Monday, February 11, 2013

စတိတ်စင်ဆောက်ခြင်းအကြောင်းစာ


မောင်ဒေါရဲ့ အတွေးစည်ပိုင်း
စတိတ်စင်ဆောက်ခြင်းအကြောင်းစာ
            ကုန်သွားသည့် တစ်ပတ်အတွင်း မောင်ဒေါ ချူနာ ချာနာ ကလေးတွေ အနည်းငယ်ဖြစ်နေ၏။ မဆိုစလောက် ကလေးဖျားတားတားဖြစ်၏။ တကိုယ်လုံး ရိုက်ထားသလိုနာ၏။ နှစ်ရက်ခန့် “ပန်းခြင်းကိစ္စ”ဖြစ်၏။ အစာများတာလား၊ အစားမှန်တာလားမသိ၊ ဖြစ်နေကျရင်တုန်ပန်းတုန်ကိစ္စလဲ ဖြစ်၏။ မျက်လုံးတွေက ငရုပ်သီး ပူသလိုပူ၏။ ဘယ်ညာ ဘာညာ အတိုအထွာကလေးတွေ အများကြီးပါပဲ။ သည်တော့ အိုဘားမားတို့တတွေ အိုစမာဘင်လာဒင်ကို ထွက်သည့် ဒေါသထက် မလျော့သော စိတ်ဇလုံး ဇခုတွေဖြစ်၏။ အနားက ကြက်တူရွေးမကြီးကို ပေတံနဲ့ ကောက်ရိုက်လိုက်ရရင် ကောင်းမလားစဉ်းစားမိ၏။ ဒါလဲမဖြစ်သေး။ သူက ကိုယ်ထက် လက်မြန်သောခါရတေးခါးပတ် နက် လက်ရည်ရှိထားရကား ဘယ်လိုမှ ငြိမ်နေမည်မဆိုနိုင်။ ဒါမှမ ဟုတ်ရင်လဲ ကိုယ်ခြံဝ ကိုယ်ထွက်ပြီး ဆန္ဒတွေထုတ် ဖော်လိုက်ရရင် ကောင်းမလား၊ မတော် အနုမြူဗုံးသေးတာလေး ရောက်လာမှာလည်း စိုးရသေး၊ သည်လို ကိုယ်ဖာသာ အလိုမကျ၊ စာရေးမရဖြစ်နေချိန်တွင်….။
            မောင်ဒေါ၏ ကပ္ပိယကြီး မစ္စတာ ဘော ရောက်ရှိလာ၏။ နဂိုရ်က ၃ပေခန့်သာဖွင့် ထားသော်လည်း ဤခေတ်ကြီးနှင့် အမီပွင့်လင်း မြင်သာစွာ ဆောက်လုပ်ပြီးစီး သွားသော နှစ်ရွက်ဖွင့် ၁၅ပေ တံခါး တပ်ဆင်ထားသည့် အပြင်ဘက်မှ အော်ကြီး ဟစ်ကျယ် ဆန္ဒဖော်ထုတ်လျက် ရောက်ရှိလာခြင်းလည်း ဖြစ်ပေ၏။
            “ဆရာဒေါ…..လာမယ့် “အီလဲဗင့်အဲန်နီ ဗာဆရီ” အတွက် “အရိန့်ခ်ျမဲန့်”တွေ ဘာတွေ လုပ်ပြီးပြီလဲ၊ “ဆက်တင်း” တွေက အပြီးအသတ် “ပါးဖက်”ဖြစ်မှ ကောင်းမှာနော “အိုင်းယဲန်းစထရပ်ချာ”တွေဆိုရင် ဘယ်လို နေမလဲ၊ အခု “ထင်ဘာ” ဈေးကလဲ ၀ီခေါ်အောင် “ဆကိုင်းရော်စစ်တစ်” ဖြစ်နေတာကော။ ဒါပေမယ့် တစ်နှစ်မှာ တစ်ခါ စီစဉ်တဲ့ ပွဲပဲလေ၊ ဆရာဒေါ သိပ်ပြီး “အီခေါ်နော်မစ်ခဲလ်” ဖြစ်နေလို့တော့မရဖူးနော်၊ အခု “အာထီဖီရှယ် ဘုတ်” ပြားတွေကလဲ ပေါမှပေါ၊ ဆရာဒေါ အမြဲစဉ်းစားသလို ကံရာဇာငယ် မဏ္ဍပ်ကြီးပဲ လုပ်မနေစေချင်ဖူး”
            သူ့စကားတွေနားထောင်ပြီး မောင်ဒေါလဲ ကိုယ့်ရင်ဘတ်လေး ကိုယ်ဖိကာ “မောင်မော”ဖြစ်သွားပါ၏။ ခပ်ချဉ်ချဉ်ရှိသည်နှင့် မောင်ဒေါလဲ သူ့ကို ညစ်ကပ်ကပ်ပြန်ပြောပါ၏။
            “ဟေ့ကပ္ပိယကြီး……“အင်းဂလစ်” နဲ့ “ဘားရ်မီးစ်”ကို “မစ်စစ်” လုပ်ပြီး မ “စပီ”နဲ့ကွာ၊ သိပ်မှုတ်လွန်းရင် မောင်ရင့် “လစ်ပ်စ်”တွေမှာ “ဗိုင်ရယ်အင်ဖက်ရှင်” ဖြစ်ပြီး “ဒဇိဇက်”တွေ ဖြစ်ကုန်ပါမယ်ဟဲ့။
