယတ်”ဆိုသော ဧရာမပလီကျောင်းကြီးရှိပါ၏။ အလွန်လည်း ခမ်းနားပါ၏။
အခြားအခြားသော နိုင်ငံများတွင် ပလီဝတ်ကျောင်းအတွင်းသို့ သူရို့ဘာသာဝင်မဟုတ်သူ ၀င်ခွင့်မရှိ။
သို့သော်ထိုရှိတ်ဇာယတ်ပလီကျောင်းအတွင်းသို့ မည်သည့်နိုင်ငံသား မည်သည့်ဘာသာဝင်မဆို ၀င်ရောက်လေ့လာခွင့်ပြုထားပါ၏။
မောင်ဒေါရယ်၊ လေဒီဒေါရယ်၊ မောင်ဒေါ၏ တပည့် ကလေးနှစ်ဦးရယ် ၀င်ရောက် လေ့လာခဲ့ကြပါ၏။
အဲ…….၀တ်ရုံနက်ကြီးတွေကို ငှား၍ ၀တ်ရတာကတော့ ထူးခြားတာပေါ့နော…..။
အဲဒီကိစ္စမှာလဲ
ဒူဘိုင်းနဲ့အဘူဒါဘီစော်ဘွား ပဒေသရာဇ်တွေကို မောင်ဒေါနည်းနည်းအားကျမိသွား၏။ ဒီလူတွေ၏
အမြင်ကို မောင်ဒေါ ဆင်ခြင်မိသွားပါ၏။
အရာခပ်သိမ်း
ပြည့်စုံကောင်းမွန်လှချည့်ဟုတော့ မောင်ဒေါမပြောလိုပါ။ သို့သော် မောင်ဒေါတို့ မြင်ကြည့်စရာတွေကို
မြင်ကြည့်ဖို့သာ ဆိုလိုရင်းဖြစ်ပါ၏။
၃တန်ကားတစီးဖြင့်
အပြည့်တင်ရသည်ဆိုသော ကမ္ဘာအကြီးဆုံးအလံကြီး၊ အထပ်ပေါင်း နှစ်ရာလေးဆယ်ကျော်ရှိသော ကမ္ဘာအမြင့်ဆုံး
မိုးထိအဆောက်အဦးဘတ်ခ်ျကာလီဖာ။ ဂင်းနစ်မှတ်တမ်းဝင် အလှဆုံးပန်းဥယျာဉ် အဲလ်အာလိုင်း၊
ဘာညာကွိကွတွေပေါ့လေ။ အများကြီး အများကြီး၊ ငွေကြေးတတ်နိုင်တော့ လုပ်ထားနိုင်တာတွေ၊
မြို့စည်ပင်သာယာရေးအတွက် တစ်နှစ်ကို ဘီလျံနဲ့ချီပြီး သုံးသေးဆိုပဲ။
စော်ဘွားတို့ဌာနီက
မောင်ဒေါအပြန်၊ လေယာဉ်ပျံပေါ်မှာ စဉ်းစားမိတာက ၁၉၄၈ခုနှစ် ဗမာပြည်ကို အင်္ဂလိပ်တွေ စွန့်ခွာသွားကထဲက၊
နိုင်ငံရေးအာဏာရခဲ့သူတွေ နိုင်ငံရေးပါးဝခဲ့ကြရင်…..။ အချင်းချင်း သတ်ကြဖြတ်ကြရတဲ့ ပြည်တွင်းစစ်ကြီးအတွက်
ပိုက်ဆံတွေသာ မကုန်ခဲ့ရင်……။ ဘ၀ရှင်မင်းတရားကြီးများသာ လူထုထဲမှာရှိခဲ့ရင်……….။ ဆော်သာဆော်ကွဆိုတဲ့
နိုင်ငံရေး ဂိုဏ်းဂဏတွေသာ မရှိခဲ့ဖူးဆိုရင်…….ဒူဘိုင်းနဲ့ အဘူဒါဘီလောက်တော့……ပျင်းတောင်ပျင်းသေး။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)
No comments:
Post a Comment