တလကို တရာ့ငါးဆယ်ကျပ်လောက်ရတဲ့ နေ့စဉ်အလုပ်ကလေး တလုပ်ကိုလည်းရခဲ့ပြီ။
စပေါ်ငွေ နှစ်ရာ့ငါးဆယ်နဲ့ တလကို နှစ်ဆယ်ပေးရတဲ့ အိမ်ခန်းတတခန်းကိုလဲ ဒေါပုံမြို့သစ်မှာ
ငှားရမ်းခဲ့ပြီးပြီ။ ကျောင်းသားလေးတချို့ကို စာပြရတဲ့ အချိန်ပိုင်း အလုပ်က လေး တလုပ်လည်းရခဲ့ပြီ။ ကျနော်လောလောဆယ်
အလုပ်က ‘၀ပ်ကျင်း’မှာပဲရှိနေပြီး စာဖတ်နေခဲ့တဲ့ အလုပ်ပါပဲ။ ဆယ်ရက်လောက် အတွင်းမှာ ဗင်နီဇွဲလား
စီပီရဲ့ မြောက်အောက် အတွေ့အကြုံများ” စာအုပ်ကို နှစ်ခေါက်လောက် ဖတ်ပြီးသွားပါပြီ၊ အဲဒါကို
အဓိကထားပြီး ဖတ်ဖြစ်တာကတော့ ‘မြို့ခို’ လုပ်ငန်းနဲ့ လုံးဝစည်းကိုက်ဝါးကိုက် ဖြစ်တယ်လို့
ကျနော် ထင်လို့ပါပဲ။
လေးသန်းနဲ့
ကျနော်တွေ့ဆုံခဲ့တာတွေ၊ လေးသန်းရဲ့ ပြုမူလုပ်ရှားမှုတွေ စကားတွေမှာ စောစောကပြောခဲ့တဲ့
စာအုပ်ရဲ့ သြဇာတွေကို အတုံးလိုက်အတစ်လိုက်ကို တွေ့နေခဲ့ရပါတယ်။ ဒီမှာပဲ ကျနော်ကောင်းစွာ
သဘောပေါက်ခဲ့တယ်လို့ ပြောရင် ရနိုင်ပါလိမ့် မယ်။
နောက်စာတမ်းတွေက
ခရော့စလီစက္ကူပြာ အပါးစားအပေါ်မှာ အိုလံပီယာ လက်နှိပ်စက်အသေးနဲ့ ရိုက်ထားတဲ့ စာတမ်းတွေဖြစ်
ပါတယ်။ ကျနော့်ဆီ ရောက်လာတဲ့ စာတမ်းများ၊ စာအုပ်ငယ်အဖြစ် ချုပ်ပြီးသား အတွဲများ အကုန်လောက်နီးနီးဟာ
အဲဒီစက္ကူပြာ အပါးတွေကိုပဲ သုံးတာ၊ အဲဒီအချက်တွေကို ကျနော် သတိထားမိပါတယ်။ ဒါတွေအားလုံးမှာ
“မြို့ခိုအလုပ်”ရဲ့ လက္ခဏာတွေ ရှိနေတာကို လည်း ကျနော် သဘောပေါက်လာပါတယ်။
(ဒိုင်ယာရီရေးကျင့်
မရှိတော့လို့ ရက်တွေလတွေတော့ မမှတ်မိတော့ပါဘူး၊ အဖြစ်အပျက်တွေကိုသာ ပြက်ပြက်ထင်ထင်
မှတ်မိ နေပါတယ်)
တနေ့သားမှာကျနော်အိမ်ပြန်ရောက်လို့တံခါးသော့ခလောက်ကိုဖွင့်လျှင်ဖွင့်ချင်းပဲ စာရွက်ပြာအခေါက်ကလေးတခေါက်ကို
တွေ့ပါတယ်။ ဖွင့်ဖတ်လိုက်တော့
“ဂျမ်း”
“အောင်မြေကိုသွားပါ၊