            “ဆရာဒေါတို့ကတော့ လုပ်ပြီ၊ အကျင့်ဖြစ်နေလို့ပါ အာစရိရဲ့၊ “ဂလိုဘယ်လိုက်ဇေးရှင်း” ခေတ်မှာ အင်္ဂလစ်ရှ်ဟာ “ဂလို ဘလစ်ရှ်” ဖြစ်လာပြီလို့ဆရာဒေါပဲ “လက်ချာ” ပေးခဲ့တာလေ “အစ်စစ်သက်ထ်ရိုက်ထ်”
            ကိုယ်က ဆက်ချဉ်နေမည်ဆိုလျှင် ဘယ်လိုမျှ ပြန်ချိုလာနိုင်မည်မဟုတ်ဘဲ တလွဲရောက် သွားနိုင်သည်ကို ရိပ်စားမိသည့် မောင်ဒေါ၊ “လျှော့လိုက်မသီတာ လျှော့လိုက်” လုပ်ရပါ၏။
            ဗမာပြည်ကို သိုးဆောင်းလူမျိုးတွေ ရောက်ရှိပြီးသကာလ သင်းအမျိုးတွေနှင့် အာကွကွ ၀ိကွာကွတွေလုပ်ပြီး မွေးလာသည်ဟု သံသယဖြစ်ဖွယ်ရှိသည် ထိုငတိ ကပ္ပိယ၏ “မှုတ်လေ”များအတွက် နားရောမျက်စေ့ ပါရှုပ်သွားသည်ဆိုမူ အနည်းငယ်ရှင်းပါအံ့၊ တစလုံးချင်းကောက်ပြောနေမည်ဆိုပါက ပေရှည်ဇာတ်မျော - ကော်လံ မလောက်ဖွယ်ရှိသဖြင့် ခပ်တိုတိုရှင်းရလျှင်……
            မောင်ဒေါ၏ “အဖေ့တဲ” ကျောင်းစုတ်ကလေးတွေ ဧကဒသမမြောက်နှစ်ပတ်လည်ပွဲကျင်းပရန် ရှိပါ၏။ ဒါလည်းန၊ ဟိုဟာလည်းန နေသော ပညာဒါန ကျောင်းကလေးသာ ဖြစ်ရကား တချို့တချို့သော ဆရာဆရာကြီးများလို ဆီဒိုနားတို့၊ ထရေဒါးတို့၊ ချက်ထရီယမ်တို့၊ ရွိုယ်ရယ်ရို့စ်တို့တွင် ပွဲမကျင်းပနိုင်၊ မိမိ၏ ကျောင်းဘေး မြေကွက်လပ်ကလေးမှာပင် စင်ထိုးကာ “အနုသုခုမ”တွေရော၊ “ငါ့ခုမ”တွေပါ လုပ်ရပါ၏။ ဒီအခါမျိုးတွင်  ရတတ်သမျှသော ၀ါးများနှင့် မဏ္ဍပ်ကလေးထိုးပြီး ပွဲခင်းစီစဉ်သည်ကို ကပ္ပိယ တယ်ကြီးတော့ ဘ၀င်ကျဟန်မတူ ဒါကြောင့် “ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲမလုပ်တတ်ဖူး” လုပ်နေခြင်းဖြစ်ပါ၏။
            “ကဲ……တောင်တောင်မြောက်မြောက်တွေ ပြောနေတာနဲ့ ရွာရော မြို့ရော လယ်နေဦးမယ်။ လေနောက်မှာ လက်ကောခြေထောက်ကောပါဖို့လိုတယ်။ မောင်ရင်ပြောတဲ့ “အိုင်းယင်းစထရပ်ချာ”တွေထားအုံး၊ အခုတော့ “ဘမ်းဘူးစထရပ်ချာ”လေးပဲ စလိုက်ရအောင်”
            သို့နှင့် မောင်ဒေါကား “ဟင့်အင်း”ကို ကျော်ဖြတ်ခြင်း နည်းဗျူဟာများကို အသုံးပြုလျက် ရွှေကပ္ပိယကြီး မစ္စတာဘော ငြိမ်သက်ခြင်းအမှုကို ပြုလေ၏။ သူ့အရင် မောင်ဒေါ၏ ခြံပိစိကလေးထဲသို့ရောက်နေနှင့်ပြီးသော ပေါက္ကံပြည်သားနာမည်များကို ယူလျက် ညီညွတ်နေကြစွာသော ငကျော်ဘူးတို့၊ ငအောင်သားတို့၊ ငခွေးရှာတို့၊ ငလုံးကြောင်တို့၊ ငချွန်ဂေါင်းတို့နှင့် တိုင်ကျင်း တူးသူတူး၊ ၀ါး ခုတ်သူခုတ်၊ ၀ါးလက်သတ်သူသတ်၊ ပေကြိုး ဆွဲသူဆွဲ၊ အော်ပြဲ အော်ပြဲနှင့် တုံးရွေ့သူ ရွေ့။
