Sunday, May 12, 2013

ကျနော်သိခဲ့တဲ့ ကိုအောင်ဝေ


ကိုကိုးကျွန်းဋီကာ
ကျနော်သိခဲ့တဲ့ ကိုအောင်ဝေ
            ကိုကိုးကျွန်းဘ၀ကို တွေးမိပြီဆိုတိုင်း “ခိုင်မာပြတ်သားသူ”တွေ တချို့အကြောင်းကို ကျနော်စဉ်းစားမိ စမြဲပါ။ ခိုင်မာသယောင်ယောင်နဲ့ ဟန်ကောင်းကောင်း မခိုင်မာသူတွေအကြောင်း ပေါ်လာသလို၊ ပျော့စိပျော့စိနဲ့ ပုံစံပေမယ့် စိန်ထက်မာတဲ့သူတွေ အကြောင်းလဲ ပေါ်လာတတ်ပါတယ်။ ကျနော် ပြောခဲ့ဖူးသလို “နိုင်ငံရေးသဘောထား”တွေနဲ့ မကြည့်ပဲ လူပုဂ္ဂိုလ်ရဲ့ ရုပ်အခြေအနေကို ကြည့်ရင်ကို လူက ၀ါးခြမ်းပြားပေမယ့် စိတ်ဓါတ်က သံမဏိဆိုတဲ့လူတွေ ကျနော်တွေ့ခဲ့ရဖူးတယ်။ အဲဒီထဲက တယောက်ကတော့ “မုန်း” နယ်က (တနည်း) တောင်ငူက “အဆွဲ”ခံလာရတဲ့ ကျောင်းဆရာလေး ကိုအောင်ငွေ (ဒါမှမဟုတ်) ကျနော့အခေါ်ကိုအောင်ဝေ။
            အသံပြာပြာ ပြာပြာနဲ့ ကိုအောင်ဝေဟာ သဘာဝအားဖြင့် စကားနည်းပါတယ်။ တသီးတခြားနေတတ်သလို ထင်ရပါတယ်။ အမြဲတမ်း တခုခု လုပ်နေတတ်သလို အမြဲတန်းလည်း တခုခုကို အလေးအနက် စဉ်းစားနေတတ်ပုံ ပေါ်ပါတယ်။
            မနက်ခင်းတခင်းမှာတော့ ကျနော့်ကို လမ်းလျှောက်ထွက်ဖို့ သူခေါ်ပါတယ်။ တခါတခါ စိတ်လိုလက်ရရှိရန် သူက အုန်းသီးတက်ပြီး ကျွေးလေ့ရှိပါတယ်။ အဲဒီနေ့ကလဲ ကျနော့ကို ခေါ်ပြီး စခန်းပြင်ထွက်ခဲ့ကြတာပါ။
            ကမ်းနားသောင်ကို ရောက်တော့ အုန်းပင် မနိမ့်မမြင့်တပင်ကို တက်ပြီး အုန်းသီးချပြီး သူလဲစား၊ ကျနော့ကိုလဲ ကျွေးပါတယ်။ သူကိုင်တဲ့ ဓါးကလေးဟာ လက်နေတာ ကျနော် သတိထားမိပါတယ်။ လက်နေသလို ထက်လဲထက်မယ် ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ အုန်းသီးခွံတွေကို အာလူးနွှာသလို ခွာလို့ရလို့ပါပဲ။
            အုန်းသီးအညှိကလေးတွေကို အုန်းခွံဖြတ်သားကလေးနဲ့ ခြစ်ကော်စားရင်း ကျွေးရင်းက ကိုအောင်ဝေက ထူးထူးဆန်းဆန်း ကျနော့ကို မေးပါတယ်။
            ကိုမြင့်ဦးသစ်………မင်းသားကြီးရေ ကြောင်းဆိုတာ ကြားဖူးလား။
            ဗျာ……မင်းသားကြီး ရေကြောင်း……ဟုတ်လား ……တခါမှ မကြားဖူးဖူးဗျ။