ပထမဆုံးချိန်းဖူးတဲ့နေရာ။ အဲဒီမှာ “ဂေရှောင်း”နဲ့ တွေ့လိမ့်မယ်။ လောလောဆယ် “ဂေရှောင်း”
နဲ့ တွေ့လိမ့်မယ်။ လောလောဆယ် “ဂေရှောင်း” ဆီမှာ ဘာလုပ်ရမယ်ဆိုတာ ပြောထားပြီးသား။ ကျန်တာတွေ
သူဆက်ပြောလိမ့်မယ်”။ ဒီစာ ကိုဖတ်ပြီး ချက်ချင်းရှင်းလင်းပါ။
“မောင်”
“အလုပ်ကို
ချက်ခြင်းဆောင်ရွက်ရမယ်” ဆိုတာ သိထားပြီးသား ကျနော်။ ချက်ခြင်းပဲ ပုဇွန်တောင်ဘက်ကို
သမ္ဗာန်နဲ့ကူးလာခဲ့ တယ်။ ရောက်တော့ ချိန်းထားတဲ့အချိန်ဖြစ်တဲ့ လေးနာရီတိတိမှာ လှေကားဆယ့်တထစ်ကိုနင်းပြီးတက်၊
တံခါးကို ဆက်တိုက် နှစ်ချက်တွဲ သုံးခါခေါက်လိုက်တယ်။ တံခါးပွင့်လာပြီး တံခါးနောက်က
ရပ်နေသူက ကျနော့်ကို အထဲကိုဝင်ဖို့ လက်ဟန်ခြေဟန်နဲ့ အဘိယာစက ပြုပါ တယ်။ မျက်လုံးပြူးပြူး၊
ဆံပင်ကောက်ကောက်၊ လူပုံခပ်ဖိုင့်ဖိုင့် တယောက်ပါပဲ။
“လာပါလိမ့်မယ်၊
ခဏစောင့်ဦးနော်”၊ အဲဒီလိုပြောပြီး အောက်ကိုဆင်းသွားပါတယ်။ ကျနော်က ခါးကြားမှာပါလာတဲ့
ဆေးတံက လေးကိုထုတ်၊ ဘလူးစတား ဆေးဗူးထဲက ဆေးတံသောက်ဆေး နဲနဲဖြည့်ပြီး၊ ပါလာတဲ့ လက်ခုတ်ကုန်း
ကြေးမီးခြစ်ကလေးကိုခြစ်၊ မီးညှိ ပြီး ဆေးတံကို ဖွာလိုက်ပါတယ်။ ကျနော် ဖွာထုတ်လိုက်တဲ့
မီးခိုးကွင်းကလေးတွေထဲမှာ၊ “ဘယ်လက်ကိုညာလက်က ပေးမသိစေရ”ဆို တာနဲ့ “အရှေ့ကိုသွားဖို့ဆိုရင်
အနောက်ကို အရင်ကားစီးပါ” ဆိုတဲ့ “ဗင်နီဇွဲလား”ထဲက စာပိုဒ်ရှင်းလင်းချက်တွေ မျောပါနေသလိုပါပဲ။
ခဏပဲ။
“ဂေရှောင်း” ရောက်လာတယ်။ လားလား . . သူက တခြားလူမဟုတ်ဘူး။ ကျနော် ဘယ်လိုမှ ထင်မထားတဲ့
ကျနော် သိပြီးသား သက်ကြီးတက္ကသိုလ်က လူတယောက်။ သူက ကျနော့်ထက် အသက်နည်းနည်းကြီးတယ်။
ဟိုတုန်းကတည်းက ကျနော့်ကို “မင်း”၊ “ငါ”နဲ့ ပြောတဲ့ လူတယောက်ပါ။ ရင်းနှီးခဲ့တာကိုး။
“မင်းလာလိမ့်မယ်လို့