            ညနေမစောင်းမီ၌ပင် ကံရာဇာငယ်နည်းကျ စတိတ်စင်၏ ပုံကြမ်းလောင်းပြီး၊ တိုင်တူ၊ တန်းထိုး၊ ဆီဗူးဆွဲချည်၊ တာရပတ်ခပ် စုတ်စုတ်မိုးပြီးဖြစ်သွားလေ၏။ သည်မှာ ကပ္ပိယကြီး၏ သူ့အခေါ် “ပါတီစီပေးရှင်း” ပါဝင်မှုကို ကြည့်ရအောင်ပါ။
            “ချောက်ပြော ဘယ်နှယ်ရေးပါ့မယ်” ဆောင်းပါးတွင် “ကမ္ဘာ့ချောက်ပြော”ကြီးများအကြောင်း မောင်ဒေါအတို့ခေတ်အထိ အဆိတ်ကလေးတွေ လုပ်ဖူး၏။ ဧရာမ၀ါလားကြီးတွေပင် ချောက်ပြောတွေများနေသေး သည်ကိုလည်း မောင်ဒေါတယောက် ခံလည်း ခံ စားလည်းစားနှင့် “ခံစား”ဖူးနေပါ၏။
            ယခုကပ္ပိယကြီး မစ္စတာဘော သို့တည်းမဟုတ် မဒယေဘော သို့တည်းမဟုတ် ဆီညော်ဘော သို့တည်းမဟုတ် ဟဲရ်ဘော သို့တည်းမဟုတ် ဒါတွတ်စရီဘောကား “ချောက်ပြောသက်သက်” တော့မဟုတ်၊ ယင်းကား “ချောက်လုပ်ကို နည်းနိုင်သမျှ အနည်းဆုံး” လုပ်သူဟုဆိုရမည်ဖြစ်ပါ၏။
            အိုပိန်တာရိုးတို့၊ အိုငါးကြီးချောက်တို့၊ အိုတုန်တုန်ကြီးတို့၊ အိုခြောက်ဖုန်တို့၊ အိုရွဲ့ငယ်တို့ စသည့် မိန်းမသူတတွေက စတိတ်ခုံပတ်လည်က မြက်နှုတ်နေကြ၏။ သစ်ရွက်ခြောက်တွေနှင့် ၀ါးစတွေကို တံပျက်လှည်းနေကြ၏။ ထုံးစံအတိုင်းလည်း အလုပ်လုပ်ရင်း “အတင်း”ဟူသော အလွန်ချိုမြိန်သည့် စကားများကိုလည်း ဆိုနေကြကုန်၏။
            “ငကျော်ဘူးကြီးက အိုရွဲ့ငယ်ကို ချိန်သတဲ့ဟယ်။ ကြားသားမိုးကြိုး”
            “ဟဲ့……အိုခြောက်ဖုန်ကလဲ ငနဲသင် ရှေ့မှ ဆီဗူးတယ်ခါတယ်ကွယ်ရို့” စသည်စသည်။
            ဤအချိန်တွင် ကျုပ်တို့ရဲ့ သရဲကောင်းကြီး (သူရဲကောင်းမဟုတ်ပါနော၊ မှားသွားမှာစိုးလို့) ကပ္ပိယဘောသည် ပိန္နဲရွက်ခြောက်တစ်ရွက်ကို အိမ်ရှေ့မှ ကောက်လျက် နောက်ဖေး အမှိုက်ကျင်းသို့ အခေါက်ခေါက် အခါခါ သွားထည့်လျက်ရှိပါ၏။ နှီးစများ ဖြာနေရာမှ ကျလာသော ၀ါးစ တစ်စစီကို မြေပေါ်သို့မကျမီ တစစ်စီ အလေးအနက် ကောက်ယူဖယ်ရှားလျက်ရှိပါ၏။ အလုပ်ပြီးလျှင် သောက်ကြရန် ဖျော်ထားသော အလုံအုပ်ထားသည့် ဖျော်ရည်အိုးကို ယပ်ခတ်ပေးလျက်ရှိပါ၏။
            အနှီပုံစံ ကျုပ်၏ ချစ်လှစွာသော ကပ္ပိယကြီးကို ကြည့်လျက် မောင်ဒေါတရားတွေ စွတ်ကျနေမိပါ၏။ မောင်ဒေါတို့၏ ဒွန္နယာကြီး၌ “ကပ္ပိယ”များလည်း မြောက်များစွာရှိမည်ဟု စည်ပိုင်းထဲရောက်လာပါ၏။
            တွံ….သင်ကားကပ္ပိယ အမျိုးအစားပေလောသြောင်း ဒူရေဒူရေသွားဟုံဟုံ။
ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

No comments:

Post a Comment