Tuesday, March 12, 2013

ကားသွားတဲ့ ကား

မောင်ဒေါရဲ့ အတွေးစည်ပိုင်း
ကားသွားတဲ့ ကား
          မောင်ဒေါ၏ မိတ်ဆွေ တပတ်ရစ်ကြီးဖြစ်ဘိသည့် အယ်ချုပ်ကြီးက မောင်ဒေါအား “ဒီမိုကရေစီ”အကြောင်း ရေးရန်တိုက်တွန်းဖူး၏။ မောင်ဒေါလည်း စိတ်ဝင်စားပါ၏။။ ဆိတ်တွင်သာမက နွားပါဝင်စားသောကြောင့် “နူတ်ဘုတ်”ထဲတွင် ဒီမိုကရေစီမှတ်စုများဟုပင် ခေါင်းစဉ်တပ်ကာ တောင်ခြစ်တောခြစ် မှတ်ထားတာတွေရှိပါ၏။
            သို့လင့်တစေ “ဒီမိုကရေစီ”တွင် မောင်ဒေါထက်ပိုချန်ပီယံကျသူများ၊ဂုရုကြီးများကလည်းနေရာယူပြီးထားရကား ချွတ်တားမောင်ဒေါ၏ ဒီမိုကရေစီအတွေးအခေါ်များသည် နည်းနည်းများ “အောက်တော့ဒိတ်” ဖြစ်နေမည်လား စိုးရိမ်သဖြင့် လက်ဆကို ကျင့်ဆဲဖြစ်ပါ၏။
            ဤတွင် “ဒီမိုကရေစီ”လိုပဲ လူတွေကြား ခေတ်စား ခေတ်သောက် ခေတ်မြိုဖြစ်နေသော  အကြောင်းတစ်စကို မောင်ဒေါတွေ့ရှိခဲ့လေ၏။ ယင်းသည်ကား “ကား” အကြောင်းဖြစ်ပေ၏။ အနှီသို့ ဆိုလိုက်သည့်အတွက် မောင်ဒေါသည် ကား အကြောင်းကို ကျွမ်းကျင်သူတစ်ဦးဟု ပြောလိုရင်းမဟုတ်ပါ။ ကား အင်ဂျင်အကြောင်း ကားတည်ဆောက်ပုံအကြောင်း၊ ကားစီးပွားရေးအကြောင်းတွေကို “ပိစိညှောက်တောက်”ခန့်သာ မောင်ဒေါနားလည်ပါ၏။ သို့သော် လူမတတ်သော်လည်း လဘက် ထုတ်တတ်ရသည့် သဘာဝအတိုင်း မောင်ဒေါသည် “ကား”တွေနှင့် ပတ်သက်ခဲ့ရဖူး၊ ပတ်သက်ရဆဲဖြစ်ပါ၏။ ဤလည်း တစ်ဒုက္ခ။
            “ကား” ဆိုသည်မှာ ငြိမ်ခံရုံမျှသာသော ပစ္စည်းတခု မဟုတ်မူပဲ၊ တစ်နေရာမှ တစ်နေရာ လူရောတိရစ္ဆာန်တွေပါ လွယ်ကူလျှင်မြန်စွာရောက်ရှိဖို့ အထောက်အကူ တစ်ရပ်ဟု မောင်ဒေါ သဘောပေါက်နားလည်ပါ၏။ တတ်နိုင်သူများအတွက် ဘီးလေးဘီးကို စိန်စီရွှေချကာ တသသစီးနင်း ဟန်ပေးရန် အတွက်သာဆိုပါမူ “မဟုတ်သေးဖူး………မင်းမဟုတ်ဖူး”ဆိုသော သီချင်းပါ စာသားကဲ့သို့သော ဆိုရန်ရှိပါ၏။