            “ဒီလိုဗျ………ဟိုဘက်မှာ အန်ဒမန် ကျွန်းစုရှိတယ်။ ဗမာလိုတော့ ကပ္ပလီ ကျွန်းပေါ့ အဲဒီဘက်ကနေ ကျနော်တို့ အခုရှိနေတဲ့ ကိုကိုးကျွန်းကို မြှောင်ပြီး စီးသွားတာ၊ ဘိတ် ထားဝယ်ဘက်ကို ပေါက်တဲ့ ပင်လယ်ရေစီးကြောင်းဗျ။ ရာသီဥတုသာတဲ့ အချိန်ဆိုရင် လေကောင်းကောင်းနဲ့ဆို ခဏလေးပဲ။ ထားဝယ်ကို ရောက်တယ်။ ကျနော်က သူပြောတာကို ဘာမျှမသိ။ ဘာကြောင့်ပြောနေသည်လဲမသိ၊ ဒါကြောင့်မို့ပဲ ရယ်စရာတောင် လုပ်လိုက်မိပါသေးတယ်။”
            “အေးပေါ့ ကျုပ်တို့ ဒီကပုလင်းတလုံး မျှောလိုက်ရင် ထားဝယ်ဘက်မှာ သွားတင်တာပေါ့၊ မဟုတ်ဖူးလား။ သူက ကျနော် ပြောတာကို ရောယောင်ရီမောလိုက်ရင်းနဲ့ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။”
            “ကိုမြင့်ဦးသစ်……ရေကူးတတ်သလားဗျ”
            “နည်းနည်းပါးပါးပါပဲ။ ကျနော်က ကွမ်းခြံကုန်းသား၊ မြစ်ဝကျွန်းပေါ်သား၊ ချောင်းကို အိမ်နောက်ဖေးထားပြီး မွေးတာပေမဲ့ ရေသိပ်ကြောက် တာဗျ။ အိမ်ကလဲ ရေနဲ့ ပေးမဆော့ဖူးလေ။ နည်းနည်းတတ်တာတောင် ကိုရွှေကျော်အောင်ကြီးက ဒီရောက်မှ သင်ပေးလို့ဗျ။ ကျနော်အတော်ညံ့တာ”
            သူက ပင်လယ်ပြင် ပြာပြာကြီးကို မျှော်ငေးငေးလေး ကြည့်ရင်း ကျနော်ပြောတာကို နားထောင်နေပါတယ်။ ဒါပေမယ့် သူစိတ်က တခြား ရောက်နေပုံရတယ်လို့ ကျနော် ခံစားမိတယ်။
            “ကျနော့မှာ ရည်မှန်းပြီးတဲ့ မိန်းခလေးရှိတယ်ဗျ။ ဦးမြင့်ဦးသစ်ကော”
            “မရှိတော့ဖူးဗျ သွားရှာပြီ”
            “ကျနော်က အိမ်ထောင်ပြုဖို့အထိ သဘောတူထားပြီးသား၊ ဒါပေမယ့် အခုတော့ သူခမျာလဲ အဆင်ပြေလောက်မယ် မထင်ပါဘူးဗျာ။”
            “ဒီလိုပဲပေါ့ဗျာ။ ဒါတွေက တွေ့နေကြုံနေကျပဲ မဟုတ်လား”
            အဲဒီစကားတွေကို ဆွေးဆွေးမြေ့မြေ့ပြောနေချိန်မှာ မာတင်းနေတဲ့သူမေးရိုးတွေကို ကျနော် သတိထားမိတယ်။ တခုခုကို သူဆုံးဖြတ်ပြီးသား သဘောကိုလဲ မြင်လိုက်ရသလိုပဲ။ မိဘတကွဲ သားသမီးတကွဲ ချစ်သူတကွဲ ကွေကွင်းမှုတွေ ဆိုတာကလဲ အထဲရောက်နေသမျှ “အထူးရဲဘက်” အားလုံးရဲ့ ဘုံပြဿနာပေပဲလေ။
            အဲဒီနေ့က ကမ်းနားသောင်ပြင်ကနေ အပြန်မှာတော့ တယောက်နဲ့ တယောက် စကားမပြောဖြစ်ကြတော့ဘဲ အတွေးကိုယ်စီနဲ့ ပြန်လာခဲ့ ကြပါတယ်။ ကျနော့ ရင်ထဲကိုတော့ “မင်းသားကြီး ရေကြောင်း”က ကောင်းကောင်းကြီး ပဲ့တင်ခတ်သွားတော့တာပါပဲ။ သူဘာဖြစ်လို့ ဒီမင်းသားကြီး ရေကြောင်းအကြောင်း ပြောတာလဲ ? စဉ်းစား မရ။