သိထားပြီးသားလေ။ အခုမင်းရောက်လာတာနဲ့ အတော်ပါပဲ။ ဒို့ “အောင်မြေ”ထဲမှာ မင်းပါလာတဲ့အတွက်
ငါလည်း အတော်ဝမ်းသာတယ်ကွာ၊ ဒို့အလုပ်က အဓိက ကတော့ “လီယေဆွန်”ပဲ။ ဆက်သွယ်ရေးပေါ့။
“မလိုအပ်ဘဲနဲ့
မေးခွန်းမထုတ်ပါနဲ့” တဲ့။ ဗင်နီဇွဲလားထဲမှာ တွေ့ခဲ့ပြီးပြီ၊ ဒီတော့ ကျနော်က “အင်း”
လိုက်တာကလွဲလို့ ဘာမှ အပိုမပြောတော့ဘူး၊ “ဂေရှောင်း”နဲ့ ကျနော်ပြောရမယ့် စကားတွေထဲမှာ
‘အလုပ်’ သဘောကလွဲလို့ ဘာကိုးကားချက်တွေ၊ သဘော တရားတွေမှ မပြောဖြစ်ပါဘူး။
“ဂေရှောင်း”က
ကျနော့်ကို ဆီစိမ်စက္ကူ ထုတ်တထုတ် ပေးပါတယ်။ ပြီးတော့မှ ကျနော် ဆက်လုပ်ရမှာကို ပြောပါတယ်။
ပြည်လမ်းက လိပ်စာတခုကိုပါးစပ်က ရွတ်ပေးပါတယ်။ ကျနော်လည်း ပါးစပ်ကပဲ လိုက်မှတ်ပါတယ်။
“အဲဒီလိပ်စာကို
မင်းသွားပြီး ဒီအထုတ်ကလေးကိုပို့ပေးပါ။ မင်းအဲဒီလိပ်စာမှာတွေ့ရမယ့် အဆောက်အဦးက တိုက်ပဲ။
အ၀ါ ရောင်ပျော့ပျော့ဆေးသုတ်ထားတယ်။ ခြံတံခါးက ချောကလက်ရောင်။ ဘေးကအုတ်တိုင်မှာ မီးလုံးမရှိဘူး။
ညာဘက်အုတ်တိုင်မှာ တံခါးဘဲလ်ရှိတယ်။ ၂ချက်ဆင့်ပြီး ၃ခါ တီးပါ။ ပြီးရင် တံခါးပွင့်လာလိမ့်မယ်။
အသက်နှစ်ဆယ်လောက် တရုတ်မလေးတယောက်ကို တွေ့ မယ်။ “ဖိုးမောင်လာပြီ” လို့ပြောပါ။ သူ့ဖာသာပြန်ဝင်သွားလိမ့်မယ်။
လိုက်ဝင်သွားပါ။ ဘာဂျာတံခါးတချပ် ဟ ထားတာတွေ့လိမ့်မယ်။ ၀င်သွားပါ။ ၀င်ဝင်ချင်းပဲ အခန်းတခုထဲကို
ရောက်သွားလိမ့်မယ်။ သပြေညိုရောင် ဆက်တီရှိမယ်။ ဆက်တီခုံက နှစ်ယောက်ထိုင်နှစ်ခုံ၊ တယောက်ထိုင်
လေးစုံရှိမယ်။ ဆက်တီစားပွဲက ကျောက်စားပွဲ၊ စားပွဲပေါ်မှာ ကိုကာကိုလာတဗူး တင်ထားလိမ့်မယ်။
တယောက်ထိုင် ဆက်တီတလုံးရဲ့ကျောမှာ တနေရာက ကြယ်သီးပြုတ်နေတယ်။ ကျန်တဲ့ဆက်တီတွေက ကျောမှီတိုင်းမှာ
ကြယ်သီး ခြောက်လုံးစီရှိတယ်။ အဲဒီကြယ်သီး ပြုတ်နေတဲ့ ဆက်တီခုံမှာထိုင်၊ စားပွဲပေါ်က