            မောင်ဒေါတို့ဗမာပြည်တွင် ကုမ္ပဏီတွေစတင်မှိုလိုပေါက်စဉ်က ကျုပ်မောင်ဒေါသည်လဲ ကုမ္ပဏီညှိပ်စိတစ်ခု၏ အုတ်ကထ (အဲလေ) ဥက္ကဋ္ဌဖြစ်ဖူးပါ၏။ မောင်ဒေါကား ခရိုနီတွေလို “ပြည်နာမှ ငွေရှာကောင်း”လွန်း၍ ဥက္ကဋ္ဌဖြစ်ခြင်းမဟုတ်။ လုပ်မယ့်သူမရှိ၍ ကိုယ့်ဖာသာ “ပြာတာလဲငါ - မန်နေဂျာလဲငါ - ဂျာဒူးဝါလားလဲငါ” တာဝန်ယူရသော အောလ်ရောင်း ဥက္ကဋ္ဌကြီးသာ ဖြစ်ပါ၏။
            ယင်းကာလတွင် ကားတစ်စီးလိုအပ်သည်ဖြစ်ရကား ပတ်ဘလေကာ စုတ်ပေ့တစ်စီးကို သနပ်ခါးလိမ်း၊ ပန်းပန်၊ ပတ္တမြားဆေးထိုးကာ ကုမ္ပဏီ၏ စီးတော်ယာဉ်လုပ်ခဲ့ဖူးပါ၏။ ထိုသို့သော ပတ်ပလေကာ ဖွတ်ကားကို ဣနြေ္နကြီးစွာ စီးနင်းပြီး၊ ဥက္ကဋ္ဌကြီး၏ ကျက်သရေကို အပြတ်ဖမ်းခဲ့ရပါ၏။
            ထိုစဉ်က ဗမာကျပ်ငွေတစ်သိန်းခန့်ကိုရင်းနှီးပြီး စီးတော်ယာဉ်ဖြစ်နေသော မဟာ ပါပလေကားကလေးကို ကြိုက်လှချည်ရဲ့ဟုဆိုကာ တသိန်းခွဲပေးပြီး ပင်စင်စားတဦးက မောင်ဒေါဆီမှ ဘလက်ကာယပြု ၀ယ်သွားချေ၏။ အမြတ်ကြီးမြတ်လေပြီဟု လက်ခမောင်းခတ် ရောင်းတတ် ၀ယ်တတ်သွားသော မောင်ဒေါ။ အစုတ်တွေ ၀ယ်လိုက်၊ သနပ်ခါး ပြစ်ပြစ်သွေးပြီးလိမ်း ပန်းထူထူပန်ပြီး ရောင်းလိုက်နှင့် “စီးပွားရေးအောင်ပွဲ”များ မောင်ဒေါ ခံယူနေချိန်မှာပင်သတိမပြုမိသည်ကား “ဒေါ်လှ” ခေါ် အမေဒိက စက္ကူစိမ်းတွေ ဈေး တက်တက်လာသည့်ကိစ္စပင်ဖြစ်၏။
            ထို “ဒေါ်လှ”က လည်ပင်းညှစ်၊ ညှစ်စရာရှိတာ အကုန်ညှစ်လိုက်သည့်အတွက် မောင်ဒေါ “ဥစီး”နေသော “ကြွေးတော်ဆပ်” ကုမ္ပဏီပိစိသည် ကတ္တီပါ ပြည်ဖုံးကားအစုတ်ကိုချကာ နိဂုံးစတော့ သွားလေ၏။ ကန်စွန်းရွက်ကား “ပြုတ်”လျှင်  စားလိုက်ရပါသေး၏။ ဥက္ကဋ္ဌ “ပြုတ်” သွားသောအခါ မောင်ဒေါတွင် “ဆူဇူကီးဖုတ်ချက်” တစ်စီးသာ ငေါင်စင်းစင်းကျန်ခဲ့ပါတော့၏။
            ထို“ဆူဇူကီးဖုတ်ချက်”နှင့် ဗမာပြည်တနံတလျား “ဈေးရောင်းသွား”ရင်း “ကား”၏ စပ်ဖျဉ်းဖျဉ်း အရသာကို မောင်ဒေါရပါ၏။ မှော်ဘီတွင် ဘရိတ်ပေါက်ခြင်း၊ ရွှေမြေယာတွင် ဘက်ထရီပွင့်ထွက်ခြင်း၊ ပဲခူးးတွင် ဂတ်စကတ်ပြတ်ခြင်း၊ သထုံတွင် တွန်းစတတ်လုပ်ရခြင်း၊ အင်ဂျင်ဟက်နာသွားခြင်း၊ ဇလွန်တွင် တိုင်မင်လွဲသွားခြင်း၊ ဘားအံတွင် လေးကျိုး၍ ရှေ့စပရင်ပြတ်ခြင်း၊ မြောက်ဥက္ကလာတွင် စတီယာရင် ချောင်သွားခြင်း၊ “ပြည်”တွင် ချောဆွဲခံရခြင်း၊ ညောင်တုန်းတွင် စလစ်ဖြစ်ခြင်း၊ ဆားမလောက်တွင် ကလပ်ကြိုးလောင်သွားခြင်း၊ ပုသိမ်တွင် ၀ါယာရင်းပျက်သွားခြင်း၊ ငါးသိုင်းချောင်းတွင် တောမီးလောင်သည့်ကြားဖြတ်မောင်းရခြင်း၊ ကျိုက်မရောတွင် ကားမတက်ရသည့် တောင်ပေါ်တက်မိခြင်း၊ ဒဂုံလယ်ကွင်းထဲတွင် ဘွက်နစ်သဖြင့် လယ်သမားလေးယောက်က ကားကိုမရွှေ့ပေးရခြင်း၊ ကျောက်ရေတွင်းတွင် ကားဝါယာရှော့ဖြစ်၍ မီးလောင်ငြိမ်းသတ်ရခြင်း စသောကား၏ “သုခ” ကစိဖတ်ပေါင်းစုံကို မောင်ဒေါခံစားရပြီးသကာလ ထိုသတ္တ၀ါကို ရရာဈေးဖြင့် ရောင်းလိုက်ပါ၏။ ပါဏုပေတံ ကားနှင့် သံယောဇဉ် ဖြတ်တော့အံ့ဟုသော အဂ္ဂမဟာ သန္နိဋ္ဌာန်ကိုလည်း ချလိုက်ပါ၏။
            မောင်ဒေါ၏ သန္နိဋ္ဌာန်ကွန်ယက်ထဲသို့ အင်တာနက် မသုံးဘဲ ဖြဲရဲဝင်ရောက်လာသူကား သားတော်မောင်မျက်ပြူး - ထညက်ဗူးဖြစ်ပေ၏။ “ကကြီးရေချဝစ္စနှစ်လုံးပေါက်”သည် မောင်ဒေါအား မည်သို့မျှ “အာဝေဏိက သုခ”တွေမပေးနိုင်တော့ပြီဟု ချမ်းမြေ့ငြိမ်းချမ်း နှစ်ပေါင်းများစွာတို့သည် အနည်းငယ်မျှ လှုပ်ခါသွားချေ၏။
            မောင်မျက်ပြူးကား အင်ဂျင်အနီးတွင် ယားနေသော “အင်ဂျင်နီးယား”ဖြစ်ခြင်းက အကြောင်းတစ်ကြောင်း။ ကားကိုကောင်းစွာ ပြင်တတ်သည်ဟု ယုံကြည်နေပေသောကြောင့်တစ်ကြောင်း “ကား”ကို အထူးစိတ်ဝင်စားသူဖြစ်ပေ၏ တမုံ့။
            “ဖေဖေရ……………ကားလေးတစ်စီးတော့ ၀ယ်ထားရအောင်ပါ။ ထသွား လာသွားလည်း လွယ်တာပေါ့၊ ပြီးတော့ ကျနော်တို့ ကုမ္ပဏီက ထောက်ခံရင် ဘဏ်ချေးငွေနဲ့ ၀ယ်လို့ရတယ်။ အဲဒါ…….နည်းနည်းစီပဲ ဖဲ့ဆပ်ရမှာ၊ ၀ယ်ထားတော့လဲအဖတ်တင်တာပေါ့။”
            ယင်း၏ “အဆို”ကို အမြီးမသတ်မီမှာပင် မောင်ဒေါက ဥက္ကဋ္ဌ အာဏာသုံးလျက်ဗီတိုဖြင့်ပယ်ချလိုက်၏။။