            နောက်တရက်ကျော် မနက်မှာတော့ စခန်းမှာတော့ စခန်းထဲမှာ လှုပ်လှုပ်ရွရွဖြစ်နေကြတယ်။ ခပ်အုပ်အုပ် လှုပ်လှုပ်ရွရွပါ။ ကိုအောင်ဝေ ခြင်ထောင် သိမ်းမထားဖူး၊ ကိုအောင်ဝေကိုလဲ ရှာမတွေ့ဖူး၊ သူနဲ့အတူ ကိုငြိမ်းမောင် (ယခုဖဒိုမန်းငြိမ်းမောင်)နဲ့ မန်းအောင်ကြည် (အေဘီကေအို) တို့လဲ ရှာမတွေ့ဖူး၊ အဲသည်လို ပြောနေကြတယ်။ အမျိုးမျိုး ခန့်မှန်းကြတာတွေလဲ ကြားရတယ်။
            ဒါနဲ့ ကျနော်က ရဲဘော်ထင်ရှန် (ရန်ကုန်သတင်းစာ)ကို မေးကြည့်ပါတယ်။ သူဘာသိသလဲပေါ့ ကိုထင်ရှန်ကြီးက ရယ်ကြဲကြဲနဲ့ တခွန်းပဲပြောတယ်။
            “ကျွန်းကနေ ထွက်သွားကြပြီ”
            ကိုအောင်ဝေဆိုတဲ့သူ၊ တော်တော်သိပ်သည်း လျှို့ဝှက်တဲ့လူ၊ အဲသလို သိလိုက်ရတော့မှ ဟိုတနေ့က ကျနော့ကို သက်သက်နှုတ်ဆက်ပွဲ လုပ်တာကိုးလို့ ကျနော်သိလိုက်ပါတော့တယ်။ အဲဒီတော့မှပဲ၊ သူအ၀တ်အိတ် ကလေးတွေချုပ်နေတာ၊ ဓါးကလေးကို မြနေအောင် သွေးနေတာ စောင်ကြမ်းတွေကို လက်ချုပ်လိုက်တွဲနေကာ၊ သံလိုက်ချောင်းကလေး မရရအောင်ရှာပြီး ကွန်ပတ်စ်လုပ်တာ စသည်ဖြင့် သူ့လှုပ်ရှားမှုတွေကို ဆက်စပ် မိသွားပါတော့တယ်။
            နောက်ပိုင်း ကြားရတာက သူတို့ပင်လယ်ထဲမှာ မုန်တိုင်းမိတာ၊ ကမ်းခြေကို ရောက်သွားတာ၊ ကိုငြိမ်းမောင်ကို ဖမ်းမိသွားတာ၊ ကိုအောင်ကြည်နဲ့ ကိုအောင်ဝေ လွတ်သွားတာ၊ နောက်ပိုင်းမှာ ကျဆုံးသွားကြတာ……။
            ကျွန်းကနေ ထွက်ခွာရေးကို မူအားဖြင့် ကျနော်သဘောမတူပါဖူး၊ ဒါပေမယ့် သူတို့တွေ ဒုက္ခမျိုးစုံကိုခံပြီး ပြည်မကို မရောက်အရောက်ပြန်ကြတဲ့ သတ္တိနဲ့ ခံနိုင်ရည်ကိုတော့ ချီးကျူးမိပါတယ်။
            နှစ်ပေါင်း လေးဆယ်ကျော်ခဲ့ပါပြီ။ အခွင့်သင့်လို့ “မင်းသားကြီး ရေကြောင်း” ဆိုတာကို ပြောသံကြားမိတိုင်း ကိုအောင်ဝေကို ကျနော်သတိရမိတယ်။ အသံပြာပြာနဲ့ အဆိုတော် တယောက်ရဲ့ သီချင်းသံကိုကြားမိတိုင်း သူ့အကြောင်း ရင်ထဲရောက်လာပါတယ်။ သစ်ကနက်ခေါက်ဆိုးထားတဲ့ လုံချည်နဲ့ အင်းကျီ၊ ကြယ်သီးရင်စေ့တတ်ထားတဲ့ဟန်၊ လူက အရပ်ရှည်ရှည်ဆိုတော့ ဒူးဆစ်သာသာအထိ တိုတိုဝတ် တတ်တဲ့ သဏ္ဍာန်၊ တိန်ချွန်နေတဲ့ သံလျက်ပုံဓါး။ တိုလီမိုလီထည့်တဲ့ အညိုရောင်ရှုံ့အိတ်ကလေးတွေ၊
            အဲဒါတွေနဲ့ တွဲပြီး မျက်စေ့ထဲ မြင်လာတာကတော့ ရဲဘော်အောင်ဝေပါ။

No comments:

Post a Comment