Sunday, May 12, 2013

ပန်းဟေ၀န်မြိုင်နဲ့ ဗန်းမော်တင်အောင်


ကိုကိုးကျွန်းဋီကာ
ပန်းဟေ၀န်မြိုင်နဲ့ ဗန်းမော်တင်အောင်
          ကိုကိုးကျွန်းဘ၀တွေကို ကျနော့အား ရေးစေချင်သူ (တနည်းအားဖြင့်) ကြုံတိုင်း တိုက်တွန်းသူများထဲမှာ ရဲဘော်တွေ (ကျနော့ကို ရဲဘော်လို့ ယုံကြည်နေဆဲလူတွေ) ရဲဘော် မဟုတ်တော့တဲ့ မိတ်ဆွေတွေ၊ တချိန်က ဘယ်လိုမှ မျက်နှာချင်းဆိုင်မရတဲ့ “ရန်သူ” ဖြစ်ခဲ့ပေမယ့် ဒီကနေ့တော့ အရာကျပြီး အစွယ်ကျိုး မြွေဟောက်လို ဖြစ်နေရှာတဲ့ သနားစရာ ပြောင်းလဲမိတ်ဆွေတွေ ပါကြပါတယ်။ ကျနော့သဘောထားကတော့ ရှင်းပါတယ်။ ဘယ်သူက ဘယ်လိုအကြောင်းကြောင့် တောင်းဆိုတာပဲဖြစ်ဖြစ်၊ နှစ်ပေါင်းလေးဆယ် ဖြတ်သန်းခဲ့ပြီဖြစ်တဲ့ အတိတ်ကို သမိုင်းသင်ခန်းစာအဖြစ် မှတ်တမ်းအဖြစ် ပဲရေးချင်တာပါ။
            ပုဂ္ဂိုလ်တဦးဦးပေါ်မှာ နာကျည်းမှုမရှိအောင်၊ ရှိနေတာတောင်မှ တိမ်းစောင်းမှု မရှိအောင် ကြိုးစားပြီး ပြောပြချင်တာပါ။ ပမာဆိုပါတော့၊ ဦးနေ၀င်းကို ပုဂ္ဂိုလ်သဘောအရ “ချဉ်” လို့ ကျနော်နိုင်ငံရေးထဲ မျောပါခဲ့တာမဟုတ်ပဲ၊ ဦးနေ၀င်းမှားယွင်းစွာ အကောင်အထည်ဖော်ခဲ့တဲ့ “အာဏာရှင်စံနစ်”ကို “ချဉ်” တာသာ ဖြစ်တယ်ဆိုတာ ကိုယ့်ဖာသာ ရှင်းရှင်းလင်းလင်းမြင်ပြီးသားပါ။ “နိုင်ငံရေး မှာ ထာဝရ မိတ်ဆွေ၊ ထာဝရ ရန်သူဆိုတာ မရှိဘူး၊ နိုင်ငံရေး အကျိုးစီးပွားသာရှိတယ်” ဆိုတာလဲ ရှိသားမှုတ်လား။
            အာဏာနှစ်ပြားသားကို တကျပ်သား ယူဆပြီး ရမ်းလေ့ရှိတဲ့ ထောင်တာဝန်ရှိသူ အစိတ်အပိုင်းတော်တော်များများကို မြင်ရာမှာလဲ ပုဂ္ဂလ ဒိဋ္ဌာန်သဘောသာဖြစ်တယ် ဆိုတာ ရှင်းလောက်ပါတယ်။
            အဲဒီလို စဉ်းစားဖို့ ကျနော့်ကို ပြနိုင်ခဲ့သူကတော့ ဦးလေးဦးတင်အောင် (ဗန်းမော်တင်အောင်)ပါ။ ကျနော်တို့က သူ့ကို ချစ်စနိုးနဲ့ “ဗန်းမော်ကြီး” လို့ သူ့နောက်ကွယ်မှာ ခေါ်ကြရတဲ့ ပုဂ္ဂိုလ်ပါ။ အခုလဲ သူ့အကြောင်းပြောချင်တာ။
            ဗန်းမော်ကြီးဟာ ကပိုကရိုလက်ဝဲသမား မဟုတ်ပါဖူး၊ ဆိုလိုတာက ဖြစ်ကတတ်ဆန်းနေလေ့မရှိပါဖူး၊ စည်းကမ်းထားတဲ့ တည်ငြိမ်အေးဆေး တဲ့ “လူကြီးလူကောင်း လက်ဝဲသမား တယောက်ဖြစ်ပါတယ်။” စုတ်ြyw်ပေရေတာကို “ပစ္စည်းမဲ့” ဟန်လို့ဂုဏ်ယူတတ်သူ တွေထဲမှာ သူမပါပါဘူး။