အချိုရည်ဗူးကိုဖောက်ပြီး ကုန်အောင်သောက်ပါ။ ပြီးရင်မင်းယူသွားတဲ့ အထုတ်ကို စားပွဲပေါ်အလည်တည့်တည့်မှာ
တင်ထားလိုက်ပါ။ နောက်မင်းဝင်လာတဲ့ဖက်နဲ့ မျက်နှာချင်းဆိုင်မှာ တံခါးတပေါက်ကို တွေ့
လိမ့်မယ်။ အဲဒါလည်း လျှောတံခါးပဲ၊ ဘယ်ထိုး၊ တံခါးကနေထွက်၊ စုစုပေါင်း ခြေလှမ်း ဆယ်လှမ်းတိတိမှာ
နောက်ထပ်လျှောတံခါးတခုကို တွေ့လိမ့်မယ်။ ထပ်ထွက်ပါ။ လှေကားတခုကိုရောက်မယ်။ ကိုးထစ်တိတိရှိတယ်။
တက်သွားပါ။ အခန်းတခုထဲ ရောက်သွားမယ်။ နံရံမှာ ၀ါးရုံပင်ပုံတွေကို ဆွဲထားတဲ့ ပန်းချီကား
ချိတ်ထားတယ်။ ပန်းချီကားအောက်တည့်တည့်မှာ စားပွဲပုအနက်ရောင်ကလေးရှိတယ်။
အဲဒီအပေါ်မှာရှိတဲ့
အထုတ်ပဲဖြစ်ဖြစ်၊ စက္ကူသေတ္တာလေးပဲဖြစ်ဖြစ် တွေ့လိမ့်မယ်။ တနိုင်သယ်နိုင်တာထက် ပိုမလေးဘူး၊
အဲဒါကို ယူပြီး လာလမ်းအတိုင်းပြန်လာပါ။ ဘယ်သူတွေ့တွေ့ စကားမပြောပါနဲ့၊ နှုတ်တောင်မဆက်ပါနဲ့၊
ဝင်းအပြင်ရောက်တာနဲ့ အင်းစိန်ဘက်ကို ကားစီးပါ။ ကြို့ကုန်းလောက်ရောက်မှ ဆင်းပြီး ရန်ကုန်ဘက်ပြန်စီးခဲ့ပါ။
ပြီးတော့မှ ဒီအထိ ပြန်လာခဲ့လိုက်။ အခုပြောပြခဲ့ တဲ့ အထဲက တခုခု မှားယွင်းနေရင် “အလျှင်အမြန်”
ကိုယ်ရောင်ဖျောက်ပေတော့။ ကိုယ်ရောင်ဖျောက်ဖို့ ကြုံလာခဲ့ရင် ဘယ်အိမ်မှ မပြန်ပါနဲ့၊
တနည်းနည်းနဲ့ ဒို့ရအောင်ဆက်မယ်။ ရှင်းပြီနော်။
“အဲဒီတာဝန်”
ကို အောင်အောင်မြင်မြင်ပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ ကျနော် ဒေါပုံအိမ်ကို ပြန်ရောက်တော့
မိုးချုပ်နေပါပြီ။ အလုပ် ကို လုပ်နေစဉ်ကာလအတွင်း ရင်တော့အခုန်သား၊ ဒါပေမယ့် “ဖြစ်အောင်လုပ်ရမယ်”
ဆိုတဲ့ စိတ်ကဆောင်နေလို့ အဆင်ပြေခဲ့တာဆိုရင် ရကောင်းပါတယ်။ ဆေးတံကိုဖွာပြီး ပက်လက်ကုလားထိုင်ပေါ်မှာ
ထိုင်ရင်း ကိုယ်လုပ်ခဲ့တဲ့အလုပ်မှာ ရှိနိုင်တဲ့“ဂျောက်ပေါက်”တွေ “ထောင်ချောက်”တွေ အကြောင်းကိုလည်း