            “အဲဒီကားဒုက္ခတွေ ငါမခံချင်ဖူးကွာ၊ မင်းဖာသာ ၀ယ်ချင်တယ်ဆိုရင်လဲ တခြားသွားထား” “မိသားစုကဲဘိနက်”ထဲမှာတော့ ပွစိပွစိ လုပ်ရင်း ခေတ္တခဏ (သုံးလေးနှစ်ခန့်)ငြိမ်သွားပါ၏။ သို့သော် မောင်မျက်ပြူးကား “မိဘစကား နားထောင်တိုင်းသာဆိုရင် သိဒ္ဓတ္ထ မင်းသားဟာ ဘုရားဖြစ်လာဖို့မရှိဘူး” ဟူသော မောင်ဒေါ၏ ပို့ချချက်ကို ကိုးကားလျက်  မောင်ဒေါ၏ အလစ်တွင် ကားဝယ်ခြင်းအမှုကို ပြုပါလေ၏။
            ဟာရီယာကားကြီးနဲ့ ၀တ်မှုံပါလားတို့၊ ကားနှင့်ဖရဲသီးဘာကြော်ငြာမှန်းမသိတဲ့ ကားပြခန်းတို့ အလျှိုအလျှိုပေါ်လာသောကာလ။  မောင်မျက်ပြူးကလဲ ဘဏ်ချေးငွေနဲ့ လေလံဆွဲပြီး တိုယိုတာတစီးကို တိတ်တိတ်ကလေးဝယ်၏။။ ပြီးတော့ သူ၏ သူငယ်ချင်းတစ်ယောက် အကူအညီနှင့် ထုတ်ယူ၊ အဲဒီသူငယ်ချင်းအိမ်မှာ ကားကိုထား၏။
            မောင်ဒေါကား ဘာမျှမသိ၊ နောဖာနာမိ။
            အဝေးတွင် အလုပ်လုပ်နေသော သားတော်မောင်က တစ်နှစ်တွင် တစ်လခွင့်ရသဖြင့် အိမ်ပြန်လာသော ဒီဇင်ဘာ ပြီးခဲ့သောနှစ်က ဆိုပါစို့။
            “ဖေဖေ----ကျနော် ကားသွားယူလိုက်ဦးမယ်” ဤနည်းဆိုပြီး တိုယိုတာတစီးကို အိမ်သို့ မချလာပါ၏။။ မောင်ဒေါ၏ ဗီတိုလည်း မတိုနိုင်တော့ပြီ။ တိုယိုတာသည် မောင်ဒေါအိမ်ရှေ့၌ စံပါယ်တော်မူချေ၏။
            သည်နောက်တော့ ဒူဘိုင်းကမ်းနားနှင့် ကိုဘီးကမ်းနားမှာ သူများစွန့်ပစ်ပြီး သောကားတွေဗမာပြည်တွင်း စီးကြောင်းဆင်းလာလေ၏။ တစ်ခါဖူးမျှ မတစ်ခါဖူးသော စီးခြင်းမျိုးဖြင့် သောင်းနဲ့ချီဝင်လာ၏။ ကျုပ်တို့ခေါင်းပေါင်းအစိုးရကလဲ ပြည်သူတွေပေါပေါစီးစေလိုပုံပေါ်ပါ၏။ တစ်နှစ်အတွင်း စည်းကမ်းတွေ အကြိမ်ကြိမ်ပြင်၍ ကားတွေ အ၀င်ခံပါ၏။ မဲဆောက်မှာပုံနေသော ကားတွေ၊ ပင်လယ်ဝမှာ ပုံနေသောကားတွေ…….။ ဟိုတုံးက သိန်းထောင်ဂဏန်းနှင့် မော့ကန်း မော့ကန်းစီးတတ်ကြတဲ့ကားတွေအစ ၁၀ ဆလောက် ဈေးတွေပြုတ်ကျကုန်ပါ၏။ ပေါသွားတာကို  ကောင်းသည်ဟု (အဟဲဟဲ) ပြောရမည်ဖြစ်ပါ၏။
            မောင်ဒေါအိမ်ရှေ့က မောင်ဒေါ မမောင်းသော တိုယိုတာကားကြီးလဲ ရှုံ့တိရှုံ့မဲ့နှင့် အိုပါဂဏန်း အက ကနေပါ၏ဟုလို။  အများပြည်သူနှင့် လဲဆိုင်သည်ဟုယူဆပါသဖြင့်။

ဗညားဂျမ်းဒေါ (ကွမ်းခြံကုန်း)

No comments:

Post a Comment