            သူက ဂေါက်ရိုက်တာကို သဘောကျပုံရတယ် (ကျနော်ကတော့ သိပ်ပြီးဘ၀င် မတွေ့ပါဖူး)။ အဲဒီတော့ သံချောင်းရှည်ရှည် တချောင်းကို ဂေါက်တုတ်တံပုံစံ “ဗိုလ်ပေ”က လုပ်ပေးတာကို လမ်းလျှောက်ထွက်ရင်း ကိုင်လေ့ရှိတယ်။ ပြီးတော့ သောင်ပေါ်မှာတွေ့တဲ့ ခရုလုံးကလေးတွေကို ဂေါက်သီးသဘောထားပြီး ရိုက်လေ့ရှိတယ်။ သူနဲ့ အတူလမ်းလျှောက်ထွက်လာရင်း အဲသလို “ဂေါက်ရိုက်”တာ သိပ်ဘ၀င်မတွေ့ကြောင်း ပြောပါတယ်။
            အဲဒီတော့ ဗန်းမော်ကြီးက “သိပ်အစွဲ မကြီးပါနဲ့ဗျာ” ဆိုပြီး ဗန်းမော်ဆရာတော်ရဲ့ ပုံပြင်တပုဒ်ထဲက အကြောင်းတွေ ပြောပြဖူးပါတယ်။ “ဘုံဦးတည်ချက် မပျက်စေဖူးဆိုရင် ပုဂ္ဂိုလ်တဦးစီရဲ့ ရွေးချယ်မှုဟာ ပြဿနာမရှိနိုင်ဆိုပြီး သူ့အယူအဆကိုပြောပြပါတယ်။ ဒါပေမယ့် အဲဒီကာလက “ပါတီဗဟိုကို အမြှောက်နဲ့ခွင်းကြ” ဆိုပြီး လူကြီးတွေအနေနဲ့ ကြုံရတဲ့ ကာလဆိုတော့ ဗန်းမော်ကြီး ခမျာလဲ သူ့ရဲ့ ဂေါက်တုတ်အမည်ခံ သံရိုး ရှည်ရှည် ကလေးကိုတောင်မှ သိပ်မကိုင်ဖြစ်တော့ပါဖူး။ သင်ခန်းစာတခုပေါ့လေ။
            တနေ့စခန်းအောက်ဖက်သောင်မှာလမ်းလျှောက်ရင်း ဦးတင်အောင်က ကျနော့်ဆီက အထူးအဆန်းတခုတောင်းဖူးတယ်။
            “ဒီမှာ ကိုမြင့်ဦး……ခင်ဗျားဆီက ကျနော်တခုလောက်တောင်းချင်လို့ဗျ”
            ကျနော့စိတ်ထဲထင်လိုက်တာက ကျနော်လုပ်ထားတဲ့ မြင်းကသား ဆေးတံတချောင်းကို တောင်းမယ် ထင်တာ။ တကယ်တော့ မဟုတ်ဖူး။
            ကျနော်က သူ့ကို ကျနော်ရေးတဲ့ ကဗျာလေးတွေ ပေးဖတ်ပြီး ဝေဖန်ခိုင်းလေ့ရှိပါတယ်။ သိပ်အများကြီးတော့လည်း မဟုတ်ပါဖူး။ သူလဲ စိတ်လက်ပေါ့ပါးတဲ့ အခါမျိုးတွေမှာ ကောင်းမကောင်းဆိုလေ့ရှိပါတယ်။
            အဲဒီကာလတုံးက ပန်းပြိုင်ပွဲတခုမှာ “ငြိမ်းချမ်းရေး” လို့ အမည်ပေးထားတဲ့ နှင်းဆီ (အနက်လား ?) တမျိုးက ဆုရပါတယ်။ အဲဒီအကြောင်း ကို ကျနော်က နည်းနည်းချဲ့ပြီး ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဧည့်ခန်းထဲမှာ ငြိမ်းချမ်းရေး နှင်းဆီထိုးထား လေဟန် ရေးဖွဲ့ပါတယ်။ အဲဒီ အထဲမှာပါတဲ့ တပိုဒ်က-
            ပန်းဟေ၀န်မြိုင်၊ သင်းကြိုင်ထုံသစ်
            ယမုံနာစီး၊ မီး နီယွန်းဖြာ
            အခမ်းများလဲ၊ ကျားသစ်ရေခင်း
            ………………၊ ………………..