စဉ်းစားမိပါတယ်။ အဲဒါဟာ ကျနော့်ရဲ့ “မြို့ခိုလုပ်ငန်း” ပထမဆုံး ဈေးဦးပေါက် အတွေ့အကြုံ
ပါပဲ။
အဲဒီကာလရဲ့
အဖြစ်အပျက်တွေက ရုပ်ရှင်ကား တကားထဲက ပြကွက်တွေလိုပါပဲ။ ဖျတ်ခနဲ၊ ဖျတ်ခနဲ ကူးသွားတာမျိုးတွေ၊ အခန်းကူးအခန်းဆက်တွေလည်း အင်မတန် မြန်တယ်လို့ ကျနော်ခံစားမိတယ်။
“ဂေရှောင်း”နဲ့ ကျနော်ဆက်ဆံရေးဟာလည်း ပိုရင်းနှီး လာတယ်။ “အောင်မြေ”မှာ အချိန်အပိုဆုံးက
ကျနော် ဖြစ်နေတယ်။ စာဖတ်လိုက်၊ လုပ်စရာရှိတာလေးတွေ လုပ်လိုက်၊ အလုပ်ကို ညနေ ပိုင်းသွားလိုက်၊
ထမင်းချက်လိုက်နဲ့ လည်ပတ်နေခဲ့ပါတယ်။ လျူရှောချီရဲ့ စာအုပ်သုံးအုပ်ကို ဖတ်ဖြစ်သွားတာ၊
မောရစ်ကွန်ဖို့ဒ်ရဲ့ “ဒိုင်ယာလက်တစ်ကဲလ် မထီးရီးလဲလစ်ဇင်”ကို အသေအချာ ဖတ်ဖြစ်သွားတာ
အဲဒီကာလပါပဲ။ ဒါပေမယ့် အဲဒီဖတ်ပြီးသားတွေကို ပြန် စကားပြော ဆွေးနွေးဖြစ်တဲ့ အဖော်သဟဲမရှိပါဘူး။
“ဂေရှောင်း”ကလည်း ကျောင်းသွားလိုက်၊ အလုပ်သွားလိုက်၊ အခြားကျနော်မသိတဲ့ လူမှုရေး ကိစ္စတွေလုပ်လိုက်နဲ့မနို့
သိပ်နီးနီးကပ်ကပ် မတွေ့ဖြစ်ပါဘူး။ နောက်တချက်ကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် “ဂေရှောင်း”
ကစာသိပ်ဖတ်တယ်လို့ ကျနော်မထင်ပါဘူး။ အဲဒီတော့ အလုပ်သဘောကလွဲပြီး သူနဲ့လည်း ပြောခဲလှပါတယ်။
ကျနော် ပြန်စဉ်းစားလို့ ရသလောက်ကတော့ “စစ်ရေးချို၊ နိုင်ငံရေးပို”ဆိုတဲ့ လမ်းစဉ်အကြောင်းနဲ့
“ရိုးမစစ်တမ်း” အကြောင်း နဲနဲပါးပါး ပြောဖြစ်တာပါပဲ။ အော် . . . နောက်ပြီး အလံနီသခင်စိုးရဲ့
“ကွဲအက်ရေးမှ ခွဲထွက်ရေးသို့”ဆိုတဲ့ ကိစ္စလည်း ဆွေးနွေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကျနော့် မိတ်ဆွေငယ်ပေါင်းတွေထဲက “တောကြီးတန်း”ကို ဆင်းသွားကြတဲ့လူတွေ ရှိနေခဲ့ကြလို့ပါ။
အဲဒီကာလမှာပဲ
“ဂေရှောင်း”နဲ့ ကျနော် အလုပ်ခွဲဖို့ ဖြစ်လာပါတယ်။ ကျနော့်နေရာကို “လေးသန်း”ရောက်လာခဲ့ပါတယ်။
စောစောက ကျနော်ပြောခဲ့သလို “ဂေရှောင်း”ရဲ့ “လူမှုရေး ကိစ္စ” ဆိုတာတွေက သူ့ရဲ့ ကိုယ်ရေးကိုယ်တာတွေကို
ရှေ့တန်းတင်ဆောင် ရွက်တာတွေလို့ လေးသန်းကမြင်လာတဲ့ အချက်ပါပဲ။ အဲဒီအတွက် “အလုပ်”မှာ
နှောင့်နှေးတာ၊ ဆင်ခြေဆင်လက်တွေ များလာတာ တွေကို ထောက်ပြပါတယ်။
“မောင်ရင်
အခုကစပြီး “ပုဂံ”နဲ့ တွဲရမယ်။ ကိုယ်တို့အလုပ်သဘောက “ဒေါင်လိုက်” သဘောဆိုတာပိုပြီး ရှင်းရှင်းလင်းလင်း
နားလည်ထားဖို့ပဲ။ မောင်ရင်နဲ့ ပုဂံက ကိုယ့်ကို တာဝန်ခံရမယ်။ “ဂေရှောင်း”နဲ့ သာမန်လူချင်းခင်တဲ့လူတွေလို့ပဲ
သဘောထားပါ။ အလုပ်သဘော ဘာမှမပတ်သက်တော့ဖူး “ပုဂံ”ကို တာဝန်ခံနေတဲ့အပိုင်းကိုလဲ မောင်ရင်နဲ့ဘာမှ
သိစရာမလိုဘူး၊ ဒါသူ့ကိစ္စပဲ။ သူ့ကိစ္စ အတွက်သူက ကိုယ့်ကို တိုက်ရိုက်ဆက်လိမ့်မယ်။ မောင်ရင့်ကိုတာဝန်ခံရမဲ့လူတွေ
ရှိလာရင်လည်း ဆိုလိုတာက မောင်ရင်က ကိုယ့်စည်း ရုံးရေးနဲ့ကိုယ် ဆဲလ်တခုပေါ်လာခဲ့ရင်လည်း
‘ပုဂံ’ ကိုသော်၎င်း၊ “ဂေရှောင်း”ကိုသော်၎င်း ဘာမှ အသိပေးစရာမလိုဘူး၊ ကိုယ့်ကိုပဲ ပြောရ မယ်။
အဲဒါကိုယ်တို့ရဲ့ လုပ်ဟန်ပဲ။ ပြီးတော့ “သံမဏိ စည်းကမ်း”ပဲ။ မောင်ရင်တို့နှစ်ယောက်စလုံးရယ်၊
ကိုယ်ရယ် ရံဖန်ရံခါတွေ့မယ်။ တွေ့တဲ့အခါလည်း မောင်ရင့်နေရာကို မသုံးဘူး၊ နေရာသစ်တခုမှာ
ဖြစ်မယ်။ ရှင်းပြီနော်။ ကိုယ်တို့ဟာ ဆန့်ကျင်ဘက်ရဲ့သွားကြားထဲမှာ လုပ်နေရတာကို အမြဲတမ်းသတိရှိနေပါ။
အခုအခြေအနေက ပိုပြီးတင်ကြပ်လာတယ်။ ရှုပ်ရှုပ်ထွေးထွေးလည်း ဖြစ်နေတာ အတော်များ များရှိတယ်။
အော်. . . နောက်တချက်ပြောရဦးမယ်။ မောင်ရင်ဆေးတံအစား
ဆေးပေါ့လိပ် ပြောင်းသောက်ပါ။ ဖြစ်နိုင်ရင် ဖြတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တို့ဆီက