            ……………..
            ………………
            “ငြိမ်းချမ်းရေး” တည့် အိုနှင်းဆီ
            ခမျာ ဟန်တော့ ကောင်းပါရဲ့။          
            ကျနော်မှတ်မိသမျှ ရေးပြတာပါ။ ကဗျာက အတော်ကလေးရှည်ပါတယ်။ အဲဒီကဗျာထဲက အဲဒီအပိုဒ်မှာပါတဲ့ အဲဒီ “ပန်းဟေ၀န်မြိုင်” ဆိုတဲ့ စကားလုံးကလေးကို ကျနော့ဆီကနေ ဦးတင်အောင်က တောင်းတာပါ။
            “ကျနော် ကိုစိန်ဝင်း အကြောင်းရေးမယ်လို့ဗျာ၊ ခင်ဗျားရဲ့ အဲဒီစကားလုံးကလေး ကျနော်သုံးချင်တယ်။ အဲဒါတောင်းချင်လို့ပါ”
            အဲဒီကာလတုံးက ကျနော်က လူမသိ၊ သူမသိ ကဗျာလေးတွေ ရေးတဲ့သူ တယောက်၊ ဗန်းမော်တင်အောင်ဆိုတာက တိုင်းသိပြည်သိ ကလောင်။ အသက်အရွယ်အားဖြင့်ကြည့်ရင်လဲ သူက ကျနော့ ဦးမင်း သားချင်းအရွယ်။ ဒီစကားလုံးတလုံးလောက်ကို ကျနော့ဆီက သူတောင်းနေ ဖို့ မလိုလှ။ သူဖာသာ ရေးချလိုက်ရင်လဲ ကျနော်အပါအ၀င် ဘယ်သူမှပင် သိလိုက်မှာ မဟုတ်။ ဒါကတချက် နောက်တချက်။ ဒီစကားလုံးကို ကျနော်ကလဲ ကိုယ်ပိုင်မဟုတ်။ ပန်းမြိုင်လယ်သီချင်းကြီးကို ရွတ်ရင်းဆိုရင်း ထွင်းထုမိသွားသော အငှားစကားလုံး။  ဆိုလိုသည်က ဘယ်လိုမျှ သိပ်အရေးမကြီးလှတဲ့ စကားလုံးက လေးတလုံးလို့ ကျနော်ယူဆတဲ့ ထို “အနုပစ္စည်း” ကလေးကို ကျနော်ထံက ဗန်းမော်တင်အောင် ဆိုသော ပုဂ္ဂိုလ်တဦးက တောင်းဆိုနေခြင်းဟာ “စကားလုံးကလေးတလုံး” ကိစ္စမဟုတ်တော့ပဲ “စာရေးသူတဦး၏ ဂုဏ်သိက္ခာပြဿနာ” ကို ကျနော်အား လမ်းပြသွားတယ်လို့ ကျနော်ခံယူမိပါတယ်။
            အမှန်တကယ်လဲ ဒီစကားလုံးကို ၀တ္တုနာမည်အဖြစ်သုံးပြီး ဂါဒီယန်းဦးစိန်ဝင်း အကြောင်းရေးဖြစ်သွားပါတယ်။
            အဲဒါပါပဲ၊ ဦးတင်အောင် (ဗန်းမော်တင်အောင်) ဆိုတာ အဲသလိုလူ၊ လူ ဦးတင်အောင်နဲ့ စာရေးဆရာ ဗန်းမော်တင်အောင် တထပ်တည်းကျတဲ့ လူ။ တချို့လူတွေလို မျက်မှာမများတတ်ဖူး။
            ပရိယာဃ်တွေ မထူထပ်လှဖူး။

No comments:

Post a Comment