“မောင်”တွေတော်တော်များများ ဆေးတံကလေးတွေနဲ့ ဆိုတာ ဆန့်ကျင်ဘက်က သိနေတယ်။ ဖြစ်နိုင်ဦးမယ်ဆိုရင်
မောင်ရင်နဲ့ပုဂံမှအပ အခြားဘယ်သူနဲ့မှ နိုင်ငံရေးအကြောင်းမပြောနဲ့၊ စိတ်မ၀င်စားသလိုနေပါ၊
လောလောဆယ် တော့ ခက်မှာပဲ၊ ဒါပေမယ့် နောက်အသားကျသွားပါလိမ့်မယ်။ ဆွေးနွေးဖို့ကြုံလာရင်
စီးပွားရေးအတွက် ကိုယ်ဘယ်လို ရုန်းကန်နေ ကြောင်းဆိုတာမျိုးပဲ ဦးတည်ပါ။ ဒါအကောင်းဆုံးမျက်နှာဖုံးပဲ။
ကိုယ့်ကို လူအထင်သေးသွားမှာမကြောက်ပါနဲ့။ “အထင်သေးသွား လေလေ၊ ကိုယ်လုပ်ရမယ့်အလုပ် အောင်မြင်လေလေ”ဆိုတာ
ဘယ်တော့မှ မမေ့ပါနဲ့။ နောက်ကြုံတုန်း ပြောရဦးမယ်။ မောင်ရင် ကျန်းမာရေးအတွက် တခုခုလုပ်ဖို့လိုတယ်။
ဥပမာ - မနက်ထပြီးပြေးတာတို့ စက်ဘီးစီးတာတို့စသဖြင့်ပေါ့၊ ဒို့လူတွေဟာ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေလေကောင်းလေပဲ၊
ရှူနာရှိုက်ကုန်းဖြစ်နေရင် စိတ်ဓာတ်က ဘယ်လောက်ပဲကြံ့ခိုင်ပါစေ၊ ရေရှည်အလုပ်မလုပ်နိုင်ဘူး၊
ကိုယ်တို့မှာ အဲဒီသာဓကတွေ အများကြီးရှိတယ်။ အင်း . . . အစကဟာကို ပြန်ပြောရဦးမယ်၊ အဲဒါက
- အခုမောင်ရင်နဲ့ ပုဂံနဲ့ရဲ့နာမည် . . . “အောင်မြေ ၂”။ အဲဒါလေးလည်း မှတ်ထားအုန်း၊ အောင်မြေ
၂အတွက် လာတဲ့စာရွက်စာတမ်းတွေကို ကလစ် ၂ချက် ကန့်လန့် ဖြတ်ချုပ်ထားမယ်။ ဟုတ်ပြီနော်
ရှင်းတယ်မဟုတ်လား။
ပထမတော့
“မောင်”ဆိုတာ ဘယ်သူလဲ၊ “ပုဂံ”ဆိုတာကရော ဘယ်သူလဲ။ ဘယ်တော့ တွေ့ကြမလဲ စတဲ့စတဲ့ မေးခွန်းတွေ
ကျနော့်ခေါင်းထဲ ပေါ်လာပါတယ်။ ဒါပေမယ့် ယခင်အတွေ့အကြုံတွေအရ “သူ့ဖာသာသိ လာလိမ့်မယ်”
ဆိုတာတွေးမိပြီး မမေး ဖြစ်တော့ပါဘူး၊ အဲဒီနေ့က စပြီး အောင်မြေ ၂ က ကျနော်က “ညိုမောင်”ဆိုတဲ့
နာမည်ဝှက်ရခဲ့ပါတယ်။ အောင်ဂျမ်းကိုသိခဲ့တဲ့ လူတွေက ‘ညိုမောင်’ကို မသိကြတော့ပါဘူး။
ဆက်ရန်
No comments:
Post a Comment